ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ အကြား “၇” ကြိမ်မြောက် ဆွေးနွေးပွဲ စနိုင်ဖို့ အကြိုညှိနှိုင်းမှုကို မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နဲ့ NCCT တို့ အခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ညှိနှိုင်းမှုတွေ အပြီးမှာတော့ UPWC နဲ့ NCCT တို့အကြား “၇” ကြိမ်မြောက် ဆွေးနွေးပွဲ စနိုင်ဖို့နေ့ရက်ကို မထုတ်ပြန်နိုင်တဲ့ အပြင် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက် မဖြစ်နိုင်သေးကြောင်း သိရပါတယ်။
ပြည်ထောင်စုနေ့မှာ လက်မှတ်မထိုးဖြစ်နိုင်သေးတဲ့ အခက်အခဲတွေ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တို့အကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး NCCT ရဲ့ သဘောထားတွေကို NCCT ရဲ့ ဒုဥက္ကဌ လည်းဖြစ် KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ်လည်း ဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော် ကို ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ကျော်ခနဲ့ ငြိမ်းငြိမ်းတို့က မေး မြန်း ထားပါတယ်။
မေး ။ ။ ဒီကနေ့ ဆွေးနွေးပွဲမှာ ရှိတဲ့ NCCT ခေါင်းဆောင်တွေကို ဝန်ကြီး ဦးအောင်မင်းကနေ အမှာစကား ပါးလိုက်တယ်လို့ ကြားပါတယ်။ ဘာတွေလဲဆိုတာ ရှင်းပြပေးပါဦး။
ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့နဲ့ ၇ ကြိမ်မြောက် (UPWC နဲ့ NCCT ဆွေးနွေးပွဲ) အတွက် ကြိုတင်ပြင်ဆင်ရေးတွေ သေချာလုပ်ကြမယ်။ နောက်အစိုးရဘက်မှာလည်း သူတို့ဘက်ကနေပြီးတော့ ဒီကိစ္စတွေကို အောင်မြင်အောင် ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းကို အဓိက ပြောတာ ဖြစ်ပါတယ်။
မေး ။ ။ NCCT ဘက်ကလည်း အစည်းအဝေး အပြီးမှာ MPC က ကိုယ်စားလှယ်တွေ ကတဆင့် အမှာစကား ပြန်ပါးလိုက်တယ်လို့ ကြားပါတယ်။ အဲဒါကရော ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ အထူးအထွေမရှိပါဘူး။ အရင်တုန်းက ကျနော်တို့ ပြောထားတဲ့ ဒီ ၇ ကြိမ်မြောက်မှာ ဘယ်လို ဖြစ်ချင်သလဲ။ အစည်းအဝေး Agenda (အစီအစဉ်) တွေ ဘယ်လို လုပ်ချင်သလဲဆိုတဲ့ အပိုင်းကိုပဲ ကျနော်တို့က ထပ်ပြီး မှာလိုက်တာ ဖြစ်ပါတယ်။
မေး ။ ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ ဆိုတဲ့ကိစ္စက ဖြစ်လာနိုင်မယ့် အလားအလာ ရှိလား။
ဖြေ ။ ။ ဒီအတိုင်းဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၇ ကြိမ်မြောက် အစည်းအဝေးတွေ မကျင်းပနိုင်ဘဲနဲ့တော့ နောက်တဆင့်ကို သွားနိုင်ဖို့ မလွယ်ပါဘူး။
မေး ။ ။ ၇ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်မြောက်ရေး လောလောဆယ် ရက် မသတ်မှတ်နိုင်သေးတာက ဘာကြောင့်လဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ စက်တင်ဘာလမှာ Road map အပါအဝင် တချို့ ခေါင်းစဉ်တွေမှာ ဆွေးနွေးရတဲ့အခါမှာ အခက်အခဲတွေ ရှိသွားတယ်။ အဲတော့ ဒီဟာတွေ မကျော်ဖြတ်နိုင်ဘဲနဲ့တော့ ကျနော်တို့က နောက်အစည်းအဝေးအတွက် Agenda (အစီအစဉ်) တွေ မဆွဲနိုင်သေးပါဘူး။ အဲဒီတော့ နောက်အစည်းအဝေး ၇ ကြိမ်မြောက်ကို ဘယ်လိုပုံစံ သွားမလဲဆိုတာ ကျနော်တို့က ဆွေးနွေးတယ်။
နောက်ဒုတိယ အချက်ကတော့ ကျနော်တို့ အခုပြန်ပြီးဖြစ်နေတဲ့ တိုက်ပွဲတွေကို ဘယ်လို ရပ်တန့်အောင်လုပ်မလဲ။ နောက် ကျနော်တို့ ဗိုလ်လောင်းသင်တန်းကျောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စကိုလည်း ကျနော်တို့က မသိကျိုးကျွန်ပြုပြီး နေလို့လည်း မရဘူး။ ဒီဟာကို အပြုသဘောနဲ့ အရင်ဖြေရှင်းပြီးမှ သွားသင့်တယ်။ ဒီတော့ အစည်းအဝေး အစပိုင်း Agenda မှာ ဒီဟာတွေ ပါသင့်တယ်လို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
မေး ။ ။ လိုင်ဇာပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လိုင်ဇာ၊ ဒါမှမဟုတ် မြစ်ကြီးနားမှာ ဆွေးနွေးပွဲ လုပ်မယ်လို့လည်း ကြားထားတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရော ဆွေးနွေးဖြစ်လား။
ဖြေ ။ ။ အရင် ကျနော်တို့ NCCT က တောင်းဆိုထားတာကတော့ မြစ်ကြီးနားမှာလုပ်ဖို့လို့ တောင်းဆိုထားပါတယ်။ သို့သော်လည်းပဲ မြစ်ကြီးနားမှာ လုပ်ဖို့ သွားရေးလာရေး အစပေါ့နော်၊ အခက်အခဲတွေ ရှိနိုင်တယ်ဆိုရင် ကျနော်တို့ကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့လေ MPC ရုံးမှာဖြစ်ဖြစ် လုပ်ဖို့ ဆန္ဒရှိတယ်။
သို့သော်လည်း ဒီဟာကို Agenda ထဲမှာ ထည့်ရမယ်။ ပြီးတော့ ဒီ ဗိုလ်လောင်းသင်တန်းကျောင်းမှာ ထိခိုက်ခဲ့တဲ့ အဖွဲ့ ၅ ဖွဲ့စလုံးက တက်ရောက်မယ်ဆိုတဲ့ တောင်းဆိုချက်တွေ ကျနော်တို့ လုပ်ထားတာဖြစ်ပါတယ်။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Channel News Asia နဲ့ အင်တာဗျူး တခုမှာ ပြောသွားတာက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရဖို့ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ မူတည်တယ်လို့ ပြောသွားတယ် ဒီအပေါ်မှာ NCCT အနေနဲ့ ဘယ်လိုတုန့်ပြန်ချင်လဲ။
ဖြေ ။ ။ တကယ်တော့ ငြိမ်းချမ်းရေး ရဖို့ဆိုတာကတော့ အားလုံးမှာ ဆန္ဒရှိပါတယ်။ မတူညီတာကတော့ ဘယ်လိုပုံစံ ငြိမ်းချမ်းရေးလဲ ဆိုတာကတော့ မတူညီပါဘူး။ အဲဒီတော့ ကျနော်တို့ NCCT က စဉ်းစားတာက ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲတွေ မဖြစ်တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာ စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်။
ဒါကြောင့်လည်း ကျနော်တို့ NCA အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပြည့်စုံအောင် ရေးနေတာဖြစ်ပါတယ်။ နောက်တချက် ကတော့ ကာကွယ်ရေး ဦးစီးချုပ်ပြောသလို တိုင်းရင်းသားတွေမှာ အရေးကြီးတယ်လို့ပြောတာ တဘက်ကနေ စဉ်းစားလို့ရှိရင် ဒါ အဓိပ္ပာယ်တွေ အမျိုးမျိုး ထွက်လာနိုင်ပါတယ်။ တကယ်တော့ ဒီကိစ္စမှာ အားလုံးနဲ့ ဆိုင်ပါတယ်။ အစိုးရမှာ တာဝန်ရှိသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်။ ပြည်သူလူထု တရပ်လုံးပါဝင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ကျနော်တို့ အခုနောက်ပိုင်းမှာ စဉ်းစားစရာဖြစ်လာတာက အစတုန်းက MPC တို့ UPWC တို့က ပြောတယ်။ တပ်မတော်ရဲ့ မူဝါဒ ၆ ချက်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချက်တွေထဲမှာ မပါဘူးပေါ့လေ။ အခုနောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်တာဗျူးတွေမှာ ဒီမူဝါဒ ၆ ချက်ကို ထွက်ပြီး ပြောနေတာတွေ့ရတယ်။ ဒီအပေါ် ဘယ်လို နားလည်လဲ။
ဖြေ ။ ။ ဒီကိစ္စကို ကျနော်တို့လည်း မသိသေးဘူး။ အခု ၇ ကြိမ်မြောက်မှာ ကျနော်တို့ ဒါကို မေး ဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ စာနဲ့ မေး ထားတာကတော့ ကာကွယ်ရေးဦးစီးချုပ်ကနေ မူ ၆ ချက်ကို ပြောတဲ့ အခါမှာ ဒီဟာက အခုကျနော်တို့ သွားနေတဲ့ Process မှာ ဒါကို အတိအကျ လိုက်နာရမယ့် အချက်ဖြစ်သလားဆိုတဲ့ မေး ခွန်းပါ။
နောက်တခုကတော့ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော် သမ္မတကနေ မပြောဘဲနဲ့ ကာကွယ်ရေးဦးစီးချုပ်က လူထုကို ထုတ်ပြောတဲ့အခါမှာ ဒါက နိုင်ငံတော်ရဲ့ မူဝါဒ ဖြစ်သလားဆိုတာကို ဒီမေး ခွန်းနှစ်ခု မေး ဖို့ဖြစ်ပါတယ်။ စာနဲ့တော့ ကျနော်တို့ ဦးအောင်မင်းဆီကို မေး ထားတာရှိပါတယ်။ ဒီတကြိမ် ၇ ကြိမ်မြောက်မှာ ကျနော်တို့ မေး ဖို့ အစီအစဉ်ရှိပါတယ်။
မေး ။ ။ နောက်တခုက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဟိုတနေ့က သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာရေး ထားတာ တွေ့ရပါတယ်။ အဲဒါက အခုနောက်ဆုံးဖြစ်ပွားသွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး KIA ထဲမှာ အပစ်အခတ်ရပ်စဲ ရေးကို မလိုလားတဲ့ အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးမှု အရှိန်ပျက်သွားအောင် လုပ်နေတယ်ဆိုပြီး ရေးထားတယ်။ ဒီအပေါ်မှာ ဗိုလ်ချုပ်ဂွန်မော် အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ ။ ။ ဒီဟာကတော့ ဦးရဲထွဋ်က သူ့ရဲ့တဦးတည်း သဘောထားအမြင် ပြောတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ စဉ်းစားတာကတော့ ဦးရဲထွဋ် အနေနဲ့ အဲဒီလိုပြောရင် ဒါသမ္မတရဲ့ သဘောထားအနေနဲ့ လူထုက နားလည်သွား နိုင်တယ်။ ဒါကို ကျနော်တို့က စိုးရိမ်တယ်။ တကယ်တော့ သူကပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တော့ သမ္မတ ကိုယ်စား ပြောသလိုဖြစ်သွားမှာ စိုးရိမ်တယ်။ ဒါပေမယ့် အခုသူပြောတာတွေက သမ္မတရဲ့ အာဘော်မဟုတ်ဘဲနဲ့ သူ့ရဲ့ အမြင်ပြောတာ ဖြစ်ပါလိမ့်မယ်လို့ ကျနော်တို့မြင်ကြောင်း ဒီကနေ့ MPC ကိုလည်း ကျနော်တို့ ဒီသုံးသပ်ချက်ကို ပေးပါတယ်။
မေး ။ ။ ပြည်ထောင်စုနေ့ လက်မှတ်ထိုးဖို့ သမ္မတကလည်း လိုချင်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဖြစ်စေချင်တယ်လို့ ပြောထားတာရှိတယ်။ NCCT ဘက်ကလည်း ကြိုးပမ်းနေတယ် ဆိုတာကိုလည်း တွေ့ရတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တကယ်လို့ ဖြစ်လာမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့ တချို့က လက်မှတ်ထိုးမယ့် အလားအလာ ရှိတယ်လို့ သုံးသပ်ကြတယ်။ တကယ်လို့ အဲဒီနေ့မှာ ဖြစ်လာမယ်ဆိုရင် KIA အနေနဲ့ လက်မှတ်ထိုးမလား။
ဖြေ ။ ။ KIA အနေနဲ့တော့ မပြောချင်ဘူး။ NCCT တခုလုံးနဲ့ ပြောမယ်ဆိုရင် အခု ဇန်နဝါရီ ကုန်ခါနီးမှာတောင်မှ အစည်းအဝေးတွေ မဖြစ်နိုင်တာ ဖေဖော်ဝါရီ ၁၂ ရက်ဆိုတာ မမီနိုင်ပါဘူး။ ဒါကျနော်တို့ လူထုကို လိမ်လို့ မရပါဘူး။ မျှော်လင့်ချက် ပေးလို့မရပါဘူး။ ၁၂ ရက်နေ့ လက်မှတ်ထိုးမယ်ဆိုတာ အခုအခြေအနေအတိုင်း ဆိုရင်မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စမှာ တင်းမာနေတဲ့ အဖွဲ့တချို့ကို ချန်ထားခဲ့ပြီး အဆင်ပြေတဲ့ အဖွဲ့အချို့နဲ့ လက်မှတ်ထိုးသွားမယ်လို့ သတင်းတွေ ထွက်နေတာလည်းရှိတယ်။ သူတို့တွေ လက်မှတ် ထိုးတဲ့အခါကြရင် ဗိုလ်ချုပ်ဂွန်မော်တို့ KIA နဲ့ အခြား တဖွဲ့နှစ်ဖွဲ့များ ကျန်နေမလား။
ဖြေ ။ ။ တကယ်လို့ အဲဒီလို လုပ်မယ်ဆိုရင်တော့ အဖွဲ့တော်တော်များများက လက်မှတ်ထိုးထားပြီးသား ဖြစ်ပါတယ်။ ထပ်ပြီးထိုးစရာ မလိုဘူးလို့ပဲ မြင်ပါတယ်။ အခုကျနော်တို့ ပြောနေတာက တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ စာချုပ်ဆိုရင် တချိန်တည်း တပြိုင်တည်း ထိုးရမယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ စာအုပ်ဖွင့်ထားပြီးမှ ထိုးစရာ မလိုတော့ဘူး။ ထိုးထားပြီးတဲ့ လူတွေက အများစု ဖြစ်ပါတယ်။
မေး ။ ။ တချို့သုံးသပ်နေကြတာ ရှိတယ်။ တကယ်လို့သာ တိုင်းရင်းသားတွေနဲ့ တစ်ဆို့နေတဲ့ အချက်တွေကို ဖြေလျှော့ပေးမယ် ဆိုရင်တော့ မျှော်မှန်းချက်တွေဟာ ထင်ထားသလို မဟုတ်ဘဲနဲ့ မြန်မြန်ဆန်ဆန် ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ကြတယ်။ တကယ်လို့ အစိုးရဘက်က လိုက်လျောတယ်ဆိုရင် သူတို့ထင်သလို ဖြစ်လာနိုင်မလား။
ဖြေ ။ ။ မြန်ကောင်းမြန်နိုင်ပါတယ်။ သို့သော်လည်းပဲ ၁၂ ရက်ဆိုတာ အင်မတန်ကပ်ပါတယ်။ ဒီဆွေးနွေးမှု အခြေအနေတွေကို ကျနော်တို့ ဆွေးနွေးပွဲမှာ ထဲထဲဝင်ဝင် ပြောနေကြတဲ့လူတွေ အသိဆုံးပါ။ အလျှော့အတင်းလို့ ပြောတာထက် တဘက်က လျှော့လိုက်ရင် ပြီးသွားတယ်ဆိုတဲ့ ကိစ္စထက် ရှေ့လုပ်ငန်းစဉ်တွေက အရေးကြီးပါတယ်။
တဘက်နဲ့ တဘက် လျှော့ပြီးမှ ကျနော်တို့ရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေက ရှေ့ကို မသွားနိုင်တဲ့ အစီအစဉ်တွေ လက်မှတ် ထိုးဖြစ်အောင်ပဲ လုပ်ထားတဲ့ စာချုပ်ဖြစ်နေလို့ရှိရင် အဓိပ္ပာယ်မရှိပါဘူး။ ဒါကြောင့်မို့လို့ လူထုကြားထဲမှာ ပြန့်နေတဲ့ ၁၂ ရက်နေ့ ဆိုတာ အားလုံးကတော့ အမြန်ဆုံး ထိုးချင်တယ်။ ဒါပေမယ့် ဒီ ၁၂ ရက်နေ့လို့ ပြောတဲ့ဟာက ယုတ္တိ မရှိနိုင်ဘူး။ တကယ် ခက်ခဲတဲ့ကိစ္စပါ။
မေး ။ ။ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးနိုင်မှ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ပိုပြီးတော့ Monitor လုပ်နိုင်မယ်။ ပိုပြီးတော့ ကြီးကြပ်မှုတွေ လုပ်နိုင်မယ်ဆိုပြီးတော့ အမြင်မျိုးတွေရှိပါတယ်။ အဲဒီအပေါ်မှာ ဗိုလ်ချုပ် ဂွန်မော် အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ ။ ။ အားလုံးကတော့ အဲဒီလိုပဲ ပြောနေကြတာပဲ။ အစိုးရကလည်း အဲဒီလိုပြောတယ်။ လက်မှတ်မထိုးနိုင်လို့ တိုက်ပွဲတွေ ဖြစ်နေတယ်။ လက်မှတ်မထိုးနိုင်လို့ စောင့်ကြည့်ရေး စနစ်တွေ မလုပ်နိုင်ဘူးလို့ ပြောတယ်။ သို့သော်လည်းပဲ ဒီစာချုပ်မှာ ကျနော်တို့ စောင့်ကြည့်ရေး စနစ်တွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ ပုံစံတွေကို ထည့်သွင်းဖော်ပြ ထားသော်လည်းပဲ အခုအချိန်အထိ ဆွေးနွေးလို့ မရသေးဘူး။ သဘောတူညီချက် မရသေးဘူး။ တဖက်နဲ့တဖက် ချပြတဲ့ ပုံစံတွေ တူညီမှု မရသေးပါဘူး။
မေး ။ ။ မကြာခင်ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ် ဂွန်မော် အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ မမျှော်လင့်တဲ့ တိုက်ပွဲတွေဖြစ်လို့ရှိရင် ရှောင်ရှားနိုင်ဖို့ လိုတယ်။ အခုအချိန်မှာတော့ အဲလိုမဟုတ်ဘဲနဲ့ တိုက်ပွဲလေးတခုဖြစ်ရင် ကိုယ့်ဘက်ကနိုင်အောင် တိုက်မယ်ဆိုတဲ့ အနေအထားမျိုး အခင်းအကျင်းမျိုး တွေ့ရပါတယ်။ အဲဒါတော့ မကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။
မေး ။ ။ ဗိုလ်ချုပ်တို့နဲ့ အစိုးရအကြားမှာ အရင်တုန်းက တိုက်ပွဲတွေဖြစ်လာခဲ့ရင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းကြမယ် ဆိုတဲ့ အဖွဲ့တွေဖွဲ့ထားတာ တွေ့ရတယ်။ အဲဒီအဖွဲ့တွေက လက်တွေ့မှာ အလုပ်မဖြစ်တာတွေ့ရတယ်။ ဘာကြောင့်လဲ။
ဖြေ ။ ။ မဖြစ်ပါဘူး။ မဖြစ်ဘူးဆိုတာက အဆင့်မမြင့်တဲ့ ခေါင်းဆောင်တွေပေါ့နော်။ နည်းနည်း အဆင့်နိမ့်တဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ နောက်တခုကတော့ စိစစ်မယ့် အဖွဲ့တွေ မရှိဘူး။ နောက်တခုကတော့ အခုဖွဲ့စည်းထားတာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ KIA ကြားထဲမှာပဲ ဖြစ်တယ်။ ရှမ်းပြည်မြောက်ပိုင်း ဒေသလိုဟာမျိုးကို သွားပြီးမှ ထိန်းကျောင်းနိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ အဲဒါကြောင့် မအောင်မြင်တာဖြစ်ပါတယ်။
မေး ။ ။ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တို့ အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စကတော့ သေချာမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဖမ်းတဲ့နေရာကတော့ ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့နေရာပေါ့။ ပြည်သူ့စစ်ဆိုတာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်မှာ တိုက်ရိုက်ကွပ်ကဲမှုနဲ့ စခန်းတွေ ဆောက်ထားတဲ့ နေရာဆိုတော့ အဲဒီမှာ ဖမ်းတာတွေရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့ဆီက ပေးတဲ့ လက်မှတ်တွေ ပါတယ်လို့တော့ ပြောတယ်။
ဒါပေမယ့် အဲဒီလက်မှတ်တွေကလည်း ဒီဒေသအတွက် ပေးတာမဟုတ်ဘူး။ ကျနော်တို့ ထိန်းချုပ်တဲ့ ဒေသတွေမှာ ပေးတဲ့ လက်မှတ်တွေ ဖြစ်တယ်။ အဲဒီတော့ အဲဒီနေရာတွေကို ဝင်ဖို့ဆိုတာလည်း နယ်စပ်တွေဖြတ်တဲ့ အခါမှာ ဂိတ်တွေဖြတ်ရတာကိုး၊ ပြီးတော့ လူအများကြီးဝင်နေတဲ့ ကိစ္စဖြစ်တဲ့အခါကျတော့ ကျနော်တို့ကလည်း ဒါကို ဝေဖန်ဖို့ တာဝန်လည်း မရှိဘူး။ သို့သော်လည်းပဲ ကျနော်တို့ ထဲထဲဝင်ဝင် မသိဘူး။ ကျနော်တို့ရဲ့ နယ်မြေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ။