ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့တွင် ကျင်းပသည့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ လာရောက်လေ့လာသည့် မြန်မာနိုင်ငံ အထူးဒေသ ၂ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပြည်ပ ဆက်ဆံရေး ဒု – ဌာနကြီးမှူး ဦးဆမ်ခွန်းအား ၎င်းတို့ UWSA ၏ လက်ရှိ လုပ်ဆောင်ချက်၊ အစိုးရအပေါ် အမြင်နှင့် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ လက်ရှိ UWSA အနေနဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပေးပါ။
ဖြေ။ ။ လုပ်ဆောင်ချက်ဆိုရင် ဘာမှမရှိဘူး။ ကျနော်တို့ဆီက မိမိဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ အဓိက ကျန်းမာရေး ဝန်ထမ်း၊ ပညာရေး ဝန်ထမ်းတွေကိုပဲ တောင်းဆိုပါတယ်။ ဒါတွေကို လုပ်ဆောင်ပေးထား ပါတယ်။ ကျန်တဲ့ စစ်တပ်တို့၊ အုပ်ချုပ်ရေး ဝန်ထမ်းတို့ကိုတော့ ကျနော်တို့ဆီမှာ အဝင်မခံဘူး။
မေး။ ။ ငြိမ်းချမ်းရေး အတွက် ဘယ်လောက်အထိ မျှော်လင့်ချက် ထားပါသလဲ။
ဖြေ။ ။ ကျနော်တို့ကို “ဝ” ဗဟိုက မှာထားတယ်။ ဒီအစည်းအဝေးက ကျနော်တို့ကို ဖိတ်တဲ့ အတွက်ကြောင့် သွားသင့်တယ်၊ လာရောက်လေ့လာတဲ့ အဆင့်ပါပဲ။ တိုင်းရင်းသား ညီအစ်ကို လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောထားကို လာလေ့လာတဲ့ အဆင့်ပဲ။ ဒီကနေ အစည်းအဝေးတက်ပြီးတော့ “ဝ” ပြည်ကိုရောက်ရင် ကျနော် မှတ်ထားတဲ့ မှတ်တမ်းတွေ ဟိုမှာ ပြန်ပြီးရှင်းပြမယ်၊ ချပြမယ်။ ကျနော်တို့ “ဝ” ဗဟိုက ပြန်သုံးသပ်မယ်။ ဒါပါပဲ။ ကျနော်တို့ စာတမ်းလည်း မပြုစုပါဘူး။
မေး။ ။ တရုတ်အစိုးရနဲ့ “ဝ” ပြည် စည်လုံးညီညွတ်ရေး ပါတီတို့ရဲ့ ဆက်ဆံရေး အပိုင်း ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဒါကတော့တရုတ်နဲ့ “ဝ” က နယ်နိမိတ်ချင်း ဆက်နေတော့ ဟိုအရင်ကတည်းက နှစ်ဘက်ပြည်သူတွေပါ။ ဟိုဘက် နိုင်ငံကလည်း ကျနော်တို့ “ဝ” တိုင်းရင်းသားတွေပါပဲ၊ ဒီဘက်ကလည်း ကျနော်တို့ “ဝ” တိုင်းရင်းသားတွေပါ။ အဲဒီတော့ လူမှုရေးရော၊ စီးပွားရေးပါ နေ့စဉ်နဲ့အမျှ သွားလာဆက်သွယ်မှုတော့ ရှိတယ်။ တရုတ်ပြည်နဲ့ ကျနော်တို့က ကုန်သွယ်ရေး ဆက်သွယ်မှု၊ ဆက်ဆံရေးပဲ ရှိပါတယ်။ “ဝ” ပြည်တခုလုံးက စီးပွားရေးနဲ့ ပတ်သတ်ပြီးတော့ တရုတ်ပြည်မှာပဲ ဈေးကွက်ရှိတယ်။ တရုတ်ပြည်နဲ့တော့ ပိုပြီး ဆက်ဆံရေး၊ ဆက်သွယ်ရေး ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို ဆက်ဆံတာ နေ့စဉ်နဲ့အမျှ ရှိပါတယ်။
မေး။ ။ လက်ရှိ “ဝ” ပြည်နယ်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင် နေပါသလဲ။
ဖြေ။ ။ ကျနော်တို့က ၂၀၀၅ ခုနှစ် ကတည်းက “ဝ” ပြည်မှာ ဘိန်းစိုက်ပျိုးမှု လုံး၀ ပပျောက်သွားတယ်လေ။ ပြီးတော့ အရေးယူတယ်။ အသက် ၆၀ အောက် မူးယစ်သုံးစွဲသူ အားလုံးကို ဖမ်းတယ်။ ပထမအနေနဲ့ ဘိန်းချက် စခန်းတွေကို ကျနော်တို့ သုံးနှစ်လောက် ဖျက်ခိုင်းတယ်။ ကျနော်တို့က ဘိန်းလည်း မစိုက်တော့ဘူးဗျာ၊ မထုတ်လုပ်တော့ဘူးဗျာ။ မဖြန့်ဖြူးတော့ဘူး၊ ရောင်းဝယ်ဖောက်ကားမှု မရှိတော့ဘူး။ တချို့က ဟိုပြည်ပက လာတဲ့ဘိန်းတွေ ရှင်းရှင်းပြောမယ်ဗျာ၊ ကုန်သည်တွေက သံလွင်မြစ်ကြီးကနေ ခိုးလာရောင်းကြတာတော့ အနည်းအကျဉ်း ရှိတာပေါ့။ တွေ့ရင်တော့ ဖမ်းတယ်။ ထောင်ချတယ်။ မူးယစ်နဲ့ ပတ်သတ်ရင်တော့ ပြင်းပြင်းထန်ထန် အရေးယူတယ်။
မေး။ ။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် တရားဝင် ပါတီထောင်ဖို့ကိစ္စရော စဉ်းစားနေပြီလား။
ဖြေ။ ။ မလျှောက်သေးဘူး။ အခုကျနော်တို့ “ဝ” အဖွဲ့က တရားဝင်ပါတီ မထောင်သေးဘူး၊ မလျှောက်သေးဘူး။ ကျနော်တို့ ပါတီက ရှိပြီးသား “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ။ အဲဒါကြောင့် ကျနော်တို့က အသစ် ထပ်ထောင်စရာ မလိုဘူး။ နောင်တော့မသိဘူးပေါ့။ ကျနော်တို့ ဥက္ကဋ္ဌ ပြောဖူးတယ်။ ၂၀၀၈ ခုနှစ် ကတည်းက ဗိုလ်ချုပ်ရဲမြင့် ကျနော်တို့ကို ဒီ ရွေးကောက်ပွဲ ပါဝင်နိုင်ဖို့ ခင်ဗျားတို့ “ဝ” တရားဝင်ပါတီတခု လျှောက်ပါလား ဆိုတာ ကျနော်တို့ ဥက္ကဋ္ဌ ဖြေဖူးပါတယ်။ ကျနော်တို့ အခုလက်ရှိ ပါတီကိုပဲ အသိအမှတ်ပြုပါမယ်။ ကျနော်တို့ ဒီပါတီရော၊ နောက်ပါတီပါ ထပ်ထောင်ရင် ကမ္ဘာရော၊ မြန်မာပါ မျက်စိလည် သွားမယ်လေ။ အခုအထိ ကျနော်တို့က “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီကိုပဲ ဆက်လက်လုပ်ဆောင်သွားမယ်။ ကျနော်တို့ “ဝ” က ပါတီရှိတယ်ဗျာ။ “ဝ” ပြည် သွေးစည်းရေး ပါတီ၊ “ဝ” ပြည် သွေးစည်းရေး တပ်မတော်၊ “ ၀ ” ပြည်သူ့ အစိုးရဆိုပြီး ရှိပြီးပါပြီ။
မေး။ ။ ဒီပွဲကနေ အစိုးရကို ဘာတွေ တောင်းဆိုသွားမှာလဲ။
ဖြေ။ ။ ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး အမျိုးသားညီလာခံသို့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က “ဝ” ကိုယ်စားလှယ်တွေ စေလွှတ်တော့ “ဝ” ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိဖို့ စာနဲ့ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။ အခု ဒုတိယအကြိမ် ငြိမ်းချမ်းရေးကာလမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့အဖွဲ့ကိုလည်း “ဝ” ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးဖို့ ထပ်မံတင်ပြ တောင်းဆိုခဲ့ပါတယ်။ ယနေ့အထိ နိုင်ငံတော် အစိုးရ အနေနဲ့ “ ၀ ”ကိုယ်ပိုင် အုပ်ချုပ်ရေးရ တိုင်းအဆင့်ကိုပဲ သတ်မှတ် ပေးတဲ့အတွက် မိမိတို့ အနေနဲ့ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် ရရှိဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမှာပါ။ ကျနော်တို့ နောက်ဆုံး အချက်အနေနဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်က ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ် ပေးဖို့ပါပဲ။ ဘာမှမတောင်းဘူး။
မေး။ ။ အခုကရော “ဝ” က ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေအဖြစ် သတ်မှတ်ထားပြီးတဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဲဒါကို ပြောရမယ်ဆိုရင်တော့ ဟိုတုန်းက ထုတ်ပြန် ကြေညာပြီးပါပြီ။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ အစိုးရက အသိအမှတ် ပြုထားတာပေါ့နော်။ ကျနော်တို့ “ဝ” အနေနဲ့တော့ မည်သည့် ပါတီမဆို၊ မည်သည့် ပုဂ္ဂိုလ်မဆို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာကိုတော့ အသိအမှတ်မပြုဘူး။ အစိုးရတော့ပေးပြီ။ ကျနော်တို့ တောင်းတာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ်။ အစိုးရ ပေးတာက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရေး အတိုင်း ပေါ့နော်။ အဲဒီတော့ ကျနော်တို့လည်း ကိုယ်ပိုင် အုပ်ချုပ်ရေးပြည်နယ် ရဖို့အထိ ဆက်လက်ပြီးတော့ တောင်းဆိုသွားမှာပဲ။
မေး။ ။ အဲဒီ ကိုယ်ပိုင် အုပ်ချုပ်ရေးရဖို့အတွက် ဘယ်အရာက အဓိက ကျမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ သွေးစည်း ညီညွတ်ရေးပါပဲ။ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံးအတွက်ပေါ့။ အကြမ်းအားဖြင့်တော့ ဒီဆွေးနွေးပွဲက နားထောင်ဖို့ ကောင်းတာပါပဲ။ နိုင်ငံတော် အတွက်ရော၊ ကျနော်တို့ ဒီကချင်ပြည်နယ် တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပါတီတွေ အားလုံးအတွက်တော့ ကျနော် နားထောင်တာ အားလုံးကောင်းတာပေါ့။ အလားအလာ ကောင်းတယ်။ ။