၁၉၈၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ ၂၄ နှစ်တာ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် စုစုပေါင်း ၁၀ နှစ်ကြာ ထောင် ၃ ကြိမ် ကျခံခဲ့ရပြီး အခုလက်ရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှာ အမျိုးသမီးရေးကိစ္စတွေ ဦးဆောင်လုပ်နေတဲ့ မမီးမီး (ခ) မသင်းသင်းအေးကို နိုဝင်ဘာလ အစောပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက်ခိုက်မှာ ဧရာဝတီသတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မမီးမီးဟာ အင်းစိန်ထောင်၊ သာယာဝတီထောင်၊ ပုသိမ်ထောင်၊ ကသာထောင်နဲ့ ရွှေဘိုထောင်အသီးသီးမှာ ၁၉၈၉ မှာတကြိမ်၊ ၁၉၉၆ မှ ၂၀၀၂ ခုနှစ်အထိ တကြိမ်၊ ၂၀၀၇ မှ ၂၀၁၂ ခုနှစ်ထိတကြိမ် ထိမ်းသိမ်းခံခဲ့ရပါတယ်။ ရွှေဘိုထောင်မှာတော့ ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မလွတ်ခင် ၁၅ ရက်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ ကလေး ၂ ယောက် မိခင်တဦးဖြစ်တဲ့ မမီးမီးရဲ့ နိုင်ငံရေးခံယူချက်၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှု၊ ဦးဆောင်မှု အခန်းကဏ္ဍတွေနဲ့ သူ့ဘ၀ ထောင်တွင်းအတွေ့အကြုံ တစေ့တစောင်းကို မေးမြန်း ဖော်ပြလိုက်ပါတယ်။
မေး။ အစ်မတို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အမျိုးသမီးစင်တာတခုရှိပြီးတော့ အမျိုးသမီးအရေးကိစ္စတွေ လုပ်နေတယ်လို့ သိထားပါတယ်။ အမျိုးသမီးရေးသီးသန့် လုပ်ဖြစ်တာ ဘယ်လိုကြောင့်ပါလဲ။
ဖြေ။ အခုအချိန် ၈၈ မျိုးဆက်က ထောင်ကထွက်လာပြီး ခရီးစဉ်တွေသွားကြတယ်။ သွားရင်းက ပြည်သူတွေရဲ့ အမျိုးမျိုး အဖုံဖုံ ဒုက္ခတွေ သိလာတယ်။ ဖြေရှင်းစရာတွေအများကြီး တွေ့လာတယ်။ အဲလိုဆိုတော့ ၈၈ မျိုးဆက်မှာ သန်ရာ သန်ရာ Sector တွေ ဖွဲ့လိုက်တယ်။ ကိုထွန်းမြင့်အောင် ဦးဆောင်တဲ့ လယ်သမားအရေးအဖွဲ့၊ ကိုအောင်သူတို့က အလုပ်သမားကိစ္စ၊ ကိုစိုးထွန်းက လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စ၊ ကိုပြုံးချိုက လူ့အခွင့်အရေး၊ ကိုမြအေးက ငြိမ်းချမ်းရေးစင်တာ၊ မနီလာသိန်း ဦးဆောင်တဲ့ အမျိုးသမီးစင်တာ စသဖြင့် တာဝန်ယူလိုက်တယ်။ အစ်မတို့က တခြားအမျိုးသမီးတွေနဲ့ ပူးပေါင်းပြီး လက်ရှိ အမျိုးသမီးကိစ္စတွေ လုပ်နေတယ်။ ဒီအရေး တခုတည်း လုပ်တာတော့ မဟုတ်ဘူး။ ၈၈ ရဲ့ ရည်ရွယ်ချက် ငြိမ်းချမ်းပွင့်လင်းခရီးစဉ်တွေ သွားကြတယ်။ ဒီဆွေးနွေးပွဲတွေက တဦးတည်း ဟောပြောတာ မဟုတ်ဘဲ ဒေသခံပြည်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးတဲ့ ခရီးစဉ်။ ဒေသခံတွေ မေးတဲ့မေးခွန်းတွေကို သန်ရာ Sector အလိုက် သက်ဆိုင်သူတွေက ဖြေသွားတယ်။
အစ်မတို့ နယ်တွေကို သွားတဲ့အခါ ရှိပြီးသား အသင်းလေးတွေ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းတယ်။ ၈၈ ဦးတည်ချက် ၄ ချက်ဖြစ်တဲ့ မြို့တမြို့ နယ်တနယ်မှာက ကွန်ရက်ကြီးဖြစ်ဖို့ အဖွဲ့အစည်းလေးတွေ ရှိဖို့၊ ကွန်ရက် ချိတ်ဆက် ပေါင်းကူးရဖို့၊ အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုနဲ့ မြို့ရွာဖွံ့ဖြိုးမှု စတဲ့ လှုပ်ရှားမှုရှိဖို့၊ နောက်မီဒီယာ ပေါ်လာဖို့။ ဒီလေးချက်နဲ့ ပြည်သူ အသိဉာဏ်တိုးတက်လာအောင် လုပ်ဆောင်တယ်။ အစ်မတို့ အမျိုးသမီးတွေလည်း ပါဝင်လုပ်တယ်။
မေး။ အမျိုးသမီးစင်တာက လုပ်ဆောင်တာတွေက …။
ဖြေ။ အမျိုးသမီး စင်တာရဲ့ အဓိက လုပ်နေတာက အခု နိုင်ငံရေး ရေစီးကြောင်းက လွန်ခဲ့တဲ့ နှစ် ၂၀ နဲ့ မတူတော့ဘူး။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုအားများလာတယ်။ နိုင်ငံရေးကို စိတ်ဝင်စားမှု များလာတယ်။ ဒါပေမယ့် အစ်မတို့ လေ့လာသလောက်ကို ကြည့်ရမယ်ဆိုရင် အမျိုးသမီးတွေက လုပ်ချင်တယ်။ ဘာလုပ်ရမှန်း မသိဘူး။ နိုင်ငံရေးမှာ ပါချင်တယ်။ ဘယ်လိုပါဝင်ရမှန်း မသိဘူး။ အများအကျိုးကို လုပ်ဆောင်ချင်တယ်။ ဘယ်က စလုပ်ရမှန်း မသိဘူး။ သူတို့ဟာ တသက်လုံး အမှောင်ဖုံးထားတဲ့ အကြောက်တရား ကြီးစိုးတဲ့ခေတ်ကြီးမှာ နေခဲ့ရတယ်။ ငါတို့ ဒီလိုလုပ်လိုက်ရင် ဘာများဖြစ်သွားမလဲ။ ငါတို့ကို ဘယ်သူကများ ပြောမလဲဆိုတဲ့ အကြောက်တရား ကြီးစိုးနေတယ်။ အစ်မတို့က ဒီခရီးစဉ်ကို သွားရင်းနဲ့မှ အမျိုးသမီးတွေ နိုင်ငံရေးပါဝင်မှုအပေါ်မှာ သူတို့ကို ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ပါဝင်ရမယ်။ အစ်မတို့က သူတို့ကို အကြောက်တရား လျှော့ပါလျှော့ပါလို့ ပြောလို့မရဘူး။ သူတို့ရင်ထဲမှာ ရှိတဲ့ အကြောက်တရားဟာ သူတို့ဟာ သူတို့ အသိစိတ်နဲ့ ဖယ်ရှားပစ်မှရမှာ။ အစ်မတို့က မကြောက်နဲ့လို့ ပြောပေမယ့် သူတို့အကြောက်တရား မရှိတော့မှာ မဟုတ်ဘူး။ သူတို့ရင်ထဲက အကြောက်တရားကို သူတို့အသိစိတ်နဲ့ သူတို့ပွင့်လန်းလာတဲ့ အမျိုးသားရေး အမြင်နဲ့ ဖယ်ရှားပစ်ရမယ်။ အဲဒီအတွက်ကြောင့်မို့ အစ်မတို့သွားတယ်။ အစ်မတို့ အတွေ့အကြုံတွေ ပြောပြတယ်။ သူတို့ အတွေ့အကြုံတွေ ယူတယ်။ သူတို့ကို ဘာလုပ်သင့်တယ်ဆိုတာ ပြောတယ်။ နိုင်ငံရေးလို့ မျှော်မှန်းတာ အကြီးကြီး ဖြစ်သွားပြီ။
အခုဆိုရင် NGO အဖွဲ့အစည်း တော်တော်များများမှာ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတဲ့ လက်မှတ်တွေ ထိုးရတယ်။ အဲလို ထိုးရတဲ့အခါ NGO အဖွဲ့အစည်းတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်ရမှာ ကြောက်နေတယ်။ အဲဒီအဖွဲ့တွေမှာ အမျိုးသမီးတွေလည်း ပါတဲ့အတွက် သူတို့လည်း နိုင်ငံရေး လုပ်ချင်တယ်။ သူတို့ နိုင်ငံရေးလုပ်ရမှာ ကြောက်နေတဲ့အတွက် သူတို့ကို အစ်မတို့က ရှင်းပြရတယ်။ NGO ဆိုတာ ပရဟိတ အလုပ်ကို လုပ်တာ။ အဲဒီအတွက် အများအကျိုးကို လုပ်တာဖြစ်တဲ့အတွက် အတ္တကို ချိုးနှိမ်ပြီး ပရကို လုပ်တာဖြစ်တဲ့အတွက် ဒါဟာ လူမှုရေးတခု။ ပညာရေးပဲဖြစ်ဖြစ်၊ HIV လူနာ စောင့်ရှောက်တာပဲဖြစ်ဖြစ်။ အဲဒီ NGO တွေကလည်း တိုင်းပြည်က ပြည်သူလူထု ကျန်းမာရေးကို လုံးစေ့ပတ်စေ့ မစောင့်ရှောက်နိုင်တဲ့အတွက် တဖက်တလမ်းက အစိုးရရဲ့ ဝန်ကို ဝင်ထမ်းရတာ။ နိုင်ငံတော်မှာ ရှိတဲ့ အစိုးရက မတတ်နိုင်တဲ့အတွက် ဝင်ထမ်းရတာဖြစ်လို့ နိုင်ငံ့အရေးဖြစ်တယ်။ ဒါကြောင့် ဒီ NGO တွေ လုပ်ရတဲ့ လူမှုရေးလုပ်ငန်းသည် နိုင်ငံရေးအသေးစား ဖြစ်တယ်ဆိုတာကို ပွင့်ပွင်းလင်းလင်း မြင်သာအောင် ချပြတယ်။ သူတို့ကို ပြောပြတယ်။
နောက်တခုက ၈၈ ကျောင်းသားတွေ သွားရောက် အကြံပေးဆွေးနွေးတဲ့ သင်တန်းတွေ၊ ၈၈ ရုံးမှာအခါမလပ်ဖွင့်ထားတဲ့ လူ့အခွင့်အရေးသင်တန်း စီဒေါသင်တန်းတွေ ရှိတယ်။ အဲဒါကလည်း ဒီနိုင်ငံရေးလောကထဲကို ဝင်လာတဲ့ အမျိုးသမီးဖြစ်ဖြစ်၊ ကိုယ်တိုင်တိုင် သိပြီး စဉ်းစားနိုင်တဲ့ နိုင်ငံရေးကိုပဲ လုပ်စေချင်တယ်။ အစ်မဆို အစ်မသမီးကို အစ်မက ငါ နိုင်ငံရေးလုပ်လို့ နင်လုပ်ရမယ်လို့ ဘယ်တော့မှ မပြောဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သမီးသည် သူ့ကိုယ်တိုင် အမှန်တရားကို ဆုံးဖြတ်နိုင်တဲ့ တနေ့ ဒါ အမှန်တရားပါလား။ ငါလုပ်သင့်လုပ်ထိုက်တဲ့ အရာပါလားလို့ သူသိလာတဲ့ အချိန်မှာ ဝင်လုပ်လာတယ်။ အခု အစ်မတို့နဲ့အတူ ပါလာတယ်။ အစ်မက သမီးအမေနဲ့ လိုက်ခဲ့ဆိုတာမျိုး မခေါ်ဘူး။ သူ့ဟာသူ စဉ်းစားဆုံးဖြတ်နိုင်လို့ ပါလာရင် ပါလာမယ်။ အဲလိုပဲ ဘယ်သူ့မဆို ငါတို့ လုပ်လို့ နင်တို့ လုပ်ရမယ်လို့ အစ်မ ဘယ်တော့မှ မပြောဘူး။ သူတို့ကို အမှန်တရားကို သိအောင် နည်းလမ်းတွေပြောပြတယ်။ လူငယ်က အဲဒီအပေါ် သူတို့ဟာသူတို့ လေ့လာ၊ စူးစမ်းတယ်။ အစ်မတို့က လူငယ်တွေကို လမ်းပဲ ဖွင့်ပေးတယ်။
၈၈ ကျောင်းသားများ အမျိုးသမီးစင်တာကလည်း ကွန်ရက်သဖွယ် ချိတ်ဆက်တယ်။ လက်ရှိအဖွဲ့ထဲကို ဝင်လာစရာ မလိုဘူး။ အစ်မတို့ အဖွဲ့နဲ့ ကွန်ရက် ချိတ်ဆက်လုပ်ဆောင်ရင် ရပြီ။ အစ်မတို့သွားတဲ့ မြို့တွေမှာ အမျိုးသမီးအဖွဲ့ ပေါင်းစုံနဲ့တွေ့တယ်။ အဲဒီက လှုပ်ရှားမှု အချက်လက်တွေ ယူလာတယ်။ အပြန်အလှန် အကူညီပေးကြတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေဟာ မြန်မာ့နိုင်ငံရေး လူမှုရေး နယ်ပယ်မှာ ဒီထက်ပိုပြီး ပါဝင်လာအောင်။ ပါဝင်တယ်ဆိုတဲ့ နေရာမှာလည်း မိမိကိုယ်တိုင် ကြောက်စိတ်မရှိ၊ အသိရှိရှိနဲ့ အမှန်တရားကို ရဲရဲတင်းတင်း ပြောနိုင်စွမ်းရှိတဲ့ တကယ့်ကို စွမ်းရည်ပြည့်ဝတဲ့ အမျိုးသမီးတွေ များများပေါ်လာဖို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ပြောကြတယ်။ လွှတ်တော်ထဲမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်ထည့်ဖို့။ အမျိုးသမီး ၃၀ ရာခိုင်နှုန်းက ဘုံးဒိုင်းဆို ကောက်ထည့်လိုက်လို့ မရဘူး။ အဲဒီလိုပဲ လွှတ်တော်ထဲကို ဝင်သွားတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲ ဖြစ်ဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တကယ့်ကို ပြည်သူတွေအပေါ် ပြည်သူနဲ့ ရင်ဘတ်တထပ်တည်းနေပြီး ဆင်းရဲဒုက္ခတွေ ခံစားပြီး ရဲရဲဝံ့ဝံ့ တင်ပြပေးမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ရောက်သွားဖို့ အဓိက ကျတယ်။ အဲလိုမဟုတ်ဘဲ ၃၀ ရာခိုင်နှုန်း ဆိုတဲ့အရာနဲ့ တွေ့သမျှလူကို ကောက်ထည့်မယ်ဆိုရင် အစ်မတို့ လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံကို ရောက်မှ မဟုတ်ဘူး။
နောက် အစ်မတို့ ၈၈ မျိုးဆက်ရဲ့ ရည်မှန်းချက်က နောက် ၁၀ နှစ်ကို ရည်မှန်း၊ နိုင်ငံရေးအမြင် ဒီ့ထက် ပိုပြီး ပွင့်လန်းလာမယ်။ ဒီ ၁၀ နှစ်အတွင်း အများကြီးပိုပြီး လုပ်လာနိုင်မယ်၊ နိုင်ငံရေးမှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေဟာ အသက်ရွယ်အားဖြင့် ကြီးမြင့်လာတယ်။ သူတို့ကျန်းမာရေးအရ နောက် ၁၀ မှာ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး။ အစ်မတို့လည်း ရှိချင်ရှိမယ် မရှိချင် မရှိဘူး။ သေခြင်းတရားကို ရှောင်လို့မရလို့၊ အစ်မတို့ မရှိလည်း အစ်မတို့နိုင်ငံမှာ ဘယ်အစိုးရတက်တက် အစိုးရဟာ အာဏာရှင်ဆန်ဆန် ပြည်သူကို အုပ်ချုပ်တဲ့ စနစ်တခု မရောက်အောင် အခုချိန်ကစပြီး အကောင်အထည် ဖော်နေတာ ဖြစ်တယ်။ အဓိက အာဏာသည် ပြည်သူသာလျှင် ဖြစ်တယ်။ အာဏာပိုင်သည် အစိုးရမဟုတ်ပါဘူး။ ပြည်သူသာလျှင် ဖြစ်တယ်။ ငါတို့မြို့ကို ငါတို့ပိုင်သည်ဆိုတာ ရောက်အောင် ဒီအလုပ်တွေ လုပ်ဖို့ ငြိမ်းချမ်း ပွင့်လင်း ခရီးစဉ်ကို သွားနေတာ ဖြစ်တယ်။
မေး။ အမျိုးသမီးတွေရဲ့ နိုင်ငံရေး အသိအမြင် တိုးလာအောင် အယူအဆ ပြောင်းလဲလာအောင် လုပ်ဆောင်နေတယ် ဆိုတော့ အမျိုးသမီးကွန်ရက်တွေ လုပ်ဆောင်လာပြီးနောက် သူတို့အယူအဆ တွေ တစုံတရာ ပြောင်းလဲလာတာ တွေ့ရလား။ အရင်ကဘယ်လိုရှိလဲ။
ဖြေ။ အဲဒါမျိုးတွေ တော်တော်များများ တွေ့ရတယ်။ တချို့ကတော့ အဖွဲ့စွဲတွေရှိတယ်။ ဒါတော့ လူ့သဘာဝ၊ တချို့က ငါတို့အဖွဲ့ကို လာဖြိုခွဲတာလား၊ ၈၈ ထဲ သိမ်းသွင်းဖို့ လာဖြားယောင်းနေလားဆိုပြီး စိုးရိမ်တယ်။ အဲဒါကြောင့် အစ်မတို့ကို ခုနက ပြောသလို သူတို့ကို သေချာ ရှင်းပြတဲ့အခါ သူတို့ နားလည်လာတယ်။ တချို့ လုပ်သာလုပ်နေရတယ်၊ သူတို့ကိုယ် သူတို့ အားမရဘူး။ ကျမတို့က ဘာမှမလုပ်နိုင်ဘူး သွေးလေးပဲလှူနိုင်တာပါ၊ ငွေရေးကြေးရေးလည်း မရှိပါဘူး၊ စားဝတ်နေရေးပဲ လုပ်နေရတာပါ၊ သွေးလှူဝိုင်းလေးပဲ လုပ်နိုင်တာပါ။ ဒီလူ့လောကမှာ ပြည်သူလူထု အကျိုးကို လုပ်မယ်ဆိုရင် ပိုက်ဆံရှိသူ ပညာတတ်သူ၊ လုပ်အားပေးနိုင်သူ စသဖြင့်ပေါ့ ကိုယ်နိုင်ရာ ကဏ္ဍလုပ်။ ကျောင်းထောင်၊ စာသင်တာ၊ လုပ်အားပေးတာ၊ လမ်းရှင်းတာ၊ အုတ်ခဲသယ်တာ၊ သန့်ရှင်းရေးလုပ်တာတို့ပေါ့။ ကိုယ့်ခန္ဓာကိုယ်က သွေးကို လှူတာလည်း အများအတွက်ပဲ။ အလုပ်က သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သူတို့စိတ်စွမ်းအင် တိုးလာအောင် ကူညီပေးတယ်။ အမတို့နဲ့ တွေ့ပြီးတဲ့ အဖွဲ့တိုင်းလိုလို အစ်မတို့အပေါ်ရော သူတို့အပေါ်ရော ယုံကြည်မှု ပြည့်ပြည့်၀၀ လို့တော့ မပြောနိုင်။ တိုးလာတယ်။ တချို့မြို့တွေမှာ ဖေ့စ်ဘုတ် ကောက်လုပ်လာတာရှိသလို သူတို့အမှုှတွေ နိုင်လာတာမျိုး ယုံကြည်မှုရှိလာတယ်။
မေး။ ၈၈ ခရီးစဉ်တွေအကြောင်း တောက်လျှောက်တော့ ကြားနေရတယ်။ တနိုင်ငံလုံးမှာတော့ ဘယ်နေရာအထိ ရောက်ဖြစ်လဲ။
ဖြေ။ အစ်မတို့ အခေါက်ခေါက် အခါခါ သွားခဲ့ရတာ ရခိုင်ပဲ။ ရခိုင် ပဋိပက္ခြုဖစ်ပြီး ၁၀ ရက်အကြာမှာ ဘယ်သူမှ မသွားသေးဘဲ မနီလာသိန်းနဲ့ မနီမိုလှိုင်နဲ့အတူ အစ်မတို့သွားတယ်။ ပစ္စည်းပစ္စယတွေ မီးလောင်ပျက်စီး ထားတာတွေ လူကို မီးရှို့ထားတဲ့ အရိုးတွေပါ တွေ့ခဲ့ရတယ်။ သွားရင်းက ရခိုင်အမျိုးသမီးတွေနဲ့ တွေ့ရတယ်။ နောက် ဝံလက် ဖောင်ဒေးရှင်းနဲ့ အစ်မတို့ ပူးပေါင်းလုပ်ဆောင်တာရှိတယ်။ ရခိုင်ဒေသအတွက် လုပ်နေတာပါ။ အစ်မတို့ ရခိုင်ကို ၄ ကြိမ် ရောက်သွားတယ်။ အစ်မတို့ အများဆုံးသွားတဲ့ နေရာ ပြည်နယ်ပေါ့။ မသီတာထွေး (ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာမှ မတရားပြုကျင့် သတ်ဖြတ်ခံရသည့် အမျိုးသမီး) အိမ်အထိ ရောက်ခဲ့တယ်။ အစ်မတို့ မြန်မာနိုင်ငံသားတွေ အားလုံး တချို့က ဗမာတွေက တိုင်းရင်းသားအရေး မလုပ်ဘူး။ ဗမာကြီးစိုးရေးဝါဒကို ကျင့်သုံးတယ်ဆိုပြီး စွပ်စွဲတယ်။ အဲလို မဟုတ်ပါဘူး။ ခေါင်းကထိလည်း ဗိုက်ကနာသလို၊ ခြေထောက်ကိုထိလည်း ဗိုက်ကနာသလို၊ ခါးကိုထိလည်း ဗိုက်ကနာပါတယ်ပုံစံမျိုးကို တိုင်းရင်းသားအားလုံးနဲ့ သူတို့ဒုက္ခတွေမျိုး အစ်မတို့ တထပ်တည်း ခံစားရပါတယ်ဆိုတာကို သူတို့သိအောင် နားလည်အောင်လို့ ဖြစ်ဖြစ်ချင်း မသွားနိုင်တာတောင် ၁၀ ရက်ကြာတော့ ရောက်အောင် သွားခဲ့တယ်။ အဲဒီက အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ အခုချိန်ထိပဲ အစ်မတို့ အမြဲမပြတ် ဆက်သွယ်မှုတွေ ပံ့ပိုးမှုတွေ လုပ်နေတယ်။ ဝံလက် ဖောင်ဒေးရှင်းနဲ့ရော ပူးပေါင်းဆောင်ရွက်မှု လုပ်နေတယ်။
မေး။ ရခိုင်ကို သွားတဲ့အခါကျတော့ ဒေသခံ အမျိုးသမီးတွေကရော ပြောရဲဆိုရဲရှိလား။ သူတို့ကဏ္ဍကို ဘယ်လိုတွေ့ရလဲ။ အားလုံးက မီဒီယာနဲ့ ချိတ်ဆက်တာကလည်း အမျိုးသားတွေချည်းပဲ။ လွှတ်တော်အမတ် ဒေါ်ခင်စောဝေ ပြောသလို အမျိုးသမီးတွေ၊ အဓိက မွတ်စလင် အမျိုးသမီးတွေ ပညာရေးမရှိလို့ သူတို့အတွေးအခေါ် မရှိကြဘူး။ နောက်တခုက အစ်မတို့ အမျိုးသမီးတွေနဲ့ စကားပြောခဲ့လား၊ ရခိုင်ရော မွတ်စလင်အမျိုးသမီးတွေရော။ သူတို့က ဘယ်လိုကွာခြားကြလဲ။
ဖြေ။ အစ်မတို့ ၂ နေရာလုံးကို သွားတယ်။ ရခိုင်ဒုက္ခသည်စခန်း၊ သက်ကယ်ပြင်၊ သဲချောင်းတို့မှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားတယ်။ ကြည့်လိုက်တော့ သူတို့ရဲ့ အသိပညာ နိုင်ငံရေးမပြောနဲ့။ ရိုးရိုးသာမန် အသိကိုက သူတို့ဆီမှာ နက်နက်ရှိုင်းရှိုင်း တွေးခေါ်မှုတွေ မသိရဘူး။ အဓိကက ပညာရေးပိုင်းဆိုင်ရာ အားနည်းတာ။ ဖြစ်နေတာက ရခိုင်တခုတည်း မဟုတ်ဘူး။ နယ်စပ်ဒေသတွေရဲ့ တိုင်းရင်းသား ဖွံ့ဖြိုးမှုဟာ မြန်မာနိုင်ငံမှာ အလွန့်အလွန်ကို နှောင့်နှေးနေတယ်။ ရန်ကုန်မှာရှိတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် အဲဒီမှာရှိတဲ့ အမျိုးသမီးတွေဖြစ်ဖြစ် ပညာရေးကအစ အစစအရာရာ နယ်စပ်ဒေသတွေမှာ တန်းတူညီ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ သူတို့ရဲ့ ပညာရေးပိုင်း အသိဉာဏ်ပိုင်းဆိုင်ရာ နိမ့်ပါးနေတယ်။ အဲဒါကြောင့် မလိုလားအပ်တဲ့ဟာတွေ ဖြစ်လာတယ်။ အခုလိုမျိုး ဒီပြသနာတွေ ဖြစ်လာတယ်ဆိုတာကလည်း ဥပမာ ဘယ်လိုလူမျိုး၊ ဘယ်ဘာသာကိုးကွယ် ကိုးကွယ် ငါဟာ မြန်မာနိုင်ငံသား မြန်မာနိုင်ငံရဲ့ သစ္စာကို စောင့်ပြီး နိုင်ငံကို ထိခိုက်အောင် မလုပ်ဘူးဆိုတဲ့ အသိမျိုး မရှိဘူး။ အဲလို သိအောင်လည်း ဘယ်သူမှ မလုပ်ပေးနိုင်ဘူး အဲလိုမျိုး မရှိတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာတာ။ အဲဒါက ရခိုင်ဒေသ တခုတည်းမှာတင် မဟုတ်ပါဘူး။ ဝေးသီခေါင်းပါးတဲ့ တိုင်းရင်းသား နယ်မြေတွေမှာလည်း အခုချိန်ထိ ဖွံ့ဖြိုးတိုးတက်မှုက နှောင့်နှေးနေပါတယ်။
မေး။ အခု ထိုင်းမှာ အစည်းဝေးပွဲ လာတက်တဲ့အခါ မြန်မာပြည်ထဲက အမျိုးသမီးတွေရဲ့ ဦးဆောင်မှု ကဏ္ဍနဲ့ ပြည်ပရောက် အမျိုးသမီးတွေရဲ့ ဦးဆောင်မှု ကဏ္ဍကို ဘယ်လိုတွေ့ရလဲ။
ဖြေ။ အခု အစ်မ တွေ့ကြုံဆက်ဆံရတဲ့ ဒီအမျိုးသမီးတွေက ပြည်တွင်းမှာ ရှိတဲ့ အမျိုးသမီးတွေထက်စာရင် ဒီက အမျိုးသမီးတွေက အများကြီး လေ့လာမှု အခွင့်အလမ်းတွေ ရှိတယ်။ အစ်မ သင်တန်းမှာလည်း ပြောခဲ့ပါတယ်။ အစ်မတို့ထက် အများကြီးကောင်းတယ်။ လေ့လာနိုင်တဲ့ စာအုပ်စာတမ်းတွေက ပြည်တွင်းကထက် ပြည့်စုံတယ်။ အဓိကက အစ်မတို့ ပြည်တွင်းမှာ ရှိတဲ့လူတွေက အမြဲတမ်း အသိအမြင်ကို အမြဲတမ်း အမှောင်ချခံနေရတယ်။ အဲဒီတော့ ပြည်ပမှာ ရှိတဲ့ အမျိုးသမီးထုရဲ့ တကယ်ကို အားနဲ့မာန်နဲ့ တကယ့်ခွန်အား ကြိုးစားဆောင်ရွက်နေတာ တွေ့ရတဲ့အခါကျတော့ ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးထုအနေနဲ့လည်း ဒီအမျိုးသမီးတွေကို အတုယူစေချင်တယ်။ ဒီအမျိုးသမီးတွေ လုပ်နေကိုင်နေပုံကိုလည်း အတုခိုးစေချင်တယ်။ ချိတ်ဆက်ပြီး ပြည်တွင်းမှာလည်း ဒီထက်ပိုပြီး ကြိုးစားရဦးမှာပါလား၊ နောက်ပြီးတော့ ပြည်တွင်းရယ် ပြည်ပရယ် မခွဲခြားပဲနဲ့ မြန်မာအမျိုးသမီးထု ဘယ်နေရာရောက်ရောက် ငါတို့ မြန်မာဟေ့ဆိုပြီး လက်တွဲပြီးတော့ ဒီထက်ပိုပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ရမယ်ဆိုတဲ့ အစ်မတို့ ယုံကြည်ချက်တခု သန္နိဋ္ဌာန်ကို ခိုင်ခိုင်မာမာ ချမိတယ်။
မေး။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး ဦးဆောင်မှုကို အမျိုးသားတွေအနေနဲ့ လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလား။
ဖြေ။ အရင်တုန်းကတော့ အမျိုးသားတွေရဲ့ လက်ခံမှု အားနည်းတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တဖြည်းဖြည်း အမျိုးသားတွေလည်း သိမြင်လာတယ်။ အဲလို သိမြင်လာအောင်လည်း ဥပမာ အမျိုးသမီး အိမ်တွင်း အကြမ်းဖက်မှု သင်တန်းဆိုရင်လည်း အမျိုးသားတွေကိုထည့်၊ စီဒေါနဲ့ပတ်သက်တဲ့ သင်တန်းဆိုလည်း အမျိုးသမီးတင်မဟုတ် အမျိုးသားတွေကိုပါထည့်။ အဲလို ဆောင်ရွက်လာအောင်လည်း အစ်မတို့ အမျိုးသမီးတွေမှာ အများကြီး တာဝန်ရှိတယ်။ အမျိုးသားတွေက နေရာမပေးတာ မဟုတ်ဘူး။ အစ်မတို့ ကိုယ်တိုင်ကိုက သူတို့ နေရာမပေးတာကို ကျေနပ်နေကြတာ။ အစ်မတို့ က တခုခုဆို နေနေ နေ ငါ လုပ်လိုက်မယ်ဆို။ တခုခုဆို ငါ မ လိုက်မယ် နင်တို့က မိန်းကလေး ဆိုတာမျိုးကို အဲလိုတွေအပေါ်မှာ ကျေနပ်နေကြတာ၊ သာယာနေကြတာ။ အမှန်တကယ်တော့ အစ်မတို့က သူတို့နဲ့အတူ အမြဲတန်းအတူရှိတယ်။ သူတို့ လုပ်သလိုလည်း လုပ်နိုင်တယ်ဆိုတဲ့ အရာမျိုးကို သူတို့လည်း သိအောင် အစ်မတို့ အချင်းချင်းလည်း သိအောင်၊ ဘာသင်တန်းလုပ်လုပ် အမျိုးသမီး အမျိုးသား တွဲဖွင့်မယ်ဆိုရင် အမျိုးသားတွေကို ပညာပေး၊ Awareness ပေးမယ်။ အမျိုးသမီးတွေလည်း ပညာပေးမယ်ဆိုရင် ဂျန်ဒါ ခွဲခြားမှုက တဖြည်းဖြည်းနဲ့ပါးလာမယ်။ နောက်ဆုံး ကွယ်ပျောက်သွားမယ်လို့ ယုံတယ်။
မေး။ အမျိုးသမီးစင်တာက စီဒေါသင်တန်းပေးတယ်ပေါ့။ နောက် အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ရေးသင်တန်းတွေ လုပ်နေလား။ အမျိုးသား အမျိုးသမီး ပါဝင်မှု ဘယ်လိုသတ်မှတ်ထားလဲ။
ဖြေ။ စစချင်းဖွင့်တဲ့ သင်တန်းမှာ အစ်မတို့ အမျိုးသမီးချည်းပဲ ဖွင့်လိုက်တယ်။ ဒါပေမယ့် အစ်မတို့ ချက်ချင်း သိလိုက်တယ်၊ မှားသွားပြီ။ နောက်တခါ ဖွင့်ရင်တော့ အမျိုးသား အမျိုးသမီး အစုံပါရမယ်။ အမျိုးသားဘယ်လောက် အမျိုးသမီး ဘယ်လောက် မသတ်မှတ်ထားပါဘူး။ စိတ်ဝင်စားသူ တက်လို့ရပါတယ်။
မေး။ အစ်မကိုယ်တိုင် မိခင်တယောက်ဖြစ်တယ်၊ အိမ်ထောင်သည် အမျိုးသမီးတယောက်၊ အလုပ်တွေလည်း များတယ်ဆိုတော့ နိုင်ငံရေးနဲ့ မိသားစုရေးအတွက် အချိန်တွေ ဘယ်လိုညှိယူရပါသလဲ။
ဖြေ။ အဲဒါကတော့ အစ်မတို့ အားနည်းချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီနေ့ဒီချိန်အထိ အစ်မ ထောင်ထဲက ထွက်လာတာ နှစ်တောင်ကုန်တော့မယ်၊ တနှစ်နီးပါးပြည့်တော့မယ်။ ဒါပေမယ့် အစ်မတို့ မိသားစုလေးယောက် အတူတူ ထမင်းတဝိုင်းတည်း စားတဲ့အချိန် တချိန်မှ မရှိသေးဘူး။ တချိန်မှလည်း မရခဲ့ဘူး။ အစ်မဟာ အမြဲတမ်း ဘုရားမှာ သစ္စာပြုတယ်။ အမသည် ကံ ကံ၏ အကျိုးကို ယုံကြည်တယ်။ အစ်မ အသက်နဲ့ခန္ဓာ တည်မြဲနေသမျှ ကာလပတ်လုံး တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကို ကာကွယ် စောင့်ရှောက်သွားရပါလို၏ ဆိုတဲ့ သစ္စာတခုပဲ ပြုတယ်။ အဲဒီသစ္စာတခု အပေါ်မှာပဲ အစ်မ စိတ်အားထက်သန်စွာ လုပ်တယ်။ အစ်မရဲ့ မိသားစုအားကတော့ နည်းရုံမကဘူး၊ လုံး၀ မရှိသလောက်ရှိတယ်။ အစ်မရဲ့ ခင်ပွန်းသည်ကလည်း အစ်မအပေါ်မှာ နားလည်တယ်။ နောက်ကနေပြီးတော့ စိတ်အားပံ့ပိုးမှုတွေ လုပ်ပေးတယ်။ အစ်မသမီးလေးဆိုလည်း အစ်မနဲ့အတူ တောက်လျှောက်ပါပဲ။ သူ ကူညီလုပ်ကိုင်ပေးတယ်။ အဲဒီအတွက်လည်း အစ်မက အစ်မ သားသမီးတွေကို ကျေးဇူးတင်တယ်။ သာယာပျော်ရွှင်တဲ့ မိသားစုတခုဖြစ်အောင် ဘယ်လိုနည်းနဲ့မှ မလုပ်နိုင်သေးဘူး။ နောက်လည်း လုပ်နိုင်မယ်လို့ မမျှော်လင့်ပါဘူး။
မေး။ နောက် အစ်မရဲ့ ပုဂ္ဂလိက ဘဝအကြောင်းပေါ့နော်။ အစ်မ ထောင်ကျနေချိန်မှာ ဘယ်လိုအင်အားတွေ၊ ယုံကြည်ချက်တွေနဲ့ ထောင်တွင်းက အချိန်တွေကို ဖြတ်သန်းခဲ့ရသလဲ။
ဖြေ။ ထောင် ၃ ခါ ကျတယ်။ အသက် ၁၆ နှစ်အရွယ် ၁၉၈၉ မှာ အချုပ် ၄ လ ကျခဲ့ဖူးတယ်။ အဲဒီတုန်းက ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတယောက်ပဲဆိုတော့ နိုင်ငံရေးအသိအမြင် သိပ်ပြီး မကြွယ်ဝသေးဘူး။ ကိုယ်နဲ့သက်တူ ရွယ်တူ မိန်းကလေးတွေနဲ့ အထဲမှာ ဆုံခဲ့ရတယ်။ နဂိုက ကိုယ်က မခံချင်စိတ် ရှိတဲ့အတွက်ကြောင့် အဲဒီစိတ်နဲ့ပဲ ထောင်ထဲမှာ ဘဝကြမ်းတမ်းပေမယ့် အေးအေးဆေးဆေးပဲ ဖြတ်သန်းခဲ့တယ်။ အဲဒီတုန်းက အစ်မတို့ အတွေ့အကြုံတွေက မိန်းကလေးတယောက်အတွက် ဘဝ၊ ဂုဏ်သိက္ခာ မရှိလောက်အောင် အာဏာရှင် ညှင်းပန်းနှိပ်စက်တဲ့ ကာလပေါ့နော်။ အဲဒီတုန်းက အဖြစ်အပျက် အမျိုးမျိုး ကြုံခဲ့ရတယ်။ ပြောလို့ မရနိုင်လောက်တဲ့၊ မိန်းကလေးတွေအတွက် ဂုဏ်သိက္ခာ ကျဆင်းလောက်အောင် အာဏာပိုင်တွေက လုပ်တဲ့ လုပ်ရပ်တွေ ရှိတယ်။ အဲလိုလုပ်ရပ်တွေကို အစ်မတို့ ခါးစည်းပြီး ခံခဲ့တယ်။
နောက်တခေါက်ကျတော့ ၁၉၉၆ ခုနှစ်မှာ အစ်မတက္ကသိုလ်မှာ ဂုဏ်ထူးတန်းနောက်ဆုံးနှစ် တက်နေတဲ့အချိန်၊ အသက် ၂၄ နှစ်ရှိနေပြီ။ နိုင်ငံရေးအတွေ့အကြုံ တော်တော်လေးလည်း ရနေပြီ။ အဲဒီအခါကျတော့ အစ်မ ယုံကြည်ချက်တခုကို လက်ကိုင်ထားပြီး ထောင်တွင်းမှာ ဖြတ်သန်းခဲ့တယ်။ ၁၉၉၆ ကနေ ၂၀၀၀ ခုနှစ်အတွင်း ကာလတွေက အရမ်းကြမ်းတယ်။ ဥပမာဆို အစ်မတို့ စဖမ်းခံရပြီးချိန်မှာ အလှူတွေမှာ ခင်းတဲ့ ဖျာကြမ်းတွေနဲ့ အစ်မတို့ကို သိပ်တယ်။ အိမ်က ဘယ်သူမှ မတွေ့ရဘူး။ သူတို့ ပုံစံ ၃ စုံလောက် ထုတ်ပေးပြီးတော့။ အဲဒီဖျာတွေက ကြမ်းပိုးတွေ အများကြီးပဲ။ ဖျာတွေက စုတ်ပဲ့နေတာပဲ။ အိပ်ခါနီးကျ ဖျာတွေ ခါရတယ်။ အဲဒီ ဖျာခါတဲ့အသံကို အဆောင်က လုံး၀ လက်မခံဘူး။ အာဏာပိုင်တွေက ချက်ချင်းလာတားတယ်။ အဆောင်မှာ ဒီလို ဆူဆူညံညံ မလုပ်ရဘူးဆိုပြီး တားတယ်။ စာဖတ်ခွင့် မရခဲ့ဘူး။ ဆေးလိပ်အစီခံ၊ ဇီးထုပ်မှာပါတဲ့ ကြေညာတံဆိပ်တောင် ဆွဲဖြဲပြီး သွင်းရတဲ့ကာလ။ သွားတိုက်ဆေးတောင် ညှစ်ထုတ်ပြီး ပေးရတဲ့ကာလ။ သွားပွတ်တံတို့ဆိုလည်း ချိုးပြီးမှ သွင်းတဲ့ကာလကို ကြုံခဲ့ရတယ်။ ဒီထက်ဆိုးတဲ့ အခြေအနေတွေကို အစ်မတို့ ယုံကြည်ချက်တခုနဲ့ ဖြတ်သန်းခဲ့တယ်။ အဲဒီမှာ ၂၀၀၂ မှာ ပြန်လွတ်လာတယ်။ မလွတ်ခင်မှာလည်း လုပ်ဖော်ကိုင်ဖက် အစ်ကိုအစ်မတွေ တယောက်ပြီးတယောက် ကျဆုံးသွားတာ ကြုံရတယ်။
နောက် ၂၀၀၇ မှာ နောက်ဆုံးအကြိမ် ထောင်တခါ ထပ်ကျတယ်။ အစ်မတို့ နိုင်ငံရဲ့ ပေါ်လစီက နည်းနည်း ပြောင်းသွားတဲ့အခါကျတော့ ၂၀၀၇ က ထောင်ကျတယ်လို့ မဆိုရလောက်အောင်၊ ထောင်းနန်းစံရတယ်လို့ ပြောရလောက်အောင် ပေါ်လစီ ပြောင်းလာတယ်။ ဒါပေမယ့် သူတို့ရဲ့ နဂို ကိုလိုနီစနစ်အတိုင်း လုပ်တဲ့ တချို့ ထောင်ဝန်ထမ်းတွေရဲ့ သဘောသဘာဝကတော့ မပျောက်သေးဘူးပေါ့။ အဲဒါကို ဥပဒေကို ဥပဒေနဲ့ တိုက်ဖျက်တာတွေ လုပ်ရတယ်။ ထောင်ပိုင်တွေနဲ့ ညှိနှိုင်းပြီးနေခဲ့တယ်။ အဲဒီအချိန်မှာ စာအုပ်တွေ ဖတ်ခွင့်ရတယ်။ ကိုယ့်လေ့လာချင်တာ လေ့လာလို့ရတယ်။ အဲဒီအချိန်မှာ အစ်မတို့ အလကား မနေခဲ့ဘူး။ မိဘတွေနဲ့အတူ မိဘထောင်ကျလို့ ပါလာရတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင် အကျဉ်းသူတွေက မွေးလာတဲ့ကလေးတွေရဲ့ ကျန်းမာရေး၊ လူမမယ်ကလေးတွေ အသက် ၃ နှစ်ကနေ ၈ နှစ်လောက်ရှိတဲ့ ကလေးတွေရဲ့ ပညာရေးကို အထဲထဲမှာ ပြန်ပြီး မနက် ၈ နာရီထိုးတာနဲ့ အစ်မတို့ အခန်းထဲခေါ်ပြီး ဘုရားရှိခိုးနည်း သင်တယ်၊ ကကြီး ခခွေးကအစ ကဗျာလေးတွေ သင်ပေးတယ်။ ပြောပြတယ်။ အဲလိုပဲ ထောင်ထဲမှာ အကျဉ်းသူတွေအတွက် အမှန်တရားကို မီးမောင်းထိုးပြ ကူညီနိုင်ခဲ့တယ်။ တခါတလေ အကျဉ်းသူဘက်က အမှားတွေရှိတယ်။ အဲလိုရှိလာရင် အကျဉ်းသူကို သေချာရှင်းပြ၊ နောက် ထောင်ဝန်ထမ်းကိုလည်း အကျဉ်းသူကို မနှိပ်စက်အောင် ကူညီပေးခဲ့တယ်။
မေး။ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးခဲ့တယ်လို ကြားခဲ့ဖူးပါတယ်။ လက်ရှိရော ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲ။ ထောင်ထဲကရောဂါတွေ အခုထိခံစားနေရသေးလား။
ဖြေ။ အဲဒီက အဆက်လို့ ပြောရမယ်။ အပြင်ရောက်တော့ အခုချိန်ထိတော့ အစ်မ Medical Checkup (ကျန်းမာရေး စစ်ဆေးမှု) သေချာမလုပ်ခဲ့ဘူး။ အစ်မတို့ နိုင်ငံအနှံ့ကို သွားရတဲ့အခါကျတော့။ အစ်မထောင်ထဲမှာ ASO (လေးဖက်နာ ရောဂါအတွက် စစ်ဆေးချက်ရလဒ်) ၄၀၀ အထိ တက်ခဲ့တယ်။ ခုနက အစ်မပြောတဲ့ ၁၉၉၆ က ဆောင်းတွင်းကြီးမှာ အစ်မကို ဖမ်းတယ်။ အခန်း ၈ ပေ ၁၀ ပေ အကျဉ်းအေးအေးထဲ မီးလုံး၀ မရှိခဲ့အခန်းထဲမှာ တပွင့်စာ မီးတောက်လေး ထွန်းတယ်။ အရှေ့မှာ သံဇကာကာတယ်။ စောင် ၃ ထပ်နဲ့ ပြီးတော့ လူသူမတွေ့ရအောင် လုပ်ထားတယ်။ အဲဒီမှာ ၃ လလုံးလုံး အစ်မ ထောင်က ကျွေးတဲ့အစာကိုပဲ စားရတယ်။ အစ်မကို လာကျွေးတဲ့လူရှိရင် ပါးရိုက်ခံရတယ်။ အဲဒီတော့ ဘယ်အကျဉ်းသူမှ အစ်မတို့ကို မကျွေးရဲဘူး။
အဲဒီဆောင်းတွင်းကြီးမှာ ဖျာကြမ်းတချပ်တည်းနဲ့ တမံတလင်းအအေးမှာ ၃ လတိုင်တိုင် စားစရာမရှိ သောက်စရာမရှိ၊ နောက်ဆုံး ဆပ်ပြာကအစ သပြေညိုဆပ်ပြာနဲ့ပဲ ခေါင်းလျှော်ရတယ်။ အဝတ်လျှော်ရတယ်။ တကိုယ်လုံး တိုက်ဖို့ သုံးရတယ်။ အဲလိုမျိုး နေခဲ့ရတဲ့ ဒဏ်က ၁၉၉၆ ကတည်းက။ သာယာဝတီထောင်မှာ အစ်မ ASO စစ်လိုက်တဲ့အခါကျတော ASO ၂၅၀ ရှိတော့ ရီတာဗင်ကို ထိုးခဲ့ရတယ်။ အဲဒီကမှ အပြင်ထွက်တယ်။ နောက် နိုင်ငံရေးအလုပ်တွေနဲ့ မထိုးဖြစ်လိုက်ပြန်ဘူး။ နောက် ထောင်ထဲရောက်တယ် ပုသိမ်ထောင်မှာ အစ်မ ASO စစ်လိုက်ပြန်တော့ ASO ၄၀၀ အထိ ရှိတယ်။ အဲဒီအချိန်လည်း ရီတာဗင် ပြန်ထိုးခဲ့ရတယ်။ အဓိကက အစ်မ အာရုံကြောပေါ့။ ပုသိမ်ထောင်ထဲမှာ ခေါင်းအရမ်းထိုးတယ်။ အစ်မ ဓာတ်မှန်ထွက်ရိုက်လိုက်တယ်။ ဂုတ်ကျီးပေါင်း တက်နေတာ သိရတယ်။ အဲဒီနောက် ကသာထောင်ရောက်တော့ ကျီးပေါင်းက ဂုတ်တင်မဟုတ် ခါးကျီးပေါင်းပါ ဖြစ်တယ်။ အဲဒါ အခု အာရုံကြောဆေး ပြင်းပြင်းတွေ သောက်နေရတယ်။
မေး။ အစ်မ အပြင်ရောက်တဲ့ အချိန်တွေမှာ မိသားစုကိစ္စတွေနဲ့ ကလေးငယ်တွေနဲ့ ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ရလဲ။
ဖြေ။ ဒုတိယအကြိမ် အစ်မ ထောင်ကျတော့ အစ်မသမီးက ၄ နှစ်ခွဲ။ သားငယ်က ၂ နှစ်ခွဲမှာ ထားခဲ့ရတယ်။ အစ်မတို့က အဲဒီတုန်းက အဖြူဝမ်းဆက်ကြီးတွေ ဝတ်ရတယ်၊ နောက် တီဗီတွေ ရုပ်ရှင်တွေထဲမှာ အဖြူဝမ်းဆက်ဝတ်၊ ချေကျင်းကြီးတွေနဲ့ အဲလိုတွေကို ထောင်သားဆိုတာကို ကလေးတွေက ဘာပဲပြောပြော ကြောက်ကြတယ်။ ကလေးတွေက အရမ်းကို နုနယ်သေးတဲ့ အရွယ်ဖြစ်နေတော့ သူ့အဖေက ကလေးတွေ ထောင်ကို လိုက်လာရင် အဲ့ဒီမြင်ကွင်းကို မြင်ပြီး သူတို့မှာ ဆိုက်ကို စွဲသွားမှာ စိုးလို့ ဆိုပြီး ဒုတိယအကြိမ် ထောင်ကျတဲ့ ၅ နှစ် ၉ လ ကာလမှာ အစ်မ သားသမီးတွေကို မတွေ့ခဲ့ရဘူး။ ကလေးတွေ နုနုနယ်နယ်နဲ့ တခုခု ဖြစ်သွားမှာ စိုးလို့ဆိုပြီး အိမ်က ခေါ်မလာတာ။ အစ်မဆီ ဓာတ်ပုံပဲ သွင်းပေးတယ်။ အစ်မ ပြန်ထွက်လာတဲ့အချိန်မှာ အစ်မသမီးက ၅ တန်း ရောက်နေပြီ။ အစ်မသားအငယ်က ၃ တန်း။ ၂၀၀၇ ရောက်တော့ အစ်မသမီးက ၁၀ တန်း။ သားက ၈ တန်းပေါ့။ အဲဒီမှာ အစ်မသမီးကို နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှုနဲ့ RIT ကျောင်းသားဟောင်းတယောက် ဖွင့်ထားတဲ့ဘော်ဒါမှာ ထားခဲ့တယ်။ သားကိုတော့ အိမ်မှာပဲ ထားခဲ့တယ်။ သမီးက ၂၀၀၇-၀၈ မှာ ဆယ်တန်းအောင်တယ်။ အစ်မ ပြန်မထွက်လာသေးတဲ့ ကာလမှာ သူကျောင်းမတက်ဖြစ်ဘူး။ အခုလောလောဆယ် ပထမနှစ် အင်္ဂလိပ်စာ အဝေးသင် ဖြေထားတယ်။ အစ်မသားကတော့ ဆယ်တန်း။
မေး။ အစ်မရဲ့ တက္ကသိုလ်ပညာရေးရော ဆက်တက်ခွင့်ရခဲ့သလား။
ဖြေ။ အစ်မက ၁၉၉၆ ခုနှစ်မှာ ဒဂုံတက္ကသိုလ် သတ္တဗေဒ ဌာနမှာ တတိယနှစ် ဂုဏ်ထူးတန်း တက်နေတယ်။ ၂၀၀၂ ခုနှစ် ပြန်တက်လာတော့ အစ်မ ကျောင်းပြန်တက်ခွင့်မရဘူး။ သူတို့ ရိုးရိုးဘက်ချလာဘွဲ့ ပေးမယ်ပြောတယ်။ အစ်မ လက်မခံဘူး။ ဖိုင်နယ်အောနက် ပြန်တက်ဖို့ တောင်းတာ သူတို့မပေးဘူး။
မေး။ အစ်မရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ တခြားလူတွေလိုပဲ စာအုပ်ရေးဖို့ အစီအစဉ်ရှိလား။
ဖြေ။ အစ်မက စာရေးတာ အရမ်းအားနည်းတယ်။ မှတ်တမ်းအဖြစ် သေသေချာချာတော့ ရေးသားတာမျိုး မရှိဘူး။ ဒါပေမယ့် ဒီအတွေ့အကြုံတွေက အစ်မမှ မဟုတ် နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ လူတွေအားလုံး ရင်ထဲအသည်းထဲ သမိုင်းမှတ်ကျောက် အလိုလို ထင်ကျန်နေတဲ့ အဖြစ်အပျက်ပါ။ ဒီအတွေ့အကြုံပေါ်မှာ စိတ်ခံစားမှုအတိုင်း မလိုက်ဘဲနဲ့ အစ်မတို့ နာကျည်းစရာတွေ ဒီကြမ်းတမ်းတဲ့ အတွေ့အကြုံတွေကို ရင်ထဲမှာပဲ သမိုင်းမှတ်တိုင်အဖြစ် သိမ်းထားမယ်။ နောက် တက်တဲ့လူငယ်တွေကိုလည်း ကြုံရင် ကြုံသလို အစ်မတို့ အတွေ့အကြုံတွေကို ဝေငှတယ်။ ဝေငှတယ် ဆိုတာကလည်း သူတို့အတွက် စိတ်ခံစားမှုတွေကို ဖြစ်စေတာမဟုတ်ဘူး။ အမတို့ရဲ့ ဒီမိုကရေစီရေစီးကြောင်းမှာ အခုလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ ထင်သာမြင်သာတဲ့ အားလုံးပါတဲ့ ဒီမိုကရေစီ ရေစီးကြောင်းကို ရောက်သွားတယ်ဆိုတာ အလကားကျလာတာ မဟုတ်ဘူးဆိုတဲ့ အသိကို လူငယ်တွေ ထားစေချင်တယ်။
နောက် ဒီမိုကရေစီအတွက် သူတို့ လုပ်နေတဲ့ လုပ်ရပ်တွေအပေါ် တန်ဖိုးထားစေချင်တယ်။ စနစ်တကျ လုပ်တတ်စေချင်တယ်။ အစ်မတို့က လူငယ်တွေကို ခံစားချက်တွေ မပေးပါဘူး။ ဝေဒနာတွေ မပေးပါဘူး။ အဲဒီခံစားချက်တွေ ဝေဒနာတွေကတဆင့် ပေါက်ဖွားလာတဲ့ ယုံကြည်မှုကိုပဲ လူငယ်တွေလက်ထဲကို ထည့်ပေးမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒါပေမယ့် သမိုင်းမှတ်တိုင်အဖြစ် ရှုမြင်မှာပါ။ နာကြည်းတာတွေ ဖယ်ပြီး အစ်မတို့ နိုင်ငံတော်အတွက် မျိုးဆက်သစ်တွေနဲ့အတူ ဒီအပြောင်းအလဲမှာ စိတ်ခွန်အားတွေ ဖြည့်ပြီးတော့ ခွပ်ဒေါင်းတွေ မဖြစ်စေချင်တော့ဘူး။ သူတို့ရဲ့ ကျောင်းတော်ကြီးမှာပဲ ကျောင်းပညာရေးကိုလုပ်ရင်း ပြည်သူ့အရေးကို သယ်ပိုးစေမယ့် ကဒေါင်းလေးတွေအဖြစ် တွန်စေ ကျူးစေမယ့် အစ်မတို့ရဲ့ စေတနာပါ။
မေး။ ရှေ့ဆက်ပြီးတော့ ဘာဆက်လုပ်သွားဖို့ရှိလဲ။ တချို့လည်း နိုင်ငံရေးပါတီမှာ လုပ်ဆောင်နေသူတွေ ရှိတယ်။ အစ်မတို့ ၈၈ မျိုးဆက်အဖွဲ့ကတော့ နိုင်ငံရေးပါတီအဖြစ် မပြောင်းလဲသေးဘူးလို့ ဆိုထားတယ်။ အစ်မတဦးချင်း အနေနဲ့ရော နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ဖို့ ရည်မှန်းထားတာ ရှိလား။
ဖြေ။ အစ်မ တဦးချင်းအနေနဲ့က ၂၀၁၅ နိုင်ငံရေးမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အစီအစဉ် လုံး၀ မရှိပါဘူး။ အစ်မ နဂိုရည်ရွယ်ချက်ကိုက အစ်မဟာ အကျိုးစီးပွား တစုံတရာကိုမှ မမျှော်လင့်ဘဲနဲ့ အစ်မတို့ နိုင်ငံကောင်းကျိုးအတွက် ပါနိုင်တဲ့နေရာက တတပ်တအား ပါဝင်လုပ်ဆောင်တဲ့ လူတယောက်လည်း ဖြစ်တယ်။ ပြီးတော့ ပြည်သူ့ကြားထဲမှာပဲ နေချင်တယ်။ ပြည်သူ့ရင်ကို ခိုလှုံချင်တယ်။ အဲဒါကြောင့် အစ်မတို့က ဘယ်လို အခက်အခဲ၊ အကြောင်းတရား၊ အတားအဆီးတွေ ရှိနေပစေ အစ်မတို့ ထောင်အကြိမ်ကြိမ် အကျခံပြီး ပြည်တွင်းမှာပဲ နေခဲ့တယ် ဆိုတာ ပြည်သူကြားမှာ နေချင်လို့ပါ။ နောက် ရှေ့လျှောက်ပြီးတော့လည်း အခုလောလောဆယ်အထိ ပြည်သူအကြားမှာနေပြီး ပြည်သူနဲ့အတူ ရယ်မောရင်း ပြည်သူနဲ့အတူ မျက်ရည်သုတ်ရင်း ပြည်သူ့အကျိုးကို ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ ။