မြန်မာနိုင်ငံမှာ ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူတွေဟာ အခြေခံ ဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့် ရှိကြောင်း မကြာသေးခင်က ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ White Card ကိုင်ဆောင်ထားသူတွေကို နိုင်ငံသားအခွင့်အရေး ပေးလိုက်တဲ့အပေါ် မကျေနပ်တဲ့ အသံတွေလည်း တချိန်တည်းမှာပဲ ထွက်ပေါ်လာပြီးနောက် ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ်လာမယ့် အလားအလားတွေကို တွေ့မြင်နေရပါတယ်။
White Card ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုလိုက်ပေမယ့်လည်း တဖက်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေ မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားရာမှာ အခက်ကြုံနေကြရသလို နယ်စပ်ဒေသတွေမှာ မွေးဖွားတဲ့ မြန်မာရွှေ့ပြောင်း ကလေးငယ်တွေလည်း နိုင်ငံသား အသိအမှတ်ပြုလက် မှတ်ရရှိဖို့ အခက်ကြုံနေကြပါတယ်။
ဒီအကြောင်းတွေ အပါအဝင် ၂၀၁၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်သေးရင် တိုင်းရင်းသား ဒေသတချို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဘယ်လို အခက်အခဲတွေ ရှိမလဲ စတာတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ဧရာဝတီ သတင်းထောက်တွေဖြစ်တဲ့ ငြိမ်းငြိမ်းနဲ့ ကျော်ခတို့က မေးမြန်းထားပါတယ်။
မေး။ လွှတ်တော်ကနေ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုလိုက်ပြီဆိုတော့ ဒီမဲပေးခွင့်က နိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် သူတို့ကို နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး ပေးလိုက်တာလား။
ဝန်ကြီး ဦးခင်ရီ။ နိုင်ငံသားဖြစ်လာနိုင်တဲ့ အလားအလာက ကံသေကံမ ပြောလို့မရပါဘူး။ White Card ဆိုတာ ကျနော်တို့ လဝက အနေနဲ့ ဥပဒေနဲ့အညီ ထုတ်ပေးတဲ့ ကိစ္စပါ။ စက္ကူအဖြူပေါ်မှာ ဖြစ်လို့အလွယ် ဝှိုက်ကတ်လို့ ခေါ်နေကြတာ။ တကယ်က ယာယီသက်သေခံ ကတ်ပြား (Temporary Identity Certificate) ပါ။ ဘယ် နိုင်ငံသားရယ်လို့ တိတိကျကျ သတ်မှတ်လို့ မရသေးတဲ့၊ စိစစ်ဖို့ လိုတဲ့လူတွေကို ကျနော်တို့က ထုတ်ပေးတာပါ။
ဒီလူတွေက နိုင်ငံသားဖြစ်ဖို့အတွက် လျှောက်ရဦးမှာပါ။ လျှောက်ပြီးတော့မှ ကျနော်တို့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ညီတော့မှ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဒီလိုဆုံးဖြတ်ရမှာပါ။ White Card ကိုင်တာနဲ့ နိုင်ငံသား ဖြစ်ရမယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။
မေး။ မဲပေးခွင့်ကို နိုင်ငံသားအဖြစ် မဆုံးဖြတ်ရသေးတဲ့ လူတွေကို ပေးလိုက်တာက လဝက ဥပဒေနဲ့ ညီညွတ်ရဲ့လား။
ဖြေ။ ကျနော်တို့က မဲပေးခြင်း၊ မပေးခြင်းနဲ့ မဆိုင်ဘူး။ လူတယောက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ပဲ ဆိုင်တာပေါ့။ ကျနော်တို့က သူ့ကို နိုင်ငံသားလို့ အသိအမှတ်မပြုသေးတဲ့ (ယာယီပေါ့) စိစစ်ဆဲလူတွေကို ပေးလိုက်တာ။ ဒီလိုလူမျိုးတွေ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။
မဲပေးခွင့်ကတော့ လွှတ်တော်က ဆုံးဖြတ်လိုက်ကြတာ။ ဝှိုက်ကတ်ကိုင်တဲ့လူတွေက အများဆုံး ၇ သိန်းနဲ့ ၈ သိန်းကြားမှာ ရှိတယ်။ White Card ဆိုတာ အများထင်နေသလို ဘင်္ဂါလီတမျိုးတည်း ရှိနေတာ မဟုတ်ဘူး။ ကျန်တဲ့ နေရာတွေမှာလည်း အိန္ဒိယလူမျိုး၊ ပါကစ္စတန်လူမျိုး၊ ဂေါ်ရခါးလူမျိုး စသည်ဖြင့် နယ်စပ်ဒေသမှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသား ကိုးကန့်တွေမှာသည်ပင်လျှင် သိပ်မသေချာတဲ့ ဟာတွေရှိတယ်။
တဖက်နိုင်ငံနဲ့ ဆက်စပ်နေတော့ ရုပ်ရည်တူတာ ဘာညာဆိုတော့ ကျနော်တို့ White Card ပဲ ပေးထားလိုက်တာ။ နိုင်ငံသားကို ကျနော်တို့ လွယ်လွယ်ကူကူ ဆုံးဖြတ်ပေးတာ မဟုတ်ဘူး။ မှားနိုင်တဲ့ဟာမျိုးကို White Card ပေးထားတာ။ နိုင်ငံသားအဖြစ် စိစစ်ဖို့ လိုနေတဲ့လူအားလုံးကို ပေးထားတဲ့သဘောပါပဲ။ အဲဒီတော့ မဲပေးခြင်း၊ မပေးခြင်း ဥပဒေပြုအပိုင်းက ဆုံးဖြတ်ကြတာ ဖြစ်တယ်။ ကျနော်တို့က ဒီကိစ္စနဲ့ မဆိုင်ပါဘူး။
မေး။ White Card ပေးထားတဲ့ လူတွေက ဘယ်ပြည်နယ်၊ ဘယ်ဒေသတွေမှာ အများဆုံးရှိတာလဲ။
ဖြေ။ ပြည်နယ်အနှံ့ ရှိပါတယ်။ အများဆုံးကတော့ ရခိုင်ပြည်နယ်ပါ။ မြန်မာနိုင်ငံက ၅ နိုင်ငံနဲ့ ဆက်စပ်နေတယ်။ အဲဒီဒေသတွေမှာ နိုင်ငံသားအဖြစ် စိစစ်ဖို့လိုတယ်ဆိုတဲ့ သူတွေကို သက်မှတ်တာပေါ့။ နယ်စပ်ကြီးပဲတော့ မဟုတ်ဘူး။ အလယ်ပိုင်းမှာလည်း ရှိပါတယ်။ တချို့ ဥပမာအားဖြင့် ကျောက်တံခါးဘက်မှာဆိုရင် အိန္ဒိယ တိုင်းရင်းသား ရွာလေးတွေဆိုတာမျိုး ရှိတယ်။
မေး။ White Card သမားတွေ ခရီးသွားလာခွင့် ရတော့မှာလား။ ရခိုင်ဘက်မှာတော့ သွားခွင့်မရဘူး ပြောတယ်။ လဝက ဥပဒေအရ ကန့်သတ်ထားတာလား။
ဖြေ။ ကျနော်တို့က နိုင်ငံသားနဲ့ပဲ ဆိုင်တာပေါ့။ နိုင်ငံသားစိစစ်ဆို ဘယ်လိုကတ်မျိုးပေးမယ်။ မစိစစ်ခင် ဘယ်လိုကတ်မျိုး ပေးမယ် ဆိုတာပဲ ကျနော်တို့နဲ့ဆိုင်တယ်။ သွားရေးလာရေး ကိစ္စတွေကတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ဆိုင်ပါတယ်။ ဥပမာ ရခိုင်ဘက်မှာတော့ ဒေသအာဏာပိုင်က ကန့်သတ်ထားတာပါ။ White Card နဲ့ ခရီးသွားမယ်ဆိုရင် ခွင့်ပြုချက်တောင်းပြီးမှ သွားရတယ်။ သွားခွင့် မပြုတာတော့ မဟုတ်ပါဘူး။
အဲဒီလိုသွားနေတဲ့လူတွေ အများကြီးပါ။ ရန်ကုန်သွားပြီးတော့ ဆေးကုတယ်။ ရန်ကုန်သွားပြီးတော့ ကလေးတွေ ကျောင်းသွားတက်တာ ဒါမျိုးတွေ အများကြီးပါ။ White Card ကိုင်ဆောင်သူတွေက မြန်မာနိုင်ငံ ပြည်နယ်အနှံ့ နယ်စပ်တွေတိုင်းမှာ ရှိပါတယ်။
မေး။ White Card ကိုင်ဆောင်သူတွေ နိုင်ငံသား ဖြစ်မဖြစ် စိစစ်ရေးလုပ်ငန်းတွေက ဘယ်လောက်အထိ ဆောင်ရွက်နေပါလဲ။
ဖြေ။ ကျနော်တို့ တနှစ်ကို ပုံမှန်အားဖြင့် ၂ ကြိမ်လောက် ဗဟိုအဖွဲ့က ထိုင်ပါတယ်။ ဥက္ကဋ္ဌကတော့ ကျနော်ပါ။ အဖွဲ့ဝင်တွေထဲမှာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးရယ်၊ ကာကွယ်ရေး ဝန်ကြီးရယ် ပါပါတယ်။ White Card သမားတွေ နိုင်ငံသားအဖြစ် လျှောက်ကြတာကို မြို့နယ်အဆင့် စိစစ်ရေးအဖွဲ့က စစစ်ပါတယ်။
မြို့နယ်အဆင့်အဖွဲ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌပါ။ နောက် တရားရေးနဲ့ ရဲတပ်ဖွဲ့က ပါပါတယ်။ သက်ဆိုင်ရာ လူမျိုးစု ကိုယ်စားလှယ် ပါပါတယ်။ အတွင်းရေးမှူးကတော့ လဝက က လုပ်ပါတယ်။ မြို့နယ်အဆင့် စိစစ်ပြီးတော့ တိုင်းအဆင့်ကို တင်ပါတယ်။ တိုင်းမှာလည်းဒီလိုပဲ ပြန်စိစစ်ပါတယ်။ တိုင်းပြီးလို့ရှိရင် ရုံးချုပ်ကို တင်ပါတယ်။ ရုံးချုပ်မှာလည်း ဒီလိုပဲ ညွှန်ချုပ်ခေါင်းဆောင်ပြီးတော့ စိစစ်ပါတယ်။ ပြီးမှ ကျနော်တို့ ဗဟိုအဖွဲ့ကို တင်ပါတယ်။
တနှစ်ကို ပျမ်းမျှ ၂ ကြိမ်စီ လုပ်ပြီးတော့ ဒီ White Card သမားတွေ အပါအဝင် နိုင်ငံသားအဖြစ် လျှောက်ထားတဲ့လူတွေ နိုင်ငံခြား ဖြစ်ခွင့် ရှိ၊ မရှိကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ အဆင့်ဆင့် စိစစ်ပြီးမှ ခွင့်ပြုပေးတာပါ။
မေး။ ၁၉၈၂ ခုနှစ် ဥပဒေအရ ခွင့်ပြုပေးထားပြီးသား နိုင်ငံသားစိစစ်ရေးကတ် (NRC) ကိုင်ဆောင်သူတွေဆီက ကတ်တွေကို သိမ်းပြီး White Card ပြန်ထုတ်ပေးထားကြတာ ဖြစ်တယ်လို့ တချို့က ပြောကြပါတယ်။ ဒါကို ဘယ်လိုဆောင်ရွက်နေပါလဲ။
ဖြေ။ အဲဒါကတော့ ဒီကာလမှာ မရှိပါဘူးခင်ဗျ။ ဟိုးစောစော ၁၉၉၀ ခုနှစ်လောက်က ထင်ပါတယ်။ ၉၀ လောက်က ပြန်လည် စိစစ်တဲ့အခါမှာ မသေချာတဲ့ ကတ်တွေကို ပြန်ပြီးတော့ သိမ်းခဲ့တာပါ။ ဒီလိုလုပ်ခဲ့တာ ရှိပါတယ်။ ဒါကကျနော်တို့ ကာလတော့ မဟုတ်ပါဘူး။ တော်တော် စောပါတယ်။
အခုသူတို့ကို ပြန်လျှောက်ထားခွင့် ပြုထားပါတယ်။ ဟိုတုန်းက မမှန်မကန်ဟာတွေလည်း ပြန်လျှောက်ထားရင် ၁၉၈၂ ခုနှစ် ဥပဒေနဲ့အညီ စိစစ်ပြီးတော့ ရသင့်ရထိုက်တဲ့ ကတ်ပြားမျိုး ပြန်ပေးနေတယ်။ ဒီလူဟာဖြင့် ဧည့် (ဧည့်နိုင်ငံသား) ဖြစ်သင့်တယ်၊ ဒီလူဟာဖြင့် ပြု (နိုင်ငံသားပြုခွင့်ရသူ) ဖြစ်သင့်တယ်၊ ဒီလူကတော့ နိုင်ငံသားဖြစ်သင့်တယ်၊ ဒီလူကတော့ လောလောဆယ် White Card (ယာယီသက်သေခံ လက်မှတ်) နဲ့ပဲနေ၊ အဲဒီလို တနှစ်ကို ၂ ကြိမ်၊ တခါတလေလည်း ၃ ကြိမ် စိစစ်နေတာပါ။
မေး။ အခုကာလ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်နေတဲ့အချိန် White Card သမားတွေ မဲပေးခွင့်ရမယ်ဆိုတဲ့ ကိစ္စက အချိန်ကိုက် လက်ခံလိုက်တာနဲ့ ပတ်သက်လို့ အငြင်းအခုန်တွေ ဖြစ်နေကြတယ်။ ဝန်ကြီး အနေနဲ့ရော ဘယ်လို ပြောချင်ပါလဲ။
ဖြေ။ ကျနော်လည်း ဒီလိုပဲ ဖေ့ဘုတ်စ်တွေ၊ အင်တာနက်တွေမှာ ဖတ်ရတာပဲ။ ဒါပေမယ့် ဒါက တခြားစီပါ။ ဒီ White Card ကိစ္စ ပေါ်နေတာ တော်တော် စောစောကတည်းက ဖြစ်နေတာ။ ကျောင်းသားလေးတွေ ဖြစ်တဲ့ကိစ္စက မကြာသေးဘူး။ ဒီ White Card ကိစ္စက မဲပေးသင့် မပေးသင့်ကို ရေရှည်ဆွေးနွေးပြီးမှ လွှတ်တော်ထဲက အတည်ပြုလိုက်တာကိုး။ ကျနော် တဦးချင်းသုံးသပ်ချက်ကတော့ မဆိုင်ဘူးလို့ ထင်ပါတယ်။
မေး။ မြန်မာနိုင်ငံကနေ ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း တိုင်းတပါးကို ရောက်နေခဲ့တဲ့သူတွေ အခု မြန်မာနိုင်ငံမှာ မှတ်ပုံတင် ပြန်လုပ်ဖို့ အခုချိန်အထိ အရမ်းခက်ခဲနေတုန်းပဲ။ မြန်မာပြည်ထဲကို အကြောင်းကိစ္စ တခုခုနဲ့ ဝင်မယ်ဆိုရင် အဟန့်အတားတွေက အရမ်းများနေတယ်၊ ဝင်လို့ ခက်ခဲနေတယ်။ အဲဒါ ဘာ့ကြောင့်လဲ။
ဖြေ။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်တက်တဲ့ အချိန်က အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းကို အဓိကထားလုပ်ခဲ့တာ။ ဒီအထဲမှာ Peace Process (ငြိမ်းချမ်းရေးဆွေးနွေးပွဲ) ပါတယ်။ နောက်တခါ နိုင်ငံခြားမှာ ရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားဟောင်းတွေ ပါတယ်။ အတိုက်အခံပဲ ပြောပြော၊ ဘယ်လိုပဲ ပြောပြောပေါ့။ ဒီလို ပြန်လာဖို့ သမ္မတကြီးက အတိအလင်း ဖိတ်ခေါ်ခဲ့တာ။
တကယ်တော့ ကျနော်တို့ ဥပဒေအရ တခြားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားဟောင်း ဆိုပေမယ့်လို့ ဟိုဘက် နိုင်ငံသား ခံယူပြီးရင် မြန်မာနိုင်ငံသား မဟုတ်တော့ဘူး။ မဟုတ်တော့ရင် တကယ်ကျတော့ ကျနော်တို့ ဥပဒေအရ မြန်မာနိုင်ငံသား ပြန်ဖြစ်ခွင့် မရှိတော့ပါဘူး။ သို့သော်လည်းပဲ အပေါက်ကလေးတပေါက်က ဘာလဲဆိုတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၈ (ခ) မှာ နိုင်ငံတော်အကြီးအကဲကဖြင့် နိုင်ငံတော်အကျိုးငှာ ပြန်လက်ခံလို့ရတယ်။
ယနေ့ ကျနော်တို့ နိုင်ငံတော်သမ္မတကြီးက အဲဒီ အချက်ကလေးကို ကိုင်စွဲပြီးတော့ ကိုယ့်နိုင်ငံသားတွေ ပြန်ပြီးတော့ National reconciliation ပေါ့၊ ရင်ကြားစေ့နိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့တာ။ ဖိတ်ခေါ်တဲ့ လုပ်ငန်းစဉ်ကို ကျနော်တို့ ဝန်ကြီးဌာနရယ်၊ ပြည်ထဲရေးရယ်၊ နိုင်ငံခြားရေးရယ် သုံးဌာနက လုပ်ပါတယ်။
နိုင်ငံခြားရေးကတော့ ဟိုဘက်နိုင်ငံသား စွန့်လွှတ်တဲ့ကိစ္စတွေ၊ စွန့်လွှတ်ပြီးသူတွေ ဒီဘက်နိုင်ငံပြန်လာရင် CoI (Certificate of Identity) ပေးတဲ့ကိစ္စတွေ၊ နောက် ပြည်ထဲရေးကတော့ လက်ရှိ Criminal case တွေ ရှိလား၊ မရှိလား စိစစ်တဲ့ကိစ္စတွေ၊ ကျနော်တို့ကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ်ရေး လုပ်တဲ့ကိစ္စတွေ ဒီ ၃ ဖွဲ့က လုပ်နေတာပေါ့။ လက်ခံပေးနေတယ်။ ကျနော် မှတ်မိသလောက် ၁၈၅ ယောက် လျှောက်တဲ့အထဲမှာ ၁၀၀ နီးပါးလောက် ပြန်ပြီး လက်ခံပြီးပြီ။ နိုင်ငံသားဖြစ်ရေး Process (ဖြစ်စဉ်) ကတော့ နည်းနည်း ဂရုတစိုက် လုပ်ရတာပေါ့။
ကျနော်တို့နိုင်ငံက နိုင်ငံသားဖြစ်ရေးက တခြားနိုင်ငံတွေနဲ့ မတူတာက ကျနော်တို့က မြေပေါ် မူတည် ဆုံးဖြတ်တဲ့ နိုင်ငံ မဟုတ်ဘူး။ သွေးပေါ် မူတည် ဆုံးဖြတ်တဲ့နိုင်ငံ ဖြစ်တယ်။ မြေပေါ် ဆိုတာ တချို့နိုင်ငံတွေမှာ ၅ နှစ်နေရင် နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိတယ်၊ ဘာညာပေါ့။ ကျနော်တို့ကတော့ သွေးချင်းဆက်စပ်မှ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့နိုင်ငံ။ ဒါက နိုင်ငံတနိုင်ငံချင်းမှာ အလေးထားတာချင်း မတူပါဘူး။ ဒီ Process က ခက်ခဲတာတော့ မဟုတ်ဘူး။ ပြန်လုပ်ရတဲ့ အဆင့်လေးတွေ ရှိတယ်။
သူက နိုင်ငံခြားသားလုံးလုံး ဖြစ်သွားပြီလေ။ မြန်မာနိုင်ငံကို ပြန်လာမယ်။ ပြန်လာရင် ဟိုက နိုင်ငံသားကို စွန့်လွှတ်ရမယ်။ ဒီနိုင်ငံမှာ ပြန်ပြီးတော့ သစ္စာခံရမယ်။ ဒီနိုင်ငံက လက်မှတ်ကို ပြန်ထုတ်ဖို့အတွက် အိမ်တအိမ်ကို သူ့ရဲ့ အိမ်ထောင်စုဝင် စာရင်းပြရမယ်။ ပြီးမှ ကျနော်တို့က နိုင်ငံသားကတ် ထုတ်ပေးမယ်။ သူတို့က လွယ်လွယ်လေးနဲ့ ကျနော်နိုင်ငံသား ပြန်ဖြစ်ချင်တယ်။ ခွင့်ပြုပါဆိုရုံလေးနဲ့ ဒီလောက်ကြီးတော့လည်း Process
ခုနလို ဟိုဘက်နိုင်ငံသား စွန်လွှတ်တာတို့ ဒါနိုင်ငံတိုင်းမှာ လုပ်ရတာပဲ။ ကျနော်တို့က Dual citizen လက်မခံဘူး။ ဒီနိုင်ငံသားအဖြစ် ပြန်လျှောက်ရတာတို့ ခုနပြောတဲ့ အချက်တွေနဲ့ ကျနော်တို့က ပြန်စိစစ်ရတာတို့ ဒီမှာလက်ရှိ ကျူးလွန်ထားတဲ့ နစ်နာသူများ ရှိနေသလား။ ဒီအချက်တွေ စိစစ်တယ်။ ကျန်တဲ့ အချက်တွေ မစိစစ်ဘူး။ လာတဲ့လူတွေက ဒီကိုရောက်ရင် နိုင်ငံသား လျှောက်လိုက်တာနဲ့ ရပြီလိုထင်နေတာ၊ ဒီလောက် မလွယ်ဘူးလေ။
မေး။ သမ္မတက ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာတွေကို ပြန်ဖိတ်ခေါ်ခဲ့ပေမယ့် ထင်ရှားတဲ့ အတိုက်အခံတချို့ မြန်မာပြည်ထဲ ပြန်ဝင်ဖို့ ဗီဇာလျှောက်တဲ့အခါ အဟန့်အတားတွေ ရှိနေတာကရော ဘယ်လိုဖြစ်လို့လဲ။
ဖြေ။ အခု ဗီဇာကိစ္စတွေနဲ့ ပတ်သက်ပြီး တော်တော်လွယ်တယ်။ ကျနော်တို့ဆီကိုလေကြောင်းက ဝင်တယ်ဆိုပါစို့။ Tourist, Business, Transit, Social, Diplomatic ဗီဇာရယ်၊ Multi-journey entry ဗီဇာရယ်၊ ဗီဇာ ၆ မျိုးမှာ လွယ်အောင်လို့ ဆိုပြီး အစိုးရအဖွဲ့သစ် ကာလမှာ Business, Transit ဗီဇာရယ်၊ Entry ဗီဇာရယ် သုံးမျိုးကို Visa on arrival လုပ်လိုက်တယ်။ သံရုံးသွားစရာ မလိုဘူး။ လေဆိပ်မှာပဲ တခါတည်း လုပ်လို့ရတယ်။
အခု Tourist visa ကို e-Visa လုပ်လိုက်တယ်။ ဆိုတော့ ဘယ်မှသွားစရာ မလိုဘူး။ အွန်လိုင်းစနစ်ထဲကနေ ဝင်လာခဲ့ရုံပဲ။
လွယ်တဲ့စနစ်တွေ လုပ်ပေးပြီးမှ ဘာကြောင့် ခက်ခဲတယ်ပြောလဲ။ အရင်ကထက်စာရင် အများကြီးလွယ်တယ်။ Tourist တွေက အရင်တုန်းကတော့ ထောင်ဂဏန်း၊ ရာဂဏန်းဝင်တာ အခုဆိုရင် အခုဆိုရင် သိန်းဂဏန်းအထိ ဝင်နေပြီ ကျနော်တို့မှာ ကိန်းဂဏန်းရှိတယ်။
လူပေါင်း ၁၀၀ မှာ လူပေါင်း ၈၀-၉၀ က လွယ်နေတယ် ပြောတယ်။ ခက်တယ်ဆိုတာ ဘယ်လိုကြောင့်လဲ၊ Blacklist ရှိတဲ့ဟာတွေ ဖြစ်နေမလား။ ဒီလိုဖြစ်ရင်ဖြစ်မယ် ဒါတော့ ကျနော်မသိဘူး။ Blacklist လည်း ၂ သောင်းကနေ လျော့ချ လိုက်တာ ထောင်ကဏန်းပဲ ရှိတော့တယ်။
မေး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ရွေးကောက်ပွဲလုပ်မယ့် အချိန်အထ သိဘောတူညီမှုတွေ မရသေးဘူးဆိုရင် အပစ်အခတ် မရပ်စဲရသေးတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ။
ဖြေ။ အဆင်မပြေဘူးလို့တော့ ကျနော် မပြောတော့ပါဘူးဗျာ။ ဘာ့ကြောင့်လဲဆိုတော့ အခုကျနော်တို့က အဆင်ပြေအောင် လာကြတာပဲ။ တကယ်တော့ စဉ်းစားကြည့်ပါ။ ငြိမ်းချမ်းရေးကို လူတိုင်းလိုချင်တယ်။ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေကလည်း လိုချင်တယ်။ ကျနော်ဟာ တပ်မတော်သားဟောင်း တယောက်ပါ။ ကျနော် ကိုယ်တိုင်လည်း လိုချင်တယ်။ လိုချင်တဲ့ လူတွေဆွေးနွေးနေကြတာ။ သို့သော်လည်းပဲ သဘောတူတဲ့အချက်၊ သဘောမတူတဲ့ အချက်၊ ဒါလေးတွေ ညှိဖို့ပဲအရေးကြီးတာ။ ညှိဖို့ပဲကျန်နေတာ။ ဒါဟာလည်း အရင်တုန်းက အချက် ၁၀၀ ကျော် ရှိလို့ရှိရင် အချက် ၃၀-၂၀ နဲ့ ဆယ်ဂဏန်းကို ရောက်သွားပြီ။ မပြေစရာ အကြောင်းကို မရှိဘူး။
မေး။ ဒါဆိုရင် ငြိမ်းချမ်းရေး သဘောတူညီချက်က ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်သွားမယ်လို့ ယုံကြည်နေတာလား။
ဦးခင်ရီ။ မပြေစရာအကြောင်းကို မရှိဘူးလို့ မြင်တယ်။ ကျနော် တဦးတည်းအမြင်တော့ ယုံကြည်တယ်။
မေး။ “ဝ” နယ်မြေမှာဆို သန်းခေါင်စာရင်း ဝင်ကောက်ဖို့ အရမ်းခက်ခဲတယ်လို့ ကြားတယ်။ “ဝ” ခေါင်းဆောင်တွေ စာရင်းကောက်ဖို့ဆို သူတို့ကို သင်တန်းပေး၊ သူတို့ဖာသာ သူတို့ကောက်မယ်လို့ ပြောတာရှိတယ်။
ဖြေ။ မဟုတ်ပါဘူး။ “ဝ” နယ်မြေကို သန်းခေါင်စာရင်း ကောက်တုန်းက ကျနော်ကိုယ်တိုင် ဦးစီးပြီးသွားခဲ့တာ။ အဓိက က နေရာတိုင်းကို ဝင်ကောက်လို့ ရတယ်။ တခုပဲ၊ ဘာသာစကား ကန့်သတ်ချက်ရှိတော့ ကျနော်တို့ ဆရာ၊ ဆရာမတွေချည်းပဲ ကောက်လို့ မရဘူး။ “ဝ” စကားတတ်တဲ့ ဒေသခံတွေကို အကူအညီ တောင်းတာရှိတယ်။ ဘာသာစကား အခက်အခဲကလွဲလို့ ဘာကန့်သတ်ချက်မှ မရှိဘူး။
မေး။ သန်းခေါင်စာရင်း ကောက်ပြီးတော့ တနိုင်ငံလုံး လူဦးရေစာရင်း မနှစ်က ထုတ်ပြန်ခဲ့တယ်။ ဒီ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိတယ်ဆိုတဲ့ စာရင်းက ဒီအတိုင်းပဲလား။ အပြောင်းအလဲရှိလား။ ဥပမာ ချင်းပြည်နယ်မှာဆိုရင် ဇိုမီးတွေက ဒီစာရင်းမှာ မပါဘူး။ အခုရော ပါလာပြီလား။
ဖြေ။ အဲဒါတွေ ကျနော်တို့ အဖြေ မပေါ်သေးပါဘူး။ တွက်တုန်းချက်တုန်းပါ။ စာရင်း အကြမ်းဖျဉ်းကတော့ မေလကုန် လောက်မှာ ကျန်တဲ့စာရင်း ထွက်ပါတယ်။ လူမျိုးစာရင်းကတော့ အဲဒီလောက်မှ ထွက်ချင်မှ ထွက်ပါဦးမယ်။ တဦးချင်း ကိုယ့်လူမျိုးကို ပြောတဲ့အတိုင်း မှတ်တမ်းတင်ရတာဆိုတော့ ၁၃၅ မျိုး အတိုင်းပဲလား၊ များသလား။ ဒါ မသိသေးဘူး။ လုပ်နေတုန်း။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ဒီလူမျိုးစာရင်းကို တိုင်းရင်းသားကိုယ်စားလှယ်တွေ အကုန်ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးကြရဦးမှာ။
ဒါကြောင့်မို့လို့ မေလကုန်မှာကတော့ တခြားဟာတွေ ထွက်မယ်။ ဒီ လူမျိုးတို့ ဘာတို့ ဆိုတဲ့ဟာတွေကတော့ နည်းနည်းလေး ဆက်ပြီး ကျန်ခဲ့နိုင်တယ်။
စာရင်းကောက်တဲ့ နေရာမှာ ဇိုမီးဆို ဇိုမီးပဲပြောတယ်။ သူတို့ပြောတဲ့အတိုင်းပဲ မှတ်တမ်းတင်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ၂၀၁၅ မေမှာ ကျန်တဲ့ အချက်တွေ ထုတ်ပြန်နိုင်တယ် ဆိုရင်တောင်မှ ဒါက ဆင်းတွေ့ရဦးမှာ။ ဒီအတိုင်း သွားထုတ်ပြန်ရင် တိုင်းရင်းသားတွေ ကြားထဲမှာ နားလည်မှု လွဲနိုင်တယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လုပ်တဲ့ ကိစ္စဟာ ဖွံ့ဖြိုးတိုးတက်မှု မဖြစ်ဘဲနဲ့ အငြင်းပွားစရာ ဖြစ်မှာစိုးလို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေကို ခေါ်မယ်။ ဒီလိုတော့ ပေါ်နေပြီ ဆွေးနွေးမယ်။ ဒါကြောင့် ၂၀၁၅ မေမှာ လူမျိုးစာရင်းနဲ့ ပတ်သက်ပြီး ထွက်ဖို့ မရှိသေးပါဘူး။
တိုင်းရင်းသားအဖြစ် သတ်မှတ်ချက်ကလည်း ၁၉၈၂ ခုနှစ်ဥပဒေမှာ ပါတဲ့အတိုင်း နိုင်ငံတော်အကြီးအကဲက မည်သူသည် တိုင်းရင်းသားဖြစ်သည် ဆိုတဲ့ အတိုင်းလုပ်မှာပါ။
မေး။ ၂၀၁၃ ခုနှစ်တုန်းက ဆရာမ ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ချိန်မှာနယ်စပ်က မြန်မာပြည်သား ရွှေ့ပြောင်း လုပ်သားတွေရဲ့ သားသမီးတွေအတွက် မွေးစာရင်းထုတ်ပေးရေးကို ပြောခဲ့ဖူးပါတယ်။ အဲဒီလုပ်ငန်းတွေ ဘယ်လောက်အထိ ဆောင်ရွက်နေပါပြီလဲ။
ဖြေ။ အဲဒါက အကြွေးတခုကို ဖြစ်နေတာ။ ဒီကြားထဲကသန်းခေါင်စာရင်းကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ဆရာမ စင်သီယာနဲ့ ပြောခဲ့တာတွေက သိပ်မလုပ်ဖြစ်သေးဘူး။ ဒါက ကိုယ်တခုတည်းလုပ်လို့လည်း မရဘူး။ ကျန်းမာရေးအဖွဲ့တွေလည်း ပါရမယ်။ ကျန်းမာရေးအဖွဲ့တွေကတော့ ဆက်ကြ ပြုကြ လုပ်ကြတယ်။ အဖြေပေါ်တဲ့အထိ မရသေးပါဘူး။ အကြွေးတခုပါ။ ဆက်လုပ်မှာပါ။ အသေးစိတ် ဆွေးနွေးမှုတွေ မလုပ်ရသေးတာ။
မေး။ ဒါက ငြိမ်းချမ်းရေးရမှ ဆက်လုပ်နိုင်မယ့် သဘောလား။
ဖြေ။ ဒါ မဆိုင်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကို နိုင်ငံသားအဖြစ် ပြန်လက်ခံတဲ့ ကိစ္စပါ။ ကျနော်တို့မှာ ရခိုင်ကိစ္စတွေ ရှိတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေ ရှိတယ်။ လုပ်ဆဲလုပ်ငန်းလေးတွေက များနေတဲ့ အတွက်ကြောင့် မလှည့်နိုင်သေးတာ ဖြစ်တယ်။