ရှမ်းပြည် တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုး ထားသည်မှာ တနှစ် နီးပါးရှိသော်လည်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားနေသေးသည်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းမောဝ်သည် ရန်ကုန်မြို့တွင် ကျင်းပသည့် ရှမ်း တိုင်းရင်းသား များ၏ ငြိမ်းချမ်းရေး ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို လာရောက်ဆွေးနွေးစဉ်က ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်နှင့် နန်းသီရိလွင် တို့က သွားရောက် အင်တာဗျူးထားခြင်း ဖြစ်သည်။ ဦးစိုင်းမောဝ် သည် တောင်ကြီး ဇာတိဖြစ်ပြီး ရှမ်းပြည် တပ် မတော် တောင်ပိုင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီကို ၁၉၉၇ ခုနစ်တွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
မေး ။ ။ RCSS/SSA အနေနဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ကို လာရောက် တက်ရတဲ့ ရည်ရွယ် ချက်ကို ပြောပြပါ။
ဖြေ ။ ။ ဒီဆွေးနွေးပွဲက ကျနော်တို့ ရှမ်းပြည် အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်မှု ပထမဆုံးခြေလှမ်းလို့လည်း မြင်တယ်။ ပြီး တော့ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တယ် ဆိုတာ တဘက်တည်း တည်ဆောက်လို့ မရဘူး။ ဒါကြောင့် အဘက်ဘက် က
ပါဝင် တည်ဆောက်မှ ရရှိမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်အစိုးရ တဘက်က ငြိမ်းချမ်းရေး တည်ဆောက် မရ သလို။ လက်နက်ကိုင် အဖွဲ့အစည်းတခုတည်းလည်း မရဘူး။ နိုင်ငံရေး ပါတီတွေ၊ လူထုနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ခွင့်ပြုပြီးတော့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး တော့မှ ငြိမ်ချမ်းရေးကို တည်ဆောက်လို့ရရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဒီမိုကရေစီအသွင်ဖော် ဆောင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်လို့ ရမယ်လို့ ကျနော်မြင်ပါတယ်။
မေး ။ ။ RCSS/SSA နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် တိုက်ပွဲတွေ ဖြစ်တဲ့အပေါ်မှာရော ဘာပြောချင် ပါသလဲ။
ဖြေ ။ ။ ကျနော့်အနေနဲ့ ကတော့၊ ဒီလိုမျိုး ကျနော်တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်း အကြီမ် ၅၀ ကျော် တိုက်ပွဲ တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါဟာ ကျနော်တို့ ယုံကြည်မှုကို တည်ဆောက်ဖို့ အပိုင်းမှာ အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီလိုတော့ ကျနော်မြင်တယ်။ ဒါကြောင့်ဒီဟာတွေဖြေလျှော့သွားအောင် ဆိုပြီးတော့လည်း ကျနော်အမျိုးမျိုး ကြိုးစားနေပါတယ်။ တဘက် တလမ်း ကလည်း ဒီလိုမျိုးထပ်မဖြစ်အောင် ဒီနိုင်ငံတော်အစိုးရက တာဝန်ရှိသူတွေကိုလည်း ထပ်မံဆွေးနွေး ထားပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ဘာအခက်အခဲတွေ ရှိပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲတော့ ရှိတာပေါ့။ ကျနော်တို့ ပြည်ထောင်စု လူမျိုးတွေ၊ ကိုးကွယ် တဲ့ ဘာသာ၊ ဘာသာစကားတွေ မတူညီတာတွေရှိတယ်။ ဒါကြောင့်မလို့ ကျနော်တို့ ကိုယ်တိုင် ရှမ်းပြည် လူထု နားလည်အောင် ရှင်းပြ ဖို့ လိုပါတယ်။ အကယ်၍ တဘက်တည်း က ငြိမ်းချမ်းရေးကို ဖော်ဆောင်နေမယ်ဆိုရင်တော့ အခက်အခဲ ပိုမို တွေ့ကြုံနိုင် ပါတယ်။ လက်တွဲပူးပေါင်း လုပ်မှ ရနိုင်မှာပါ။
မေး ။ ။ အပစ်ရပ်ပြီးတဲ့ နောက် SSA တပ်တွေ နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ ဘယ်လို ညှိနှိုင်းထားပါသလဲ။
ဖြေ ။ ။ အရင်က ဆွေးနွေးထားတာကတော့ ကျနော်တို့တပ်တွေ ရောက်ရှိတဲ့ နေရာမှာဆက်လက်နေထိုင်ပြီး ဒီလိုပဲ လှုပ်ရှားသွားမှာပါ။ များသောအားဖြင့်တော့ တောရွာနဲ့ ကျေးလက်အပိုင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေပြန် လုပ်မယ်။ ပြီးတော့မြို့ပြမှာ လှုပ်ရှားမယ်
ဆိုပြီး ဆွေးနွေးထားပါတယ်။ နယ်မြေသတ်မှတ်ဖို့ကတော့ အခုချိန်အထိ ကျနော်တို့ အတိအကျ မရှိသေးပါဘူး။ ဖွံ့ဖြိုးရေးလုပ်ငန်း အတွက် ဗဟိုဌာနချုပ်ရဲ့ အုပ်ချုပ်မှုအတွက် ဆိုပြီးတော့ မိုင်းပန် မြို့နယ်မှာတော့ လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒါတွေလည်း အဆင်ပြေအောင် မလုပ်ဆောင်နိုင်သေးပါဘူး။ ဒါကြောင့်မလို့ ကျနော်တို့က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ဝန်ကြီး ဦးအောင်မင်းနဲ့ ထပ်မံဆွေးနွေးဖို့ ရှိပါသေးတယ်။
မေး ။ ။ SSA တပ်သားတွေရဲ့ စားဝတ်နေရေး၊ လူမှုရေး ကိစ္စရပ်တွေကိုရော ဘယ်လို စီစဉ်ထားပါသလဲ။
ဖြေ ။ ။ အခုအခြေအနေမှာကျတော့ အခက်အခဲရှိနေသေးတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်တာ တနှစ်ကာလ နီးနီးရှိခဲ့ပြီပေါ့။
ဒါပေမယ့် ကျနော်တို့ ဒီလုပ်ငန်းပိုင်းကျတော့ အခက်အခဲ ကြုံနေရသေးတယ်။ ဘယ်လိုလဲဆိုတော့ မိသားစုတပ်ဖွဲ့ဝင်တွေ အတွက်
စိုက်ပျိုးရေး၊ မွေးမြူရေးအတွက်ရော ကျနော်တို့ Plan(အစီအစဉ်) ရှိထားပေမယ့် လက်တွေ့မှာ ကျနော်တို့ လုပ်ဖို့ ဆိုတဲ့နေရာမှာ နည်းလမ်းပိုင်းဆိုင်ရာနဲ့ လုပ်နေရတဲ့အခါတော့ အခက်အခဲနဲ့ကြုံတွေ့ရတာတော့ ရှိတာပေါ့။ တချို့ပိုင်းကလည်း ဒီတိုက်ပွဲတွေ ဖြစ် နေတဲ့အတွက် အဆင်မပြေတာလည်း ရှိပါတယ်။ ယုံကြည်စိတ်ချမှု ဆိုတာလည်း တပ်သား မိသားစုဝင်တွေနဲ့ ထိတ်လန့်မှုကလည်း ရှိနေသေးတယ်။ အဲ့ဒီ အခက်အခဲတွေကလည်း ရှိသေးတယ်လေ။
မေး ။ ။ အဲ့ဒီ အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင် ဘယ်လိုလုပ်မှာလဲ။ အစိုးရအပိုင်းနဲ့ရော ဘယ်လို ညှိနှိုင်း ထားပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ အခုလက်ရှိမှာတော့ ကျနော်တို့ ထပ်မံဆွေးနွေးတဲ့အခါမှာလည်း ကျနော်တို့ ဒီဟာတွေ ထည့်ပြောသွားမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တပ်ဖွဲ့ဝင်နဲ့ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေးက အရေးကြီးပါတယ်။ ဒါမှငြိမ်းချမ်းရေး တည် ဆောက်တဲ့ အခါမှာ ပိုမိုလွယ်ကူလာမယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ KIA(ကချင်ပြည် လွတ်လပ်ရေး တပ်မတော်) နဲ့ ကလည်း အခုချိန်အထိ ၂ ဘက်စလုံးက တင်းမာနေဆဲ ဖြစ်နေတယ်။
အဲဒါကိုရော ဘယ်လို ထင်လဲ။
ဖြေ ။ ။ အဲ့ဒါတော့ ကျနော် ကချင် KIAအဖွဲ့ ကိုယ်စားတော့ ပြောလို့မရဘူး။ ဒါပေမယ့် ဒီ အစိုးရဘက်နဲ့ ဒီ KIA ဘက် သူတို့အမြင် သဘောထားခြင်း နည်းနည်းကွဲလွဲ နေကြမယ်လို့ ကျနော် ထင်ပါတယ်။ ဒီဟာကို ပိုပြီးတော့ နှစ်ဘက်လုံး အပြန်အလှန်
သဘောထားကြီးစွာနဲ့ တချို့အပိုင်းတွေလျှော့ချပြီး ဆွေးနွေးရင်တော့ အဖြေကောင်းကောင်း ရနိုင်တယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ RCSS/SSA ရဲ့ ဆက်ဆံရေးရုံး မြန်မာပြည်မှာ လာဖွင့်ထားတယ်လို့ ကြားပါတယ်။ ဘယ်နေရာတွေမှာလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ မြန်မာပြည်မှာတော့ ၅ မြို့နယ်တော့ ဆက်ဆံရေးရုံး ဖွင့်ထားပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး နောက်ပိုင်းမှာ လာရောက်ဖွင့်ထားပါတယ်။ နေရာကတော့ တောင်ကြီး၊ ခိုလန်၊ မိုင်းဆတ်၊ ကျိုင်းတုံနဲ့ တာချီလိတ် တွေမှာ ဖွင့်ထားပါတယ်။ ရုံးခန်းတွေ ဖွင့်တာကတော့ တပ်မတော်နဲ့ အစိုးရတပ်တွေကြား ဆက်သွယ်လို့
ရအောင်။ ဒေသထဲမှာ ကျနော်တို့ အချင်းချင်း ပြဿနာ မဖြစ်အောင် တကယ်၍ လှုပ်ရှားသွားလာမှု ဒီနယ်မြေ ဖြတ်သန်းမယ်ဆိုရင် အပြန်အလှန် အကြောင်းကြားပြီးတော့ ဖြတ်သန်းသွားနိုင်တယ်။ တဘက်ကလည်း ဒီပြည်သူတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ နားလည်အောင် ရှင်းပြပေးဖို့ ပြည်သူ့အခက်အခဲတွေကိုလည်း စစ်တမ်းကောက်ယူပြီး ဖြေရှင်းပေးဖို့ပါ။ ဆက်ဆံရေးရုံး မရှိတဲ့ နေ ရာမှာဆိုရင် တဘက်နဲ့တဘက် ယုံကြည်မှုမရဘဲ ပြည်သူတွေ ငြိမ်းခြောက်မှုတွေကို ခံနေရဆဲပါ။
မေး ။ ။ ရှမ်းပြည်နယ်ရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု တိုးပွားလာတာကို တွေ့ရတယ်။ အဲ့ဒါကို ပပျောက်သွားအောင် ဘာတွေ လုပ် ဆောင်နေလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံတော် ပံ့ပိုးမှုအနေနဲ့ တိုက်ဖျက်စေလိုတဲ့ စိတ်ရင်းစေတနာရှိ ပါတယ်။ ဒါကြောင့် မလို့ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၇ ၊၂၈ ရက် တုန်းက ကျနော်တို့ တာချီလိတ်မှာ Round table meeting ဆိုပြီးတော့ UNODC ၊ ဗဟို မူးယစ် ရယ်၊ ကျနော်တို့ အဖွဲ့အစည်းရယ် သုံးဖွဲ့ပေါင်းပြီး ကျနော်တို့ မူးယစ်ဆေးဝါးနဲ့ ဘိန်းအစားထိုး စိုက်ပျိုးရေး ကိစ္စ ဆွေးနွေးဖြစ် ပါတယ်။
မေး ။ ။ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး RCSS/SSA နဲ့ အစိုးရကြား သဘောထား ကွဲလွဲနေတဲ့ အပေါ်မှာရော ဘယ်လိုပြောချင်လဲ။
ဖြေ ။ ။ တာချီလိတ်မှာ ဆွေးနွေးတုန်းက အချက် ၉ ချက်ကို ကျနော်တို့ အမြင်သဘောအတိုင်း မတူညီတာတော့ ရှိပါတယ်။ ကျနော်တို့ သဘောထား ကွဲလွဲတယ်ဆိုတဲ့ နေရာမှာ သိပ်ပြီးတော့လည်းမကွဲလွဲပါဘူး။ စီမံကိန်းလုပ်ဖို့ မြို့နယ်နှစ်ခု ရွေးထားပါတယ်။ အဲ့ဒါကတော့ မိုင်းပန်မြို့နယ်နဲ့ မိုင်းလိုင်း မြို့နယ်မှာပါ။ အဲ့ဒီ မြို့နယ်မှာ ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်းတွေရော၊ မူးယစ်ဆေး ဝါး ဖြတ်စခန်းတွေရောလုပ်ဖို့ နှစ်ဘက်အချိုးကျတပ်ဖွဲ့ဝင် တွေကပဲ စီမံကိန်း လုံခြုံရေးကို တောင်းဆိုထားတယ်။
မေး ။ ။ မူးယစ်ဆေးဝါးတွေ ပပျောက်သွားအောင် ဘယ်လောက်အထိ အချိန်ယူသွားမှာလဲ။
ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ရည်မှန်းချက် ချထားတာကတော့ ၆ နှစ်ပေါ့။ ဘာလို့လဲဆိုတော့တ ကယ်လက်တွေ့ကျကျ
အဘက်ဘက် က ဝိုင်းဝန်းပူးပေါင်းပြီး လုပ်မယ်ဆိုရင် မျှော်မှန်းချက် ၆ နှစ် ဆိုရင် တော်တော်လေးကို လုပ်ဆောင် နိုင်မယ် လို့ ထင် ပါတယ်။
မေး ။ ။ တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုရော ဘာများ ပြောချင်တာရှိလဲ။
ဖြေ ။ ။ တခြား လက်နက်ကိုင်တွေအားလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့အပေါ်မှာ တပ်မတော်အနေနဲ့ပဲ ဖြစ်ဖြစ်
ကျနော်တို့ တိုင်းရင်းသားတွေ လက်နက်ကိုင်တွေပဲဖြစ်ဖြစ် အပြန်အလှန်အလေးထားပြီးတော့ ထိန်းသိမ်းစေလိုတယ်။ ပြီးတော့
ငြိမ်းချမ်းရေးကို ထာဝရတည်တံ့ ခိုင်မြဲအောင် အားလုံး ပူးပေါင်းပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။ ။