ရှမ်းပြည် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာ ယခုရက်များအတွင်း မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) လို့ အမည်ပေးထားတဲ့ ကိုးကန့်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
MNDAA အဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီမှ စတင် ခွဲထွက်ပြီး နဝတ စစ်အစိုးရနဲ့ အစောဆုံး ငြိမ်းချမ်းရေး ယူခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရခဲ့တဲ့အတွက် မူးယစ်ဆေးဝါး၊ လက်နက်စက်ရုံ စသည့်ကိစ္စရပ်များကို အကြောင်းပြပြီး ကိုးကန့်အဖွဲ့ (MNDAA) ကို မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ဒေသကို ထိန်းချုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ကိုးကန့်ဒေသမှာ တိုက်ပွဲများနဲ့ အတူ MNDAA အဖွဲ့လည်း ပြန်လည် ပေါ်ပေါက်လာပါတယ်။ လက်ရှိ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA) ပြောခွင့်ရ အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို ဧရာဝတီ အကြီးတန်း သတင်းထောက် ရန်ပိုင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ လက်ရှိ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေလေး သိပါရစေ။
ဖြေ။ ။ ဒီနေ့ (ဖေဖော်ဝါရီ ၁၀) မှာတော့ မြန်မာစစ်တပ်ဘက်က တာရွှေထန်နားမှာ ရဟတ်ယာဉ် ၂ စီးနဲ့ တိုက်နေတယ်၊ သူတို့ဘက်က လူအင်အားလည်း အလုံးအရင်း ပါတယ်။
မေး။ ။ MMDA ဘက်ကရော တိုက်ပွဲဖြစ်နေတဲ့ တာရွှေထန်နားမှာ အင်အား ဘယ်လောက်လောက်ရှိပါလဲ။
ဖြေ။ ။ အဲဒီနေရာမှာတော့ ၁၀၀ ကျော်ကျော်လောက်ပဲ ရှိပါတယ်။
မေး။ ။ အစိုးရ ကြေညာတာက ရှင်းလင်းရေး လုပ်ရင်းနဲ့ ကိုးကန့်လက်ကျန်တပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် စစ်တပ်နဲ့ နီးစပ်သူတွေ၊ တပ်ဘက်သတင်းတွေ အရတော့ ကိုးကန့်က သူတို့စခန်းတွေကို ဝင်စီးတယ် ပြောတယ်။ ဘယ်ဟာမှန်လဲ ခင်ဗျ။
ဖြေ။ ။ အစိုးရ စစ်တပ်က ဝင်တိုက်တာပါ၊ ကျနော်တို့က အင်အားနည်းနည်းလေးနဲ့ ဘယ်လိုလုပ် ဝင်စီးနိုင်မလဲ။ ကျနော်တို့ အင်အားက ၁ ထောင်လောက် ရှိပါတယ်၊ ဒါပေမယ့် တနေရာတည်းမှာပဲ စုဖွဲ့နေတာ မဟုတ်ပါဘူး၊ ဖြစ်တာက မနေ့ကဆို ၄ နေရာ ၅ နေရာလောက်မှာ ဖြစ်တယ်။ ဒီနေ့ဆို ၃ နေရာလောက်မှာ ဖြစ်တယ်။
မေး။ ။ ဒီတိုက်ပွဲတွေမှာ ကိုးကန့်တဖွဲ့တည်းပဲ တိုက်တာလား၊ တခြားတိုင်းရင်းသား တပ်ပေါင်းစု လက်နက်ကိုင် အဖွဲ့တွေ ပါသေးလား။ လူမှုကွန်ရက် Facebook ပေါ်မှာ တရုတ်တွေ ပါတယ်လည်း ပြောကြတယ်၊ ဘယ်ဟာက မှန်ပါသလဲ။
ဖြေ။ ။ တရုတ် မပါပါဘူး၊ ပလောင်က TNLA၊ ရခိုင်တပ်မတော် (AA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ SSA တပ်ဖွဲ့တွေ ပါပါတယ်၊ တိုင်းရင်းသားတွေ အချင်းချင်း ဖိနှိပ်ခံရသူ အချင်းချင်း ပူးပေါင်းကြတဲ့ သဘောပါ။
မေး။ ။ မနေ့ကဖြစ်တဲ့ တိုက်ပွဲမှာ အကျအဆုံး ဘယ်လိုရှိပါလဲ။ ဒီနေ့ရော ဘယ်အခြေအနေ ရှိပါလဲ။
ဖြေ။ ။ မနေ့ကတော့ မြန်မာ့တပ်မတော်ဘက်က ၃ ယောက် ကျတယ်၊ ကျနော်တို့ဘက်က ၄ ယောက် ဒဏ်ရာရတယ်။ ဒီနေ့မှာတော့ နောက်ဆုံး အခြေအနေက တိုက်ခိုက်ရေး ရဟတ်ယာဉ် ပစ်ခတ်မှုကြောင့် ကျနော်တို့ဘက်က ၁ ယောက် ကျတယ်၊ ဒဏ်ရာ ၁ ယောက်ရတယ်။ တိုက်ပွဲက မပြီးသေးဘူး၊ မနက် ၇ နာရီလောက်ကတည်းက စတိုက်တာပဲ။
မေး။ ။ အစိုးရဘက်က ရုရှားလုပ် တိုက်လေယာဉ် MIG တွေ သုံးတယ် ကြားရတယ်၊ အဲဒါကရော ဘယ်လောက် မှန်ပါလဲ။
ဖြေ။ ။ MIG မလာပါဘူး၊ မနေ့ကဆို ရဟတ်ယာဉ် ၃ စီး၊ ဒီကနေ့ ၂ စီး လာတိုက်တယ်။
မေး။ ။ အခု တိုက်ပွဲဝင်နေတဲ့ ကိုးကန့်တွေက “ဝ” ပြည်နယ် UWSA အဖွဲ့ ၊ မိုင်းလား (MMDAA) အဖွဲ့ဆီမှာ ခိုလှုံပြီးမှ အစိုးရတပ်ကို လာတိုက်တယ်လို့ စွပ်စွဲနေကြတယ်၊ “ဝ” တွေက ဒီလူတွေ တိုက်မယ်မှန်း သိလျက်နဲ့ အစိုးရကို အကြောင်းမကြားဘူးလို့ ပြောနေကြတာက ဘယ်လောက် မှန်ကန်ပါသလဲ။
ဖြေ။ ။ ကျနော့် အထင်တော့ သူတို့ မသိလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် သိချင်လည်း သိမှာပေါ့။
မေး။ ။ ကိုးကန့်အဖွဲ့ဟာ ၂၀၀၉ ခုနှစ် တိုက်ပွဲပြီးတဲ့ နောက်ပိုင်း ပျောက်သွားပြီး လူသိနည်းသွားတယ်။ အဖွဲ့အကြောင်းလေး ပြောပါဦး။
ဖြေ။ ။ ကိုးကန့် အဖွဲ့ဆိုတာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်၊ ၁၉၈၉ ခုနှစ်မှာ နဝတ စစ်အစိုးရလက်ထက် ပထမဆုံး ငြိမ်းချမ်းရေးယူတာ ကိုးကန့် အဖွဲ့ပါ၊ ကျနော်တို့ နောက်ကနေ တခြားသော လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့လောက် ငြိမ်းချမ်းရေး ယူခဲ့တယ်။ မူးယစ်ဆေးဝါး ပပျောက်ရေးလည်း ထဲထဲဝင်ဝင် လုပ်ခဲ့တယ်၊ ဒါကြောင့် ၂၀၀၂ ခုနှစ်မှာ ကိုးကန့်နယ်မြေကို ဘိန်းကင်းစင်တဲ့ နယ်မြေအဖြစ် ကြေညာနိုင်ခဲ့တယ်။
ဒါပေမယ့် ၂၀၀၉ ခုနှစ် သြဂုတ်လမှာတော့ စစ်အစိုးရက ကျနော်တို့ကို စွပ်စွဲတယ်၊ မူးယစ်ဆေးဝါး လုပ်တယ်၊ လက်နက်စက်ရုံ ထောင်တယ်ဆိုပြီး စွပ်စွဲတယ်၊ ပြီးတော့ တိုက်ထုတ်တယ်။
အခု သူတို့က ပြောတယ်၊ ကျနော်တို့က ကိုးကန့်နယ်မြေကို ကျူးကျော် လာတယ်လို့ ဆိုတာတွေကို ကျနော်တို့ လက်မခံဘူး၊ နဂိုကတည်းက ကျနော်တို့ အိမ်ပဲလေ၊ အိမ်ပြန်လာတာပါ။ ပြန်တိုက်ဖို့ လာတယ်ဆိုတာ မဟုတ်ပါဘူး။ ပြေးရင်းလွှားရင်းကနေ အိမ်ပြန်ရောက်သွားတာပါ၊ သံလွင် အနောက်ဖက်ခြမ်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်နေတာကို မြန်မာ့တပ်မတော်က တပ်မ ၆ ခုလောက်က ဝိုင်းဝန်းပြီး အပြတ်ရှင်းဖို့ လုပ်တာပါ၊ ကျနော်တို့ကလည်း လူနည်း အင်အားနည်းတော့ ပြေးရင်းလွှားရင်းကနေ သံလွင်အရှေ့ဖက်ခြမ်း ကိုးကန့်နယ်မြေကို ရောက်သွားတာပါ။
ကျနော်တို့ အခုဆို ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှာလည်း ပါဝင်ပါတယ်။
မေး။ ။ ၂၀၀၉ ခုနှစ် တိုက်ပွဲတွေ ပြီးကတည်းက ကိုးကန့် (MNDAA) အဖွဲ့ ပျောက်သွားတာ ၂၀၁၄ ခုနှစ်မှာ ပြန်ပေါ်လာတယ်နော်၊ အဲဒီကြားကာလတွေမှာ ဘယ်နေရာမှာ လှုပ်ရှားနေပါလဲ။
ဖြေ။ ။ နယ်စပ်တလျှောက်မှာပဲ ဦးဖုန်ကြားရှင်ရဲ့ ဦးဆောင်မှုနဲ့ပဲ လှုပ်ရှားနေပါတယ်၊ ဦးဖုန်ကြားရှင်ရဲ့ အသက်ကတော့ ၈၅ နှစ် ရှိပါပြီ။