ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ည သန်းခေါင်ယံအချိန်မှာ သံဃာတချို့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် လူတချို့ ဝင်ရောက်စီးနင်းပြီး ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်ပါတယ်။ ဒီလို စီးနင်းချိတ်ပိတ်မှုကြောင့် ဂယက်ရိုက်မှုများစွာရှိခဲ့ပြီး ဒီကနေ့မှာ သာသနာရေး ဦးစီးဌာနကလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်နဲ့ချီပြီး ပိုင်ဆိုင်မှုအတွက် အခြေအတင် ဖြစ်နေတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးနဲ့ ပတ်သက်လို့ စတင်တည်ထောင်သူဖြစ်တဲ့ ပီနန်ဆရာတော်ကြီး အရှင်ပညာဝံသကို ဧရာဝတီ အကြီးတန်း သတင်းထောက် လင်းသန့်က ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ပါတယ်။ ပီနန်ဆရာတော်ကြီးက လတ်တလောမှာ ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေပါတယ်။
မေး။ ။ (ဇွန်လ ၁၀ ရက်နေ့) ညကပဲ မဟာသန္တိသုခကျောင်းကို ဝင်းရောက်စီးနင်းတာ၊ သိမ်းပိုက်တာ၊ ချိတ်ပိတ်တာနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပေးပါ ဘုရား။ ဘာတွေ ဆက်လုပ်သွားမယ် ဆိုတာလည်း သိပါရစေ ဘုရား။
ဖြေ။ ။ အခု အခြေအနေကတော့ အသေအချာ မသိရသေးဘူး။ တချို့ သတင်းတွေအရပဲ ကြားတာဆိုတော့လေ။ တခုတော့ ရှိတာပေါ့၊ ဒီကိစ္စက အငြင်းပွားနေတဲ့ ကျောင်းဆိုပြီး သူတို့ ပြောနေကြတယ်လေ။ အမှန်တော့ အငြင်းပွားတာ မဟုတ်ဘူး။ အမှန်တော့ ဒီကျောင်းရဲ့ မူရင်းက ၁၉၉၅ ခုနှစ်က ဘုန်းကြီးကို မြေရော၊ ပုဂ္ဂလိက နာမည်နဲ့ လှူထားတာလေ။ အဲဒီတုန်းက စပြီးတော့ ဘုန်းကြီးလည်း တည်ထောင်ခဲ့တာပဲလေ။ ယာယီကျောင်းလေးနဲ့ ၂ နှစ် ၃ နှစ်နေလာပြီး နောက်မှ သာသနာပြု လုပ်ငန်းတွေအတွက် အလှူ ရှင်တွေနဲ့လုပ်တော့ ဒီကျောင်းတိုက်ကြီး ဖြစ်လာတယ်ဆိုပါတော့။
အဲဒီတော့ ဘုန်းကြီးက တည်ထောင်ခဲ့တာပဲလေ။ လှူမယ့်သူတွေကလည်း အားပေးကြတော့ ဆက်လုပ်ဖြစ်တယ်။ Sunday School တို့ ဘာတို့ လုပ်ပြီးတော့ ကျောင်းသားတွေ များလာတယ်။ ၃ ထောင်၊ လေးထောင်အထိ ဖြစ်လာတယ်။ ကျူ ရှင်တွေ ပေးပြီးသင်တယ်၊ အားလုံး ၂ နှစ်သင်တန်းတွေပြီးတော့ အဲဒီဘုန်းကြီးအားလုံးဟာ အခု နိုင်ငံခြားမှာ အကုန်ရောက်နေပါပြီ။ အဲဒီကနေ ၂၀၀၂ ခုနှစ်မှာ ဘုန်းကြီးကလည်း မရှိဘူး၊ နိုင်ငံခြားမှာ သွားနေတဲ့အခါ ကျတော့ သူတို့က နည်းနည်း ရှုပ်ရှုပ်ပွေပွေတွေ ဖြစ်လာတယ်လို့ ပြောတယ်။
ဘာတွေ ဖြစ်လာလည်းဆိုတော့ ကော်မတီတွေမှာ အဂတိ လိုက်စားမှုတွေ ဖြစ်လာတယ်။ ဥက္ကဋ္ဌလုပ်တဲ့သူက ထွက်တော့မယ် ဆိုတာတွေ ဖြစ်လာတယ်။ အဲတော့ ဗိုလ်ချုပ်ခင်ညွန့်ကို သွားပြောတယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာလည်း သတင်းတွေ ထွက်တယ်ပေါ့လေ။ နိုင်ငံရေးလည်း ဘာမှမလုပ်ပါဘူး။ သူဟာသူ သွားပြောတယ်။ ခင်ညွန့်က အဲဒီအချိန်မှာ အလုပ်တွေများတော့ သူလည်း သိချင်မှ သိမှာတော့။ အဲတော့ နောက်ပိုင်းမှာ သံဃနာယကအဖွဲ့ကို အပ်ပစ်လိုက်တယ်။
ဆိုတော့ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာမှာ ဖွင့်ပွဲလုပ်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၊ မောင်အေးတို့၊ ခင်ညွန့်လည်း ပါတယ်၊ အကုန်လာပြီး ဘုန်းကြီးကို ကျောင်းအပ်ပြီး ရေစက်ချပေးကြတာပဲလေ။
နောက်တခါ ၂၀၀၂ ခုနှစ်ကျ တခါ ရေစက်ချပြီး အပ်တယ်လို့ ပြောပြန်တယ်။ အဲလို အပ်တယ် ပြောတော့ သံဃနာယက က အုပ်ချုပ်သွားတာပေါ့။ အဲဒီအချိန်မှာ ဘုန်းကြီးကလည်းပဲ အပြင်ရောက်နေတယ်။
၂၀၀၄ ခုနှစ်မှာကျတော့ ဗိုလ်ချုပ် ခင်ညွန့်က ဘုန်းကြီးကို စာပေးတယ်၊ အရှင်ဘုရားတဲ့၊ ဒီကျောင်းက အရှင်ဘုရား မရှိတဲ့အခါ အုပ်ချုပ်ဖို့ အဆင်မပြေလို့ပါတဲ့၊ အဲဒါကြောင့် သံဃနာယကကို အပ်ထားတာပါတဲ့။ အဲဒီအချိန်မှာလည်းပဲ ဘုန်းကြီးရဲ့ တပည့်တွေနဲ့ ဘုန်းကြီးရဲ့ ဆရာတော်ကြီး အသက် ၉၆ နှစ်ရှိတဲ့ ဆရာတော်ကို အခုလိုပဲ နှင်ချခဲ့တယ်၊ သူတို့က။
ဗိုလ်ချုပ် ခင်ညွန့်ကတော့ စာရေးတဲ့အထဲမှာ ဒီကျောင်းကို အစိုးရက သိမ်းတာ မဟုတ်ပါဘူးဆိုပြီး ပြောတယ်။ အရှင်ဘုရား ပြန်လာရင် ပြန်အပ်မယ်ဆိုပြီး ပြောတယ်။ အဲတော့ ဘုန်းကြီးလည်း မပြန်ဖြစ်ဘူးပေါ့လေ။ မနှစ်ကမှ ပြန်ဖြစ်တယ်လေ။ တိုင်းပြည်မှာလည်း ဒီမိုကရေစီ ပြောင်းနေပြီ ဆိုတော့ သံဃနာယကို လေးလေးစားစားပဲ လျှောက်ထားတယ်။ အရှင်ဘုရားတို့ စောင့်ရှောက်ပေးထားတာကို ကျေးဇူးလည်း တင်ပါတယ်။ နိုင်ငံတကာမှာလည်း အရည်အချင်း ပြည့်စုံတဲ့ ဘုန်းကြီးတွေ လိုနေပါတယ်။ အဲဒါကို လုပ်ချင်လို့ ဒီကျောင်းတိုက်ကို ပြန်တည်မယ်၊ ပြန်ပြီး ခွင့်ပြုပါ ဆိုတော့ သူတို့က ဘာပြောလဲဆိုတော့ ခွင့်မပြုနိုင်ဘူးတဲ့။
ဘာကြောင့်လဲ ဆိုတော့ သူ့ကို လှူထားတဲ့အတွက်ပါတဲ့။ ပြန်မပေးနိုင်ဘူး။ သူတို့ ပိုင်တယ်ဆိုပြီး ပြန်ပြောတာလေ။ ဒါနဲ့ ဘုန်းကြီးက သမ္မတဆီကို စာပို့ မေတ္တာ ရပ်ခံတယ်။ ဒကာကြီး …ဘုန်းကြီးတို့ဆီမှာ စာချုပ်ကအစ အကုန်လုံးရှိတယ်လို့ ပြောလိုက်တယ်။ သမ္မတကလည်း အကုန် စိစစ်ပေးဖို့ ပြောပါတယ်။ ဂရန်ရှိတဲ့လူ၊ အထောက်အထားရှိတဲ့သူကို ပြန်ပေးလိုက်ပါလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမှာပဲ သံဃနာယကလည်း သူတို့ပိုင်တယ်ပေါ့လေ။
အဲဒီအချိန်ကနေ ဖြစ်နေကြတာ။ အဲဒီကနေ ဘုန်းကြီးတို့ကို နှင်တဲ့သဘောမျိုး ဖြစ်လာတာ။ ဘုန်းကြီးတို့ကို ဒီကျောင်းက ထွက်ရတော့မယ် ဆိုတော့၊ ဘုန်းကြီးလည်း စဉ်းစားတယ်လေ။ သူတို့က ဘာအထောက်အထားမှ မရှိဘဲနဲ့ တို့ကို နှင်နေတာပဲ၊ ကိုယ်က အထောက်အထား ရှိတာပဲဆိုပြီး ဘုန်းကြီးတို့က ဆက်နေတယ်။ ၂၇ ရက်နေ့ သွားစရာ ရှိနေတော့ သူတို့က ထပ် နှင်စာပေးတယ်။ မတ်လ ၃၁ ရက်နေ့ ဒီကျောင်းကနေ ထွက်ရမယ်ဆိုပြီးတော့ နှင်စာပေးတယ်။ နောက် သတင်းစာ ရှင်းလင်းပွဲတွေ လုပ်တာပေါ့လေ။ အဲဒီမှာ ဒကာ၊ ဒကာမတွေလည်း သိသွားတော့ မတော်မတရား မလုပ်ရဘူးဆိုပြီးတော့ ရပ်ကွက်တခုလုံး အုံးအုံးကျွက်ကျွက်တွေ ဖြစ်ကုန်တာလေ။ အဲဒီတော့မှ သူတို့လည်း နောက်ဆုတ်သွားတယ်၊ ဘာမှ မပြောတော့ဘူး။
အခု ဘုန်းကြီး ပြည်ပ ထွက်လာတဲ့ အခါကျမှ သူတို့က ဘာလုပ်သလဲဆိုတော့ ဘုန်းကြီး မရှိတုန်းကို ညကြီး သန်းခေါင်းမှာ စစ်ဖြစ်သလို၊ အကြမ်းဖက်သမားတွေ စစ်တိုက်သလိုမျိုး ဘုန်းကြီးတွေကို အတင်းဝင်စီးပြီးတော့ ဖမ်းသွားတယ် ပြောတာပဲ။
မေး။ ။ အခုလိုမျိုး ညသန်းခေါင်ကျော်ကြီးမှာ သွားပြီးတော့ စီးနင်း စစ်ဆင်ရေး လုပ်တဲ့အပေါ်မှာရော အရှင်ဘုရား ဘာလိုများ ခံစားရပါလဲ ဘုရား။
ဖြေ။ ။ ဘုန်းကြီး ခံစားရတာကတော့ ဘုန်းကြီးတွေလည်း ဖြစ်ပြီးတော့၊ သံဃနာယကလည်း ဖြစ်ပြီးတော့၊ သူတို့က တိုင်းကို အမိန့်ပေးပြီးတော့ ဘုန်းကြီးတွေ ကိုယ်တိုင်က ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း၊ ရက်ရက်စက်စက် လုပ်တာလဲဆိုတဲ့ အခါကျတော့ ဘုန်းကြီး ခံစားရတာက သြော် … မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံ၊ အင်မတန် ယဉ်ကျေးတယ်လို့ ကျော်ကြားနေတဲ့ ဟာတွေက ဘာယဉ်ကျေးတာလဲ၊ ဒါ ယဉ်ကျေးမှုလားလို့ စိတ်ထဲမှာ တွေးမိတယ်။
သူတို့ကလည်း ပြောပါတယ်၊ ရှေးတုန်းကတော့ စစ်တပ် အုပ်ချုပ်နေတော့ ထားပါတော့။ အခုက ဒီမိုကရေစီ ခေတ်ရောက်နေပြီ ဆိုတော့ ဘုန်းကြီးကတော့ ဒီလိုပဲ ရိုးရိုးသားသား … အေး … သူတို့ မှန်တဲ့အတိုင်း လုပ်ပေးမှာပဲ ဆိုပြီး ဘုန်းကြီးတို့က အဲဒီအတိုင်းပဲ နေတယ်လေ။
အခုတော့ သံဃနာယက က သူပိုင်တယ်ဆိုတာ သူ့ဖာသာသူ ဆုံးဖြတ်တာ။ တရားဆိုတာ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရှိရင် ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ အခုက သူတို့ဖာသာ သူတို့ တရားလုပ်ရုံတင် မကဘူး။ အခုလို ဂရန်တွေ၊ အထောက်အထားတွေ ရှိတဲ့အပြင် အစကတည်းက မြေကြီးကနေ စလုပ်ထားတဲ့ ဘုန်းကြီးကို အခုလို ဘုန်းကြီး မရှိတဲ့အခါ ဘုန်းကြီးထားခဲ့တဲ့သူတွေကို လုပ်တယ်ဆိုတာ ဘုန်းကြီးကို လုပ်တာနဲ့ အတူတူပါပဲ။ အဲဒီလောက်တောင် လုပ်တယ်ဆိုတော့ ခင်ဗျားတို့တွေ ကမ္ဘာကြီးက ကြားလို့ ကောင်းပါ့မလားလို့။ အဲဒီလို ကြားလို့ ကောင်းပါ့မလားဆိုတာ မြန်မာ့ဒီမိုကရေစီဆိုတာ ဒါလား။
နောက် နမူနာ တခု ပြောချင်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဒကာ၊ ဒကာမတွေကို မှာချင်တယ်။ ဒါကတော့ မဟာသန္တိသုခကို နမူနာယူကြပါလို့ မှာချင်တယ်။ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေကို ကြည့်ကြပါ။ အဲဒီလို ကြည့်ပြီးတော့ သဘောပေါက်ဖို့တော့ လိုတယ်လို့ ဘုန်းကြီး ပြောချင်တယ်လေ။
ဘုန်းကြီးရဲ့ ခံစားချက်ဟာ ဒကာ၊ ဒကာမတွေရဲ့ ခံစားချက် အတိုင်းပါပဲ။ ဘာမှ မထူးခြားဘူး။ နောက် ဘုန်းကြီးပြောချင်တာက အဲဒီလောက်တောင် တရားတွေ မဲ့နေပြီလား၊ မဲ့ကုန်ပြီလား။ တရားတွေ ပျက်စီးနေပါလား၊ အဲလို ပုံစံနဲ့ ဒီမိုကရေစီကို သွားမယ်ဆိုတော့ ဒီ ဒီမိုကရေစီဟာ ဘာဒီမိုကရေစီလဲဆိုတဲ့ဟာ ကမ္ဘာက ဒီမိုကရေစီနဲ့ မတူဘူး ဆိုတာကို ပြချင်လို့လားလို့ ဘုန်းကြီးက တွေးတယ်လေ။
မေး။ ။ မနေ့ညက စီးနင်း ချိတ်ပိတ်တုန်းက သံဃမဟာနာယက ဘုန်းကြီး တချို့ကလည်း စကားပြောစက် ကိုင်ထားတာ တွေ့ရတယ်။ သူခိုး ဓားပြဂိုဏ်း နှိမ်နင်းသလို လုပ်တာတွေကို အများက အနီးကပ် မြင်နေရတယ်။ အဲဒီလို လုပ်တာဟာ ဗုဒ္ဓဘာသာ အနေနဲ့ သင့်တော်ပါရဲ့လား ဘုရား။
ဖြေ။ ။ ဒါက ဗုဒ္ဓဘာသာရဲ့ အလုပ်မဟုတ်ဘူးလေ။ ဒါက အိုစမာတို့ လုပ်တဲ့အလုပ်မျိုးပဲ။ ကောင်းပါတယ်။ လုပ်ပါစေ။ အဲဒါကြောင့် သတင်းစာ ရှင်းလင်းပွဲမှာလည်း ဘုန်းကြီး ပြောခဲ့တယ်။ ဘုန်းကြီး ဒီကျောင်းမှာ မနေတာ ၁၂ ကျော်ပြီ။ ဒီတော့ ဒကာ၊ ဒကာမတွေက ပြောတယ်၊ အရှင်ဘုရား မရှိတဲ့ အချိန်မှာ သံဃနာယက က ဘာတွေ လုပ်သလဲဆိုတော့ ဘိုင်စကုတ်တွေ ရိုက်တယ်၊ ကောင်မလေးတွေကလည်း အတိုအတိုလေးတွေနဲ့ အက သင်တန်းတွေ လုပ်ပေးတယ်။ မင်္ဂလာတွေ ဆောင်တယ်။ စီးပွားရေး သမားတွေကို ငှားစားတယ်။
သူတို့က သာသနာပြု ကျောင်းကို ဟိုတယ်လို လုပ်ပြီးတော့ ပိုက်ဆံတွေနဲ့ ငှားစားနေတယ်။ ဘုန်းကြီး ရောက်သွားတော့မှ ဘုန်းကြီးက ပြောတယ်၊ ဒီဟာတွေဟာ မသင့်တော်ဘူး ဆိုတော့မှ ရုပ်သိမ်းသွားတယ်။ အကတွေလည်း ဖျက်သွားတယ်။ ဘာကျန်ခဲ့လဲ ဆိုတော့ မင်္ဂလာဆောင်နဲ့ ကုန်သည်တွေကို ငှားတာကျန်သေးတယ်။
အဲဒါတွေလည်း အမှန်တော့ မလုပ်သင့်ဘူးလို့ ပြောတယ်။ ဒီပစ္စည်းတွေဟာ ပြည်တွင်း ပြည်ပက လှူထားတဲ့ ဒကာ၊ ဒကာမတွေ လှူ ထားတာဖြစ်တယ်။ ဒီဟာတွေက ကုသိုလ်ကောင်းမှုတွေပဲ လုပ်ရမှာ၊ ပိုက်ဆံ ရှာဖို့ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလို ဟာတွေကို သံဃနာယက က လုပ်တယ်ဆိုတော့ သံဃနာယက ဆိုတဲ့ နာမည်နဲ့ လုပ်တာကို ကြည့်ပေါ့။ အဲဒီတော့ ဒါကို ဘုန်းကြီး အနေနဲ့ အထူး ပြောစရာ မလိုဘူး။ ပြည်ထောင်စု တခုလုံးက စဉ်းစားဖို့ လိုလာတယ်။
ဒီအတိုင်းသွားမယ် ဆိုရင် ဘုန်းကြီးတို့ ဗုဒ္ဓသာသနာက ဝမ်းနည်းစရာ မကောင်းဘူးလား။ ဘုန်းကြီးတို့က သာသနာ အစစ်ကို လုပ်နေတာ။ အခု သူတို့ လုပ်နေတာက အကြမ်းဖက်သမားတွေ လုပ်တဲ့ အလုပ်မျိုး လုပ်နေတာကိုး။ ဒီလို လုပ်ရပ်တွေဟာ အိုစမာ ဘင်လာဒင်တို့၊ အကြမ်းဖက် အုပ်စုတွေ လုပ်တဲ့ လုပ်ရပ်တွေပဲ။ ဘုန်းကြီးတွေက စကားပြောစက်တွေနဲ့ ဘုန်းကြီးတွေ ကိုယ်တိုင်က လာဖမ်းဆိုတာ၊ သံဃနာယက ကတော့ သူတို့ဟာ သူတို့ လုပ်ချင်တာ လုပ်နေပါစေ။ သံဃနာယက က ဓမ္မစက်တဲ့၊ သမ္မတထက် ကြီးတယ်တဲ့။ သူတို့က လုပ်ပိုင် ခွင့်ရှိတာကို လုပ်ပါစေ။ တန်းခိုးရှိကြောင်း ပြတာ ပြပါစေ။
ဘုန်းကြီးတို့ကတော့ အဓမ္မဝါဒကိုတော့ မထွန်းကားအောင် သာသနာရေးကို စောင့်ရှောက်ကာကွယ်တဲ့ သူတွေ၊ ဗုဒ္ဓဘာသာ လေးစားတဲ့လူတွေက တို့တော့ ဒီဘ၀ ရောက်နေပြီ ဆိုပြီးတာကိုတော့ အားလုံးက နားလည်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။
မေး။ ။ မဟနကို အရှင်ဘုရားက တရားစွဲမယ်လို့ ဟိုတလောက ပြောထားသေးတော့၊ အခု တရားစွဲဖြစ်မှာလား ဘုရား။
ဖြေ။ ။ အခုလောလောဆယ်က သူတို့က သိမ်းပြီး ချိတ်ပိတ်သွားပြီဆိုတော့ သူတို့ အခြေအနေအပေါ် ကြည့်ရဦးမယ်လေ။ သူတို့ရဲ့ လုပ်ရပ်ကို ကြည့်ပြီးတော့မှ ဘုန်းကြီးတို့က နောက်က လိုက်လုပ်ရမယ်လေ။ ဘုန်းကြီးက ရှေ့က မသွားပါဘူး။ သူတို့က အာဏာရှိတယ်လို့ ထင်တာကိုး။ ဘုန်းကြီးက သူတို့လိုအာဏာရှိတဲ့ ဘုန်းကြီးမှ မဟုတ်ဘဲကိုး။
ဒါကြောင့်မို့ တို့ မြန်မာပြည်ရဲ့ ဒီမိုကရေစီကြီးကတော့ ဒီအခြေအနေ ရောက်နေပြီ။ ကမ္ဘာကြီးကို သိအောင် တခြား ဒီမိုကရေစီနဲ့ မတူဘူးဆိုတာကို နမူနာ ပြသတာလို့ ပြည်ထောင်စုမှာ ရှိတဲ့ ဒကာ၊ ဒကာမ အပေါင်းတွေအားလုံး၊ လှည်းနေ လှေအောင်း၊ ရဟန်း ရှင်လူ ပြည်သူအများ သိဖို့ လိုအပ်ပြီလို့ ဘုန်းကြီးက ပြောချင်ပါတယ်။