နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် Miss Myanmar International ပြိုင်ပွဲကို Myanmar Tourism Federation ရဲ့လက်အောက်မှာရှိတဲ့ Myanmar Tourism Service က ကြီးမှူး ကျင်းပခဲ့တာ အခုဆိုရင် ဒုတိယအကြိမ်အဖြစ် မန္တလေးသူ ဂုဏ်ရည်အေးကျော်က ရရှိသွားခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကစလို့ မော်ဒယ်လ်လောကထဲကို ရောက်လာခဲ့တဲ့ သူဟာ ပြိုင်ပွဲပေါင်း ၇ ပွဲလောက် ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ဆန်ခါတင် ၁၀ ယောက် စာရင်းထဲအထိ မဝင်ခဲ့ဘူးသလို Miss La Pyae Won (မယ်လပြည့်ဝန်း) 2010 မှာ 2nd Runner up ရဖူးတယ်၊ နောက် မန္တလေးမှာ ကျင်းပခဲ့တဲ့ Miss Loykrathong 2012 မှာတော့ 2nd Runner up ရခဲ့ဖူးပါသေးတယ်။ ပရဟိတ လူမှု အကျိုးပြု အလုပ်တွေလည်း လုပ်ကိုင်နေတဲ့ မယ်မြန်မာ ဂုဏ်ရည်အေးကျော်ကို သူယှဉ်ပြိုင်ခဲ့ရတဲ့ Miss Myanmar International 2013 ပြိုင်ပွဲ အတွေ့အကြုံ၊ သူ လက်ရှိလုပ်ကိုင်နေတဲ့ ပရဟိတအလုပ်တွေနဲ့ နိုင်ငံတကာ ပြိုင်ပွဲအတွက် ဘယ်လို ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်သွားမလဲ ဆိုတာကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ Miss Myanmar International ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်ပုံ ပြောပြပေးပါဦး။
ဖြေ။ ။ တကယ်တော့ ကျမက Miss myanmar ကို မနှစ်ကတည်းက ဖောင်တင်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် မန္တလေးက ရန်ကုန်ကို လူရွေးပွဲမှာ မလာဖြစ်လိုက်ဘူး။ အဲဒီတော့ မပြိုင်ဖြစ်တော့ဘူး ဖြစ်သွားတာပါ။ အဲဒါလည်း ကျမအတွက် အခွင့်အရေး ပိုကောင်း သွားတာပေါ့နော်။ မနှစ်က ပြိုင်ပွဲအတွေ့အကြုံကို အခွေကြည့်ပြီးတော့ Talent Show အတွက်ကို ဘယ်လို ကောင်းအောင် လုပ်နိုင်မယ် ဆိုတာကို သိသွားတယ်။ နောက် ဘာသာစကားဟာ တကယ်အရေးကြီးပါလား ဆိုတာ သိသွားတယ်။ ကျမ ဘာသာစကားနဲ့ ပတ်သက်လို့ ပြင်ဆင်ချိန် ပြန်ရသွားတယ်။ ပြီးတော့ စွမ်းရည်ပြိုင်ပွဲ အတွက်လည်း ကျမ ငယ်ငယ်က စောင်းကို အခြေခံ သင်ဖူးပါတယ်။ အဲဒီတော့ အခြေခံ နုတ်တွေ နားလည်ထားတော့ အခုဒီပွဲမှာ မြန်မာ့ရိုးရာ စောင်းဆိုတော့ ကောင်းနိုင်တယ်ဆိုပြီး စဉ်းစားမိပြီးတော့ သုံးလေးလလောက် အလိုမှာ စောင်းတီး ပြန်ကျင့်ဖြစ်ခဲ့ပါတယ်။ ဘာသာစကားကတော့ B.A (English) နဲ့ ကျောင်းပြီးထားတာ ဆိုတော့ Informal လောက် ကျမ ပြောနေကျပါ။ ဒါပေမယ့် မေးခွန်းတွေ ဖြေဆို နိုင်အောင်လို့ ကျမ အင်္ဂလိပ်ကို ပြန်ပြီးတော့ လေ့လာခဲ့ပါတယ်။
မေး။ ။ ဒီပြိုင်ပွဲမှာ အလှအပအပြင် မယ်တယောက်ရဲ့ ဘယ်လိုအရည်အချင်းတွေ၊ ဘယ်လို လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ရ ပါသေးလဲ။
ဖြေ။ ။ လူရွေးပွဲက ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မပြိုင်ခင်အထိ ကျမတို့ကို ဆက်တိုက် စခန်း သွင်းထားတာပေါ့။ ဒီ ကြားထဲမှာ ကျမတို့ လှုပ်ရှားမှုတွေအဖြစ် ငွေဆောင်ကို သွားရတာတွေရှိတယ်။ မိဘမဲ့ကလေး ကျောင်းတွေကို သွားပြီးတော့ အားပေးစကားတွေ ပြောရတာတွေ ရှိတယ်။ ကျမတို့တွေကို ကူညီပံ့ပိုးပေးတဲ့ စပွန်ဆာ ကုမ္ပဏီတွေကို သွားပြီး လေ့လာ ရတာတွေရှိတယ်။ နိုင်ငံတော်ပွဲဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတ အကြံပေးတွေ၊ နာမည်ကြီး ပုဂ္ဂိုလ်တွေကအစ ကျမတို့ကို လာပြီးတော့ Training တွေ လာပေးတယ်။ သူတို့ Training တွေမှာ လိုက်မှတ်ရတယ်။ နုတ်တွေ ပြန်ထုတ်ရပါတယ်။ သူတို့ လုပ်ခိုင်းတဲ့ အိမ်စာတွေကလည်း အများကြီးပဲ။ တကယ်ကို ကောင်းတဲ့ ပွဲတခုပါ။ သေသေချာချာ လိုက်လုပ်ခဲ့ရင် ဆုမရ ခဲ့ရင်တောင် ကိုယ်ရည်ကိုယ်သွေး အရမ်းတက်မယ့် ပွဲတခုပါ။ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။
မေး။ ။ ပြိုင်ပွဲနေ့မှာကော ဘာတွေနဲ့ ဘယ်လိုမျိုး အဆင့်ဆင့် ပြိုင်ခဲ့ရပါသလဲ။
ဖြေ။ ။ ပထမဆုံး Round ကတော့ မြန်မာ အကျႌနဲ့ပေါ့နော်။ အဲဒါကို ကျမတို့ ရွေးချယ်ပိုင်ခွင့် မရှိဘူးရှင့်။ ဒီဇိုင်နာတွေကို မဲနှိုက်ပြီး ကိုယ်ကျတဲ့ ဒီဇိုင်နာနဲ့ ကိုယ့်အကျႌကို စပွန်ဆာ ယူရပါတယ်။ ဒုတိယ Round က ကျမတို့ အားကစားဝတ်စုံနဲ့ ပြိုင်ရတယ်။ ပြီးတော့ စွမ်းရည် ပြရတယ်။ နောက်ဆုံးတခုကတော့ ညနေခင်း ဝတ်စုံနဲ့ လျှောက်ပြီးတော့ ကျမတို့ကို မေးခွန်းတွေ ဆက်တိုက် လာပါတယ်။ အယောက် ၂၀ စလုံးကို မေးတယ်။ အဲဒီမှာ ၁၀ ယောက် ဖြတ်ချလိုက်တယ်။ နောက် အဲဒီ ၁၀ ယောက်ကို တခါ ထပ်မေးတယ်၊ ၅ ယောက် ထပ်ဖြတ်ချတယ်။ နောက်ဆုံး အဲဒီ ၅ ယောက်ကို ထပ်မေးတယ်။ အားလုံးအင်္ဂလိပ်လို မေးခွန်းတွေချည်းပဲ ဖြေခဲ့ရတာပါ။
မေး။ ။ အခု Miss Myanmar International ပြိုင်ပွဲဟာ နိုင်ငံကိုယ်စားပြု အနေနဲ့ ထွက်ပေါ်လာမှာဆိုတော့ အရင်က ပြိုင်ခဲ့ရတဲ့ ပြိုင်ပွဲတွေနဲ့ ယှဉ်ရင် တာဝန်ကြီးတယ်လို့ ယူဆမိပါသလား။
ဖြေ။ ။ တာဝန်ကြီးတယ် ဆိုတာထက်ကို တခြားပြိုင်ပွဲတွေနဲ့ တအားကို ကွာပါတယ်။ ဒါဟာ အရည်အချင်းပွဲလည်း ဖြစ်တယ်။ ပြီးတော့ တခြားပြိုင်ပွဲတွေက မပြိုင်ခင် တပတ်အလိုမှာမှ စခေါ်တယ်။ နည်းနည်းပါးပါးပဲ Cat Walk လျှောက်နည်း လေးပဲ သင်ပေးတယ်။ ကျမတို့ကို ခေါ်တယ်ဆိုတာ Cat Walk လျှောက်ဖို့ပဲ ခေါ်တာလေ။ ဒါကျတော့ အဲလိုမဟုတ်ဘူး။ ဒီက Training တွေ အကုန်လုံးက ဘဝအတွက် ပြန်အသုံးချလို့ရမယ့် ဟာတွေ အများကြီးပါတယ်။ ကျမတို့ အောင်မြင်မှုရအောင် ဘယ်လိုသွားမယ်၊ အောင်မြင်မှုနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ အများကြီး သင်ရတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရာတွေလည်း အများကြီးသင်ရတယ်။ အောင်မြင်မှုကို ဘယ်လို ရောက်အောင် သွားမလဲ၊ အောင်မြင်မှုမရရှိခဲ့ရင် ဘယ်လို စိတ်ဓာတ် မကျအောင် လုပ်ရမလဲ။ အများကြီးပါပဲ။ ပြိုင်ပွဲက တကယ်ကို အဘက်ဘက်က ပြည့်စုံအောင် လုပ်ထားတာပါ။ လိုအပ်ချက် လေးတွေတော့ ရှိပါမယ်။ ဒါပေမယ့်လည်း ကျမတို့ ပြိုင်ပွဲဝင်တွေအတွက် ဆုမရခဲ့ရင်တောင် အရမ်းကို အကျိုးရှိတဲ့ပွဲ တခုပါ။
မေး။ ။ ပြိုင်ပွဲဝင်တွေရဲ့ စွမ်းရည်ပြိုင်ပွဲမှာ တူရိယာ ပစ္စည်းတွေ တီးခတ်မှုထဲက အခက်ဆုံးဖြစ်တဲ့ မြန်မာ့စောင်း တီးခတ်မှုကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ စောင်းကတော့ ကျမ အခြေခံလည်း သင်ဖူးထားတာ်။ မနှစ်က ပြသွားတဲ့ Talent တွေကြည့်တော့ တချို့တွေက တော်တော် ထူးထူးခြားခြားနဲ့ လှပကောင်းမွန်တာကို တွေ့ပါတယ်။ ကျမလည်း ကျမရဲ့ Talent ကို အဲဒီလို ထူးထူးခြားခြားလေး ပြနိုင်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ အဲဒါနဲ့ အကတွေကို စဉ်းစားကြည့်တော့လည်း ကမယ့်သူတွေက အရမ်းများမယ် ဆိုတော့ အားလုံးကမယ် ဆိုတော့လည်း တူညီသွားနိုင်မှာတွေ ရှိနိုင်မယ်ပေါ့နော်။ အဲဒါနဲ့ စောင်းကို ပြန်ကျင့်ရင် ကောင်းမလားဆိုပြီး စဉ်းစားမိတယ်။ စောင်းက တော်တော် ခက်ခဲပါတယ်။ သီချင်းကြီး တပုဒ်လုံး တီးနိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲတော့ အခုအချိန်မှာ သင်မယ်ဆိုရင် မီနိုင်မယ် ထင်တယ်ပေါ့နော်။ မရရင်လည်း အကက သင်ရတာ လွယ်တာပဲ၊ အမြန်ဆုံး အက ပြန်ပြောင်းမယ်ပေါ့။ ဒါပေမယ့် သင်ရင်းနဲ့ပဲ စောင်းသံလေးကို ကြားနေရင်း၊ တီးနေရင်းနဲ့ကို အလိုလို ကြည်နူးနေတာပါ။ အဲဒီလို စောင်းတီးရတာ အလိုလို ကြည်နူးနေရင်း ကနေကို ဒါပဲ တီးတော့မယ်ဆိုပြီး စောင်းကိုပဲ ဆက်တိုက် သင်ယူခဲ့တာပါ။
ဒီပြိုင်ပွဲမှာက သီချင်း တပုဒ်လုံးစာ တီးလို့မရဘူး။ ၁ မိနစ်ပဲ ကန့်သတ်ထားတာ ဆိုတော့ သီချင်းတပုဒ်လုံးမှာမှ လက်စွမ်းပြလို့ရမယ့် တပိုဒ်လောက်ကို ပြန်ကျင့်တယ်။ ၁ မိနစ်မှာမှ စက္ကန့်လေးဆယ်စာ “အောင်စေ ပိုင်စေ” သီချင်းကို ချိန်ပြီး ပြန်ဖြတ်လိုက် ပါတယ်။ ဒိုင်တွေဘက်က အချိန်စေ့ပြီဆိုတဲ့ အချိန်မှာပဲ ကျမ ဘက်က တီးလုံးက လုံး၀ အပြတ်ဖြစ်ရမယ်ဆိုပြီး သေသေချာချာ ချိန်ပြီး တောက်လျှောက် ကျင့်ခဲ့တာပါ။ အဲဒီမှာပဲ အားလုံး သဘောကျနိုင်လောက်တဲ့ သီချင်း တပုဒ်ကို ကိုယ့်ဘာသာကိုယ် ဖန်တီးပြီး တီးပြခဲ့တာပါ။
မေး။ ။ ၂၀၁၃ ခုနှစ်အတွက် ဆုရသွားတဲ့ ဂုဏ်ရည်အေးကျော်ကို ပရိတ်သတချို့က သဘောကျသလို၊ တချို့ ပရိသတ် တွေကလည်း အားမရကြဘူး၊ သဘောမကျကြဘူးဆိုတဲ့ ဝေဖန်သံတွေ facebook ပေါ်မှာ အတော်လေး ညံသွားပါသေးတယ်။ အဲဒီအပေါ် ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဝေဖန်သံတွေကို ကျမ ကြိုဆိုပါတယ်ရှင့်။ လူဆိုတာကလေ ကျမတို့ ကိုယ်တိုင်တောင်မှ ကိုယ့်အမြင်နဲ့ကိုယ်က တခါတလေ ထပ်တူ ကျချင်မှ ကျမှာ။ ဒီတခုကို အကောင်းမြင်ပေမယ့် ခနနေ ကိုယ်ကိုယ်တိုင်တောင်မှ မကောင်းမြင်ချင် မြင်သွားတာပါ။ ကိုယ့် တယောက်တည်းမှာတောင်မှ ကိုယ့်စိတ်နဲ့ ကိုယ်က မညီမျှတာတွေ ဖြစ်နေသေးတာ၊ လူတွေအများကြီး ဆိုလို့ရှိရင်တော့ အမြင်တွေက အများကြီး ဖြစ်သွားနိုင်ပါတယ်။ အမြင်တွေအားလုံးကို ကျမနဲ့ ပတ်သက်ပြီး စိတ်ထဲမှာထား ပြောဆို နေကြတာကိုပဲ ကျမက ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ မန္တလေးမြို့ချမ်းမြသုခ နာရေးကူညီမှုအသင်းရဲ့ နာရေးကား မောင်းတဲ့ ပရဟိတ လူမှုရေးအလုပ် လုပ်ဖြစ်ပုံလည်း သိချင်ပါတယ်။ ဒီအလုပ်အပေါ်ကိုရော ဘယ်လိုခံယူထားပါသလဲ။
ဖြေ။ ။ ချမ်းမြသုခမှာ နားရေးကား မောင်းဖြစ်သွားတာက ၂၀၁၀ ဇန်နဝါရီမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျမ ကိုယ်တိုင်ကိုက စိတ်ထဲမှာ ချမ်းမြသုခက မိန်းကလေးတွေကို နားရေးကားမောင်းဖို့ ကားမောင်းတတ်တဲ့ သူတွေကို ခေါ်တယ်ပေါ့နော်။ ကိုယ်လည်း ကားမောင်းတတ် နေတာပဲ၊ ကုသိုလ်ဖြစ်လေး တခုလောက် လုပ်လိုက်ရင် ကောင်းမယ်ပေါ့။ အခုလို ကုသိုလ်ဖြစ် လုပ်ငန်းတွေ ကလည်း ကျမတို့နဲ့ မစိမ်းပါဘူး။ ကျမ အဖေကလည်း ဆရာဝန်ပါ။ သူက ဗြဟ္မစိုရ် အခမဲ့ ဆေးကုခန်းမှာရော၊ ကုတင် ၃၀၀ အခမဲ့ ဆေးကုခန်းမှာနဲ့ သံဃာ ဆေးရုံတွေမှာပါ အခမဲ့ ပုံမှန်ထိုင် ပေးနေတာပါ။ ညနေပိုင်းမှာ ကိုယ်ပိုင် ဆေးခန်းမှာ ထိုင်တာပါ။ အဲဒီတော့ အဖေက အဲဒီလို ရှေ့ကနေ ဦးဆောင်လမ်းပြ လုပ်ထားတာတွေ ရှိနေတော့ ကျမကိုယ်တိုင်လည်း အဲဒီလို လုပ်ချင် စိတ်က သူ့ဘာသာသူ ဖြစ်လာတာပါ။ အထူးသဖြင့် မန္တလေးမှာက မိန်းကလေး ကားမောင်းတတ်တဲ့ ယာဉ်မောင်းက နည်းသေး တယ်လေ။ ဒီအပေါ်မှာ ဘယ်လိုခံယူထားလဲ ဆိုတော့ ကြည်နူးပါတယ်။ ဘဝတွေ အမျိုးမျိုးကို ကျမကိုယ်တိုင် ခံစား သိရှိ လာပါတယ်။ ပြည်သူတွေ ဒီအသင်းကို အသုံးပြုတာက တချို့တွေလည်း ပိုက်ဆံတတ်နိုင်လို့ ကိုယ်တိုင် အလှူငွေလှူပြီး အသုံးပြု တာတွေ ရှိသလို၊ နာရေးကြေး လေးတောင် မတတ်နိုင်လို့ အသင်းရဲ့ အကူအညီကို ယူရတဲ့ မိသားစုလည်း အများကြီးပါ။ မန္တလေးမြို့ရဲ့ ဟိုး ချောင်ကြို ချောင်ကြား နေရာတွေလည်း ရောက်ဖြစ်တယ်။ ပြီးတော့ သင်္ဂြိုဟ်တာတောင်မှ ပုံစံအမျိုးမျိုး ရှိတယ်၊ တချို့ကျတော့ မြစ်ထဲမျှောလိုက်တာ၊ ရိုးရာတွေ အမျိုးမျိုးရှိတာပေါ့နော်၊ ဘဝတွေ အမျိုးမျိုးကို ပိုပြီး သိလာရပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အရင်ကထက်စာရင် တနေ့ထက် တနေ့ များပြားလာတဲ့ လူမှုကူညီရေး အသင်းအဖွဲ့၊ အဖွဲ့အစည်းတွေ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကောင်းပါတယ်ရှင်။ ကျမတို့ မြန်မာတွေရဲ့ စိတ်ဓာတ်ကိုက အားနာတတ်တယ်၊ သူများကိုဆို အကူအညီပေး ချင်တယ်။ မထင်ရှားရင် မထင်ရှားမယ်၊ လူတိုင်းရဲ့ မသိစိတ်ထဲမှာ ရှိနေကြမှာပါ။ အခုလို လုပ်ပိုင်ခွင့်တွေပိုပြီး ရလာတဲ့ အချိန်မှာ စိတ်တွေက ပြန်လည်နိုးကြွလာလို့ အခုလို အဖွဲ့တွေ ပိုပြီးပေါ်လာကြတာပါ။ ဒါဟာ လူ့အဖွဲ့အစည်း တခုလုံးအတွက် အရမ်းကို ကောင်းတဲ့ အပြုသဘော ဆောင်တဲ့ လက္ခဏာ တခုပါ။ ဒါကို ကြိုဆိုရမှာပါ။
မေး။ ။ ရှေ့လျှောက် ပရဟိတ အလုပ်တွေကို ဆက်လုပ်သွားဖို့ ရှိပါသေးလား။ ဘယ်လိုမျိုးတွေ လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ပရဟိတကို နားရေးကား မောင်းတာတခုတည်းပဲ အစကတည်းက လုပ်ခဲ့တာ မဟုတ်ပါဘူး။ နောက်ထပ် လုပ်ဖြစ်တာ
တွေ ရှိပါသေးတယ်။ စိမ်းရောင်စို လူမှုကူညီရေးအသင်းနဲ့ Global Warming Environmental Activity အနေနဲ့ သစ်ပင် စိုက်တာတွေလည်း ရှိသလို၊ မန္တလေးကို ကြွပ်ကြွပ်အိတ် ကင်းစင်နယ်မြေလို့ လုပ်လိုက်တော့ မန္တလေး တောင်ပေါ်နဲ့ ဦးပိန် တံတားပေါ်မှာ ကျမတို့ ပလပ်စတစ် ကင်းစင်ရေးအတွက် အမှိုက်တွေ လိုက်ကောက်ရတာတွေ၊ အဲဒီလို လှုပ်ရှားမှုတွေနဲ့ အတူ ကျမတို့ မိသားစုလိုက် ဦးဂိုအင်ကာ ဆီမှာ တရားထိုင်ပါတယ်။ တရားစခန်းတွေ အမြဲတမ်း ဝင်ဖြစ်တယ်။ အဲဒီလို ဝင်ဖြစ်တဲ့အပြင် အဲဒီ စခန်းတွေမှာလည်း လုပ်အားတွေ ပြန်ပေးဖြစ်တယ်။ ဦးဂိုအင်ကာ ကြီးမှူးကျင်းပတဲ့ နည်းလမ်းစဉ်နဲ့ပဲ ကလေး တရားပတ်တွေ ကျင်းပပါတယ်။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ ကလေးငယ်တွေကို ငါးပါးသီလ ဆိုတာ ဘာလဲ သိလာအောင် အာနာပါန ဝင်လေ ထွက်လေ ဘယ်လိုရှုရတယ်။ နေ့စဉ် ဘဝတွေမှာ ဒါကို ဘယ်လို ပြန်အသုံးချရမယ် ဆိုတာကို ကလေး တရားပတ်တွေမှာ ကျမတို့က ဘေးကနေ ကြီးကြပ်တဲ့သူ အနေနဲ့ လိုက်ပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ လိုက်လံ ပြသရတာတွေ အများကြီး လုပ်ခဲ့ဖူးပါတယ်။ Miss Myanmar အဖြစ် နိုင်ငံရဲ့ Ambassador မဖြစ်ခင်မှာတောင် ကျမရဲ့ လှုပ်ရှားမှု အများကြီးရှိခဲ့တာ အခုလို ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဒီလို လှုပ်ရှားမှုတွေ အများကြီးကို ထပ်ပြီးလုပ်သွားမှာပါ။
မေး။ ။ နိုင်ငံတကာ ပြိုင်ပွဲအနေနဲ့ ဘယ်တော့လောက် သွားပြိုင်ရမှာပါလဲ။ အဲဒီအတွက်ကိုရော ဘယ်လို ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပါပြီလဲ။ ဘယ်သူတွေက လုပ်ပေးမှာပါလဲ။
ဖြေ။ ။ ကျမကို အသင်းက ၁၁ လပိုင်းမှာ သွားပြိုင်ရမယ်လို့ ဖုန်းဆက် ထားပါတယ်။ နိုင်ငံတော့ အတိအကျ မသိရသေးပါဘူး။ သူတို့က ကျမတို့ကို အခုလို မယ်မဖြစ်ခင် စခန်း သွင်းထားကတည်းက စာချုပ်တွေ ချုပ်ပြီးသားပါ။ ရသွားသောမယ် တယောက် သည် လေ့ကျင့်မှုကို မပျက်မကွက် တက်ရောက်ရမည်၊ နိုင်ငံကိုယ်စားပြုရမှာ ဖြစ်တဲ့အတွက် ဒီမယ် ပြန်လာရင် ဆုရခဲ့ခြင်း၊ မရခဲ့ခြင်းပေါ်မှာ ဒီနိုင်ငံရဲ့ Image ကိုက ကွာတယ်လေ။ အဲဒီတော့ သူတို့သည်လည်း ဒီလို ကောင်းသော Image တခုကို လိုချင်မှာပါပဲ။ သူတို့ကတော့ လေ့ကျင့်မှု အပြည့် ပေးသွားမှာပါပဲ။ ကျမလည်း သူတို့ရဲ့ လေ့ကျင့်ပေးမှုကို လိုက်လံကြိုးစားရင်းနဲ့ နိုင်ငံ ဂုဏ်ဆောင် တယောက်ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဒီလို လေ့ကျင့်မှုတွေကို Miss Myanmar International ပြိုင်ပွဲ ကြီးမှူး ကျင်းပပေးခဲ့ဲတဲ့ Myanmar Tourism Federation နဲ့ Myanmar Tourism Service အဲဒီ နှစ်ခုက ပူးပေါင်းပြီးတော့ ကျမကို လေ့ကျင့်ပေးမှာပါ။ ဒီအဖွဲ့အစည်း နှစ်ခုအပြင် ဒေါ်တင်မိုးလွင်ရဲ့ လေ့ကျင့်ပေး မှုတွေလည်း ပါမှာပါ။
မေး။ ။ အရင်နှစ်ကလို ပရိသတ်က ပေးတဲ့ဆုနဲ့တင် မဟုတ်ဘဲ မြန်မာ ကိုယ်စားပြု မယ်တယောက်အနေနဲ့ နိုင်ငံတကာမှာ တန်းတတန်း ဝင်အောင် လုပ်ဖို့လိုတယ်လို့ ပရိသတ်တွေကလည်း ပြောနေကြပါပြီ။ အဲဒီအတွက်ကို ဘယ်လို ကြိုးစား ပြင်ဆင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ပရိသတ်တွေပြောသလိုပဲ ပရိသတ်က ပေးတဲ့ ဆုတင်မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် ရယူနိုင်တဲ့ ဆုတဆုမျိုးလည်း သူတို့ ယူလာခဲ့ စေချင်တယ်လို့ ပြောနေကြပါတယ်။ ကျမလည်း အဲဒီလိုဖြစ်အောင် လုပ်သွားချင်ပါတယ်။ ကျမကတော့ အကောင်းဆုံး ကြိုးစား သွားမှာပါ။ အခု ဒီ Miss Myanmar ပြိုင်ပွဲမှာလည်း ဆုရရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး။ ပြိုင်ပွဲရဲ့ တခုချင်း စီကို အကောင်းဆုံး လုပ်ဆောင်ခဲ့တာပါ။ အခု International သွားရမယ့် အခါမှာလည်း ဆုရရမယ်ဆိုတဲ့ စိတ်ထက်စာရင် ကျမ လုပ်စရာ ရှိတဲ့ အပိုင်းတွေ အကုန်လုံးကို အကောင်းဆုံး ကြိုးစားသွားရင်းနဲ့ပဲ နိုင်ငံ မျက်နှာပန်း လှအောင် ကြိုးစားချင်ပါတယ်။ ဘယ်လို ဖြည့်စွက်သွားရမယ် ဆိုတဲ့အပိုင်းတွေမှာ ကျမ စောင်းတီးတာကို ဒီထက်ပိုပြီး အများကြီး လေ့ကျင့်ရဦးမှာပါ။ ဒီပွဲမှာတင် သက်သေ ပြပြီးပါပြီ။ အောက်က ပရိသတ်တွေက အရမ်း လက်ခုပ်တီးပြီး အားပေးလိုက်တော့ ကီး လွဲသွားပါတယ်။ တီးရင်း တန်းလန်းနဲ့ ကီးလွဲသွားပြီး နောက်ပိုင်း တီးရင်းနဲ့ပဲ ကီးပြန်ဝင် သွားပါတယ်။ သီချင်းက ရပ်သွား ပါသေးတယ်။ ဒါပေမယ့် တအား လေ့ကျင့်ထားတော့ ဒီအတိုင်း ဆက်တီးသွားရင်းနဲ့ ကီး ပြန်ဝင်သွားပြီး သီချင်းက ပြီးသွားတာပါ။ နိုင်ငံတကာမှာတော့ အဲဒီလို မရနိုင်တော့ပါဘူး။ အဲဒီတော့ ကျမ အများကြီး လေ့ကျင့် သွားရဦးမှာပါ။ နောက် ခန္တာကိုယ် အလှပိုင်းလည်း အများကြီး လေ့ကျင့်ရဦးမှာပါ။ ကျမက မြန်မာ ခန္တာကိုယ် သေးသေး သွယ်သွယ်လေး ဖြစ်နေပါတယ်။ အဲဒီတော့ မြန်မာ ခန္တာကိုယ် ထွားထွားလှလှလေး ဖြစ်အောင် ထပ်ပြီး ကြိုးစားရ ဦးမှာပါ။ ပရိသတ်ဆိုလို့ ကျမ တခုပြောချင်ပါသေးတယ်။ အခု facebook မှာ ဂုဏ်ရည်အေးကျော် ဆိုတဲ့ နာမည်တွေနဲ့ အကောင့်တွေ အများကြီးတွေ့ရပါတယ်။ ကျမ တကယ်သုံးတာက Gonyiayekyaw (Miss Myanmar International 2013) ပါလို့ ပြောချင်ပါတယ်ရှင်။