ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်- စစ်တွေကို ပြေးဆွဲနေတဲ့ အောင်တံခွန် အမှတ် (၃) သင်္ဘောဟာ မတ်လ ၁၃ ရက် ညပိုင်းမှာ နစ်မြုပ်ခဲ့ပါတယ်။ သင်္ဘောအတွင်းမှာ ခရီးသည်တွေရာနဲ့ချီ လိုက်ပါခဲ့ပြီး သေဆုံးသူတွေ အများအပြား ရှိခဲ့သလို အသက်ရှင် ကျန်ရစ်သူတွေလည်း ရှိနေပါတယ်။
သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၅၆ လောင်းကို ဆယ်ယူတွေ့ရှိခဲ့ပြီး၊ ခရီးသည် ၁၆၉ ဦးကိုလည်း အသက်ရှင်လျက် ကယ်ဆယ်ထားကြောင်း ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန် ကြေညာချက်တွေနဲ့ ဒေသခံတွေ အပါအဝင် အသက်ရှင် လွတ်မြောက် လာသူတွေရဲ့ ပြောဆိုမှုတွေက ကွဲလွဲနေပါတယ်။
နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ လိုက်ပါလာခဲ့ပြီး အသက်ရှင် လွတ်မြောက်လာတဲ့ သူတွေက သင်္ဘောက ဟောင်းနွမ်းယိုယွင်းနေပြီး ကုန်ပစ္စည်းတွေ အဆမတန် တင်ဆောင်လာခဲ့တယ်လို့ ဆိုကြပါတယ်။
သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အခင်းဖြစ်စဉ် အခြေအနေတွေကို သိရှိနိုင်ဖို့ အသက်ရှင် ကျန်ရစ်သူ တချို့ အပါအဝင် သင်္ဘော နစ်မြုပ်ပြီးနောက်ပိုင်း အနီးကပ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေသူ တချို့ကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ ခင်ဦးသာ တို့က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါတယ်။
ဦးမောင်စံဝင်း (အသက် ၄၈ နှစ်၊ ထန်းပြိုင်ရွာ၊ ရမ်းဗြဲမြို့နယ်)
မတ်လ ၁၃ ရက် ညနေ ၄ နာရီလောက်က ကျောက်ဖြူက စထွက်ပါတယ်။ ၆ နာရီလောက်မှာ နောင်တော်ဆိုတဲ့ နေရာကို ဖြတ်ပါတယ်။ အဲဒီအချိန်မှာပဲ လှိုင်းပုတ်တာနဲ့ ရေတွေကသင်္ဘာဝမ်းဗိုက်ထဲကို ဝင်လာတယ်။ ကုန်တွေက များတော့ သင်္ဘောက ရေထဲမှာ အတော်နစ်နေပါတယ်။ လှိုင်းကလည်း နည်းနည်းကြီးတယ်။ ဒီနေရာတွေမှာ လှိုင်းကြီးတာက ခါတိုင်းလည်းပဲ ဒီလိုပါ။ ပုံမှန်ကြီးပါတယ်။
ရေတွေဝင်လာတော့ သင်္ဘောသားတွေက ခရီးသည်တွေကို ဟိုဘက်၊ဒီဘက် ရွှေ့ခိုင်းပါတယ်။ ဘယ်ဘက် ရေဝင်လာရင် ညာဘက်ကို ရွှေ့ခိုင်းတယ်။ ညာဘက်က ဝင်လာရင် ဘယ်ဘက်ကို ရွှေ့ခိုင်းပါတယ်။ အဲဒီလိုပဲ ဘယ်ဘက် ရွှေ့ခိုင်းလိုက်၊ ညာဘက်ကို ရွှေ့ခိုင်းလိုက်နဲ့ ၇ နာရီကျော်လောက်မှာ သင်္ဘောသားတွေက ခရီးသည်တွေကို မေးပါတယ်။ ဒီမြစ်ကြောင်းမှာ ငါးဖမ်းဖူးတဲ့လူတွေ မပါဘူးလားလို့ မေးတယ်။
ငါးဖမ်းသူတွေပါရင်လည်း သင်္ဘောတက်ကိုင်တာကို ဒီငါးဖမ်းသမားတွေက ဘယ်လိုလုပ် ကိုင်တတ်မှာလဲ။ အဲလိုနဲ့ပဲ သွားရင်း သွားရင်းနဲ့ နည်းနည်းကြာလာတော့ သင်္ဘောဦးပိုင်း နစ်နေပြီ ဆိုပြီးတော့ ပြောပြီး၊ ခရီးသည်တွေ နောက်ဘက်ကို ရွှေ့ကြ၊ နောက်ဘက် ကို ရွှေ့ကြလို့ အော်တယ်။ အဲဒီလို အော်ပြောရင်းနဲ့ပဲ သင်္ဘောရဲ့ ဘယ်ဘက် အခြမ်းက နစ်ဆင်းသွားပါတယ်။ အဲဒီအချိန်မှာပဲ လူတွေက “ကူကြပါ၊ ကယ်ကြပါ”ဆိုပြီး ကမ္ဘာပျက်တဲ့ အတိုင်းပဲ အော်ကြတာပေါ့။ ကျနော်ထင်တယ် လူ ၂၀၀ လောက် ရှိမယ် ပင်လယ်ပြင်ထဲမှာ လူတွေ ပြန့်ကျဲသွားပြီး မြစ်ပြင်မှာ မျောနေကြပါတယ်။ အမေ ကယ်ပါ၊ အဖေ ကယ်ပါနဲ့ အော်ကြတာ ကောင်း ကင် မှာ အသံတွေ ဟိန်းထွက် သွားပါတယ်။
“အမေက မရှိတော့ဘူး။ သမီး ပျောက်သွားပြီ၊ အဖေကို ရှာမတွေ့ဘူး” ဆိုတဲ့ အသံတွေဟာ ပတ်ဝန်းကျင် တခုလုံးနဲ့ ကောင်းကင် ယံမှာ ဟိန်းထွက်နေတယ်။ သင်္ဘော စမြုပ်တုန်းက စစ်တွေက ဦးပဉ္စင်း တပါးက ပြောတယ်။ သင်္ဘောပေါ်က ပစ္စည်းတွေ ပင်လယ် ထဲကို လွှင့်ချပစ်လိုက်ဖို့၊ ပစ္စည်းထက် လူတွေက အရေးကြီးတယ်လို့ ဦးပဉ္စင်းက ပြောပေမယ့် သင်္ဘောဝန်ထမ်းတွေက လက်မခံပါ။ သင်္ဘောပေါ်မှာ သံတိုင်တွေ၊ ဘိလပ်မြေအိတ်တွေ၊ အိမ်မှာ တပ်တဲ့ ကျွန်းသားတံခါးတွေလည်း ပါတယ်။ အသက်ကယ် အကျႌတွေတော့ တယောက်မှ မရပါဘူး။
ကျနော်ကတော့ သတိက မပျက်ဘူး။ သတိက ရှိနေတော့ လူတွေကို လှမ်းပြောတယ်။ ရတဲ့အထုပ်ကို ဆွဲကိုင်ကြ၊ ရတာကို ဆုပ်ကိုင်ထားကြ လွတ်မသွားစေနဲ့လို့အော်ပြောပါတယ်။ ဘူးတွေ ရသူကရ၊ အထုပ်တွေရသူကရတော့။ ဘူးတွေရသူတွေက တော့ အသက်ရှင်ပါတယ်။ ကျနော်လည်း သံစည်ဘူး တခုကိုရလို့ အသက်ရှင်လာတာပါ။ ကျနော်ကတော့ မိသားစုမပါဘူး။ ကျနော် တယောက်တည်း မြေပုံကို သွားတာပါ။ မိသားစုတွေက ရမ်းဗြဲမှာ ကျန်ခဲ့တယ်။
ကျနော်က သင်္ဘောမြုပ်ပြီးတော့ ရေထဲမှာ တနာရီလောက် နေခဲ့ရပါတယ်။ အနီးနားက ငါးဖမ်းလှေက လာကယ်လို့ ကျနော် အသက်ရှင်လာတာပါ။ အော်သံတွေ ညံနေတော့ ငါးဖမ်းစက်လှေတွေ ရောက်လာကြပြီး လူတွေအများအပြားကို ကယ်တင် နိုင်ခဲ့ပါတယ်။ ကျနော့်အထင်တော့ သင်္ဘောပေါ်မှာ လူ ၃၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ငါးဖမ်းစက်လှေတွေက အချိန်မီ ကယ်တင်နိုင်ခဲ့လို့ လူ ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ တပ်မတော် ရေတပ်ကတော့ မိုးလင်းမှ ရောက်လာပါတယ်။
ဒေါ်နုခင် (အသက် ၄၁ နှစ်၊ သင်္ဘောမြုပ်ရာ၌ သားငယ် တဦးဆုံးရှုံးခဲ့ရသူ မိခင်၊ ရသေ့တောင်မြို့နယ်)
ကျမက သင်္ဘောမြုပ်တဲ့ ကိစ္စကို သေချာတောင် မမှတ်မိလိုက်ဘူး။ သားငယ်တယောက် ပျောက်ဆုံးနေတာ အလောင်း မရသေးပါဘူး။ အလောင်းတွေ့တယ်ပြောလို့ အဖေနဲ့ အကိုက သားငယ်အလောင်း ဟုတ်မဟုတ် သွားကြည့် နေကြတုန်းပါ။ ကျမတို့မှာက မိသားစု ၈ ယောက်ပါ ပါတယ်။
ကျောက်ဖြူကနေ ရသေ့တောင်ကို ရှင်ပြုဖို့ဆိုပြီး မိသားစုလိုက် သွားကြတာပါ။ သားငယ် ၃ ယောက်ကို ရှင်ပြုဖို့ ဆိုပြီးတော့၊ သားငယ်တယောက် ပျောက်နေပြီး ကျန်သူတွေတော့ အသက်ရှင်ပါတယ်။ ကျောက်ဖြူမှာ အလုပ် လုပ်နေကြတာပါ။
သင်္ဘော ရေဝင်မြုပ်တယ် ဆိုတာနဲ့ အမေတခြား၊ သားသမီးတွေ တခြားစီ အကုန် ဖြစ်သွားတယ်။ ရေထဲမှာ အတော်ကြာ ကူးခတ် နေပြီးမှ ငါးဖမ်းဘုတ် ရောက်လာပြီး အကယ်ခံရတာပါ။ ပိုက်သည်တွေ ရောက်လာတဲ့ အချိန်မှာ ကျမတယောက်ပဲ ဖြစ်နေပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေ ဘယ်ရောက်နေမှန်း မသိပါဘူး။ ကုန်းပေါ်ရောက်လို့ လူတွေစုကြတဲ့အခါမှာတော့ သားငယ်က ပျောက်နေ ပါပြီ။ သားငယ်က အသက် ၁၀ နှစ်သား အရွယ်ပါ။
ဒေါ်အလုံးချေ (အသက် ၆၀ ၊ တောင်ကုတ်မြို့နယ်)
တောင်ကုတ်ကနေ ကျောက်တော်ကို သွားတာပါ။ သင်္ဘာပေါ်မှာက ကုန်ပစ္စည်းတွေ တင်ဆောင်လာတာ အတော်များပါတယ်။ ကုန်တွေများတော့ လှိုင်းနည်းနည်း ထတာနဲ့ သင်္ဘောက စောင်းလာတာပေါ့။ ခရီးသည် တွေကတော့ ဒီဘက်က စောင်းသွားရင် ဟိုဘက်ကို ရွှေ့ကြ၊ ဟိုဘက်ကစောင်းရင် ဒီၤဘက်ကို ရွှေ့ကြတာပေါ့။ သင်္ဘောသားတွေက ရွှေ့ခိုင်းတာ။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာပဲ ရေတွေက ဝင်လာတယ်။
ပင်လယ်အကြောင်း နားလည်တဲ့ သူတွေက ပြောကြတယ်။ ဘယ်လို လုပ်ကြမလဲ၊ တချို့ကတော့ အေးအေးပါပဲ။ အဲဒီလိုနဲ့ပဲ ရေတွေက တဖြည်းဖြည်း ဝင်လာပြီး ခဏနေတော့ သင်္ဘောစမြုပ်တာပေါ့။ ခုန်ဆင်းတဲ့ သူတွေက ခုန်ဆင်းကြတယ်။ ကျမက အနားကို မီးသွေးထုတ် တထုတ် မျောလာတဲ့အတွက် မီးသွေးထုတ်ကို ဆွဲထားရင်းနဲ့ ငါးဖမ်းနေတဲ့ ပိုက်သည်တွေ ရောက်လာပြီး အချိန်မီ ကယ်လိုက်လို့ ကျမ အသက်ရှင်တာပါ။ သင်္ဘော ရေနစ်ပြီ ဆိုတာနဲ့ “ကူပါ၊ကယ်ပါ” အော်ကြတော့ အနီးအနားက ငါးဖမ်းနေသူတွေ၊ စက်လှေသမားတွေ ရောက်လာကြပြီး လူတွေကို ကယ်ယူပါတယ်။
ကျမနဲ့အတူ မြေးလေး တယောက်လည်း ပါတယ်။ မြေးလေးကလည်း ရေထဲ မျောနေရင်းနဲ့ ငါးဖမ်းလှေက ကယ်တင်လိုက်နိုင်လို့ မြေးအဖွား နှစ်ယောက်စလုံး အသက်ရှင်ပါတယ်။
ကိုထွန်းလွင် (ကျောက်ဖြူ လူမှုကွန်ရက်)
အောင်တံခွန် (၃) သင်္ဘောက ကျောက်ဖြူကနေ ၁၃ ရက် ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ မြေပုံကို ထွက်တယ်။ ပုံမှန်ထွက်ချိန် က နေ့လယ် ၁၂ နာရီ ဖြစ်ပေမယ့် အဲဒီနေ့က နောက်ကျတယ်။ ကျောက်ဖြူကနေ ၃ နာရီလောက်ဝေးတဲ့ မျောက်ကျွန်း အရောက် ည ၈ နာရီနဲ့ ၉ နာရီ ကြားလောက်မှာ သင်္ဘောပေါက်ပြီး သင်္ဘောထဲကို ရေဝင်ပြီး မြုပ်တာ။ အဲဒီမှာ အစိုးရဘက်က ကြေညာတာက ၁၉၂ ယောက်။
တကယ်တမ်း ဒီသင်္ဘောပေါ်မှာ ခရီးသည်က ၂ မျိုး ရှိတယ်။ လက်မှတ်နဲ့ စီးတဲ့လူ ရှိတယ်။ လက်မှတ်နဲ့ မဟုတ်ဘဲ စီးတဲ့လူ ရှိတယ်။ အရပ်ဘက် အဖွဲ့တွေက စုစုပေါင်း ၃ ရာကျော်လောက် ပါလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ သင်္ဘောမြုပ်ပြီးတော့ ကျောက်ဖြူက ရဲ၊ မီးသတ် အဖွဲ့တွေရယ် သွားကြတယ်။ အဲဒီကိုပဲ သုံးနာရီလောက် သွားရတဲ့ အခါကြတော့ မနက် ၄-၅ နာရီ လောက်မှ ရောက်သွားကြတယ်။ ရောက်တဲ့ အခါ သင်္ဘောမှာက သေတဲ့လူတွေ အများကြီး သေနေပြီ။
ရှင်တဲ့လူတွေကိုလည်းပဲ ဒေသခံတွေက လှေတွေ၊ မော်တော်တွေနဲ့ ကျွန်းကို ပို့ထားပြီးပြီ။ အဲဒီနေ့ မနက် ၉ နာရီလောက်မှာပဲ ကျောက်ဖြူက အရပ်ဘက် အဖွဲ့အစည်းတွေ၊ နာရေးအဖွဲ့တွေက အလောင်းတွေ သွားကောက်တယ်။ Navy (တပ်မတော်ရေ) ကလည်း အဲဒီမှာ ဝင်ကောက်တယ်။ သူတို့ ရောက်လာတဲ့ အချိန်မှာ ရွာသားတွေက အသက်ရှင်ကျန်တဲ့ လူမှန်သမျှ အကုန် ကယ်ထားပြီးပြီ။ အလောင်းတွေပဲ မဆယ်နိုင်သေးတာ။
အရပ်သားတွေ ကယ်ထားတဲ့ အသက်ရှင်တဲ့ လူတွေနဲ့ သေဆုံးသူ ရုပ်အလောင်းတွေကို Navy က ကျောက်ဖြူနဲ့ စစ်တွေကို ခွဲပို့ထားတယ်။ ဒီနေ့နေ့လယ် အထိတော့ စုစုပေါင်း အသက်ရှင် ကျန်နေတဲ့သူ ၁၆၇ ယောက်၊ သေဆုံးသူ ရုပ်အလောင်း ၅၅ လောင်း ပါ။ မြေပုံဘက်က ဆယ်လို့ရတဲ့ ရုပ်အလောင်း အရေအတွက်တော့ ကျနော်တို့ မသိသေးပါဘူး။
အခုလက်ရှိလဲ ဆယ်နေတုန်းပဲဗျ။ ဒီနေရာမှာ တခု ပြောချင်တယ်ဗျ။ အခု စကိုင်းနက်တို့ တချို့မီဒီယာ တချို့မှာ ဖော်ပြသလို Navy တို့ တပ်တို့က သက်စွန့်ဆံဖျား ကယ်နေတာ မဟုတ်ဘူး။ ဒီမှာ အခု ရေအောက်မြုပ်နေတဲ့ သင်္ဘောထဲကို ဆင်းကယ်နေတာ က အရပ်သားတွေ။ ပင်လယ်အောက်မှာ ကယုတို့ ဂုံးတို့ ငုပ်တဲ့ အရပ်သားတွေ၊ ရေငုပ်တဲ့ ကရိယာဝတ်စုံတွေ ဘာတွေပါတာ မဟုတ် ဘူး။ အစိုးရဘက်ကလည်း အဲဒီလို လုပ်ပေးတာ ဆင်းဆယ်တာ မရှိဘူး။ ဆယ်ထုတ်လာတဲ့ အလောင်းတွေနဲ့ ရှင်ကျန်နေတဲ့ လူတွေ ကို သယ်ပေးရုံလောက်ပဲ။ ။