ယခင်က မြန်မာနိုင်ငံ၌ လေကြောင်းခရီး သွားလာမှု နည်းပါးသော်လည်း ယခုအခါ တိုးတက်လာသည့် ခရီးသွားလုပ်ငန်းနှင့် အတူ လေကြောင်းခရီး အသုံးပြုမှုလည်း များပြားလာပြီ ဖြစ်သည်။ မကြာသေးမီက အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်တစီး မတော်တဆ ပျက်ကျမှုကြောင့် ခရီးသည်တဦး သေဆုံးခဲ့ရာ အနာဂတ် မြန်မာ့လေကြောင်း ခရီးသွားလာမှုတွင် ခရီးသည်များ လုံခြုံဘေးအန္တရာယ်ကင်းရေးသည် အရေးပါသည့် အချက်တချက် ဖြစ်လာသည်။
မြို့ပြလေကြောင်း ဦးစီးဌာန (DCA) မှ ဒု ညွန်ကြားရေးမှူးချုပ်လည်းဖြစ် အဲပုဂံ လေယာဉ်မတော်တဆ ဖြစ်စဉ်၏ စုံစမ်း စစ်ဆေးရေးခုံရုံး ဥက္ကဌလည်းဖြစ်သူ ဦးဝင်းဆွေထွန်းကို မြန်မာ့ လေကြောင်းခရီး သွားလာရေးနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အဲပုဂံ လေယာဉ်ပျက်မှုနဲ့ ပတ်သက်ပြီး Black Box ခေါ် Flight Data Recorder ဆိုတဲ့ ကိရိယာကို စစ်ဆေးတဲ့ အခြေအနေလေး ပြောပါဦး။
ဖြေ။ ။ မြန်မာပြည်မှာ လေကြောင်းနဲ့ ပတ်သက်လို့ ထိတွေ့မှု နည်းပါးကြတယ်။ ဥပမာ Black Box ဆိုရင် သာမန် နားလည်တာက ရေထဲကျကျ၊ မီးပဲ လောင်လောင် အကောင်းပကတိ ရှိတယ်လို့ ယူဆကြတယ်။ တကယ်တော့ Black Box က နာရီဝက်ပဲ မီးလောင်ခံနိုင်တယ်။ အခုဟာက မီးဖုတ်ထားသလို နှစ်နာရီစာလောက် လောင်နေတော့ စစ်ဖို့ ခွဲလိုက်ကတည်းက မီးကျွမ်းနေသလို ဖြစ်နေပြီ။ ဒါကြောင့် သြစတြေးလျတင်မက အမေရိကန်ကရော၊ နယ်သာလန်က တတ်သိနားလည်တဲ့သူတွေပါ ဝိုင်းဝန်းလုပ်ရတယ်။ အဲဒီအတွက် စင်ကာပူမှာ စစ်ဆေးလို့ မရတာကြောင့် သြစတြေးလျကို ပို့ရတာပါ။
မေး။ ။ မြန်မာ့လေကြောင်းပျံသန်းမှုမှာ Department of Civil Aviation (DCA) မြို့ပြလေကြောင်း ဦးစီးဌာနက အရေးကြီးတယ်လို့ သိရပါတယ်၊ ဘယ်လိုတာဝန်မျိုးတွေ ယူထားပါလဲ။
ဖြေ။ ။ DCAက အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက နိုင်ငံတကာ လေကြောင်း စည်းကမ်းနဲ့အညီ ဖွဲ့ထားတဲ့ အဖွဲ့ပါ၊ ခရီးသည်တင်၊ ကုန်တင်၊ စင်းလုံးငှားလေယာဉ်တွေ ပျံသန်းမှုကို စနစ်တကျ ထိန်းသိမ်းစစ်ဆေးရတယ်။ လေကြောင်းကုမ္ပဏီတွေ ဝယ်လာတဲ့ လေယာဉ်တွေ ပျံသန်းဖို့ သင့်မသင့် စစ်ဆေး မှတ်ပုံတင်ပေးရတယ်။ လေယာဉ်မောင်း (ပိုင်းလော့) နဲ့ လေယာဉ်အမှုထမ်းတွေကို စိစစ်ပြီး လိုင်စင်ထုတ်ပေးရတယ်။ နိုင်ငံတကာ လေယာဉ်တွေ မြန်မာလေဆိပ်တွေမှာ လာရောက်ဆိုက်ကပ်တဲ့အခါ သို့မဟုတ် နိုင်ငံလေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းတဲ့အခါ လေကြောင်း လမ်းညွှန်ပေးရတယ်။ နောက် ပြည်တွင်းလေဆိပ်တွေကို ထိန်းသိမ်းရတဲ့အပြင် လေကြောင်း လမ်းညွန်မှု၊ လေယာဉ်ကွင်း တည်ဆောက်မှုတွေကို ကြီးကြပ်ရတဲ့ အဖွဲ့အစည်းပါ။
အရပ်ဖက် လေယာဉ်တွေကိုပဲ ထိန်းကျောင်းပေးရတာပါ။ စစ်တပ်၊ ရဲ စတဲ့ နိုင်ငံပိုင် အဖွဲ့အစည်းတွေရဲ့ လေယာဉ်တွေနဲ့ မသက်ဆိုင်ပါဘူး။
မေး။ ။ လေယာဉ်တွေကို ပျံသန်းဖို့ သင့်မသင့် စစ်ပေးရတယ်ဆိုတော့ မြန်မာနိုင်ငံမှာ လေယာဉ် မတော်တဆမှု ဖြစ်ပြီဆိုရင် သက်တမ်းကုန်နေတဲ့ လေယာဉ်ပျံတွေ ဝယ်လာတာ၊ သုံးနေတာပဲလို့ ဝေဖန်ကြတဲ့ အဲဒီအပေါ်မှာရော ဘယ်လိုတုံပြန်ချင်ပါသလဲ။
ဖြေ။ ။ ဒါတွေက လူပြိန်းပြော ပြောတာပါ။ အသစ်နဲ့ အဟောင်း ဘယ်ဟာကောင်းလဲဆို အသစ်ကတော့ ကောင်းတာပေါ့။ ဒါပေမယ့် နိုင်ငံတနိုင်ငံက လေယာဉ်ပဲဝယ်ဝယ်၊ ငှားငှား ပျံသန်းခွင့် မှတ်ပုံ စတင်ကတည်း နိုင်ငံတကာ စည်းကမ်းနဲ့အညီ စက်ပိုင်းဆိုင်ရာ ကောင်းမွန်ကြောင်း လေကြောင်းဆိုင်ရာ ဘေးကင်းမှု လက်မှတ်ပါပြီးသားပါ။ ကျနော်တို့ မြို့ပြလေကြောင်း ဌာန (DCA) ရဲ့ အင်ဂျင်နီယာဌာနကလည်း သွားရောက် စစ်ဆေးရပါတယ်။ ပြည်စုံမှု ရှိမရှိ နိုင်ငံအလိုက် စစ်ဆေးပြီးမှ အသုံးပြုခွင့် ပေးတာပါ။ လိုအပ်တဲ့ စစ်ဆေးမှု၊ အချိန်မှန် ပြုပြင်မှုတွေ လုပ်ထားရင် သုံးနိုင်တာပါပဲ။
မေး။ ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာပြီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွေနဲ့ ပြည်တွင်း အဓိကကျတဲ့ လေဆိပ်တွေမှာ လေယာဉ်တွေများလာပြီ။ လေကြောင်းလိုင်းတွေလည်း တိုးလာပြီ ဆိုတော့ မြန်မာနိုင်ငံရဲ့ လေယာဉ်ကွင်းတွေ၊ လေကြောင်း ထိန်းသိမ်းရေးရဲ့ အားနည်းချက်တွေရှိရင်ပြောပါဦး။
ဖြေ။ ။ မြန်မာပြည်မှာ လေယာဉ်ကွင်း ၆၉ ကွင်းမှာ ၃၃ ကွင်း သုံးနေတယ်။ လေယာဉ်ကွင်းတွေက အစိုးရပိုင် ဖြစ်တဲ့အတွက် ထိန်းသိမ်းဖို့ အစိုးရက ချပေးတဲ့ ဘတ်ဂျက်နဲ့ပဲ သွားရတော့ လေကြောင်းခရီးသွားက ရုတ်ခြည်းတိုးလာချိန်မှာ လေဆိပ်တွေရဲ့ ခရီးသည် လက်ခံနိုင်မှု၊ လုံလောက်တဲ့ လေကြောင်းလမ်းညွန် ကိရိယာတပ်ဆင်ဖို့၊ လူအင်အား တိုးချဲ့နိုင်ဖို့အတွက် အခက်အခဲတွေ တွေ့လာရတယ်။ ကွင်းပြင်ဆင်ရေးတို့ အရေးပေါ် မီးသတ်ကားတို့၊ လုံခြုံရေးအတွက် ရှာဖွေရေး ကိရိယာတို့က အမြဲမပြတ် လုပ်နေရတာ။ တချို့လေယာဉ်ကွင်းတွေမှာ လျှပ်စစ်မီးကအစ အခက်အခဲရှိတယ်။ ဒါကြောင့် ခရီးသွား များလာရင် အချိန်ကိုက် အချိန်မီ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့လိုတယ်။
ဒါကြောင့်လည်း အစိုးရဘတ်ဂျက်အပေါ် တည်မှီနေတာ မဟုတ်ဘဲ ရန်ကုန်၊ မန္တလေး လေဆိပ်တွေနဲ့ အသစ်ဆောက်မယ့် ဟံသာဝတီကွင်းကို ပုဂ္ဂလိက လုပ်ကိုင်ရေး နှစ်ရှည်အငှားချ ပေးဖို့စီစဉ်နေတယ်။ ချဲ့ထွင်ဖို့လိုတာ တပ်ဆင်ဖို့ လိုတာတွေကို သူတို့လုပ်ရမယ်။ အခုဆို တင်ဒါစနစ်နဲ့ ခေါ်တာ နိုင်ငံခြားကုမ္ပဏီ ၃၀ ကျော်လာလျှောက်တယ်။ လေကြောင်းလမ်းညွန် ဝန်ဆောင်မှု (Air Navigation on Service) အစိုးရကပဲ ဆက်ထိန်းထားမယ်။
မေး။ ။အခုဆိုရင် မြန်မာပြည်မှာ လေယာဉ်ခရီးသွား များပြားလာပြီး နိုင်ငံခြားလေကြောင်း ကုမ္ပဏီတွေလည်း တစတစ များလာပြီဆိုတော့ စီးနင်းလိုက်ပါသူတွေ ယုံကြည်မှုရရှိအောင် DCA အနေနဲ့ ဘာများပြောချင်ပါသေးလဲ။
ဖြေ။ ။ ရှင်းရှင်းပြောရရင် လူဆိုတာ မြေကြီးပေါ်မှာနေဖို့ မွေးလာတာ သဘာဝကို ဆန့်ကျင်ပြီး စွန့်စွန့်စားစား လေထဲမှာ နေနိုင်အောင်လုပ်တဲ့ အလုပ်လေ။ ကားစီး၊ သင်္ဘောစီးလည်း အန္တရာယ်ရှိတာပဲလေ။ ဒါပေမယ့် လေကြောင်းမှာက မတော်တဆမှုဖြစ်ရင် ဘာကြောင့်ဖြစ်လဲ အဖြေရှာ၊ နောက်ထပ် မဖြစ်အောင် ကာကွယ်ဆိုတဲ့ အပိုင်းရှိပါတယ်။ ဒါကြောင့် ကောင်းသည်ထက် ကောင်းအောင် ပိုပိုပြီး စိတ်ချရအောင် လုပ်ဆောင်နေပါတယ်။ စီးတဲ့သူ နည်းသွားပါစေဦး၊ ကျနော်တို့ ဌာနအတွက်တော့ လုံခြုံဘေးကင်းဖို့အတွက် ဆောင်ရွက်နေရမှာပါ။