မြန်မာနိုင်ငံ၏ လူမျိုးစုပေါင်းစည်းရေး လုပ်ငန်းတွင် အကူအညီ ပေးနိုင်ရန် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယို့အိ ဆာဆာ ကာဝါ (Yohei Sasakawa) အား အထူးသံတမန် အဖြစ် ဂျပန်အစိုးရက ခန့်အပ်ခဲ့သည်။ ယင်းသို့ တာဝန်ပေး ခန့်အပ်မှုကြောင့် မစ္စတာ ဆာဆာကာဝါသည် ဂျပန်အစိုးရ ကိုယ်စားပြုကာ မြန်မာနိုင်ငံရှိ လူမျိုးစု များနှင့်လည်းကောင်း၊ မြန်မာ အစိုးရနှင့် လည်းကောင်း၊ တခြားနိုင်ငံ အစိုးရများနှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးနိုင်မည် ဖြစ်သည်။ လူမျိုးစု လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသ၊ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေသော နယ်စပ်ဒေသ တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ဒေသခံများအတွက် ၎င်းနှင့် အဖွဲ့ဝင်များသည် လူသားချင်း စာနာသည့် အထောက်အပံ့များ ပေးရာ၌ တက်ကြွစွာ ပါဝင်ကူညီ လုပ်ဆောင်လျှက် ရှိသည်။ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ကိုစောရန်နိုင်က ဥက္ကဋ္ဌ မစ္စတာ ယို့အိ ဆာဆာ ကာဝါကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းအတွက် ခင်ဗျားကို ဂျပန်အစိုးရက အထူးသံတမန်အဖြစ် ခန့်အပ် တာဝန် ပေးလိုက်တယ်လို့ သိရပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ပါဝင် ဆောင်ရွက်မယ့် အခန်းကဏ္ဍက ဘာတွေ ဆိုတာ သိပါရစေ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ကျနော်တို့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေက အကန့်အသတ်တွေ ရှိနေပါတယ်။ ခင်ဗျား သိတဲ့ အတိုင်းပဲလေ ကျနော်တို့ကို လူသားချင်း စာနာတဲ့ အထောက်အပံ့တွေ ပေးဖို့ပဲ ခွင့်ပြုထားတာပါ။ ပထမဆုံး အဆင့်က တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းတွေနဲ့ အမြန်ဆုံး တွေ့ဆုံဖို့ပါပဲ။ သူတို့မှာ ရိက္ခာဆန်နဲ့ ဆေးဝါးတွေ လတ်တလောမှာ လိုအပ် နေကြပါတယ်။ မြန်မာပြည်တွင်း ရွာတွေနဲ့ ထိုင်းနယ်စပ် ရွာတွေက လူတွေအတွက် ဆန်နဲ့ ဆေးဝါးအကူအညီတွေ ပို့ပေးပြီးပြီ။ ထိုင်းအစိုးရ ခွင့်ပြုချက်ယူပြီး နယ်စပ်မှာ ရှိနေတဲ့ လူတွေကို ကူညီပေးရတာပါ။ ဒါဟာ ကျနော်တို့ရဲ့ ရှေးဦး ဆောင်ရွက်ချက်ပါ။
ဒီ လုပ်ဆောင်မှုကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ကတည်းက စပြီး လုပ်ခဲ့တာပါ။ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေက လူနည်းစု တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေကို ကျနော်တို့ အဖွဲ့က အထောက်အပံ့ ပေးနိုင်ခဲ့တာ ဒါ ပထမဆုံးပါပဲ။ ပထမဦးဆုံး လုပ်ငန်း ဆောင်ရွက်မှုကို ကျနော်တို့ ချောချောမောမော ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပထမမအဆင့် ပြီးတော့ အစိုးရကို အစဉ်တစိုက် လက်နက်စွဲကိုင် ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေမှာ ဘာတွေ လိုအပ်သလဲဆိုတာ ကျနော်တို့ အကဲဖြတ်မယ်။ အဲဒီ အဆင့်ကို အကောင်အထည် ဖော်နိုင်ဖို့ အဲဒီဒေသမှာ ရှိတဲ့၊ ထိခိုက်ခံစားနေရတဲ့ ဒေသခံလူတွေရဲ့ ပြောစကား အချက်အလက်တွေ၊ တုန့်ပြန်မှုတွေကို ကျနော်တို့ ရရှိဖို့ လိုလာပါတယ်။ လတ်တလော ကာလအတွင်း အချိန်မရသေးတော့ ဘာတွေ လုပ်ရမလဲ ဆိုတာ ကျနော်တို့ အခုထက်ထိ မဆုံးဖြတ်ရသေးဘူး။
မေး။ ။ မြန်မာနိုင်ငံရဲ့ လူမျိုးစု ပဋိပက္ခတွေနဲ့ ထာဝငြိမ်းချမ်းမှု တည်ဆောက်ရေး အလားအလာကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အမေရိကန် သမ္မတ ရန်ကုန်ကို လာတုန်းက ပြောခဲ့တာ ရှိတယ်။ အမေရိကန် ပြည်ထောင်စုမှာ လူမျိုးပေါင်းစုံ မှီတင်း နေထိုင်တယ်တဲ့။ အဲဒီလို နေထိုင်နေရုံ မကဘူး သူတို့တိုင်းပြည်ဟာ စုစည်းညီညွတ်တဲ့ တိုင်းပြည်တခု ဖြစ်ပါတယ်တဲ့။ မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုး ရှိတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည် တခုလို့ ထင်ပါတယ်။ အဲဒါကို မြန်မာလူမျိုးတွေ ဂုဏ်ယူသင့်တယ်လို့ ထင်တယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လူနည်းစု တိုင်းရင်သား တွေနဲ့ အများစု ဗမာလူမျိုးတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့၊ အတူတကွ ကြီးပွား တိုးတက်ဖို့ နည်းလမ်းတွေ ရှိတယ်လို့ ယုံကြည်ပါတယ်။
မြန်မာ အစိုးရ အရာရှိတွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောာင်တွေ၊ ထိုင်းနိုင်ငံမှာ ရှိတဲ့ လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျနော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အားလုံးသော အဖွဲ့အစည်းတွေက တိုင်းပြည် စည်းလုံး ညီညွတ်ရေး ရရှိဖို့ တကယ်ပဲ ဆန္ဒရှိကြပါတယ်။ ဒါဟာ အင်မတန် ဖြစ်နိုင်တဲ့ ကိစ္စတရပ်ပါ။ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ပဋိပက္ခ တွေကို ကြည့်ရင် အစိုးရ ဆန့်ကျင်ရေး အင်အားစု အတော်များများက ခွဲထွက်ဖို့ပဲ တောင်းဆိုကြတာ များတယ်။ မြန်မာနိုင်ငံ မှာတော့ ဒါမျိုး မတွေ့ရဘူး။ မြန်မာနိုင်ငံသား အားလုံးက ပေါင်းစည်းဖို့ပဲ ဆန္ဒရှိကြတယ်၊ ခွဲထွက်ဖို့ မဟုတ်ကြဘူး။
မေး။ ။ လူမျိုးစုတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ နိပွန်ဖောင်ဒေးရှင်းက အထောက်အပံ့တွေ အများကြီးပေး တယ်၊ ငွေကြေးတွေ အများကြီး ထောက်ပံ့တယ်၊ နောက်ပြီးတော့ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုကြား ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စတွေမှာ ထဲထဲဝင်ဝင် ပတ်သက်လာတာတွေ တွေ့ရတယ်။ မြန်မာနိုင်ငံကို နိပွန် ဖောင်ဒေးရှင်းအနေနဲ့ ဘာကြောင့် ဒီလောက်များပြားတဲ့ ငွေကြေးတွေ အထောက်အပံ့ ပြုရတာလဲ။ ရစရာ ရှိတဲ့ အကြွေးတွေ ကို ဘာကြောင့် လျော်ပစ်တာလဲ။ ဂျပန်နိုင်ငံဟာ ဘာဖြစ်လို့ ရင်းရင်းနှီးနှီး ပိုဆက်ဆံလာရတာလဲ။
ဖြေ။ ။ နိပွန်ဖောင်ဒေးရှင်းဟာ တကမ္ဘာလုံးမှာ လူသားချင်း စာနာတဲ့ အထောက်အပံ့တွေ ပေးနေတဲ့ အဖွဲ့အစည်းပါ။ မကြာသေးခင် နှစ်တွေတုန်းကမှ မြန်မာနိုင်ငံမှာ ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေ တိုးချဲ့လာခဲ့တာပါ။ ဘာဖြစ်လို့ အခုလို လူသားချင်း စာနာတဲ့ အထောက်အပံ့တွေ ပေးရတာလဲ ဆိုတော့ ကျနော့်ရဲ့ ကလေးဘ၀ အတွေ့အကြုံကို အခြေခံတယ်လို့ ပြောရင် ရပါတယ်။ ကျနော် ငယ်ငယ်က ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရတယ်၊ ထမင်း မစားရဘဲ အိပ်ရာဝင်ခဲ့ရတဲ့ အဖြစ်တွေ မကြာခဏ တွေ့ကြုံခဲ့ရတယ်။ ဒီလို တွေ့ကြုံခဲ့တာကြောင့် အာဖရိကတိုက်ကို အစားအစာတွေ ထောက်ပံ့ပေးခဲ့တာ ၂၅ နှစ် ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေကြောင့် အိမ်မဲ့ ယာမဲ့ နေနေရတဲ့ လူတွေ အများကြီးကို အရမ်းဂရုဏာ သက်မိတယ်။ ဒါနဲ့ အထောက်အပံ့ အကူအညီတွေ ပေးဖို့ ဖြစ်လာတာပါ။
ဒုတိယ ကမ္ဘာစစ် ဖြစ်တော့ ကျနော် ၇ နှစ်သား အရွယ်ပါ။ တိုကျိုမြို့ကြီးလည်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားပြီ။ တညတည်း မှာပဲ လူ ၁၈၀၀၀၀ လောက် သေကုန်တယ်။ လူသေအလောင်းတွေလည်း မြင်ခဲ့ရတယ်။ အဲဒီကတည်းက ကျနော့်ရဲ့ ငယ်ရွယ်စဉ် နှလုံးသားမှာ စစ်ရဲ့ အနိဋ္ဌာရုံတွေ ထိထိရှရှ ခံစားခဲ့ရတယ်။ ပြီးတော့ ငြိမ်းချမ်းရေးကို ထူထောင်နိုင်ဖို့ဆိုတာ အလွန် အရေးကြီးပါလား လို့လည်း ရိုးရိုးသားသား ယုံကြည်မိပါတယ်။ စစ်ကြီး ပြီးသွားတော့ ကျနော်တို့ ဂျပန်နိုင်ငံမှာ အစားအစာ တွေ ပြတ်သွားတယ်၊ အဲဒီ အချိန်မှာ မြန်မာနိုင်ငံက ကျနော်တို့ နိုင်ငံကို ဆန် ပို့ပေးတယ်။ မြန်မာတွေ ပေးတဲ့ အစားအစာတွေ အထောက်အပံ့တွေ ရခဲ့တာကို ကျနော်နဲ့ သက်တူရွယ်တူတွေ၊ ကျနော့်ထက် အသက်ကြီးသူတွေ ကောင်းကောင်း မှတ်မိကြပါတယ်။ အဲဒါကြောင့် ဂျပန်လူမျိုးတွေဟာ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးတယ်လို့ ပြောကြတာပါပဲ။
မြန်မာနိုင်ငံကို အကူအညီပေးရတဲ့ ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကျနော်တို့ ဂျပန် နိုင်ငံနဲ့ အနောက်နိုင်ငံတွေက တောင်းဆိုနေတာ နှစ်ပေါင်း အတော်ကြာပါပြီ။ ဒီလို အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ပေးမှုတွေ ရှိသလို၊ ကျနော်တို့ ဂျပန်နိုင်ငံကလည်း ထောက်ပံ့ဖို့ တာဝန်ရှိတယ်လို့လည်း ယုံကြည်တဲ့အတွက် ထောက်ပံ့တာပါ။ တိတိကျကျ ပြောရရင် ဒီလို အထောက်အပံ့တွေ ပေးနိုင်ဖို့ ကျနော်တို့က တောင်းဆိုခဲ့ကြတာပါ။ လူဦးရေ သန်း ၆၀ ရှိပြီး အစိုးရ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံသာ ရှိတဲ့ မြန်မာနိုင်ငံဟာ ဒိမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ မြန်မာအစိုးရအဖွဲ့ တဖွဲ့တည်းက ဆောင်ရွက်ပေးနေရုံနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသွင်ကူးပြောင်းရေး လုပ်ဖို့ ဖိအားပေး တောင်းဆိုတဲ့ ကျနော်တို့ဟာ မြန်မာနိုင်ငံကို ထောက်ပံ့ပေးဖို့ တကယ့်ကို တာဝန်ရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဒီလို သဘောထား အမြင်က ဂျပန်အစိုးရကသာ လက်ခံယုံကြည်တာ မဟုတ်ဘူး၊ ကျနော်တို့ ဂျပန်လူမျိုး အားလုံးက ဒီအတိုင်း လက်ခံထားကြပါတယ်။
မေး။ ။ နိပွန်ဖောင်ဒေးရှင်းဟာ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အစား အစိုးရအဖွဲ့တွေ၊ အစိုးရက ကျောထောက်နောက်ခံ ပြုထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်း လုပ်ကိုင်နေတယ်လို့ ဝေဖန်တာတွေ ရှိပါတယ်။ အစိုးရကို ပေးတဲ့ ငွေကြေးနဲ့ အကူအညီတွေကလည်း နေရာတိုင်းမှာ ရှိနေတဲ့ ထိန်းသိမ်း မရနိုင်တဲ့ အကျင့်ပျက်ခြစားမှုတွေ ကြောင့် မသုံးသင့်တဲ့ နေရာမှာ သုံးသလို ဖြစ်နေတယ်လို့လည်း ပြောကြတယ်။ အဲဒီ အပေါ် ဘယ်လို တုန့်ပြန်မလဲ။
ဖြေ။ ။ ပထမဆုံး အနေနဲ့ ပြောလိုတာက မြန်မာအစိုးရ လာဘ်စားတယ်၊ မစားဘူး၊ အကျင့်ပျက် ခြားစားတာတွေ ရှိတယ် မရှိဘူး ဆိုတာတွေကို ကျနော် မသိဘူး။ ဒါပေမယ့် အာဖရိကတိုက်က နိုင်ငံ တချို့ရဲ့ အစိုးရ အဖွဲ့တွေ လာဘ်စားတာတော့ မှန်ပါတယ်။
ကျနော်တို့ နိပွန်ဖောင်ဒေးရှင်း အနေနဲ့ ဘယ်အစိုးရ အဖွဲ့ကိုမှ ဘယ်တော့မှ ငွေကြေး မပေးဘူးဆိုတဲ့ မူ ရှိတယ်။ အဲဒီမူဟာ ကျနော်တို့ အမြဲတမ်း ကျင့်သုံးတဲ့ မူပါ။ ကျနော်တို့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါ ဒီမူဟာ စည်းမျဉ်း စည်းကမ်းပါပဲ။ မြန်မာ အစိုးရအဖွဲ့ကို ကျနော်တို့ ဘယ်တော့မှ ငွေကြေး ပေးအပ်မှာ မဟုတ်ဘူး။
ဆန်တွေ ဆေးဝါးတွေ ဖြန့်ဝေတဲ့ အခါမှာလည်း ကျနော်တို့ ကိုယ်တိုင်ပဲ အားလုံး ဆောင်ရွက်တယ်၊ ကိုယ်တိုင်ဝယ်တယ်၊ ကိုယ်တိုင် ဖြန့်တယ်။ လူထု အခြေပြု အဖွဲ့အစည်းတွေကို ကျနော်တို့က တိုက်ရိုက် မထောက်ပံ့ဘူး ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ မယ်တော် ဆေးခန်းရဲ့ ပထမဦးဆုံး အဆောက်အအုံ အတွက် လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေကို နိပွန်ဖောင်ဒေးရှင်း ထူထောင်ခဲ့တဲ့ ကျနော့်ဖခင် မစ္စတာ ရိုင်အိုချိ ဆပ်စက၀ (Ryoichi Saskawa) က အကူအညီပေးအပ် လုပ်ဆောင်ပေးခဲ့တာတော့ ရှိပါတယ်။ အခု မယ်တော် ဆေးခန်းဟာ ရန်ပုံငွေ ရဖို့ ပြင်ပကို ထွက်ပြီး ရှာဖွေနေရပါပြီ။ ရန်ပုံငွေအတွက် ကျနော်တို့ဆီလည်း လာပါတယ်။
ကျနော်တို့ ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတွေကိုလည်း အရေးကြီး မကြီး အခြေအနေပေါ် မူတည်ပြီး ဦးစားပေး အဆင့် ခွဲပြီး လုပ်ကိုင်တာလည်း ရှိသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ရဲ့ ရန်ပုံငွေကလည်း အကန့်အသတ် ရှိနေတာကြောင့်ပါ။ အခုဆို လူနည်းစု လက်နက်ကိုင်တွေ ဆီက သတင်းတွေ တုန့်ပြန်တာတွေ ရှိတယ်၊ သူတို့မှာ ဆေးဝါးနဲ့ ဆန်တွေ လိုအပ်နေ တယ် ဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ ဦးစားပေး လုပ်ငန်းကတော့ လိုအပ်နေတဲ့ အဖွဲ့တွေကို ဆန်နဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးသွားမယ်။ လူထု အခြေပြု အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေ ရှိလာရင်လည်း ကျနော်တို့ ကူညီသွားမှာပါ။ ဒါပေမယ့် ကျနော်တို့ စလုပ်ခဲ့တာက ပြီးခဲ့နှစ် အောက်တိုဘာလမှ စခဲ့နိုင်တာပါ။
မေး။ ။ စီးပွားရေးတွေ ကောင်းလာရင်၊ တိုးတက်ဖွံ့ဖြိုးလာရင် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားမယ်လို့ တချို့က ယုံကြည်ကြတယ်။ သမ္မတရုံး ဝန်ကြိး ဦးအောင်မင်းက ဒီလူနည်းစု တိုင်းရင်းသားတွေ ချမ်းသာလာကြရင် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ရဖို့ အစိုးရကို တိုက်ခိုက်ဖို့ မေ့သွားကြမယ်လို့ ပြောခဲ့တယ်။ အဲဒီအချက်ကို လက်ခံပါသလား။
ဖြေ။ ။ လူနည်းစု လက်နက်ကိုင် အုပ်စုတွေနဲ့ မြန်မာအစိုးရအကြား ယုံကြည်မှု တည်ဆောက်ဖို့က အလွန့်အလွန် အရေးကြီးတယ်။ အဲဒီအတွက် နှစ်ဘက်စလုံးက ကြိုးစားရပါမယ်။ ဒီလို ယုံကြည်မှု တည်ဆောက်တဲ့ ကိစ္စဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်အတွက် အလွန် အရေးကြီးတဲ့ အချက်လို့ ကျနော် ထင်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ဘယ်နိုင်ငံခြားသားမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ဒါ ကျနော့် အမြင်ပါ။
အပစ်အခတ် ရပ်စဲလိုက်ရုံနဲ့ ပြဿနာတွေ ရှင်းပြီးပြီးလို့ မဆိုနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူနည်းစု တိုင်းရင်သား တွေရဲ့ လူမှုဘ၀ တိုးတက်မှု ရှိမလာသေးသရွေ့ အပစ်အခတ် ရပ်စဲတာကို လက်ခံနိုင်ကြမှာ မဟုတ်ဘူး။ တဘက်နဲ့ တဘက် အပစ်အခတ် ရပ်စဲလိုက်ပြီးတာနဲ့ အဲဒီ အပစ်ရပ် ငြိမ်းချမ်းရေး အကျိုးဆက်ကို ဒေသခံ ပြည်သူတွေ အမှန်တကယ် ရရှိဖို့ လိုပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်အဖြစ် ဒေသခံတွေကို ထောက်ပံ့ပေးဖို့၊ ဘဝတိုးတက်ရေး ဦးဆောင်ဦးရွက် ပြု လုပ်ဆောင်ပေးဖို့ အဲဒီလို တိကျတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒီကို လာခဲ့တာပါ။
ငြိမ်းချမ်းရေးရဲ့ အကျိုးရလဒ် အကြောင်းပြောရရင် စာသင်ကျောင်းတွေ ဆောက်လုပ် ဖွင့်လှစ်ပေးဖို့၊ ဆေးရုံနဲ့ ဆေးဝါးတွေ ပြည့်စုံအောင် လုပ်ဆောင်ပေးဖို့၊ စိုက်ပျိုး ထုတ်လုပ်ရေးကို အားပေး အထောက်အကူ ပေးဖို့ ဆိုတာတွေလည်း ပါပါတယ်။ ကျနော်တို့ လုပ်ပေးနိုင်တာ အများကြီးပါ။ ဒါတွေဟာ ငြိမ်းချမ်းရေးက ရရှိတဲ့ အကျိုးကျေးဇူး တစုံတရာပါ။ သို့ပေမယ့် ဒေသခံတွေ အနေနဲ့ သူတို့ ဘာတွေ လိုအပ်တယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သိမြင်ဖို့ လိုအပ်သလို၊ သူတို့ ဘာတွေ လိုအပ်နေတယ် ဆိုတာ လူမှုအခြေပြု အဖွဲ့အစည်းတွေကလည်း ကျနော်တို့ကို သတင်းပေး ပြောပြဖို့လည်း လိုပါတယ်။ ဒီလို ပြောပြ ပေးတာဟာ လူမှုအခြေပြု အဖွဲ့တွေ ပါဝင်လုပ်ဆောင်ပေးရမယ့် အပိုင်းတပိုင်းလည်း ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီလို အဖွဲ့အစည်းတွေနဲ့ ဒေသခံ ပြည်သူတွေကို ပြောပြချင်တာက အပစ်ရပ် သဘောတူညီချက် ရပြီးတဲ့နောက်မှာ ဘာတွေ လုပ်ကိုင်ကြမယ်၊ ဆောင်ရွက်ကြမယ် ဆိုတာတွေ စီမံချက်ရေးဆွဲပြီး ကျနော်တို့နဲ့ လာရောက် ဆွေးနွေးပါလို့ ပြောချင်ပါတယ်။ သူတို့ဆီက ရလာတဲ့ အခြေအနေ သတင်းအချက်အလက်တွေကို အခြေခံပြီး ဂျပန်အစိုးရက ပေးမယ့် ပြန်လည် တည်ဆောက်ရေး အထောက်အပံ့တွေနဲ့ ချင့်တွက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။
မေး။ ။ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေကြရတဲ့ လူတွေရဲ့ အသံတွေ၊ တုန့်ပြန်မှုတွေကို နိပွန်ဖောင်ဒေးရှင်းက ဘယ်လို နားထောင်ဖို့ စီစဉ်ထားလဲ။
ဖြေ။ ။ အမျိုးသား ညီညွတ်ရေး ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) လို ဗဟို အဖွဲ့အစည်း ရှိဖို့ လိုပါတယ်။ အဲဒီ အဖွဲ့အစည်းနဲ့ ဒေသခံတွေ အဆက်အသွယ်လုပ်ပြီး သူတို့ လိုအပ်တာတွေ ပြောပြလို့ ရတာပေါ့။ လူထု အခြေပြု အဖွဲ့အစည်းတခု၊ ဒါမှမဟုတ် ရွာတရွာ၊ ဒါမှမဟုတ် ဒေသခံ ရွာသူရွာသား တဦး၊ ဒါမှမဟုတ် တယောက်ချင်းစီ ဆီကို နိပွန်ဖောင်ဒေးရှင်းက ဆက်သွယ်ဖို့ မဖြစ်နိုင်ပါဘူး။ မတူကွဲပြားတဲ့ ဒေသ အသီးသီးက လူတွေရဲ့ လိုအပ်ချက်တွေ ကို စုစည်းအကဲဖြတ် သုံးသပ်ပေးနိုင်ဖို့ အမျိုးသား ဖက်ဒရယ်ကောင်စီက လုပ်ပေးနိုင် မပေးနိုင်တော့ ကျနော် မသိဘူး၊ ဒါပေမယ့် ကျနော်တို့ နိပွန်ဖောင်ဒေးရှင်းနဲ့ ထိတွေ့ ဆက်ဆံဖို့ အဲဒီလို အဖွဲ့အစည်းတခုတော့ ရှိဖို့ လိုပါတယ်။
မေး။ ။ ဂျပန် အထူးသံတမန် တယောက် အနေနဲ့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသား အဖွဲ့တွေနဲ့ မြန်မာအစိုးရ အကြား ဆွေးနွေးနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ အကောင်းဆုံး နည်းလမ်းက ဘယ်လိုနည်းလမ်း ဖြစ်မလဲ ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ဘယ်လူနည်းစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကမှ ပြည်ထောင်စုက ခွဲထွက်ဖို့ မတောင်းဆိုကြ တာဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်းဆုံး မျှော်လင့်ချက်ပါပဲ။
နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ အပစ်အခတ် ရပ်စဲရေး စာချုပ်တွေလည်း အများကြီး လက်မှတ်ရေးထိုးခဲ့ကြ တယ်။ အကြိမ်ကြိမ်လည်း ချိုးဖောက်ခဲ့ကြတယ်။ ဒီတော့ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အခြေအနေကောင်းတွေ ရရှိလာဖို့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကြရပါမယ်။ ယုံကြည်မှု တည်ဆောက်ရေးက သိပ်ကို အရေးကြီးပါတယ်။ ကျနော့်ရဲ့ ပုဂ္ဂလ အမြင်ကို ပြောရရင် နှစ်ပေါင်း ၆၀ သာ ကျော်လာခဲ့ပြီ၊ အင်အားသုံး ဖြေရှင်းတာဟာ တကယ့် အဖြေမှန် မဟုတ်သေးဘူး ဆိုတာပဲ။ ဒါကြောင့် စေ့စပ်စကားဝိုင်းမှာ ထိုင်ကြမယ့် နှစ်ဘက် ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ ဒေသခံ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်နဲ့ သူတို့ လိုလားရာကိုလည်း ထည့်သွင်း စဉ်းစားကြဖို့ အရမ်း အရေးကြီးပါတယ်။
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ မကြာခင် အလျင်အမြန် တိုးတက်လာတာကို တွေ့ရပါ တယ်။ မြန်မာ အစိုးရနဲ့ အမျိုးသား ညီညွတ်ရေး ဖက်ဒရယ်ကောင်စီတို့ ပထမဆုံး အကြိမ် ညှိနှိုင်း ဆွေနွေးပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ မှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲကို လအနည်းငယ် အတွင်းမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ထား ပါတယ်။ ဒီလို တိုးတက်နေတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရမယ်၊ ကိုယ်စားလှယ်တွေ ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူတွေရဲ့ လိုလားချက်ကို နားလည်ပြီး ပြည်သူတွေကို ကိုယ်စားပြုရမယ်။ ပြည်သူတွေရဲ့ လိုလား မျှော်လင့်ချက်ကို ပိုက်ပြီး ဆွေးနွေးပွဲ တက်ဖို့ အရေးကြီးပါတယ်။ ဒီလိုသာ ကိုယ်စားလှယ်တွေ ခေါင်းဆောင်တွေ လုပ်ဆောင်ပေးနိုင်မယ် ဆိုရင် အောင်မြင်မှု ရရှိမှာပါပဲ။
‘Trust-building Is Vitally Important’ တင်မောင်ယု ဆီလျော်အောင် ဘာသာပြန်ဆိုသည်။