နိုဝင်ဘာလ၂၉ ရက်နေ့ မနက် ၃ နာရီမှာ မုံရွာမြို့နယ် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း သပိတ်ကို အစိုးရ လုံခြုံရေး ရဲ တပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ သပိတ်တိုက်ပွဲ ဆင်နွဲှနေတဲ့ ရဟန်းရှင်လူ ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ပါတယ်။ သမ္မတရုံးက ဓာတုဆေးဝါးပါဝင်တဲ့ဗုံးကို အသုံးမပြုခဲ့ဘူးလို့ (တရားမဝင် ဖေ့စ်ဘွတ်ကတဆင့်) ဆိုပေမယ့် ဒဏ်ရာရသူတွေနဲ့ မျက်မြင်အရပ်ဘက် သတင်းတွေ၊ မုံရွာဆေးရုံ သတင်းရပ်ကွက်တွေကတော့ ဒါဟာ လူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လောင်ကြွမ်းစေတဲ့ ဓာတုဆေးရည်ပါတဲ့ မီးလောင်ဗုံးတွေ ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင် စစ်အစိုးရ လက်ထက် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်တဲ ကပစ(ကာကွယ်ရေး ပစ္စည်းနဲ့ စစ်လက်နက် ပစ္စည်း ထုတ် စက်ရုံ) အမှတ်(၃) မှာ အာပီဂျီ အလုပ်ရုံ ခွဲမှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း နဲ့ ဧရာဝတီ သတင်းထောက် ကိုညို (အော်စလို) ဆက်သွယ်မေးမြန်း ခဲ့တာတွေကို တင်ပြလိုက်ပါတယ်။
မေး ။ ။ လက်ပံတောင်းတောင် သပိတ် အကြမ်းဖက်ဖြိုခွဲတာနဲ့ ပတ်သက်ပြီး မျက်ရည်ယို ဗုံးလား၊ မီးလောင်ဗုံးလား လို့ အငြင်းပွားနေတာကို ကာကွယ်ရေး ဝန်ကြီးဌာန စစ်လက်နက်ထုတ် ပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူ တယောက်ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ဘယ်လိုသုံးသပ်မှု ပေးချင်သလဲ။
ဖြေ ။ ။ မျက်ရည်ယိုဗုံး(Tear Gas)ဆိုတာ မီးခိုးဗုံးပဲလေ၊ သူကမျက်စိနဲ့ ထိမှန်ရင် စပ်ပြီး မျက်ရည်ကျအောင် စီမံထားတဲ့ ဓာတ်ငွေ့ချည်း သက်သက်ထွက်တဲ့ ဗုံးပါ။ မီးပန်း ထွက်စရာမလိုဘူး။ အခုဟာက မီးပန်း မီးပွားတွေ ပန်းထွက်နေတဲ့အခါကျတော့ ဘယ်လိုမှ မီးခိုးဗုံး မဖြစ်နိုင်ဘူးပေါ့ဗျာ။ သတင်းတွေအရ ဆိုးဆိုးရွားရွား သိရတာက ဗုံးထဲကနေ လွင့်စင်လာတဲ့ အဖြူရောင် အနှစ်တွေက လူ့ခန္ဓာကိုယ်ထဲ စွဲကပ်ပြီး မီးလောင်တယ်၊ ရေထိတော့ပိုလောင်တယ်၊ ဒါဆို မီးစုန်းဗုံး သဘောမျိုးဖြစ်သွားပြီ။ ကျနော်တို့က ဗုံးအမျိုးအစားကို မျက်မြင်တွေ့ရတဲ့ အခြေအနေကြည့်ပြီး ခွဲခြားရတာ၊ မီးထွက်တဲ့ ဗုံးကို မီးလောင်ဗုံးပဲ ခေါ်မယ်၊ မီးခိုးပဲထွက်တဲ့ ဗုံးကို မီးခိုးဗုံးလို့ ခေါ်မှာပေါ့ဗျာ။ အခုဟာက မီးတွေပန်းထွက်နေတဲ့ ဗုံးမို့ မီးလောင်ဗုံးလို့ တိတိကျကျပြောတာပါ။
မေး ။ ။ ဒီလို ဗုံးအမျိုးအစားကို တပ်မတော်က ဘယ်လိုအချိန်အခါမှာ သုံးသလဲ၊ အခုလို ဆန္ဒပြတာမျိုးမှာ သုံးရမည့် ညွှန်ကြားမှုမျိုးတွေရောရှိခဲ့ဖူးလား။
ဖြေ ။ ။ ဗီယက်နမ် စစ်ပွဲတွေမှာ အမေရိကန် တပ်က သုံးတယ်၊ ဗီယက်နမ်တွေက တောတောင်သစ်တောတွေကို အကာအကွယ် ယူပြီး ပြောက်ကျားစစ်ကိုသုံးလို့ အမေရိကန်တွေ အထိနာတယ်။ ဗီယက်နမ် ပြောက်ကျားတွေ တောတောင်နဲ့ မြေအောက်ဂူတွေ၊ ကျင်းတွေထဲခိုလို့ မရအောင် မီးတိုက်နှိမ်နင်းဖို့ နပမ်းဗုံး(ဗုံးဒဏ်သင့် ဗီယက်နမ် ကလေးမလေး အမည် Napalm ရဲ့ ဖြစ်ရပ်ကတဆင့်)ဆိုပြီး ထွင်သုံးတာ။ အဲဒီ နပမ်းဗုံးက ဓာတုဆေးရည်တွေနဲ့ ဖော်စပ်ထားတာ၊ အပင်တွေကို ဆေးရည်ထိရင် ဆေးရည်မကုန်မချင်း မီးမငြိမ်း ဘူး။ သစ်ပင်တွေ၊ သစ်တောတွေ မီးလောင်ပြာကျအောင် ထွင်ထားတာ။ နောက်ပိုင်း ဒီဗုံးရဲ့ဆိုးကျိုးကို ဗီယက်နမ်မလေး Napalm ရဲ့ ဖြစ်ရပ်က တဆင့် စစ်မြေပြင် သတင်းထောက်တွေ ဖော်ထုတ်သိရပြီး ကန့်သတ်တားမြစ်မှုတွေ ပေါ်လာတာ။
ဥပမာ Flame Thrower လို ပေ၂၀ လောက် မီးပန်းထွက်တဲ့ မီးသေနတ်တွေကို ဘန်ကာ၊ ကတုတ်ကျင်းထဲက ရန်သူတွေကို တိုက်ရာမှာပဲသုံးပြီး၊ မြေပြင်တက် တပ်ဖွဲ့တွေကို မသုံးရဘူး။ ဂျနီဗာ စာချုပ်မှာ ကန့်သတ်ထားတယ်။
ပြောချင်တာက မီးလောင် ဒဏ်ရာရစေတယ် ဆိုတာ ပြင်းထန်အောင် ထိခိုက်တဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်တယ်။
စစ်တိုက်တယ် ဆိုတာတောင် မချိမဆန့် ဒဏ်ရာရစေရင် လူမဆန်ဘူးလို့ သတ်မှတ်တယ်။ ဒီလို မဖြစ်အောင် နိုင်ငံတကာ ဆန္ဒပြမှုတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတာပေါ့။ စစ်ပွဲမှာတောင် လက်မခံတဲ့ကိစ္စကို လက်နက်မဲ့ ဆန္ဒပြသူတွေကြား သုံးတယ် ဆိုတာ ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်တယ်။ အခုဖြစ်တဲ့ဟာမှာ မီးလောင်ဗုံးတွေ သုံးခဲ့တယ်ဆိုတာ ဒဏ်ရာတွေ ကြည့် ရင် သိသာတယ်။ ဒဏ်ရာတွေကို ဖုံးဖိထားလို့မှ မရတာ။
မေး ။ ။ တပ်မတော်ကရော ဒီလို မီးလောင်ဗုံးတွေ ဘယ်လို နေရာမှာသုံးလဲ။
ဖြေ ။ ။ ကျနော်တို့ ကပစ မှာတော့ ပေါင်၂၀၀ မီးလောင်ဗုံးတွေ ထုတ်ထားတာ ရှိတယ်။ အဓိကရုဏ်း နှိမ်နင်းဖို့ မျက်ရည်ယိုဗုံးတွေထုတ်တာရှိတယ်။ ဒါလဲ ကျနော်တို့ဆီက လိုအပ်မှ ထုတ်တာ။ ကျနော်မှတ်မိနေတာ တခုရှိတယ်။ ၁၉၉၆ ခုကျောင်းသား အရေး အခင်းကို ဖြိုခွဲတုံးက ကျနော်တို့ စက်ရုံကို အဓိကရုဏ်း နှိမ်နင်းရေးအတွက် မျက်ရည်ယိုဗုံးတွေထွင်ပြီးထုတ်ခိုင်းတယ်။ ကျည်ဆန် တွေမှာ ဆေးအကြည်တွေထည့် ပစ်ရတာ၊ ကျည်ထဲမှာ ခဲဖူးလေးတွေ ပါတယ်၊ အဲဒီ ခဲဖူးတွေကို အပေါ်က ရာဘာ အုပ်ထားတာ။ ရာဘာကျည်ဆန် မှန်တာနဲ့ အသားအကွင်းလိုက် ပျက်ကျတာပေါ့။ မျက်လုံးထိရင် ကန်းတယ်။ သေတော့ မသေနိုင်ဘူး။ သိတ်မပြင်း တော့ ဗိုလ်ချုပ်မောင်အေး က တိုက်ရိုက် အမိန့်ပေးဖူးတယ်။
“သေချင် သေပစေကွာ၊ ယမ်းအား မြှင့်ပြီးထုတ်”လို့ ဆိုတော့ ယမ်းအားမြှင့်ပြီး အစမ်းပစ် ကြတယ်။ ကျနော့် ရှေ့ အရင်ရောက် နေ တဲ့ ဆရာ တယောက် ပြန်ပြောပြလို့ သိရတာက အဲဒီ ယမ်းအားမြှင့် ကျည်တွေနဲ့ ရဲဘော်တချို့ကို အဝေးကနေ စမ်းပစ်ကြတာ၊ ဒဏ်ရာတွေ ရကုန်တယ်တဲ့။
မေး ။ ။ ဒါဆို အခု လက်ပံတောင်းတောင် သပိတ်မှာ စွမ်းရည်မြှင့် မီးခိုးဗုံးတွေ ထုတ်သုံးတာရော မဖြစ်နိုင်ဘူးလား။
ဖြေ ။ ။ ကပစ ကတော့ မီးခိုးဗုံးပဲ ပုံမှန်ထုတ်တာပေါ့။ ဒါပေမယ့် အကြီးအကဲ အရာရှိတယောက်ယောက်က မီးခိုးဗုံးကို စွမ်းရည်မြှင့် ထုတ်ခိုင်းတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ကပစ ထုတ်တဲ့ မျက်ရည်ယိုဗုံးက စံချိန်နဲ့မကိုက်ညီတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ် မိမလား မသိဘူး၊ ၂၀၀၇ ရွှေဝါရောင် တုံးက ရွှေတိဂုံဘုရား စောင်းတန်းတခုမှာ မီးခိုးဗုံးတခုကနေ မီးပန်းတွေ ဖြာထွက်နေတဲ့ ဗီဒီယို ကလစ်လေး တခု သတိထားမိတယ်။
မေး ။ ။ တချိန်က ကရင်ပြည်နယ် ဝမ်ခ တိုက်ပွဲမှာရော၊ မာနယ်ပလော နဲ့ အခုနောက်ပိုင်း ကချင် စစ်မြေပြင်မှာပါ တပ်မတော်က ဓာတု လက်နက်တွေ ထုတ်သုံးတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ခဲ့ဖူးတယ်။ လူမသေပဲ၊ အရေပြားတွေ လောင်တာ၊ နားထဲက သွေးထွက်တာ၊ မူးဝေအော့အန်ပြီး လမ်းဆက်မလျှောက်နိုင်တာ စတဲ့ လက္ခဏာတွေ ပေါ်တယ်လို့ သတင်းတွေ ဖတ်ဖူးတယ်။ တပ်မတော်က တိုင်းရင်းသားတွေနဲ့ စစ်ခင်းရာမှာ ဓာတုလက်နက်တွေ သုံးတတ်သလား။
ဖြေ ။ ။ သုံးတတ်ပါတယ်။ ကိုယ်တိုင်တော့ အဲဒီလို တိုက်ပွဲတွေ မမီခဲ့ပေမယ့် ကျနော်တို့ စစ်အင်ဂျင်နီယာ သင်တန်းမှာ ဓာတု လက်နက် ကိစ္စတွေလည်း ဘာသာရပ်ခွဲတခု အနေနဲ့ သင်ခဲ့ရတယ်။ သင်တန်းတခုမှာ ကပစ (၅)က ဒု တပ်ရင်းမှုး ဗိုလ်မှူးကြီး ဉာဏ်ထွန်း က ပြောဖူးတာပေါ့။ သူက ဓာတုလက်နက်ဆိုင်ရာ သင်တန်းပေးတာ၊ သူက ကရင်ပြည်နယ် ဝမ်ခမှာ တိုက်ပွဲတွေဖြစ် တော့၊ တပ်က လူတွေအများကြီး သေတယ်ဗျာတဲ့။
တဖက်က၊ ကတုတ်ကျင်းတွေ ထဲကနေ ခံပစ်တော့ တက်မရဘူး၊ ဒါနဲ့ အခုပြောနေကြတဲ့ မီးလောင်ဗုံးတွေ စပြီး စမ်းသပ်လုပ်ကြ တာပေါ့ လို့ ပြောဖူးတယ်။ နောက် Pressure Bomb လို့ ခေါ်တဲ့ မိုင်းရှင်းတဲ့ ဗုံးလဲ စမ်းကြတယ်။ သူက အမြှောက်ဆံနဲ့ မိုင်းရှိမယ် ထင်တဲ့ မြေပြင်ပေါ်ကို ပစ်လိုက်ရင်၊ ပေါက်ကွဲအားပြင်းတော့ လေထုထဲမှာ လေဟာနယ် ဖြစ်သွားပြီး ရုတ်တရက် ပြင်ပ လေထုတွေဝုန်းခနဲ ပြန်စုတော့ မြေကြီးကိုဖိအားနဲ့ ရိုက်သလိုဖြစ်ပြီး မြှုပ်ထားတဲ့ ဗုံးတွေပေါက်ကွဲတဲ့ သဘောပဲ။ ကတုတ်ကျင်းထဲ ရေအပြည့် ထည့်ထားတဲ့ တိုင်ကီပုံး တလုံးတည်း စမ်းတာ၊ အဲဒီ Pressure ဗုံးကြောင့် တိုင်ကီထဲ ရေတစက်မှ မကျန်အောင်လွင့်စင်ပြီး တိုင်ကီ လည်း လိန်ပိန် တွန့်ခေါက်သွားတာ။
အဲဒီလို ဖိအားပေး မိုင်းရှာဗုံးတွေ(Pressure Bomb)နဲ့ မီးလောင်ဗုံး(Incendiary)တွေ သုံးတော့ ကတုတ်ကျင်းထဲက လူတွေလည်း ဘယ်ခံနိုင်မှာတုံး။ အဲဒီလို ဓာတုလက်နက်တွေ သုံးရင် ဂျနီဗာ သဘောတူညီချက်နဲ့ မညီဘူး။ ဒါကြောင့် တပ်က ဓာတုလက်နက် သုံးမယ်ဆို လူသိမခံဘူး။
ဥပမာ ရှေ့တန်း စစ်မြေပြင်တခုမှာ ဓာတုလက်နက် သုံးမယ်ဆိုတာ ခြေလျင်တပ် အရာရှိတွေကိုတောင် ပေးမသိစေဘူး။ ကျနော် တို့ ကာကွယ်ရေး စက်ရုံက အရာရှိတွေကိုယ်တိုင် သွားပစ်တာ။ ခြေလျင်တပ်သားတွေကို အနားမှာ မရှိစေဘူး။
မေး ။ ။ ကျနော်တို့ အတွေ့အကြုံအရ ဆန္ဒပြမယ်ဆိုရင် ရဲတပ်ဖွဲ့က ပထမ လူစုခွဲဖို့ သတိပေးမယ်။ ဒုတိယ တားမြစ်ထားတဲ့ အရံ အတားကို မကျော်ရဘူး၊ တတိယ အဆင့်က မီးသတ်ပိုက်နဲ့ပက်မယ်၊ အဲဒါမှ မရရင် မျက်ရည်ယိုဗုံး ဖောက်မယ်၊ နောက်ဆုံး နံပါတ် တုတ်နဲ့ ရိုက်မယ်၊ ဖမ်းမယ်ပေါ့။ ဒါကလည်း ဆန္ဒပြလူထုက ထကြွပြီး ချိုးဖောက်ရန်မူမှ ဖြစ်တာ၊ ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်း ထိုင်နေရင် ရဲက ကျန်းမာရေးနဲ့ လုံခြုံရေးတောင် တာဝန်ယူရသေးတယ်။
ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ကျနော်တို့ အဲဒီလိုပဲ ကြုံဖူးတယ်။ အခုဖြစ်တာက သံဃာတော်တွေ ကိုယ့်သပိတ်စခန်းထဲ ထိုင်ပြီး မေတ္တာပို့နေတာကို လှမ်းပစ်တာ ဆိုတော့၊ တပ်မတော် အရာရှိဟောင်း တယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အခုဖြစ်နေတဲ့ဟာက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့လုံးဝမှ မကိုက်ညီဘူးလေ။ နိုင်ငံတကာ စံနှုန်းက စစ်မြေပြင်မှာတောင်၊ အခုလို မီးလောင်ကြွမ်း ဒဏ်ရာရစေမှုကို အကန့်အသတ်နဲ့ပဲ သုံးရတယ်။ အခု မြန်မာပြည်မှာ လုပ်နေတဲ့ဟာတွေက မျက်ကန်း တစ္ဆေမကြောက်၊ ထင်သလို လုပ်နေသလိုပဲ။ ဒီမိုကရေစီ နိုင်ငံတိုင်းလည်း ဆန္ဒပြသူတွေကို အရေးယူတာတွေ ရှိတာပဲ။ ကိုယ့်လက်ဆ ကိုယ်သိဖို့တော့ လိုတာပေါ့။ ဒီမိုကရေစီ စိတ်၊ ပြုပြင် ပြောင်းလဲချင်စိတ်တော့ ရှိရမှာပေါ့။ ။