လက်ရှိ ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိသည့် ဒေသများတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ ဆက်လက် ကြီးထွားနေသည်။ ထိုအချိန်တွင် အစ္စလမ်ဘာသာရေး ခေါင်းဆောင်များက လာမည့် စနေနေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကိုရ်ဘာနီ အိဒ်ပွဲတော် မကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့အပြင် အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) မြန်မာနိုင်ငံတွင် ရုံးလာဆိုက်မည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နေရာဒေသ အသီးသီးတွင် ပြည်သူများ လက်သင့်မခံရေး ဆန္ဒထုတ်ဖော်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် အိဒ်ပွဲတော် မကျင်းပဖြစ်သည့် ကိစ္စနှင့် OIC အပေါ် မြန်မာမွတ်စလင်များ မည်သို့ မျှော်လင့်ထားသည်၊ မည်သို့ သဘောထားသည်ကို သိရှိနိုင်ရန် မြန်မာနိုင်ငံ အစ္စလမ် သာသနာ ရေးရာ ကောင်စီတွင် ကာလကြာရှည်စွာ အဖွဲ့ဝင်ဖြစ်ခဲ့သူ၊ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာမှ စတင်ကာ တွဲဘက် အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူ၍ မြန်မာနိုင်ငံအတွင်းရှိ အစ္စလမ်ဘာသာဝင်များ၏ ရေးရာ ကိစ္စရပ်များကို ဆောင်ရွက် နေသည့် ဦးဝဏ္ဏရွှေနှင့် ဧရာဝတီသတင်းထောက် ဇွဲထက်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဒီနှစ် ကိုရ်ဘာနီ အိဒ်ပွဲ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စက ရခိုင်ပြည်နယ်က လက်ရှိ ပဋိပက္ခ အရေးကိစ္စတွေကြောင့်လား။
ဖြေ။ ။ မင်းပြားတို့၊ ကျောက်ဖြူတို့မှာ ဖြစ်နေတဲ့ ကိစ္စက အိဒ် မလုပ်ရလို့ ဖြစ်တာ မဟုတ်ဘူး။ ကျောက်ဖြူတို့ မင်းပြားတို့ အပါအဝင် အခုဖြစ်နေတဲ့ ပဋိပက္ခတွေကတော့ အိဒ် မလုပ်ဖြစ်တဲ့ အထဲမှာ အချက်တချက် အနေနဲ့ ပါဝင်နေတယ်။
မေး။ ။ အိဒ် မလုပ်နိုင်တဲ့အတွက် ဘာသာရေးနဲ့ ပတ်သက်လို့ ထိခိုက်မှု မရှိနိုင်ဘူးလား။
ဖြေ။ ။ အိဒ် မလုပ်နိုင်တဲ့ အပေါ်မှတော့ လူမျိုးတိုင်း ဘာသာတိုင်းပါပဲ၊ ကိုယ့်ဘာသာရေး နှစ်စဉ် တနှစ်တခါ လုပ်ရတဲ့ အခမ်းအနား မကျင်းပဖြစ်ဘူးဆိုရင် အတိုင်းမသိ ဝမ်းနည်းရတာ ပေါ့နော်။ ဒါပေမယ့် အပြစ်မဲ့တဲ့ ပြည်သူတွေ ဒုက္ခရောက်မှု
နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဘာသာရေးအရ ပြုမူချက် တခုကို မလုပ်လိုက်ရလို့ ဝမ်းနည်းတာထက် အပြစ်မဲ့ ပြည်သူတွေ သေနေတာက ပိုဝမ်းနည်းဖို့ ကောင်းပါတယ်။
လူသားတွေဟာ ကိုးကွယ်ယုံကြည်မှု အရေးကြီးသလို၊ အသက်ရှင်ဖို့ လုံခြုံမှုရှိရေးက အရေးအကြီးဆုံးလို့ ထင်တယ်။ ဘာမှ အပြစ်မရှိဘဲနဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ် လူမမယ်တွေ ဒုက္ခရောက်နေတဲ့ ဒီအနေအထား အခြေအနေဆိုးကြီးက မအိပ်နိုင် မစားနိုင် ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။
မေး။ ။ အိဒ် လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစ္စလမ် ဘာသာဝင်အချင်းချင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့တဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ကို အစိုးရကနေပြီးတော့ အိဒ် မလုပ်နဲ့လို့ မပြောဘူး၊ မတားဘူး၊ အစိုးရက ကျနော်တို့ကို မတားသလို ကျနော်တို့ ကလည်း မွတ်စလင် လူထုကို အိဒ် မလုပ်ရဘူးလို့ အမိန့်ပေး တားဆီးတာ မဟုတ်ဘူး။ အစ္စလမ် ဘာသာရေးအဖွဲ့ အစည်းတွေက တဘက်မှာ အစ္စလမ် တရားဓမ္မ သက်သက်ကို ကိုယ်းကွယ်ယုံကြည်သူတွေ ရှိသလို တဘက်မှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေကို သုံးသပ် ပြီးတော့ နိုင်ငံတော်အတွက်ရော၊ ကျနော်တို့ ဘာသာဝင်တွေ အတွက်ပါ ကြည့်တဲ့သူတွေ ရှိပါတယ်။
ဒီနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် အတွင်း ဘာသာတခုနဲ့ တခု နားလည်မှုက တော်တော်ကို အထိခိုက် မခံနိုင်ဆုံး အခြေအနေမှာ ရောက်နေတယ်။ ရခိုင်ပဋိပက္ခကို အကြောင်းပြုပြီးတော့ ဘာသာတခုနဲ့ တခုအကြား နားလည်မှုတွေ ပျက်နေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ငါတို့ဘာသာ တရားအရ ဘာသာရေး အခမ်းအနားပဲ၊ ငါတို့လုပ်မှာပဲ ဆိုပြီးတော့ ထည့်သွင်း မသုံးသပ်ဘဲနဲ့ လုပ်လိုက်ရင် နောင်မှာ ပြင်နိုင်ခဲတဲ့ အခြေအနေမျိုးတွေ ကြုံလာမှာကို စိုးရိမ်တယ်။ ဒီတနှစ်ကို ကျနော်တို့က အနစ်နာခံလိုက်တယ်၊ စွန့်လွှတ်လိုက်တယ်။ နောက်ဆုတ်လိုက်ခြင်း အားဖြင့် တသက်လုံး ကျနော်တို့ တသက်လုံး ဒီနိုင်ငံမှာ အေးအေးချမ်ချမ်းနဲ့ ဒီပွဲတော်ကိုကျင်းပ သွားနိုင်မယ်လို့ ယူဆပြီး ဆောင်ရွက်တာ ဖြစ်တယ်။
မေး။ ။ မြန်မာနိုင်ငံ အစ္စလမ် သာသနာရေးရာကောင်စီ အနေနဲ့ OIC ရုံး မြန်မာပြည်မှာ ဖွင့်သင့်တယ်လို့ ယူဆပါသလား။
ဖြေ။ ။ OIC တင်မဟုတ်ဘူး မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့ ပြည်သူ လူမျိုးမရွေး၊ ဘာသာမရွေး အကူအညီပေးမယ် ဆိုရင် ဘယ်အဖွဲ့အစည်းကို မဆို ကြိုဆိုတယ်။ ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်မှုကိုတော့ အနှောက်အယှက် မဖြစ်စေရဘူးပေါ့။ အကူအညီတွေ လိုနေတာအမှန်ပဲ။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အစ္စလမ် သာသနာရေးရာ ကောင်စီအဖွဲ့တွေအနေနဲ့ တက်နိုင်သလောက် ရှာဖွေတယ်၊ လိုအပ်ချက်နဲ့ ရှာဖွေနိုင်တဲ့ အတိုင်းအတာနဲ့က မကာမိဘူး။ အကူအညီအများကြီး လိုနေတယ်။ သို့သော် ရှိနေတဲ့ အခြေအနေ ပျက်ယွင်းသွားမယ် ဘာသာတခုနဲ့ တခု၊ လူမျိုး တခုနဲ့တခု ကြားမှာ နားလည်မှု ပျက်ပြားသွားမယ် ဆိုရင်တော့ ဒီဟာကိုတော့ အထိခိုက် မခံလိုပါဘူး။
မေး။ ။ အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံ ပူးပေါင်းဖွဲ့စည်းထားတဲ့ OIC အဖွဲ့နဲ့ မြန်မာနိုင်ငံက မြန်မာမွတ်စလင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အဆက်အသွယ် ရှိပါသလား။
ဖြေ။ ။ OICဆိုတာ အစ္စလမ်အများစု နေထိုင်တဲ့ နိုင်ငံ အစိုးရတွေ ဖွဲ့ထားတာ၊ အစိုးရ အချင်းချင်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီနိုင်ငံမှာ အစ္စလမ်က အများစု မဟုတ်တဲ့အတွက် OIC အဖွဲ့ဝင်အဖြစ် မပါဘူး။ မပါတဲ့အတွက် OIC နဲ့မြန်မာမွတ်စလင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ တခါမှ အထိအတွေ့ အဆက်အဆံ မရှိခဲ့ဘူး။ OIC နဲ့ ထိတွေ့ ဆက်ဆံတာက နိုင်ငံတော်အစိုးရပဲ ဖြစ်တယ်။ သူတို့ ဘာတွေ သဘောတူကြလဲ ဆိုတာ အသေးစိတ်မသိဘူး။
မေး။ ။ OIC ရုံး မြန်မာပြည်မှာ လာဖွင့်မယ်ဆိုရင် မြန်မာမွတ်စလင်တွေ အနေနဲ့ ကောင်းကျိုး ဆိုးကျိုး ဘာတွေ ရှိနိုင်မယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ကမ္ဘာမှာရှိတဲ့ မွတ်စလင်နိုင်ငံ ၅၇ နိုင်ငံ ဆိုတာ အကြမ်းဖက်မှုကို ဆောင်ရွက်နေတဲ့ နိုင်ငံတွေမဟုတ်ဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေပဲ။ တချို့နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ရှိတယ်၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ တခါမှ အကျိုးယုတ်ခဲ့တာတော့ မတွေ့ဘူး။ OIC နဲ့ ဆက်သွယ် ဆောင်ရွက်ချင်းအားဖြင့် မြန်မာနိုင်ငံအတွက် တစုံတရာ အကျိုးနစ်နာမယ်လို့ အခုချိန်အထိ မမြင်ပါဘူး။
မေး။ ။ မွတ်စလင် မဟုတ်တဲ့ တခြားဘာသာဝင်တွေက ကန့်ကွက်တဲ့ OIC အဖွဲ့က မြန်မာနိုင်ငံရဲ့ အမျိုးသားရေးကို တကယ်ပဲ ထိခိုက်နိုင်တယ်လို့ ထင်ပါ သလား။
ဖြေ။ ။ OIC နဲ့ စပြီးတော့ မြန်မာနိုင်ငံနဲ့ ဘာတွေဆောင်ရွက်တယ်၊ ဘယ်လိုဆောင်ရွက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း အစကတည်းက သိထားရင် ပြည်သူအများစုက ဒီလိုမြင်မှာ မဟုတ်ဘူး။ OIC နဲ့ ဘယ်လို ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်
မယ်၊ ဘာတွေလုပ်မယ်၊ ဘာတွေကူညီမယ်ဆိုတာ ထင်သာမြင်သာ ရှိခဲ့ရင် ဒီလိုမဖြစ်ဘူး။
နိုင်ငံတော်က ဒီလိုကိစ္စတွေမှာ ဆောင်ရွက်တယ်ဆိုရင် နဂိုကတည်းက ထင်သာမြင်သာရှိအောင် လုပ်ရမယ်။ အစ္စလမ်နဲ့ ပတ်သက်တယ်ဆိုရင် အစ္စလမ် ဘာသာရေး အဖွဲ့အစည်းတွေလည်း သိနေရမယ်။ နိုင်ငံသားတိုင်းနဲ့ ပတ်သက်တဲ့ကိစ္စ၊ နိုင်ငံတော် အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင်လည်း နိုင်ငံသားတိုင်းဟာ အသေးစိတ် သိရှိနေမယ်ဆိုရင် မလိုလားအပ်တဲ့
စကားချဲ့ကားမှုတွေ လျော့နည်းသွားမယ်လို့ ယူဆပါတယ်။
OIC မရှိခင်ကလည်း မြန်မာနိုင်ငံမှာ အစ္စလမ် သာသနာ ရှိခဲ့တာပဲ။ ဒီဟာက မြန်မာ မွတ်စလင်တွေ အကျိုးအတွက် မဟုတ်ဘူး။ ရခိုင်ဒေသမှာနေတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အကျိုးပဲ။
မေး။ ။ OIC အနေနဲ့ မြန်မာနိုင်ငံမှာ လာပြီးကူညီမယ်ဆိုရင် ဘယ်လို ကူညီလိမ့်မယ်လို့ ထင်လဲ။
ဖြေ။ ။ OIC ဆိုတာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဖွဲ့တာ၊ အကြီးကြီး။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အစ္စလမ် အဖွဲ့တွေတောင်မှ ကူညီတဲ့အခါမှာ အစ္စလမ် ဘာသာဝင်တွေကိုလည်း ကူညီတယ်၊ တခြားဘာသာဝင် ဒုက္ခရောက်နေတဲ့ သူတွေကိုလည်း အလျဉ်းသင့်သလို ကူညီတယ်။ ဒုက္ခရောက်နေတယ် ဆိုရင် ဘာသာ မခွဲတော့ဘူး၊ အားလုံးလူသားပဲ မြင်တယ်။ OIC ဘယ်လို အစိုးရနဲ့ သဘောတူ ထားလဲဆိုတာ အသေးစိတ်မသိဘူး။ တဘက်နဲ့ တဘက် နားလည်မှုလွဲပြီး ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးတွေမှာ ပိုလိုတယ်။ ကူညီတဲ့အခါမှာ ဒုက္ခရောက်နေတဲ့ ပြည်သူ အားလုံးကို ကူညီလိုက်မယ်ဆိုရင် ဒီဒုက္ခကလည်း လွန်မြောက်သွားမယ်။ ဒီပြည်သူတွေ ကြားမှာလည်း ချစ်ကြည်မှုက ပြန်လည် ဖြစ်လာမယ်လို့ ယူဆတယ်။
မေး။ ။ OIC ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန် နိုဘဲလ်ဆုနဲ့ လွဲခဲ့တယ်လို့ ထင်ပါသလား။
ဖြေ။ ။ အဲဒီလိုတော့ မမြင်ဘူး။ နိုဘဲလ်ဆု ဆိုတာလည်း တော်တော် ခဲရခဲဆစ် ရခဲတဲ့ဟာလေ။ ဆောင်ရွက်ချက်တွေ ကောင်းတိုင်းလည်း မဟုတ်သေးဘူး။ သူ့နဖူးစာ ပါမှရတာလေ။ ကျနော်တို့ နိုင်ငံက သမ္မတ အနေနဲ့ ဘာပဲပြောပြော နိုဘဲလ်ဆု လျာထား စာရင်းမှာ ပါတယ်ဆိုတာကို သဘောကျပါတယ်၊ ဝမ်းသာပါတယ်။
မေး။ ။ ရိုဟင်ဂျာ အရေးကိစ္စက အမျိုးသား အရေးလို့ ယူဆလား၊ ဘာသာရေးလို့ ယူဆပါသလား။
ဖြေ။ ။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ကိစ္စက အဓိက တရားဥပဒေ စိုးမိုးရေးပဲ။ ရခိုင်ဒေသမှာ ဖြစ်တဲ့ ဒီပဋိပက္ခ ပြဿနာ မပေါ်ပေါက်ခင် ကတည်းက အဲဒီဒေသမှာ ရှိတဲ့ တည်ဆဲ ဥပဒေတွေနဲ့အညီ မဆောင်ရွက်ခဲ့ဘူး။ နှစ်ပေါင်းများစွာ ကြာလာတော့ အခုဖြစ်တာ။ ဘာသာရေး အရတော့ ဘာမှမပြောလိုဘူး၊ ဒါနိုင်ငံရေးအရ ဖြေရှင်းရမယ့် အရာ။မေတ္တာရပ်ခံ လိုတာက အဲဒီဒေသမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံသားတွေ ဖြစ်နေရင်၊ နိုင်ငံသား အခွင့်အရေး မရဘူးဆိုရင် ဒါ နစ်နာတယ်။ပုဂ္ဂလိက တဦးချင်း နစ်နာသလို နိုင်ငံတော်အတွက်လည်း နစ်နာတယ်။ နိုင်ငံသားမဟုတ်တဲ့ သူကို နိုင်ငံသားပေးရင် နိုင်ငံတော်အတွက် နစ်နာသလို နိုင်ငံသား ဖြစ်ထိုက်ပါလျက်နဲ့ နိုင်ငံသား မရဘူးဆိုရင်လည်း နစ်နာတယ်။ ဒါတွေအားလုံးကို ငြိမ်းချမ်းတဲ့ နည်းနဲ့ အေးအေးဆေးဆေး ဖြေရှင်းသွားမယ်၊ ဥပဒေနဲ့ ဆောင်ရွက်သွားမယ် ဆိုရင် ငြိမ်းချမ်းသွားမယ်။
ရခိုင်ဒေသမှာရှိတဲ့ နှစ်ဘက်သော ပြည်သူများ အလွန် ဒုက္ခရောက်ပါတယ်။ အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းများကိုပဲ အားလုံး ဒီအချိန်မှာ အာရုံထားပြီးတော့ လက်တွဲ ဆောင်ရွက်ကြပါလို့ တတ်နိုင်သမျှ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ဒီအခက်အခဲ အကျပ်အတည်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အရင်ဆုံး သူတို့ဘဝလေး ပုံမှန်ဖြစ်အောင် ဆောင်ရွက်ပြီးတော့မှ ကျန်တဲ့ ပြဿနာတွေကို အေးချမ်းစွာ ဆက်လက်ပြီး ဥပဒေနဲ့အညီ ဖြေရှင်းကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်။ OIC နဲ့ ကမ္ဘာ့ နိုင်ငံကြီးများ ဘယ်လိုသဘောထားလဲ၊ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ ဘယ်လို သဘောထားလဲ၊ ဒီဟာတွေအပေါ်မှာ လေ့လာပြီး ပြောတဲ့သဘောပါ။