ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် စောရန်နိုင်က East-West Center ရဲ့ 2014 Jefferson Fellowship ကို ပါဝင်ခွင့်ရခဲ့ပါတယ်။ မတ်လမှာ သူ အပါအဝင် Jefferson Fellowship မှာ ပါဝင်ခဲ့တဲ့ နိုင်ငံတကာက သတင်းထောက်တွေ အင်ဒိုနီးရှားသမ္မတသစ် ဖြစ်လာမယ်လို့ နာမည်ကြီးနေတဲ့ ဂျာကာတာ မြို့တော်ဝန် Joko Widodo ဂျိုကိုဝီဒိုဒိုနဲ့ ဂျာကာတာမြို့မှာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဂျာကာမြို့တော်ဝန်ဟာ Jokowi ဂျိုကိုဝီ လို့ လူသိများပြီး လာမယ့် ဇူလိုင်လ ၉ ရက်နေ့မှာကျင်းပမယ့် အင်ဒိုနီးရှား သမ္မတသစ် ရွေးကောက်တင်မြှောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်။ သူ့ကို သမ္မတသစ်အဖြစ် အရွေးခံရဖို့ အလား အလာများတယ်လို့ အများက ခန့်မှန်းပြောဆိုနေကြပါတယ်။
မေး။ ။ မြို့တော်ဝန်ခင်ဗျား။ ခင်ဗျားအကြောင်းနဲ့ လက်ရှိလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြောပြစေချင်တယ်။
ဖြေ။ ။ လူတော်တော်များများက ကျနော့်ကို ပြောတယ်ပေါ့၊ ကျနော်က တခြားမြို့တော်ဝန်တွေနဲ့ မတူဘူးတဲ့။ တခြားမြို့တော်ဝန်တွေက သူတို့ရုံးမှာပဲ နေပြီး အလုပ်လုပ်ချင်တယ်။ ကျနော်ကတော့ ရုံးမှာ တနေ့ကို အများဆုံး ၁ နာရီလောက်ပဲ နေတယ်။ များသောအားဖြင့် လူထုတွေနဲ့ သွားပြီးစကားပြော တယ်။ ဈေးတန်းမှာကော၊ ကမ်းနားမှာကောပေါ့။ သူတို့ ဘာတွေလိုချင်တယ်၊ ဘာတွေ လိုအပ်နေလဲ ဆိုတာ မေးပါတယ်။ သူတို့တွေက ခေါင်းဆောင်တွေ အလုပ်လုပ်တာ မြင်ချင်ကြတယ်။ လူထုဆီကပဲ လေ့လာပြီး ကျနော့်ရဲ့ပေါ်လစီကို ရေးဆွဲပါတယ်။ လူထုက ခင်ဗျားရဲ့ခေါင်းဆောင်မှုကို ယုံကြည်ပြီ ဆိုရင် ကိုယ့်ရဲ့ အစီအစဉ်တွေ တိုးတက်မှုတွေလုပ်ဖို့ မိတ်ဆက်ရတာ ပိုလွယ်သွားတယ်။
ကျနော် ဆိုလိုမြို့မှာ အတွင်းဝန်လုပ်တာ ၇ နှစ် ကျော်တယ်။ အခုဆိုရင် ဂျာကာတာ မြို့တော်ဝန် ဖြစ်နေပြီ။ ကျနော်လူထုနဲ့တွေ့တိုင်း သူတို့က ခေါင်း ဆောင်တွေ ဘာတွေလုပ်နေတယ်ဆိုတာ သိချင်ကြ တယ်၊ မြင်ချင်ကြတယ်။
ဥပမာပြောရမယ်ဆိုရင် ကွင်းထဲရောက်တဲ့အခါ မှာ သူတို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စောင့်ရှောက် မှုတွေ မေးတယ်။ ကျနော့် အစီအစဉ်ထဲက ဂျာကာတာ ကျန်းမာရေး ကတ်ပြား Jakarta Health Cards ထုတ်ပေး ပါတယ်။ လူထုဆီကို ကျနော်တို့ ၃ ဒသမ ၅ သန်းကျော် ဖြန့်ဝေပြီးပါ ပြီ။ အဲဒီကတ်နဲ့ ပြည်သူပိုင်ဆေးရုံ၊ ဆေးခန်းတွေ အခမဲ့ ကျန်းမာရေး ကုသမှု ရယူနိုင်တယ်။ လူထုတွေ နဲ့ တွေ့ပြီး သူတို့ဆီက ဒါတွေ တောင်းဆို လာတဲ့အတွက် ဒီအစီ အစဉ်ကို လုပ်ရတာဖြစ်တယ်။
ဂျာကာတာ စမတ်ကတ် Jakarta Smart Cards တွေလည်း ရှိပါတယ်။ ဒါကတော့ ပညာရေး အတွက်ပါ။ ကျနော်လူထုဆီသွားတဲ့အခါ ပညာရေး နဲ့ ပတ်သက်ပြီး မေးကြည့်တယ်။ သူတို့က အစိုးရကို ပညာရေး ကုန်ကျ စရိတ်တွေ တာဝန်ယူစေချင် တယ်။ ဥပမာအားဖြင့်ဆိုရင် ကျောင်းသားယူနီဖောင်း ဝတ်စုံတွေ၊ ဖိနပ်တွေ၊ ကျောင်းသားကယ်ရီလုပ်တဲ့ ကားတွေပေါ့။ ဒါတွေက ဆင်းရဲတဲ့ ပြည်သူတွေ အတွက် အရမ်းအရေး ကြီးတယ်။ ဒီမိုကရေစီဆိုတာ တိုင်းသူပြည်သားတွေရဲ့ဘဝကို မြှင့်တင်ဖို့ပဲ။
မေး။ ။ အားနည်းနေတဲ့ ကျန်းမာရေး အစီအစဉ်ကို ဘယ်လိုဆက်ပြီး ပြုပြင် သွားဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ အစီအစဉ်တွေ စွဲထားပြီးသားပါ။ လုပ်လည်းလုပ်နေပါတယ်။ ဥပမာအားဖြင့် ဂျာကာတာ ကျန်းမာရေးကတ်ပြားတွေပေါ့။ အဲဒါကကျန်းမာ ရေးအပိုင်းပေါ့။ ပညာရေးအပိုင်းမှာဆိုရင် ဘဏ် တွေနဲ့ ဆက်သွယ်ပြီး ဂျာကာတာ စမတ်ကတ်တွေ လုပ်ပေးတယ်။ ကလေးတွေ၊ ဆင်းရဲတဲ့ မိသားစုတွေ ကိုပေးပါ တယ်။ ပြီးတော့ “Electronic” ရန်ပုံငွေ၊ အွန်လိုင်း အခွန်ကောက် နည်းစနစ်လို့ ခေါ်တဲ့ “Online Tax” တွေ လုပ်ထားပါတယ်။
လူထုဆီသွားတဲ့အခါ သူတို့ကိုမေးတယ်၊ ဘာ တွေလိုအပ်နေလဲ၊ ဘာရချင်လဲပေါ့။ အရေးကြီးဆုံး ကတော့ ဘယ်လိုနည်းစနစ်တွေ တည်ဆောက်ကြ မလဲ ဆိုတာပဲ။ ကောင်းတဲ့စနစ်တွေ တည်ဆောက် မယ်ဆိုရင် ပြည်သူတွေ ယုံကြည်မှာပဲ။
မေး။ ။ လာဘ်စားမှုနဲ့ပတ်သက်ပြီး ပြည်သူတွေ ခင်ဗျား ကိုဘာပြောသလဲ။
ဖြေ။ ။ သူတို့က နည်းစနစ်ကို ဝေဖန်အပြစ်တင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ သူတို့ နိုင်ငံသားကတ် (ID) ကို လုပ်တဲ့အခါမှာ တလ၊ တလခွဲအထိ စောင့် ရမယ်။ ဒါပေမယ့် သူတို့ မြန်မြန်လုပ်ပေးဖို့ ပြောတဲ့ အခါမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေကို လာဘ် ထိုးရတယ်။ ကတ်မြန်မြန်ရဖို့ ပိုက်ဆံပေးရတယ်။ ဆိုတော့ အရေးကြီးဆုံးကတော့ ဒီနည်းစနစ်တွေကို ပယ်ဖျက်ပြီး စနစ်သစ်ကို ဘယ်လိုတည်ဆောက်ကြ မလဲ ဆိုတာပဲ။ ကျနော် Delivery စနစ် ဆိုတာ လုပ်ထားတယ်။ One Stop Services ပေါ့။ အရင် တုန်းကဆိုရင် ID ကတ်ရဖို့ သုံးပတ်၊ တလလောက် ကြာတယ်။ အခု တရက်နဲ့ ရတယ်။ အိမ်ထောင်စု ကတ်ပြားတွေ အရင်တုန်းက တလလောက် ကြာ တယ်။ ဒါပေမယ့် အခုက ၅ ရက်ပဲ ကြာတယ်။ Credit ကတ်တွေ အရင်တုန်းက တလကနေ ခြောက်လအထိ ကြာတယ်။ အခုဆိုရင် ၂ ပတ် လောက်ပဲ ကြာတယ်။ နည်းစနစ်ကောင်းတွေ တည် ဆောက်နိုင်ရင် လာဘ်စားမှုကို လျှော့ချနိုင်ပါတယ်။
မေး။ ။ ဂျာကာတာမြို့တခုပဲလား။ တနိုင်ငံလုံးအတိုင်း အတာ မဖြစ်သင့်ဘူးလား။
ဖြေ။ ။ ဟုတ်ပါတယ်၊ ဖြစ်သင့်တာပေါ့။ လုပ်လည်း လုပ်နိုင်ပါတယ်။ ကျနော်တို့ စနစ်ကို အတုယူပြီး တခြားနေရာ တွေမှာလည်း လုပ်လို့ရတာပေါ့။ လွယ် လွယ်လေးပဲ။ ကျနော့်ရုံးကိုလာပြီး အစီအစဉ်တွေ ဘယ်လိုရှိလဲဆိုတာ ပြောပြလို့ရတယ်။ စနစ်တွေက လည်း တအားလွယ်တယ်။ အကုန်အကျလည်း မများဘူး။
မေး။ ။ ခင်ဗျားက သမ္မတသစ်ဖြစ်ဖို့ နာမည်ကြီးနေ တယ်ဆိုတော့။ လာမယ့် သမ္မတ ရွေးကောက်တင် မြှောက်ပွဲမှာ ဘယ်လိုမျှော်လင့်ထားလဲ။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး ခုလောလောဆယ် ဘာမှ မစဉ်းစားထားသေးပါတယ်။ အခု ကျနော့်လုပ်ငန်းဖြစ်တဲ့ ဂျာကာတာမြို့တော်ဝန်ကိုပဲ အာရုံစိုက်ပါ တယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော့်ပါတီကိုပဲ မေးတာ ကောင်းပါ တယ်။ ကားလမ်းကျပ်တာ၊ ရေ ကြီးတာနဲ့ ပတ်သက်ရင်တော့ ကျနော် ဖြေလို့ရပါတယ်။
မေး။ ။ ကားလမ်းကျပ်တာနဲ့ ပတ်သက်ပြီး မေးစရာရှိပါတယ်။ Infrastructure တွေ၊ အများ သုံး ပို့ဆောင်ဆက်သွယ်ရေးတွေနဲ့ ပတ်သက်ပြီး ဘာအခက်ခဲတွေ ကြုံတွေ့နေရလဲ။
ဖြေ။ ။ မနှစ်က အောက်တိုဘာလမှာ ကျနော်စီမံကိန်း တချို့ ဆုံးဖြတ်ထားပြီးပြီ။ မနှစ်ကစပြီး စီမံကိန်းတွေ လည်း စနေပါပြီ။ အဓိကတော့ ပို့ဆောင်ဆက်သွယ် ရေး၊ လမ်းဆုံ မီးပွိုင့်တွေ၊ အီလက်ထရောနစ် ဝန်ဆောင်မှုတွေ ပေါ့။ ကားရပ်တဲ့နေရာတွေ များများ ထားဖို့။ အခွန်ကောက်စနစ်တွေ တိုးမြှင့်ဖို့။ ကျနော် ယုံကြည်ပါတယ်၊ ဒီအစီအစဉ်က အများသုံးပို့ဆောင် ဆက်သွယ်ရေးပြဿနာကို ဖြေရှင်းနိုင်ပါတယ်။
ဈေးသက်သာတဲ့ လူနေတိုက်ခန်းတွေ (Low-cost Apartment) အပါအဝင် တခြားစီမံကိန်း တွေ အများကြီး လုပ်ဆောင်နေတာ သိရတယ်။ဆိုတော့ ငွေကြေးအထောက်အပံ့တွေ၊ အရင်းအမြစ်တွေ ဘယ်လိုရပြီး ဘယ်လို စီမံခန့်ခွဲလဲ။ နောက်တခုက အင်ဒိုနီးရှားဟာ ကျန်းမာရေးဝန်ဆောင်မှုအပိုင်းမှာ အားနည်းနေသေးတယ် ဆိုတော့ ဒါကို ခင်ဗျား ဘယ်လိုဖြေရှင်းမလဲ။
ကျနော့် စီမံကိန်းအတွက် ကုန်ကျစရိတ်တွေက အစိုးရဘတ်ဂျက်ကလာတာပါ။ မနှစ်က ဘတ်ဂျက် ဆိုရင် ၄၁ ထရီလျံ ရူပီးယား (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ) ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာ ကျတော့ ကျနော့် အစီအစဉ်တွေ စပြီး အကောင် အထည်ဖော်နေပြီဖြစ်တဲ့အတွက် အခု ကျနော်တို့ ဘတ်ဂျက်က အမေရိကန် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံမှာ ရှိနေတယ်။ ဆိုတော့ စီမံကိန်းအတွက် ဘတ်ဂျက်တွေတိုးလာပါတယ်။ ကျနော်တို့ စီမံကိန်း တွေ စပြီးအကောင်အထည်ဖော်တဲ့အတွက် ဘတ် ဂျက်တွေ နှစ်ဆလောက် တိုးလာတယ်။ ဒီ ပိုက်ဆံ တွေ အားလုံးဟာ ကျနော်ရဲ့အစီအစဉ်တွေအတွက် သုံးတာပါ။ ဆင်းရဲသားအတွက် လုပ်တာပါ။ ဈေး သက်သာတဲ့ လူနေတိုက်ခန်းတွေ ဆောက်ပေးတာ စတာ တွေပါ။ အရင်နှစ်ကဆိုရင် ဝင်ငွေနည်းတဲ့ လူတွေ တိုက်ခန်းငှားနေဖို့ အရမ်းခက်တယ်။
မေး။ ။ ခင်ဗျားရဲ့စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့ နေရာမှာကော၊ ခင်ဗျားရဲ့ ဘဝအောင်မြင်မှုအတွက်ပါ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲ။
ဖြေ။ ။ ကျနော်တို့ ဒီအစီအစဉ်တွေ အကောင်အထည် ဖော်တဲ့အခါမှာ အရင်းခံ ပြဿနာတွေကို အရင် ရှင်းလင်းရ ပါတယ်။ လူတိုင်းက ကျနော့်အကြောင်းကို သိတယ်။ ကျနော် ကလေးဘဝကဆိုရင် ကျနော် ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတာမဟုတ်ဘူး။ ဩဇာအာဏာညောင်းတဲ့ လူကုံထံ အသိုင်းအဝိုင်းက လာတာ မဟုတ်ဘူးဆိုတာ လူတွေသိကြတယ်။ ကျနော်ကိုယ်တိုင်တောင် နားမလည်နိုင်ဘူး။ အခု ဒီနေရာ (မြို့တော်ဝန်ရာထူး) ရောက်နေတယ်ဆိုတာ။ မထင်မှတ်တဲ့ မတော်တဆမှုတခုလိုပဲနော် (ရယ်လျက်)။
မေး။ ။ ဒီက ပြည်သူလူထုတွေ ဆန္ဒပြမယ်ဆိုရင် အာဏာပိုင်ဆီ ခွင့်တောင်းရလား။
ဖြေ။ ။ ဟုတ်ပါတယ်၊ ခွင့်တောင်းရပါတယ် ဘာဖြစ် လို့လဲဆိုတော့ ဒါက နိုင်ငံတော်ရဲ့ ဥပဒေတခုပါပဲ။ ကျနော်ကတော့ သူတို့ ကျနော့်ရုံးရှေ့မှာ ဆန္ဒပြတာ တွေ့ရင် သူတို့ကို ကျနော့်ရုံးခန်းထဲဖိတ်ခေါ်ပါတယ်။ ပြီးတော့ ဆွေးနွေးပါ တယ်။ တခါတလေကျတော့ ဆန္ဒပြတဲ့နေရာကို ကျနော် တန်းသွားပါတယ်။ အခုဆိုရင် ကျနော့် မြို့တော်ခန်းမ ကို လူတွေလာချင်ကြ တယ်။ ကျနော်နဲ့ တွေ့တယ်။ ပြီးတော့ ကျနော့်ကို တိုင်တန်းစရာတွေရှိရင် တိုင်တယ်။ တခါတလေ ကျနော်ပဲ ဆုံးဖြတ်ပေးတယ်။ တခါတလေကျတော့ ကျနော့် တယောက်တည်းသဘောနဲ့ ဆုံးဖြတ် လို့ မရတဲ့အတွက် သူတို့ကို တလ၊ နှစ်လ၊ တနှစ်၊ နှစ်နှစ် လောက် စောင့်ခိုင်းတယ်။ သူတို့တောင်းဆိုတဲ့ ကိစ္စ ပေါ် မှုတည်တာပေါ့။ အရေးကြီးတာကတော့ လူထု ရဲ့ ယုံကြည်မှုကို ရဖို့ပါပဲ။ ခေါင်းဆောင်တွေအပေါ် ယုကြည်မှုရှိဖို့က အဓိကအချက်ပါပဲ။ အဲဒီ ယုံကြည် မှုကို ရပြီဆိုရင် ပေါ်လစီတွေ၊ လုပ်ငန်း အကောင် အထည်တွေဖော်ဖို့ အရမ်းလွယ်ကူသွားတယ်။