၂၀၁၀ နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ Me N Ma Girls အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ် (Los Angeles) မြို့က Power Music Industry ဆိုတဲ့ ဂီတ ကုမ္ပဏီတခုကနေ အယ်လ်ဘမ် ထုတ်ဖို့အတွက် ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာတေးသီချင်းများရော အင်္ဂလိပ်တေးသီချင်းများကိုပါ သီဆို ဖျော်ဖြေတဲ့ ဒီအဖွဲ့ဟာ ချာချာ၊ ထိုက်ထိုက်၊ အမွှန်း၊ ဝေနှင်းနဲ့ ကင်မီ စတဲ့ အမျိုးသမီး ၅ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ “မင်္ဂလာပါ” ဆိုတဲ့ တေးစီးရီးတခွေ ထွက်ရှိထားပြီး ဒုတိယ တေးစီးရီး ထပ်မံထွက်ဖို့လည်း ရှိတယ်လို့လည်း ဆိုပါတယ်။
သူတို့ဟာ Me N Ma Girls အဖွဲ့အဖြစ် မလှုပ်ရှားခင် Tiger Girls ဆိုတဲ့ အမည်နဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့ပါသေးတယ်။ ကိုယ်ပိုင်သံစဉ် ပေါ့ပ်တေးသီချင်းတွေကိုသာ အဆိုများတဲ့ ဒီအဖွဲ့ဟာ ယခု မတ်လ ၂၇ ရက်နေ့မှာ အမေရိကန်
ပြည်ထောင်စုသို့ သွားရောက်ပြီး သူတို့ အယ်လ်ဘမ်အတွက် သွားရောက် အသံသွင်းယူကြတော့မှာပါ။ သူတို့ အဖွဲ့ အကြောင်းနဲ့အတူ အမေရိကန် ပြည်ထောင်စုမှာ သွားရောက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို Me N Ma Girls အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုက်ထိုက်နဲ့ ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ပထမ Tiger Girls ဆိုပြီး အဖွဲ့ကနေ Me N Ma Girls အဖွဲ့ဆိုပြီး ပြောင်းလဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်
ဖြစ်ပုံလေး ပြောပြပေးပါ။
ဖြေ ။ ။ ၂၀၁၀ ဖေဖော်ဝါရီလက စပြီးတော့ Tiger Girls ဆိုပြီးတော့ နာမည်နဲ့ မိန်းကလေး ၅ ယောက် International Girl Band တခုလုပ်မယ်ဆိုပြီးတော့ ပြိုင်ပွဲတခုလုပ်တယ်။ ပြိုင်ပွဲကနေမှ ကျမတို့ ၅ ယောက်က တွေ့ခဲ့တာ။ ကျမတို့က သူငယ်ချင်းလည်း မဟုတ်ဘူး။ ညီအစ်မလည်း မဟုတ်ဘူး။ ရွေးချယ်ခံရပြီးတော့မှ တွေ့ခဲ့တာပေါ့။ ကျမတို့ကို အရင်က Tiger Girlအဖွဲ့အဖြစ် ထုတ်လုပ်သူက ရန်ကုန် လမ်းညွှန်ပိုင်ရှင်ပါ။ သူတို့ကနေ ကျမတို့ကို စပွန်ဆာပေးမယ် ဆိုပြီးတော့ တနှစ် စာချုပ်ချုပ်လိုက်တယ်။ ပြီးတော့ သီချင်းခွေ တခွေရယ်၊ ဗီစီဒီအထိ ထုတ်ပေးမယ် ဆိုပြီးတော့ သူတို့ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာချုပ် တနှစ်သက်တမ်း အတွင်းမှာ သူတို့လုပ်ထားတဲ့ သီချင်းတွေက ကော်ပီသီချင်းတွေကို လုပ်ထားတဲ့ အတွက်ကြောင့် ကျမတို့က စပွန်ဆာမရှိရင်လည်း နေပါစေတော့။ ကော်ပီသီချင်းတော့ မလုပ်နိုင်ဘူးဆိုပြီးတော့ သူတို့နဲ့ ထပ်ပြီးတော့ စာချုပ် မချုပ်ဖြစ်တော့တာပါ။ အဲဒါနဲ့မှ ၂၀၁၁ ဖေဖော်ဝါရီလ တနှစ်ပြည့်တဲ့အချိန်မှာ Me N Ma Girls ဆိုပြီး ပြန်ပြောင်းပြီးတော့ ကျမတို့ကိုယ်တိုင်ပဲ သီချင်းတွေ ဆက်ဆိုဖြစ်ခဲ့တာပါ။
မေး ။ ။ Me N Ma Girls အဖွဲ့ရဲ့ Trainer က နိုင်ငံခြားသူလို့ သိရပါတယ်။ သူက ဒီအဖွဲ့ရဲ့ အသံပိုင်း၊ အကပိုင်းနဲ့ ပတ်သက်လို့ ဘယ်လို လေ့ကျင့်မှုမျိုးတွေ ပြုလုပ်ပေးပါလဲ။
ဖြေ ။ ။ ကျမတို့ရဲ့ Trainer က သြစတြေးလျသူ နစ်ကိုးလ် မေ (Nicole May) ပါ။ ကျမတို့ကို စပြီး Tiger Girls အဖွဲ့အဖြစ် စတင် ထူထောင်ပေးခဲ့တဲ့ ပရိုဂျူဆာဖြစ်တဲ့ ရန်ကုန်လမ်းညွှန်ပိုင်ရှင်က ကျမတို့ကို လေ့ကျင့်ပေးဖို့အတွက် သူ့ကို စပြီး ငှားခဲ့တာပါ။ သူကလည်း Copy song တွေ Cover song တွေ လုပ်ဖို့အတွက် အားမပေးဘူး။ အဲဒါကြောင့် သူလည်း ကျမတို့လိုပဲ ရန်ကုန်လမ်းညွှန်နဲ့ စာချုပ် ထပ်မချုပ်တော့ဘဲ ကျမတို့နဲ့ အတူတူ လိုက်လာတာပါ။ နိုင်ငံခြားသူဆိုပေမယ့် သူ့မှာ ရှိသမျှ ပိုက်ဆံကိုလည်း ကျမတို့အဖွဲ့အတွက် ထည့်ပြီးတော့ ကူညီပေးတယ်။ ကျမတို့ကို ကြိုးစားပေးဖို့ပဲ လိုတယ်။ ဒီပိုက်ဆံကို လုံး၀ ပြန်ပေးစရာမလိုဘူး ဆိုတော့ ကျမတို့က တခုခု မမှားယွင်းအောင်လို့ အရမ်း သတိထားနေရတယ်။ သူစိတ်ဆင်း ရဲမှာစိုးလို့။ ကိုယ်တွေက ကြိုးစားမှုတခုပဲ လုပ်ရတာပါ။ ငွေကြေးနဲ့ ပတ်သက်ပြီးသူက ဘာမှမပူရအောင် အကုန်လုပ်ပေးတယ်။ ကျမတို့ဘက်ကလည်း သူစိုက်ထားသမျှကို ရသလောက် ပြန်ဆပ်တယ်။ အဲဒီလို ကြိုးစားခဲ့ရင်းနဲ့ လုပ်ခဲ့ရတာပါ။
အသံရော အကကိုရော နေ့တိုင်း လေ့ကျင့်ရပါတယ်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်ပဲ ရှိပါတယ်။ မန်နေဂျာမှာ နိုင်ငံခြားက အသံလေ့ကျင့်တဲ့ အခွေတွေ ဘာတွေလည်းရှိတော့ အဲဒီအခွေတွေနဲ့လည်း လေ့ကျင့်ပေးတယ်။ အကမှာလည်း ကိုယ့်ထက်တော်တဲ့ သူတွေ မြန်မာနိုင်ငံကသာမကဘဲ နိုင်ငံတကာက တော်တဲ့ Girl band တွေအကုန်လုံးကို ကိုယ့်ရဲ့ဆရာလို့ သတ်မှတ်ပြီးတော့ အားကျအောင် ကြည့်ခိုင်းတယ်။ ပြီးတော့ သူကလည်း လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ ကြိုးစားဖို့ပဲ လိုတယ်ဆိုပြီး နေ့တိုင်းကို လေ့ကျင့်ပေးတာပါ။ ကိုယ်တွေက မြန်မာတွေဆိုတော့ ဒီလောက်နဲ့ပဲ တော်ပါပြီ ဆိုပြီးတော့ နေတယ်။ သူက ကိုယ်လုပ်တာထက်ကို ဆယ်ဆပိုလုပ်တယ်။ သူ့ကို ကြည့်ပြီးတော့ အားကျရတယ်။
မေး ။ ။ အမေရိကန်က ဂီတ ကုမ္ပဏီတခု အနေနနဲ့ မြန်မာပြည်က Me N Ma Girls အဖွဲ့ကို ဘယ်မှာ သတိထားမိပြီးတော့ အနုပညာအလုပ်တွေ လုပ်ဖို့ ဘာကြောင့်ခေါ်တယ်လို့ ယူဆပါလဲ။
ဖြေ ။ ။ ကျမတို့ရဲ့ ကြိုးစားမှုတွေကြောင့် အမေရိကားက Power Music Industry ကုမ္ပဏီက ကျမတို့ကို အယ်လ်ဘမ်တခုလုပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတယ်။ သူတို့က ယူကျု (Youtube) မှာ ကျမတို့ရဲ့ MTV တွေကို တွေ့တယ်။ နောက်ပြီး ကျမတို့အဖွဲ့က (အမေရိကန်ရဲ့) ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ်ကြီး Ms. Melanne Verveer နဲ့ ညနေစာ စားပြီး ဂစ်တာနဲ့ သီချင်းတွေ ဆိုပြတဲ့ ဗီဒီယိုဖိုင်ကိုလည်း ယူကျုမှာ တွေ့တယ်ပေါ့။ အဓိကကတော့ နိုင်ငံခြားသားတွေ ဒါကို မြင်ပြီး မြန်မာနိုင်ငံမှာ ဒီလိုမျိုး မိန်းကလေး ဂီတအဖွဲ့ရှိတယ်ဆိုပြီးတော့ သူတို့ကလည်း အားပေးကြတယ်။ Power Music Industry ကုမ္ပဏီက သူတို့နိုင်ငံမှာ စီးရီးတခု Recording (အသံသွင်း) ရမယ်။ ပြီးရင် နိုင်ငံတကာအထိ ဖြန့်မယ်။ ဒီလို ဖြန့်ကြည့်ပြီးတော့မှ ဒါဟာ မြန်မာနိုင်ငံက အဆိုတော် ၅ ယောက်ပေါ့။ သူတို့ဘက်က Culture အနေနဲ့ သူတို့မှာ အရမ်း မိုက်တာတွေ၊ အရမ်းလန်းတာတွေ၊ ဖက်ရှင် စတိုင်လ်တွေက မထူးဆန်းတော့ဘူးလေ။ ဒါပေမယ့် သူတို့က ဘာကို လိုချင်တာလဲဆိုတော့ မြန်မာနိုင်ငံက မိန်းကလေးတွေဆီက မြန်မာရဲ့ အငွေ့အသက်ကို လိုချင်တာပေါ့။ မြန်မာ့ရိုးရာတွေနဲ့ ရောပြီးတော့ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲ ဆိုတာကို အထူးအဆန်းအနေနဲ့ လိုချင်တာပါ။
မေး ။ ။ ဟိုမှာ Me N Ma Girls အဖွဲ့အနေနဲ့ အသံသွင်းရမယ့် သီချင်းတွေက ဘယ်လို သီချင်းမျိုးတွေဖြစ်မလဲ။
ဖြေ ။ ။ မြန်မာနဲ့ အင်္ဂလိပ် ရောစပ်ထားတဲ့ သီချင်းမျိုးတွေပါ။ အဓိကကတော့ အင်္ဂလိပ်စာသား များပါမယ်။ ကိုယ်တွေက မြန်မာတွေ ဖြစ်တယ်ဆိုတာလည်း နိုင်ငံတကာက သိအောင်လို့ မြန်မာစာသားတွေလည်း ပါပါမယ်။ နောက်ပြီး သီးချင်းတွေကတော့ ကျမတို့ အဖွဲ့မှာလည်း ကိုယ်တိုင်ရေးထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေလည်း ရှိတယ်လေ။ ကိုယ်ပိုင်သီချင်းအဖြစ် ရေးချင်တယ်ဆိုလည်း ရေးခွင့်ပေးထားတယ်။ အခု လောလောဆယ်တော့ သူတို့ဘက်က တေးရေးဆရာတွေနဲ့ ရေးထားတဲ့ သီချင်းတွေကို ကျမတို့ လေ့ကျင့်ဖို့အတွက် ၃ ပုဒ် ပို့ထားပါတယ်။ အဲဒီထဲကမှ ရွေးပြီးတော့ ၂၇ ရက်နေ့ ကျမတို့ သွားပြီဆိုရင် စပြီး အသံသွင်းပါပြီ။ သီချင်း အကြောင်းအရာတွေကတော့ မိန်းကလေးတယောက်ရဲ့ စွမ်းအားတွေက အသည်းကွဲတာတောင်မှ ပြန်ပြီး နိုးထနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေပါတယ်။ စိတ်ဓာတ်မြှင့်တင်ရေး အကြောင်းအရာတွေက ပိုများပါတယ်။ အချစ်အကြောင်းနဲ့ ရောထားပြီး တကယ့် လူမှုဘဝမှာဖြစ်နေတဲ့ တိုက်ဆိုင်မှုတွေကိုမှ ကိုယ်က ပြန်အားတင်းပြီး ပြန်ထရမယ်ဆိုတဲ့ အကြောင်းတွေပါ။
မေး ။ ။ Power Music Industry ကုမ္ပဏီနဲ့ စာချုပ်ရတာမျိုးတွေ ရှိပါသလား။
ဖြေ ။ ။ ကျမတို့က တနှစ်ခွဲစာချုပ်ပါ။ ကျမတို့မှာက ရန်ကုန်မှာလည်း အလုပ်တွေက ပျက်လို့မရဘူးဆိုတော့ တနှစ်ခွဲလုံးလုံးကြီး သွားနေဖို့က မဖြစ်နိုင်ပါဘူး။ အဲဒီတော့ အခုလာမယ့် ၂၇ ရက်နေ့ကို သွားပြီးတော့ ဟိုမှာ အသံသွင်းမယ်ပေါ့။ သင်္ကြန်မှာလည်း ပွဲရပြီးပြီဆိုတော့ ၁၀ ရက်နေ့ သင်္ကြန်မတိုင်ခင်မှာ ပြန်လာပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်တွေ ပြန်လုပ်ပြီးတော့မှ ပြန်သွားမှာပါ။ ဒီ တနှစ်ခွဲအတွင်းမှာ သွားလုပ် ပြန်လုပ်လုပ်ဖြစ်မှာပါ။
မေး ။ ။ အခုလို နိုင်ငံခြားတိုင်းပြည်ရဲ့ ဂီတ ကုမ္ပဏီတခုက မြန်မာပြည်ရဲ့ ဂီတအဖွဲ့တခုကို နိုင်ငံတကာက သတိထားမိလာအောင် အနုပညာလှုပ်ရှားမှုတွေ ချပြနိုင်ဖို့ အခွင့်အရေး ပေးလာတဲ့အပေါ် Me N Ma Girls အဖွဲ့အနေနဲ့ ပထမဆုံး အခွင့်အရေး ရလာတဲ့အပေါ် ဘယ်လို သုံးသပ်ချင်ပါလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံအနေနဲ့ ဒါဟာ ပထမဆုံး လှုပ်ရှားခွင့်ရတဲ့အပေါ် ကျမတို့အနေနဲ့ ပျော်တာနဲ့ အတူတူ တာဝန်တခုကို ခေါင်းပေါ်မှာ ရွက်ထားရသလို လေးလည်း အရမ်းလေးလံပါတယ်။ တာဝန်လည်း အရမ်းကြီးပါတယ်။ အဲဒီအတွက်ကြောင့်မို့ အခွင့်အရေးဆိုတာလည်း နှစ်ခါမရသလို ရလာတဲ့ အခွင့်အရေးကို ကျမတို့က အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လို့လည်း Trainer ကလည်း ပြောထားတယ်။ ကျမတို့စိတ်ထဲမှာလည်း ရှိနေပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို အလေးနက်ဆုံးကိုပဲ တွေးပါတယ်။ ကျမတို့ တချက်မှားသွားရင် ဒါဟာနိုင်ငံနဲ့ ချီပြီးလုပ်ရမယ့် အလုပ်တခုမိုလို့ နိုင်ငံကိုယ်စားပြု အနေနဲ့ကို သုံးသပ်ထားတော့ ကျမတို့ မှားလို့ မရပါဘူး။ အောင်မြင်ခဲ့ရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ လူတယောက် အောင်မြင်ရင် မြန်မာနိုင်ငံက လူတယောက် အောင်မြင်သလိုပဲ ၅ ယောက်အောင်မြင်ရင် ၅ ယောက် အောင်မြင်တာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံကို အရောင် ထင်ဟပ်စေမယ်လို့လည်း ထင်ပါတယ်။
မေး ။ ။ ဒီအခွင့်အရေးဟာလည်း မြန်မာ့ ဂီတလောကအတွက် အောင်မြင်မှု လမ်းစလို့ မြင်မိပါလား။
ဖြေ ။ ။ မြင်မိပါတယ်။ အခု မြန်မာနိုင်ငံမှာကလည်း အခွင့်အလမ်းတွေ အများကြီး ပွင့်လာပြီဆိုတော့ မြန်မာနိုင်ငံကို ကမ္ဘာက ကြည့်နေကြပါပြီ။ အဲဒီအတွက်ကြောင့်မို့ မြန်မာနိုင်ငံက အခွင့်အရေးတွေ အများကြီးရှိပါတယ်။ နောက်ပြီး လူငယ်တွေ အနေနဲ့ကလည်း အရင်ကဆိုရင် လူငယ်တွေခေတ်က လူကြီးတွေ လက်အောက်မှာ ရှိနေပါတယ်။ အခုဆိုရင် လူငယ်တွေရဲ့ ခေတ်က လူငယ်တွေလက်ထဲမှာပဲ ရှိပါတယ်လို့ ကျမတို့က သုံးသပ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် အခွင့်အရေးကို ရရင် ရသလို အသုံးချခွင့့် ရသွားတဲ့အထိကို ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှာပါ။
မေး ။ ။ Me N Ma Girls အဖွဲ့အနေနဲ့ရော အတွေ့အကြုံ ဗဟုသုတအသစ်တွေ အများကြီးရလာနိုင်မယ်လို့ မျှော်လင့်ပါလား။
ဖြေ ။ ။ အမေရိကားလို နေရာမျိုးကျတော့ အနုပညာရှင်တွေ အများကြီးရှိတယ်။ ဒီ့ထက် အရမ်းကို တော်တဲ့ အနုပညာရှင်တွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့ ကျမတို့က သူတို့တွေကို ကိုယ်က သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တင်ပြီးတော့ ကျမတို့က ကြိုးစားရမှာပါ။ နောက်ပြီးတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့လည်း အပြောင်းအလဲတွေ အများကြီးတွေ့ရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက အမျိုးသမီး ၅ ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ အနေနဲ့ကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဘာမှလိုက်ပြီး ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျမတို့ ပြောင်းလဲမှာကတော့ အဆို၊ အက ဒီပညာတွေနဲ့ ပတ်သက်ပြီးတော့ ကြိုးစားဖို့အတွက် တိုးတက် ပြောင်းလဲမှုတွေပဲ ဖြစ်မှာပါ။
မေး ။ ။ အမေရိကားမှာ သီချင်းတွေ အသံသွင်းဖို့အပြင် အနုပညာနဲ့ ပတ်သက်လို့ တခြား ဘယ်လိုမျိုးတွေ လုပ်ရဦးမလဲ။
ဥပမာ – ဟိုက ရှိုးပွဲတွေမှာ ဝင်ရောက် ဖျော်ဖြေရတာတို့လိုမျိုးပေါ့။
ဖြေ ။ ။ ဧပြီ ၄၊ ၅ ရက်နေ့မှာ နယူးယောက်မြို့မှာ Women in the World 2013 ပွဲကြီးတခုရှိပါတယ်။ ဒီကို တခြား နိုင်ငံတကာ အဆိုတော် အနုပညာရှင်တွေ အများကြီးလာမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကျမတို့ အဖွဲ့ကို ဖိတ်ကြားခြင်း ခံရပါတယ်။ ဒါကြောင့် ကျမတို့ သွားရောက် ဖျော်ဖြေမှာပါ။ ဒီပွဲအတွက်ကို အမေရိကားက ကမ္ဘာ့ အမျိုးသမီးရေးရာ သံအမတ်ကြီး Ms. Melanne Verveer နဲ့ ကျမတို့ ညနေစာအတူ စားဖို့ ဖိတ်ရင်းနဲ့ သူက ကျမတို့ကို သီချင်းတပုဒ်လောက် ဆိုပြပါလို့ တောင်းဆိုတာနဲ့ ကျမတို့ လုံး၀ မဆိုရသေးတဲ့ သီချင်းအသစ် Come Back Home ဆိုတဲ့ သီချင်းလေးကို ဆိုပြဖြစ်ခဲ့ပါတယ်။ ဒီသီချင်းက မြန်မာနိုင်ငံမှာ အခု ဖွံ့ဖြိုးတိုးတက်နေပါပြီ။ တံခါးတွေ ပွင့်နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို လာပြီး ထောက်ပံ့ပေးကြပါ၊ မြန်မာနိုင်ငံကို ပြန်လာကြပါလို့ အဓိပ္ပာယ်ရတဲ့ ဒီသီချင်းလေးကို ကျမတို့ ဆိုပြတော့ သူတို့ အရမ်း သဘောကျပြီး ကျမတို့နဲ့လည်း သူနဲ့ ရင်းနှီးသွားပြီးတော့ သူကလည်း အစကတည်းက ပြောပြီးသား ပွဲတပွဲလုပ်စရာရှိတယ်။ လုပ်တဲ့အခါကျရင် ကျမတို့အဖွဲ့ကို ခေါ်ချင်တယ်ဆိုပြီး ပြောထားတာ ရှိတယ်။ ဒီပွဲကို လုပ်ဖြစ်တော့ သူက ကျမ တို့အဖွဲ့ကို ဆက်သွယ်တဲ့အခါမှာ အမေရိကားမှာ ကျမတို့ ပရိုဂျူဆာလည်း ရှိနေတယ်ဆိုတာ သိတော့ ကျမတို့ ပရိုဂျူဆာကနေတဆင့် ကျမတို့ကို ဆက်သွယ်တာပါ။
မေး ။ ။ မြန်မာနိုင်ငံ ဂီတလောကမှာ ဆက်လက် လျှောက်လှမ်းနေဆဲ မျိုးဆက်သစ် ဂီတသမားတွေကို Me N Ma Girls အဖွဲ့ အနေနဲ့ ဘယ်လို အကြံပေးချင်ပါလဲ။
ဖြေ ။ ။ အလုပ်တခုမှာ ဘယ်လိုဖြစ်လာရမယ်၊ ဘာဖြစ်လာရမယ် ဆိုပြီး အိမ်မက်ထားတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ အိမ်မက်တခုတည်းကိုပဲ လိုက်လုပ်နေမယ့်အစား ကိုယ်လုပ်နေတဲ့ အလုပ်တခုကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် တချိန်ချိန်ကျရင် အခွင့်အရေးက ကိုယ့်ဆီကို ရောက်လာမှာပါ။ လက်ရှိ ဂီတလောကဟာ တော်တော်လေးလည်း ကောင်းလာပါပြီ။ ဆင်ဆာတွေလည်း မရှိတော့ဘူး ဆိုတဲ့အခါကျတော့ အနုပညာသမားတွေအနေနဲ့ ကိုယ့်ရဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ချပြလို့ရသွားပြီပေါ့နော်။ ဒါပေမယ့် ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့လည်း တရားလွန်ကြီး ဆန့်ကျင် မသွားဖို့ကိုတော့ ကိုယ်ကိုယ်တိုင် ထိန်းကျောင်းရမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ ဆင်ဆာတွေက ထိန်းပေးတယ်။ အခုဟာက ကိုယ်ကိုယ်တိုင် ထိန်းပြီးတော့ ကိုယ့်ရဲ့ ဂီတလောက မပျောက်ပျက်အောင် ပိုပြီး တိုးတက်အောင် ကြိုးစားရမှာဖြစ်သွားပါပြီ။ ။