ယနေ့ မနက်ပိုင်း ၉ နာရီအချိန်က မိတီ္ထလာခရိုင် ရဲတပ်ဖွဲ့ရုံးတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ဧရာဝတီ သတင်းထောက် မန်းသားလေးတို့ ခေတ္တ တွေ့ဆုံစဉ် ယနေ့ မတ္ထီလာမြို့ ယနေ့နံနက်အထိ မိတ္ထီလာမြို့ လုံခြုံရေး အခြေအနေ များကို အစိုးရဘက်က ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသည်။
မေး။ ။ ဒီနေ့အခြေအနေလေးကို ပြောပြပေးပါလား။
ဖြေ။ ။ ဒီနေ့ကတော့ တော်တော်လေး ကောင်းလာပြီပေါ့။ ဒီနေ့တော့ ထပ်ဖြစ်မယ်လို့ မထင်ပါဘူး။
မေး။ ။ အခုလိုဖြစ်ခဲ့တဲ့အပေါ်မှာ လုံးခြုံရေး အားနည်းတယ်လို့ လူတွေက ပြောနေကြပါတယ်။ အဲဒါကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ လုံခြုံရေးမှာ အားမနည်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လုံခြုံရေးက အပြည့်အ၀ ရှိနေတယ်။ နောက်ထပ်လည်း ထပ်ရောက်လာတယ်။ သို့သော် ကျနော်တို့က ဖြစ်လာတဲ့ အခြေအနေကြတော့ လုံခြုံရေးဘက်က ဆောင်ရွက်နေရတဲ့ အပိုင်းမှာ မီးလောင်မှုတွေက တိုးလာတယ်။ အဲဒီလို တိုးလာတော့ မီးမြန်မြန်ငြိမ်းမှ ကျန်တဲ့ ကိစ္စတွေ လုပ်နိုင်မှာကိုး။ အကုန်လုံးက ပြန့်နေတယ်။ နောက် တခြားက အကူညီ တောင်းတာတွေလည်း ရှိပါတယ်။ လူစုလူဝေးတွေလည်း ရှိတယ်။ ဥပမာ – တက္ကသိုလ်တွေ၊ ကျောင်းတွေ ရှိလာတော့ အရင်ကတည်းက စီစဉ်ထားသော်လည်း ထပ်ပြီးလိုအပ်လာတော့ ဖြည့်ပေးရတာတွေ ရှိတယ်။
မေး။ ။ ဘာကြောင့် ဒီလို ဖြစ်လာတာလို့ ထင်ပါသလဲ။
ဖြေ။ ။ ဘာကြောင့်ဖြစ်လဲ ဆိုတော့ စဖြစ်တဲ့နေ့က သူတို့ ဈေးရောင်း ဈေးဝယ်ကနေ အခြေခံပြီး ဒါလေးဖြစ်သွားတယ်။ အဲဒီ ဖြစ်သွားတဲ့နောက်မှာ အခု လက်ရှိအချိန်အထိ သိရှိထားချက်အရတော့ ဦးဇင်းတပါး ပျံလွန်တော်မူတဲ့ ကိစ္စရပ်အပေါ်မှာ ဒီလိုတွေ ဖြစ်ပျက်လာတယ်လို့ အခုလက်ရှိအချိန်အထိ ထင်ထားပါတယ်။
မေး။ ။ ဘယ်အချိန် အတိုင်းတာမှာ အေးချမ်းမှု ရနိုင်မယ်လို့ မှန်းထားပါသလဲ။
ဖြေ။ ။ ဘယ်အချိန်လောက်လဲ ဆိုတော့ ဒီနေ့မှာ ကျနော်တို့က မှန်းထားတာပေါ့။ သို့သော် မထင်မှတ်ဘဲနဲ့ တနေရာလေးမှာ မီးလောင်နေတယ်။ အခု အဲဒါ သွားလုပ်နေကြတယ်။ ဒီနေ့ အားလုံးတော့ ဖြစ်လာနိုင်တဲ့ အနေအထားရှိပါတယ်။
မေး။ ။ ဒါဆို ဒီမှာ ပျက်ဆီး၊ ထွက်ပြေးကြတဲ့သူတွေ ပြန်လည်အခြေချနိုင်မယ့် အနေအထားရောရှိလား။
ဖြေ။ ။ ပြန်လည် အခြေချနေထိုင်ဖို့ကတော့ ကျနော်တို့အားလုံး သေသေချာချာ စနစ်တကျ ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိပါတယ်။ စီစဉ်နေပြီ။ သူတို့နေရာလေးတွေမှာ ပြန်နေဖို့နဲ့ ပြန်ထူထောင်ရေးအတွက် လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေကိုလည်း စီစဉ်ပါတယ်။
မေး။ ။ လုံခြုံရေးရဲတွေဘက်က အကြမ်းဖက် လူအုပ်တွေကို ဖြိုခွဲတာမျိုး လုပ်ပါသလား။
ဖြေ။ ။ အဲဒီလိုတော့ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က တက်နိုင်သမျှတော့ ဒါကို ထိန်းထိန်း သိမ်းသိမ်းနဲ့ ဆောင်ရွက်တာပေါ့။ သူတို့မှာလည်း ဒါကိုဆောင်ရွက်နိုင်တဲ့ အခွင့် အာဏာလည်း ရှိနေပါပြီ။ ပုဒ်မ ၁၄၄ လည်းရှိနေတယ်။ ဒါမျိုးတွေကို ဆောင်လည်း ဆောင်ရွက်ဆဲဖြစ်ပါတယ်။ တဘက်က မီးကိုပဲ အာရုံစိုက် နေရတာတွေ ရှိတယ်။ ။