သတင်းစာ ဆရာကြီး တဦးလည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဝင်းတင် ဟာ ရန်ကုန်ဆေးရုံကြီးမှာ ကျောက်ကပ် ဝေဒနာ ကုသမှု ခံယူနေရင်း ဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ ကွယ်လွန် သွားပါတယ်။
ဦးဝင်းတင်ဟာ သတင်းစာသမား ဘဝ၊ နိုင်ငံရေးသမား ဘဝနဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ကာလ တလျှောက်လုံးမှာ အာဏာရှင် အစိုးရတွေရဲ့ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ အလားတူ NLD ပါတီ ခေါင်းဆောင် တွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ လွဲချော်မှုတွေကိုလည်း ထောက်ပြ ဝေဖန်သူ တဦးလည်း ဖြစ်ပါတယ်။
ဦးဝင်းတင် ကွယ်လွန်သွားတဲ့ အပေါ် သူ့ကို ကြည်ညို လေးစားကြတဲ့ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာ ဆရာ တချိူ့ရဲ့ အမှတ်တရ ပြောစကားများကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ ထက်နိုင်ဇော် တို့က ဆက်သွယ် မေးမြန်းပြီး စုစည်း ဖော်ပြ လိုက်ခြင်း ဖြစ်ပါတယ်။
စာနယ်ဇင်းလောက အတွက် မဟာဆုံးရှုံးမှု တခုပေါ့ဗျာ၊ နိုင်ငံရေး အတွက်ကတော့ တံတိုင်းကြီး တခု ပြိုလဲတာပဲလို့ ခံယူတယ်။ သူက ကိုယ်ရေးကိုယ်တာကိစ္စ တခုမှ မရှိတဲ့ လူပဲဗျ၊ သတင်းစာနဲ့ ပတ်သက်လာရင် ပြည်သူကို အလုပ်အကြွေးပြုဖို့ပဲ အမြဲတမ်း စဉ်းစားနေတဲ့ ပုဂ္ဂိုလ် တယောက်ပါ။ ထောင်ထဲရောက်တော့လည်း ပြည်သူ အတွက် သူအလုပ် လုပ်ခဲ့တာပဲ။ ထောင်ကိုလည်း မမှုတဲ့ လူပါ။
ကျနော်တို့ အချင်းချင်းမှာလည်း သူက သူ့ကိုယ်ကျိုး အတွက် ဘာတခုမှ မလုပ်ခဲ့ပါဘူးဗျာ။ အများအကျိုး အတွက်ပဲ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ် တယောက်ပါ။ သူက အားလုံးအတွက် သူလုပ်ရမယ့် အလုပ်ကို စေတနာထားပြီး ရိုးရိုးသားသား၊ ကြိုးကြိုးစားစား လုပ်ခဲ့တဲ့သူ တယောက်ပါ။ သူကွယ်လွန်သွားတာ မိသားစုဝင် အစ်ကို တယောက် ဆုံးရှုံးသလို ခံစားရတယ်ဗျာ။ ကျနော်က သူနဲ့ ကြေးမုံ သတင်းစာ တိုက်မှာကတည်းက ရင်းရင်းနှီးနှီး ညီအစ်ကိုလို နေခဲ့ကြတာ ဒီနေ့ အထိ။ သူ့အနေနဲ့ ကောင်းရာ ဘုံဘဝကို ရောက် မယ်ဆိုတာ သေချာပါတယ်။ အဲဒီတော့ ရောက်လေရာ ဘဝမှာ သတင်းစာဆရာ ဖြစ်ပါစေလို့ပဲ ဆုတောင်း ပါတယ်ဗျာ …။
သတင်းစာဆရာကြီး ဦးအုန်းဖေ
လုပ်ဖော်ကိုင်ဖက် ဆိုတာထက် ဦးဝင်းတင်ဟာ ကျနော်တို့ရဲ့ ဆရာသမားပါ။ အဲ့ဒီတုန်းက အခုခေတ် အပြောနဲ့ ပြောရရင် သူက ကြေးမုံမှာ ဒုတိယ အယ်ဒီတာချုပ်ပေါ့။ သူနဲ့ အလုပ်လုပ်ရတာ အများကြီး အဆင်ပြေတယ်။ သူက အလုပ်ကို တကယ် လုပ်တဲ့ လူနဲ့ ပတ်သက်ရင် တူတူ မတူတူ အလေးအမြတ် ပြုတဲ့လူဖြစ်ပါတယ်။
ဟံသာဝတီ သတင်းစာဆိုတာလည်း အဲဒီ့ခေတ်ကာလရဲ့ ပြည်သူပိုင် သတင်းစာခေတ်မှာ အထွန်းပြောင်ဆုံး သတင်းစာပါ။ ဟံသာဝတီဟာ တိုင်းပြည်ရဲ့ အဖြစ်မှန်တွေကို အများကြီး ရေးသားခဲ့တဲ့ သတင်းစာ။ အစိုးရ သတင်းစာ ဖြစ်ပေမယ့် အစိုးရ သတင်းစာနဲ့ မတူတဲ့ သတင်းစာပါ။ အဲဒါကြောင့်လည်း ဟံသာဝတီ ပိတ်သိမ်းတဲ့ အထိ သူပြုတ်ခဲ့တဲ့ အထိ ဖြစ်ခဲ့ပြီးတော့ ရန်ကုန် ပြန်ရောက်တာပါပဲ။ သူဟာ လူသူတော်စင် တယောက်၊ လူပျိုကြီး၊ တကိုယ်တည်း သမားပါ။ ဒါပေမယ့် ကိုယ်ကျင့်နဲ့ ပတ်သက်ပြီးတော့ အငြိအစွန်း၊ အစွန်းအထင်း ဘာမှ မရှိဘူး။ အဲလောက်အထိ သိပါတယ်။
သူကွယ်လွန်သွားတာဟာ တသီးပုဂ္ဂလ၊ မိသားစု တခုအတွက် ဆုံးရှုံးမှု၊ အဖွဲ့အစည်း တခုအတွက် ဆုံးရှုံးမှုမျိုး မဟုတ်ပါဘူး။ တတိုင်းပြည်လုံး အတွက် ဆုံးရှုံးမှုပါပဲ။ သူဟာ ကျနော် သိသလောက် ၁၉၆၆ ခုနှစ် စတင် တွဲဖက်လာကတည်းက တကယ့် လူသူတော်စင်ပါ။ သူ့ဘဝမှာ သူ့ကိုယ်ရေးကိုယ်တာ ဆိုတာက အဓိက မဟုတ်ပါဘူး။ သူ့အသိုင်းအဝိုင်း၊ သူ့အပေါင်းအသင်းတွေ၊ သူ့ရဲဘော်ရဲဘက်တွေ အတွက် သက်ရှင် လှုပ်ရှားနေတဲ့ လူတယောက်ပါ။
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ နိုင်ငံရဲ့သိက္ခာ၊ လူသားများ သိက္ခာ တို့ကို မြှင့်တင် ပေးတဲ့ ဆရာ ဦးဝင်းတင် ကို ဦးညွှတ် ဂါဝရပြုပါတယ်။
(ဦးဝင်းတင် ကွယ်လွန်ခြင်း ဝမ်းနည်းမှတ်တမ်း စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားပေးလိုက်သော စကားများ – ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့၌ သွားရောက် မှတ်တမ်းယူထားပြီး တော်ဝင်နှင်းဆီ ဦးစိုးညွှန့်က ၎င်း၏ ဖေ့စ်ဘုတ် တွင် ဖော်ပြ ထားမှုအား ပြန်လည်ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါတယ်)
ဦးတင်ဦး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်၊ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဟောင်း၊ စာပေအနုပညာရှင်သည် ၂၁-၄-၂၀၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ကွယ်လွန် အနိစ္စရောက်သည့် သတင်း ကြားသိရသဖြင့် မိသားစုနှင့် တကွ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များအားလုံး ဝမ်းနည်းကြေကွဲ၊ နှမြောတသ ဖြစ်ကြရပါသည်။
ဦးဝင်းတင်သည် ၈လေးလုံး အရေးတော်ပုံ စကတည်းက တတ်သိပညာရှင်တွင် ပါဝင်ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား ဝန်းရံကာ ကိုယ်ကျိုးစွန့် အနစ်နာခံ၍ တလျှောက်လုံး ပါဝင်ခဲ့သည်။ ထိုစဉ်ကတည်းက ပြည်သူတို့၏ ပိုင်သည့် လွတ်လပ်မှု၊ ဒီမိုကရေစီကို ပြန်လည်ပိုင်ခွင့် ရစေရန် သူ၏ ဆောင်ရွက်မှု အခန်းကဏ္ဍသည် ကြီးမားထက်မြက် အထောက်အပံ့ပြု ကိစ္စများကို ထိရောက်အောင်မြင်စွာ အကျိုးများစွာ ပြုခဲ့သူ ဖြစ်သည်။
သူ၏ဆောင်ရွက်မှုတွင် မိမိ၏ ယုံကြည်ချက်ကို ခိုင်မြဲစွာ စွဲကိုင်၍ စိတ်ဓာတ်ခိုင်မာသူလည်း ဖြစ်သည်။ နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်း သားများ အတွက် မိမိ၏ အလွန်ထက်မြက်သော ပညာဖြင့် အကောင်းဆုံး အကျိုးပြုခဲ့သည်။ အစဉ်တွေး၊ အစဉ်မေး၊ အစဉ်ရေး ဆို သည့် မူအတိုင်း နိုင်ငံတော်၏ ဂုဏ်တက်စေရာ အကြောင်းအရာများဖြင့် မျက်စိဖွင့်ပေးသူ ဖြစ်သည်။
ယခုလို ကွယ်လွန်သွားသောကြောင့် ဒီမိုကရေစီအင်အားစု အတွက် အတိုင်းမသိ ဆုံးရံှူး နစ်နာရပေသည်။ သူ၏ ဆောင်ရွက်ချက်များကို အစဉ်သတိရ အောက်မေ့နေကြမည် ဖြစ်ပါသည်။
ကောင်းရာ သုဂတိသို့ လားပါစေ။
(တော်ဝင်နှင်းဆီ ဦးစိုးညွှန့်၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားမှုအား ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်)
ဦးမောင်မောင်အေး
ဖဆပလ အစိုးရ ဒု ဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ အတွင်းရေး အတွင်းဝန်ဟောင်း
ဗုဒ္ဓဘာသာအရ ပြောရရင်တော့ သေခြင်း တရားဆိုတာ မလွန်ဆန်နိုင်ဘူးပေါ့။ တိုင်းပြည်အနေနဲ့ ပြောရရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တရပ်ပေါ့ဗျာ။ ဘာလို့လည်း ဆိုတော့ သူဟာ အမှန်တရားဘက်ကနေ အမြဲတမ်း ရပ်တည်ပြီး ပြောခဲ့တဲ့ ပုဂ္ဂိုလ်၊ သူ့ယုံကြည် ချက်က တိုင်းပြည် အတွက်ပဲ။ ကျနော့် တယောက်တည်း အမြင်ပြောရမယ် ဆိုရင် သူဟာ ဝါဒမှာ အစွဲအလမ်းဆိုတဲ့ ဦးတည်ချက် မထားဘူး။ တချို့တွေက ဝါဒအပေါ်မှာ အစွဲအလမ်း ထားတယ်ပေါ့ဗျာ။ သူကတော့ ဒီမိုကရေစီနဲ့ တိုင်းပြည်လူသားတွေ အတွက်ပဲ၊ ကျနော်တော့ အဲဒီလို မြင်တယ်။ သူနေကောင်းနေတုန်းက ကျနော်တို့ သူ့ဆီမှာ လာပြီး ပြောကြရင်း ဆိုကြရင်း ဆွေးနွေးကြရင် ဒါပဲ ပြောကြလေ့ ရှိပါတယ်။ ပုဂ္ဂိုလ်စွဲ ဘာညာမထားဘူး။
ဦးဖေမြင့်
စာရေးဆရာ၊ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ်
ဦးဝင်းတင်က နိုင်ငံရေးထဲ ရောက်သွားတဲ့ သတင်းစာသမားလို့ မြင်တယ်ဗျ။ မူလက သတင်းစာသမား စာပေသမား ဖြစ်တယ်။ သူက အသိအမြင် ပြည့်ဝဖို့ လိုက်ရှာဖွေတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တယောက်က သတင်းစာသမား လုပ်နေပြီးတော့ နိုင်ငံရေးထဲကို ရောက်သွားတဲ့ အခါမှာ နိုင်ငံရေး သမားတွေနဲ့ မတူတဲ့ သဘာဝတော့ သူ့မှာ ရှိတယ်။ အဲဒီထဲကမှ ထူးခြားတဲ့ သဘာဝ ကတော့ သူက ကိစ္စရပ်တွေမှာ သတင်းစာ သမားများကဲ့သို့ပေါ့ဗျာ ဘယ်ဟာသည် အဖြစ်မှန်လည်း ဆိုတာကို ပိုပြီးတော့ အာရုံစိုက်တယ်။ အဲဒါသည် ဘာဖြစ်သွားသလဲ ဆိုရင် မူဝါဒ အပေါ်မှာ တိတိကျကျ ရပ်တည်တဲ့သူ ဖြစ်လာတယ်။ နိုင်ငံရေးသမား အများစုကဲ့သို့ အလျှော့ အတင်း၊ အပေးအယူတွေကို သူထပ်ပြီးတော့ လုပ်ဖို့ ဝါသနာ မပါဘူး။ သူယုံကြည်တဲ့ နေရာကို ခိုင်ခိုင် မာမာ ရပ်တည်တယ်။ အဲဒါသည် သူ့ရဲ့ နိုင်ငံရေးလုပ်တဲ့ နေရာမှာ သူ့ရဲ့လက္ခဏာတခု ဖြစ်လာတယ်။
သူကိုယ်တိုင်လည်းပဲ နိုင်ငံရေး လောကထဲကို သတင်းစာသမား တယောက်လို ဝင်သွားခဲ့တာလို့ပဲ ပြောတယ်။ ဒါကြောင့်မို့လို့ သတင်းစာသမား တယောက်လို ကိုယ်မြင်တဲ့၊ ကိုယ်မှန်တယ်ထင်တဲ့ ကိုယ်ယုံကြည်တဲ့ဟာကို ပြောတယ်ပေါ့ဗျာ။ ဒါကြောင့် သူ့ပါတီထဲမှာ ဆိုရင်လည်း အများလိုက်နေတဲ့ လိုင်းနဲ့ သူနဲ့ တူချင်မှလည်း တူမယ်။ မတူချင်လည်း မတူဘူးပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တခါတလေ သဘောထား ကွဲလွဲရင် ကွဲလွဲမယ်။ ဒါပေမယ့် ကွဲလွဲရင်လည်းပဲ သူ့သဘောထားကို သူပြောတယ်။ သို့သော် နိုင်ငံရေးသမား အမြင်နဲ့တော့ သူပြောင်းလဲတဲ့ အစိတ်အပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို သူ့တို့ရဲ့ နိုင်ငံရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ် သဘောထားပြီး၊ နောက်ဆုံးမှာတော့ ဒေါ်စုရဲ့ အဆုံးအဖြတ်ကို လက်ခံပြီး သူလုပ်တယ်ပေါ့ဗျာ။ သို့သော် သူယုံကြည်တာကိုတော့ သူပြောတယ်။ ကျနော်တို့ အနေနဲ့ကတော့ သူသည် သတင်းစာသမားကနေ လာတဲ့ နိုင်ငံရေးသမား ဖြစ် တဲ့ အတွက်ကြောင့်မို့လို့ သူသည် ထူးခြားတဲ့ လက္ခဏာရှိတဲ့ လူလို့ ကျနော်တော့ မြင်တယ်။
ရဲဘော် ဖိုးသံချောင်း
ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ
ကျနော်က ဦးဝင်းတင်နဲ့ လူချင်းလည်း သိပါတယ်။ ကျနော့် မိဘများ (လူထု ဦးလှ+ လူထု ဒေါ်အမာ) နဲ့လည်း ရင်းနှီးတော့ ကျနော်က သူ့ကို ဦးလေး ဦးဝင်းတင်လို့ ခေါ်ပါတယ်။ ဦးလေး ဦးဝင်းတင် ဆုံးသွားတာဟာ မြန်မာပြည် အတွက် အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ အထူးသဖြင့် အခုလို အချိန်မှာ သူ့ကို အင်မတန် လိုအပ်နေတုန်းမှာ ဆုံးပါးသွားရတာပါ။
ဒီနေ့ မြန်မာပြည် နိုင်ငံရေးမှာ သူ့လို မှန်တဲ့ကိစ္စမှာ ဘာမှမထောက်ထားဘဲ ခရိုနီတွေ၊ NGO တွေရဲ့ကျေးဇူးလည်း ဘာမှ ထောက် ထားစရာ မလို၊ နောက် ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ရဲ့ မေတ္တာတော်ကိုလည်း ငဲ့နေစရာ မလိုတဲ့ ကိုယ့်ယုံကြည်ချက် အမှန်တရား အပေါ်မှာ ရဲရဲကြီး ရပ်ပြောနိုင်တဲ့သူ မြန်မာပြည်မှာ မရှိတော့ပါဘူး။ သိပ်ကို နည်းသွားပါပြီ၊ အမျိုးမျိုး ပြောနေကြတဲ့ သူတွေတော့ ရှိပါတယ်။ ဒါပေမယ့် သူ့လို သြဇာရှိတဲ့ ပြောနိုင်တဲ့လူ မရှိတော့ပါဘူး။
အရင်က သူ့လို သြဇာရှိတဲ့ ပြောနိုင်တဲ့လူတွေ ရှိသေးတယ်၊ လူထု ဦးစိန်ဝင်းတို့၊ ဆရာ ဒဂုန်တာရာ တို့ ရှိခဲ့တယ်။ အခုတော့ တယောက်မှ မရှိတော့ဘူး။ တိုင်းပြည်မှာ အင်မတန် ကြီးမားတဲ့ ဟာကွက်ကြီး ဖြစ်ပေါ်လာတယ်။ ဒီနေ့ အချိန်အခါက တိုင်းပြည်မှာ ရှုပ်ရှုပ်ထွေးထွေးတွေ၊ အလိမ်လှိုင်းတွေ၊ အညာလှိုင်းတွေ အများကြီး မှုန်ဝေဝါးနေတဲ့ ကာလမှာ ဆရာဦးဝင်းတင်လို ပုဂ္ဂိုလ် တယောက် လိုအပ်ပါတယ်။ အဲဒီလို အချိန်မှာ ဦးလေး ကျနော်တို့ကို ခွဲခွာသွားတာဆိုလို့ ရှိရင် ကျနော်တို့ တိုင်းပြည် အတွက် ပြည်သူလူထုတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဦးမြအေး
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
ဂုဏ်တော်တွေ ဖွဲ့ပြီးတော့ ပြောမနေချင်တော့ဘူး။ ဘဘဦးဝင်းတင်ရဲ့ ပေးဆပ်ခဲ့တဲ့ သမိုင်းကို အကုန် သိကြပြီးသားပဲ။ ပြောချင် တာ က သေဆုံးသွားတဲ့ အချိန်အထိကို ရပ်တည်ချက် ပြတ်သားမှု ရှိတယ်။ ကိုယ်ရပ်တည်ထားတဲ့ ရပ်တည်ချက် အပေါ်မှာ နည်းနည်းမှ ယိမ်းယိုင် မသွားဘဲနဲ့ ကြံ့ကြံ့ခံနေတာဟာ ကျနော်တို့ ဂုဏ်ပြု ၊ အတုယူ လေးစားရမယ့် နိုင်ငံရေး သမားကြီး တယောက် ဖြစ်တယ်။ သူကွယ်လွန်သွားတဲ့ အချိန်မှာလည်း ဘယ်သူ့ကိုမှ ဒုက္ခသုခ မပေးချင်တဲ့ ဆန္ဒနဲ့ သေရင် ချက်ချင်း သင်္ဂြိုဟ် ပေးဖို့ ဆန္ဒရှိခဲ့တယ်။ သူဘာမှ မမက်မောခဲ့ဘူး။ တိုင်းပြည် အတွက်ပဲ လုပ်ခဲ့တယ်။ အဘလို ပေးဆပ်ရဲတဲ့သူတွေ အတွက် တကယ် ထိုက်တန်တဲ့ နေရာဆိုတာ ရှိပြီးသားပါလို့ပဲ ပြောချင်တယ်။
အဘ ဦးဝင်းတင်က သတင်းစာဆရာ။ တကယ့်ကို သတင်းစာဆရာ အလုပ်ကို ရဲရဲကြီးနဲ့ ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ်။ ၈၈ နောက်ပိုင်းမှာတော့ နိုင်ငံရေး နယ်ပယ်ထဲကို ရောက်သွားတာပေါ့နော်။ သတင်းသမား တယောက် အနေနဲ့ သတင်းလွတ်လပ်ခွင့် အတွက် အမြဲတမ်း ရပ်တည်ခဲ့တယ်။ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ လွတ်လာပြီး နောက်ပိုင်းမှာလည်း အသက်အရွယ်ကြီးလာလို့ သတင်းကို မလုပ်နိုင်တော့ပေမယ့် သတင်းသမားတွေရဲ့ကိစ္စတွေကို အမြဲတမ်း စိတ်ဝင်စားနေတယ်။ သူက သတင်းသမားဘဝ၊ နိုင်ငံရေး သမား ဘ၀ ဆိုပြီး ဘဝနှစ်ခု ဖြတ်သန်းခဲ့ရတယ်။ သတင်းစာဆရာဘဝကို တော်တော်လေး မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။
ဒေါ်သန်းမြင့်အောင်
နာရေးကူညီမှု အသင်း(ရန်ကုန်)
အဘဦးဝင်းတင် ဆုံးသွားတာ တိုင်းပြည် အတွက် အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ နိုင်ငံရေး အရရော၊ စာပေ အရရော၊ သတင်းစာဆရာ တယောက်ရဲ့သမိုင်း ၊ နိုင်ငံရေးသမား တယောက်ရဲ့သမိုင်း၊ ပြီးတဲ့ အခါကျတော့ သူရဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်နဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်ပေါ့နော်။ အဲဒီလို စိတ်ဓာတ်မျိုးကို နှောင်းလူတွေ နမူနာယူဖို့ ကောင်းတယ်။ သူဟာ ဘယ်တော့မှ တောင်ပံ မကျိုးတဲ့ “သံမဏိ လိပ်ပြာ” လို့ပဲ ပြောချင်တယ်။
ဦးမင်းသူ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဘဘ ဦးဝင်းတင်က ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကနေ ဒီနေ့ ကွယ်လွန်သွားတဲ့ အချိန်အထိအောင် လူထု လိုလားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု ကာလ တလျှောက်လုံးမှာ အပေးဆပ်နိုင်ဆုံး ပုဂ္ဂိုလ်တယောက်ပါ။ ၁၉၈၉ ခုနှစ် ကနေ ၂၀၀၈ ခုနှစ်ထိအောင် အကျဉ်းထောင်ထဲမှာ နေခဲ့ရတယ်။ သူ့ယုံကြည်မှု အတွက် ထောင်ထဲမှာ တလျှောက်လုံး နေခဲ့တယ်။ ဘဘရဲ့ ဖြတ်သန်းမှု သမိုင်းကို ကြည့်မယ် ဆိုရင် တကယ်တမ်းကျတော့ နိုင်ငံရေးသမား တယောက်အနေနဲ့ မွေးဖွားလာတာ မဟုတ်ဘဲ အနုပညာသမား၊ စာပေနဲ့ သတင်းစာ အသိုင်းအဝိုင်းကနေ မွေးဖွားလာခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် ပိုပြီးထူးခြားတယ်။ နိုင်ငံရေးသမား တယောက်က ယုံကြည်ချက် ခိုင်မာတယ်ဆိုတာ ပြောစရာ မရှိပေမယ့် အနုပညာ၊ စာပေ အသိုင်းအဝိုင်းက ဒီလောက် အထိ ယုံကြည်ချက် ခိုင်မာလာတာကတော့ မြန်မာ့သမိုင်းမှာ မရှိခဲ့တဲ့ ပေးဆပ်နိုင်မှုပါပဲ။
ဦးကျော်စိုးနိုင် (ခ) ကိုဘောကြီး
လုံခြုံရေးနှင့် မှတ်တမ်းရယူရေး သတင်းထောက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အဘက စိတ်ဓာတ် အရမ်းကြံ့ခိုင်တယ်။ စည်းကမ်း ရှိတယ် ။ စိတ်ကလည်း မာတယ်ဗျာ။ ဖြောင့်မတ်တယ်။ အလေးစားဆုံးက အဘရဲ့ စိတ်ဓာတ်ပဲ။ ခံစရာ ရှိရင်လည်း ရဲရဲကြီး ခံတယ်။ အဘကို ချစ်လည်း ချစ်တယ်။ အခုလို မထင်မှတ်ဘဲ ကွယ်လွန်သွားတဲ့ အတွက် အရမ်းဝမ်းနည်းတယ်။ ၈၈ ခုနှစ် ကတည်းက တွဲလာတယ်ဆိုတော့လေ။ စိတ် မကောင်းဘူး။