မြန်မာနိုင်ငံသားများ လေကြောင်းခရီးသွားလာခြင်း ပိုမိုများပြားလာသည့်အပြင် ကမ္ဘာလှည့် ခရီးသွားများလည်း မြန်မာနိုင်ငံသို့ ပိုမို ဝင်ရောက်လာရာ လေကြောင်းသွားလာမှုနှင့် ပတ်သက်၍ လုံခြုံရေးမှာ အထူးဂရုပြုရမည့် အချက် ဖြစ်လာသည်။
မကြာသေးခင် ရက်ပိုင်းကလည်း တရုတ်နိုင်ငံလုပ် MA-60 အမျိုးအစား မြန်မာ့ လေကြောင်းလိုင်းမှ လေယာဉ်တစီး ကော့သောင်း လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့ပြီး တရက်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံပိုင် အဆိုပါ MA- 60အမျိုးအစား လေယာဉ် တစီးလည်း မတော်တဆမှုဖြစ်ကာ လူ ၂ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် လေယာဉ် မတော်တဆမှုများနှင့် ပတ်သက်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်းဆိုင်ရာ ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်း ထားပါသည်။
မေး။ ။ အခုတလော မြန်မာ့ လေကြောင်းက လေယာဉ်ပျံတွေ ပျံသန်းနေစဉ် မတော်တဆမှုတွေ့၊ စက်ချွတ်ယွင်းမှုကြောင့် ပြန် လည် ဆင်းသက်ရတယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်၊ အဲဒီအပေါ်မှာ DCA ရဲ့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ လေယာဉ်တွေ အရေးပေါ်ဆင်းသက်တာတို့ ၊ မကောင်းလို့ ခရီးစဉ်ဆက်ပြီး မပျံသန်းတာတို့၊ ရာသီဥတုကြောင့် ဖြစ်တာ တွေကတော့ ကျနော်တို့ မြန်မာပြည်တင်မဟုတ်ပါဘူး၊ တခြားနိုင်ငံတွေမှာလည်း ဖြစ်တာပဲ။
ဒါပေမယ့် အင်ဂျင်ပိုင်းပဲဖြစ်ဖြစ်၊ ရာသီဥ တုပဲဖြစ်ဖြစ် မကောင်းတာကို သိလို့ ပြန်ဆင်းလာတာ ဆက်မလုပ်ဘဲ လုံခြုံမှုကို မချိုးဖောက် တာ၊ လိုက်နာတာကို ကျနော်တို့က အသိအမှတ်ပြုရမယ်။
မေး။ ။ လူတွေကြားထဲမှာ လေယာဉ်ပျံ အဟောင်းတွေဖြစ်လို့ ၊ ဝယ်လာကတည်းက မကောင်းတာတွေ မို့လို့ မတော်တဆမှုတွေ ဖြစ်တာလို့ ပြောနေကြတယ်၊ ဒီအပေါ်မှာရော ဘယ်လို ဖြေရှင်းချက်ပေးချင်ပါသလဲ။
ဖြေ။ ။ တကယ်က ဟောင်းတယ်ဆိုတဲ့ ပြဿနာထက် ထိန်းသိမ်းရေးက အရေးကြီးတယ်၊ သစ်တိုင်းကောင်းသလားဆိုတော့ လည်း မပျက်ဘူးလို့ ပြောလို့မရဘူး၊၊ အဓိကကတော့ ထိန်းသိမ်းရေး အပေါ်မှာပဲ မူတည်တယ်၊ ထိန်းသိမ်းမှုမှာလည်း နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ထိန်းသိမ်းမှုဆိုတဲ့ Calendar Year ကိုလိုက်နာရသလို၊ နောက်တမျိုးက ပျံသန်းချိန် နာရီနဲ့ ဆိုင်ပါတယ်၊ နာရီ ၅၀ ပြည့်တာ ၁၀၀ ပြည့်တဲ့ အချိန်မှာ စစ်ဆေးရပါတယ်၊ ဥပမာ လေယာဉ်ပျံဘီးဆိုပါတော့ ဆင်းသက်ခဲ့တဲ့ အကြိမ်ရေ ပေါ်မူတည်ပြီး ကောင်း ကောင်းမကောင်းကောင်းလဲလှယ်ရတယ်။ အင်ဂျင်လည်း ဒီလိုပဲ အသုံးပြုတဲ့ နာရီပြည့်ရင် အသစ်လဲတာတို့ စစ်ဆေးတာတို့ လုပ်ရ ပါတယ်၊ ဒါတွေကို လေကြောင်းလိုင်းတိုင်း ဆင်းရဲ ဆင်းရဲ ချမ်းသာ ချမ်းသာ လိုက်နာ ဆောင်ရွက် ရတယ်၊
ဘေးအန္တရာယ် ကင်းရှင်းရေးကို လေကြောင်းလိုင်းသာမက တာဝန်ရှိတဲ့ ကြီးကြပ်တဲ့ ဌာနတွေဘက်ကပါ လုပ်ဆောင် ရတယ်၊ တခုခုဖြစ်တိုင်းတော့ လေယာဉ်အဟောင်းတွေ ကြောင့်လို့တော့ တရားသေစွပ်စွဲလို့မရပါဘူး။
မေး။ ။ တရုတ်လုပ်လေယာဉ်ပျံတွေ ဖြစ်လို့ မတော်တဆမှုတွေများတယ်၊ MA-60 အမျိုးအစားဆိုရင် မြန်မာပြည်မှာတင်မက အင်ဒိုနီးရှားမှာလည်း မတော်တဆဖြစ်တယ်လေ၊ အဲဒီအပေါ်ရော ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ မြန်မာ့ လေကြောင်းမှာဖြစ်တာ တရုတ်လုပ်တဲ့ လေယာဉ်ပျံတွေကြောင့်လို့ ပြောတာလည်း မမှန်ဘူး၊ လေယာဉ်ပျံကို ကမ္ဘာ့ အသိအမှတ်ပြု စီးပွားဖြစ် ရောင်းချဖို့ တရားဝင်(Type Certificate) ရဖို့က မလွယ်ပါဘူး။ လေယာဉ်ပျံ ကိုယ်ထည်ပိုင်းသတ္တုစပ်တဲ့ နေရာမှာရော ထိန်းချုပ်ရေး အပိုင်းက ပစ္စည်းတွေ ပြုလုပ်ရာမှာလည်း အားလုံးသေချာစိတ်ချရမှ အတည်ပြုပေးရတာပါ။
မေး။ ။ ပြီးခဲ့တဲ့ မေလ ၂၇ နေ့က ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင် တက်ရောက်ပြီး လေကြောင်း ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အစည်းအဝေးက လိုက်နာဆောင်ရွက်ရမယ့် အချက် ၆ ချက်ထုတ်ပြန်ခဲ့တာကို တွေ့ရတယ်၊ အဲဒီအချက် တွေနဲ့ ပတ်သက်လို့ ဘယ်လိုကျင့်သုံးနေပါသလဲ။
ဖြေ။ ။ မတော်တဆမှု တားဆီးရေးမှာ လေယာဉ်ပျံတွေ လုံခြုံရေး ဂရုစိုက်ဖို့၊ လေကြောင်းလိုင်းတွေ အလိုက် လုံခြုံရေး ဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ပီပြင်စွာလုပ်ဆောင်ဖို့၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့(ICAO) ရဲ့ သတ်မှတ်တဲ့ စံ တွေကို လိုက်နာဖို့၊ သတင်းနဲ့ အချက်အလက်တွေကို မျှဝေဖို့၊ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေကို ပြန်သုံးသပ်ပြီး နောင်မဖြစ်ပွား ရေး တားဆီးဖို့၊ လေ ယာဉ်မှူးတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ အယူအဆ(အချိန်အဆ)တွေကို မမှားဖို့ အရေးပေါ်လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ဆိုတဲ့ အချက် ၆ ချက်က တကယ်တော့ အခုမှရှိတာ လိုက်နာတာ မဟုတ်ပါဘူး၊ ဟိုတုန်းကတည်းက ရှိတယ် လိုက်နာခဲ့တာပါ။
အခုဆိုရင် ပြီးခဲ့တဲ့ နှစ်ကတည်းက ပြေးဆွဲလက်စ လေယာဉ်ပျံတွေကို သက်တမ်း ၂၅ နှစ်ထက် ကျော်လွန်ရင် ခွင့်မပြုတော့ဘူး၊ ဒါကြောင့်လည်း မြန်မာ့လေကြောင်းက ပြေးဆွဲလက်စ ဖော်ကာ အမျိုးအစား F-28 ဆို မပျံရတော့ဘူး ရပ်လိုက်ပြီ၊ အဲဒီအပြင်ကို
လေကြောင်းလိုင်း တခုထောင်ပြီဆိုရင် Air Operator Cetificate ရှိရတယ်၊ ဒီလို (AOC) ရဖို့ကလည်း စာရွက်စာတမ်းပိုင်းရော၊ လူတွေရဲ့ အရည် အသွေးရော၊ လေ့ကျင့်မှုတို့ လေယာဉ်တွေကိုလည်း လုံခြုံမှုရှိမရှိ စစ်ဆေးပြီး ပြည့်စုံမှ ထောင်ခွင့်ရှိတာပါ။
မေး။ ။ လေယာဉ် အသစ်တွေ ဝယ်မယ်ဆိုရင် ပိုမကောင်းဘူးလား။
ဖြေ။ ။ သမ္မတကြီး ကလည်း တတ်နိုင်ရင် လေယာဉ် အကောင်းတွေ၊ အသစ်တွေ ဝယ်ယူဖို့ပြောပါတယ်၊ ဒါပေမယ့် တည် ထောင်တဲ့ လေကြောင်းလိုင်းရဲ့ ငွေကြေးတတ်နိုင်မှုကလည်း လိုပါသေးတယ်။ လေကြောင်းလိုင်းထောင်တယ်ဆိုတာ လေယာဉ်ပျံ အရင်းအနှီးတင်မကဘူး၊ လေကြောင်းအာမခံစနစ်နဲ့သွားတာဆိုတော့ လေယာဉ်ပျံ အာမခံကို ပါ ရင်းနှီးမြုပ်နှံရတာ၊ ကျနော်တို့ ဆီက လေကြောင်းလိုင်းတွေက သူများနိုင်ငံက လေကြောင်းလိုင်းတွေလို ပိုက်ဆံ ဒုနဲ့ ဒယ်နဲ့ လုပ်တာမဟုတ်ဘူး။
မေး။ ။ ပုဂ္ဂလိက လေကြောင်းလိုင်း အဲပုဂံဆိုရင် ရှိတဲ့လေယာဉ်ပျံက နည်းနည်း ပျံသန်းတဲ့ ခရီးစဉ်က ပြည်တွင်းရော ပြည်ပ ခရီးစဉ် တွေကို ပျံသန်းနေတယ်၊ ဒါကြောင့် မတော်တဆမှုတွေ ဖြစ်တာလို့ လူတွေကပြောကြတယ်။
ဖြေ။ ။ လေယာဉ်ပျံတစင်းဝယ်ထားပြီး သုံးစွဲတဲ့နေရာမှာ လေထဲရောက်လေလေ စီးပွားရေးအတွက် တွက်ခြေကိုက်လေလေ၊မြေကြီးပေါ်မှာ ရပ်နားထားလေလေ ရှုံးလေလေပဲ၊ ဒါကြောင့် နေ့စဉ် ပြုပြင်ထိန်းသိမ်းရေးက အရေးအကြီးဆုံးလို့ မြင်တယ်။
မေး။ ။ အခုနောက်ပိုင်း လေယာဉ်ပျံကို အသုံးပြုပြီး ခရီးသွားတဲ့လူများလာပြီ၊ ကမ္ဘာလှည့်ခရီးသွားတွေလည်း များလာပြီ ဒါကြောင့် မြန်မာပြည်က လေကြောင်းလိုင်းတွေ အပေါ်မှာ ယုံကြည်မှုရှိအောင် ဘယ်လို လုပ်ဖို့ အစီအစဉ်တွေရှိပါလဲ။
ဖြေ။ ။ လေကြောင်းလိုင်း အပိုင်းကလည်း မြှင့်တင်ဖို့လိုသလို ကျနော်တို့ DCAဘက်ကလည်း လေကြောင်းလမ်းညွန်တဲ့ ကိရိ ယာတွေ မိုးလေဝသသတင်းနဲ့ ပတ်သက်တာတွေ တိုးချဲ့တပ်ဆင်မယ်၊ ကျဉ်းနေတဲ့ လေယာဉ်ကွင်းတွေ ဘေးတိုက်ချဲ့ဖို့ အရှည်ပို ရဖို့ ကိစ္စတွေလုပ်ရမယ်၊ ဒါပေမယ့် ဒါတွေအားလုံးက ချက်ချင်းလက်ငင်းတော့ ဖြစ်တာမျိုးမဟုတ်ဘူး၊ အခုတော့ ဈေးကွက်က လည်းရှိလာပြီ အရင်တုန်းကမသုံးတဲ့ ကွင်းဟောင်းတွေ သုံးချင်တယ်၊ အရင်က နေ့အချိန်ပဲ လေယာဉ်ပျံဆင်းတဲ့ကွင်းကို ညအချိန် လည်းဆင်းချင်တယ်၊ ဒါပေမယ့် အစိုးရ ဘတ်ဂျက်အပေါ်မှာ မူတည်တယ်၊ ဒါကြောင့်လည်း ပုဂ္ဂလိက ပါဝင်ပတ်သက်မှုကို ဖိတ်ခေါ် နေပါတယ်၊ အခုဆို နိုင်ငံတကာလေဆိပ်ကြီး ၃ ခုကို စတင်လုပ်ဆောင်နေပြီ၊ နောက်ဆို ပြည်တွင်းကကွင်းတွေပါ ပုဂ္ဂလိကပေး တော့ မယ်။ ။