သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာအပါအဝင် KIO ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်တွင် မတ်လ ၁၆ ရက် နေ့ က လက်ခံတွေ့ဆုံခဲ့ရာ ယင်းတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အခွင့် အလမ်းများစွာ ပွင့်လန်းလာ သည် ဟု ဝေဖန်သုံးသပ်မှုများပေါ်ထွက် လျက် ရှိရာ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော် က ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် KIO ကိုယ်စားလှယ်တဦးဖြစ်သူ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ KIA ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီး ဦးသိန်းစိန် နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တယ်။ သမ္မတ ကိုယ်တိုင်က လက်ခံတွေ့ဆုံတယ်ဆိုတော့ ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းနေပြီဆိုတဲ့ သုံးသပ်ချက်တွေ ထွက်နေတာ တွေ့ရပါတယ်။ အဲ့ဒီ ဆွေးနွေး ပွဲ ရဲ့ရလဒ်၊ ဆွေးနွေးပွဲပုံစံ ဘယ်လို ဖြစ်သွားတယ်ဆိုတာ ကျနော်တို့ သိလို့ ရမလား ခင်ဗျ။
ဖြေ။ ။ နေပြည်တော်ကိုတော့ ကျနော်တို့ အစည်းအဝေးလာရင်းနဲ့ ၇ကြိမ်မြောက် UPWC နဲ့ NCCT အစည်း အဝေးကို ဆင်းလာရင်းနဲ့ ဝင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ နေပြည်တော်ကိုရောက်ရင် ကျနော်တို့က နိုင်ငံတော် သမ္မတ အပါ အဝင် တပ်ချုပ် များကိုလည်း တွေ့လို့ရအောင်ဆိုတဲ့ အစီအစဉ် ပါပါတယ်။ အစီအစဉ်ကို ကျနော်တို့ ညှိနှိုင်း နေတာ တော့ ကြာပါပြီ။ ဒီဇင်ဘာတည်းက ညှိနှိုင်းနေတာ အခုမှ လာဖြစ်တာ ဖြစ်ပါတယ်။ ကျနော်တို့ ဗဟိုကော်မတီဝင် ၈ ဦး နေပြည်တော်မှာ ၂ ရက်နားပြီးတော့ သမ္မတနဲ့ တွေ့ခဲ့ပါတယ်။ သမ္မတနဲ့ တွေ့တဲ့အခါမှာ အဓိကကတော့ ကျနော်တို့ KIO ဥက္ကဋ္ဌ ကလည်း သဘောထားပေးဖို့ စာတစောင်ပါလာတယ်။ ပြီးရင် ကျနော်တို့ KIO ရဲ့ သဘောထားများကို အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာကနေပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ ကျနော်တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ကျနော် တို့ခရီးစဉ်၊ သမ္မတနဲ့တွေ့ဆုံတဲ့ မှတ်တမ်းတွေက ၇ ကြိမ်မြောက် UPWC နဲ့ NCCT ရဲ့ အစည်းအဝေးမှာ ကောင်း မွန် တဲ့ သဘောထား အမြင်တွေ ရရှိဖို့တဲ့ ရည်ရွက်ချက်နဲ့ ဖြစ်ပါတယ်။ အစည်းအဝေးမှာလည်း ဒီသဘောထား ရိုက်ခတ် မှုတွေ ရှိပါတယ်။
မေး။ ။ ဒီအစည်းအဝေးပေါ်မှာကော ဗိုလ်ချုပ်ဂွမ်မော် ဘယ်လိုသုံးသပ်လို့ရလဲ၊ ငြိမ်းချမ်းရေး အလားအလာအတွက် ပိုပြီးတော့ လမ်းပွင့်သွားတယ် ထင်သလား။
ဖြေ။ ။ ကျနော်တို့ ဒီအစည်းအဝေးမှာတော့ KIO ရဲ့ သဘောထားများကို ကျနော်တို့ကိုယ်တိုင် တင်ပြနိုင် တဲ့အခါ ကျတော့ သမ္မတက သူ့မှာ ဆက်ပြီးစဉ်းစားမယ့် အချက်တွေ၊ ပြီးရင် ကျနော်တို့အပေါ်မှာ ထားရှိတဲ့ တချို့သံသယတွေ ပြေပျောက် သွားမယ်လို့ ကျနော်က ဒီလိုယူဆပါတယ်။ ထိုနည်းလည်းကောင်းပဲ ဒီလိုနားလည်မှုတွေ ရှိကြတယ်ဆိုရင် ကျနော်တို့လုပ်နေတဲ့ NCA Project မှာလည်း အကျိုးပြုမယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ရလဒ်ကို ကျနော်တို့ သေချာပြောလို့ မရသေးပါဘူး။
မေး။ ။ သမ္မတနဲ့တွေ့ဆုံပြီးတဲ့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က KIA ၊ KIO ကိုယ်စားလှယ် တွေကို ဆက်ပြီးတော့ လက်ခံတွေ့ဆုံတာ တွေ့ရပါတယ်။ ဒါကတော့ ပိုပြီး ထူးခြားတယ်လို့ အများစုက သုံးသပ်ပါတယ်။ တိုက်ပွဲတွေကလည်း အခုဆိုရင် ကချင်မှာလည်း ဆက်ဖြစ်နေတယ်ဆိုတော့ ဒီတွေ့ဆုံမှု ရဲ့ ရလာဒ်က အပေါင်း လက္ခဏာ ကို သွားနေသလား၊ အနုတ်လက္ခဏာလား။
ဖြေ ။ ။ ကျနော်တို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို တွေ့တဲ့အခါမှာတော့ အဓိကတော့ ကျနော်တို့ KIO အနေနဲ့ က နိုင်ငံရေး ပြဿနာတွေကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေးနည်းအရ ဖြေရှင်းမယ်ဆိုတဲ့ ဆန္ဒကို အဓိက ထားပြီး ပြောဆိုတာဖြစ်ပါတယ်။ နောက် ဒုတိယအချက်ကတော့ အခု တနိုင်ငံလုံးမှာလည်း နားလည်ဖို့ ခက်ခဲနေတဲ့ အနာဂတ် တပ်မတော်ကိစ္စပေါ့။ ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံတနိုင်ငံမှာ တပ်မတော်တခု၊ ဦးစီးချုပ်တယောက် ဆိုတဲ့မူ ကို လက်ခံတယ်။ သို့သော်လည်း အနာဂတ်မှာ ကျနော်တို့နိုင်ငံမှာ ရှိရမယ့်၊ ရှိသင့်တဲ့ တပ်မတော်ပုံစံမျိုးကိုတော့ ကျနော် တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးချင်တယ်လို့ ကျနော်တို့ ပြောထားတာ ဖြစ်ပါတယ်။
မေး။ ။ ဒါ တော်တော်ထူးခြားတာပဲ။ ဒီမြန်မာနိုင်ငံမှာ တပ်မတော်တခုပဲရှိရမယ်၊ ကာကွယ်ရေး ဦးစီးချုပ် တယောက် ပဲရှိရမယ်၊ ဒါကို ထုတ်ဖော်ပြောဆိုတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘက်ကကော ဘယ်လိုတုံ့ပြန်မှုတွေရှိလဲ။
ဖြေ။ ။ သူ့ဘက်ကလည်း ကျေနပ်မှုရှိတယ်လို့ ကျနော်တို့ ခံစားရပါတယ်။ ကျနော်တို့ပြောတဲ့ အထဲမှာတော့ ၂ ချက် ပေါ့။ တပ်မတော်တခု၊ ဦးစီးချုပ်တယောက်။ ပြီးတော့ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အောင်မြင် အောင်လုပ်မယ်။ ဒီစာချုပ် ချုပ်ပြီးတဲ့နောက်ပိုင်းမှာ နောက်ထပ် စစ်ရေးပြင်ဆင်မှုတွေ လုပ်စရာမလိုတဲ့ အခြေအနေမျိုးကို ကျနော်တို့က မျှော်မှန်းတယ်လို့ ပြောတဲ့အခါမှာ သူကလည်း ကျနော်တို့ဆီက ဒီလိုစကားမျိုး ကြားရတာ တကယ် စိတ်ချမ်း သာ တယ်လို့ အဲ့လိုပြောပါတယ်။
မေး။ ။ တကယ် စိတ်ချမ်းသာတာလား၊ ဟန်ဆောင်ပြီး စိတ်ချမ်းသာပြတာလား။ ဘယ်လိုထင်လဲ။
ဖြေ။ ။ ဒါကတော့ သူ့ရဲ့ လက်တွေ့လုပ်ဆောင်မှုပေါ်မှာ ကျနော်တို့ ဆက်ပြီးသုံးသပ်ရမှာပေါ့။ ကျနော်တို့ကို ပြောလိုက် တာတော့ အဲ့လိုပြောလိုက်ပါတယ်။
မေး။ ။ တပ်မတော် တခုတည်းပဲ ရှိရမယ်ဆိုရင် တိုင်းရင်းသားတပ်တွေရဲ့Integration(ပေါင်းစည်းမှု) ပေါ့။ ခုနက ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် အနာဂတ်တပ်ဆိုတာ ထုတ်ပြောသွားတယ်။ အနာဂတ် တပ်မတော်ဆိုတာ ဘယ်လိုပုံ ဖော်မှာ လဲ။ အဲ့လိုမျိုးကော ဆွေးနွေးဖြစ်တာရှိလား။
ဖြေ။ ။ အဲဒီအပိုင်းတော့ မဆွေးနွေးဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်း တွေ ကိုယ်တိုင်ကိုက ဒီထဲမှာ ဒီကိစ္စကို မူတခု အတိအကျ ကျနော်တို့ မရရှိသေးပါဘူး။ သို့သော်လည်းပဲ ကျနော် တို့ မျှော်မှန်းတာကတော့ အနာဂတ်မှာ ပြည်ထောင်စု တပ်မတော်မှာ အားလုံးပါဝင်ရမယ်။ တန်းတူညီတူ ဖြစ်ရမယ်၊ ခွဲခြား မှု မရှိရဘူး။ သို့သော်လည်းပဲ မိမိရဲ့ အရည်အချင်းနဲ့ တက်လာတဲ့ တပ်မတော်တော့ ဖြစ်ရမယ်။ ပြီးတော့ ဒီတပ်မတော် ကတော့ တကယ့်တပ်မတော်ရဲ့ တာဝန်ကို အဓိကထားပြီး ထမ်းဆောင်တဲ့ တပ်မတော်ဖြစ်ရမယ်။ အခု ရှိနေပြီးသား တပ်မတော် ကို အပြစ်ပြောတာ မဟုတ်ဘူး။ ဖျက်ဆီးပစ်ဖို့ ပြောတာမဟုတ်ဘူး။ သို့သော်လည်းပဲ ပိုကောင်းအောင် ဘယ်လို လုပ်ကြမလဲ။ ဒီတပ်မတော်က ဘယ်လိုဖြစ်ချင်လဲ ဆိုတဲ့ပုံစံမျိုးကို ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေး ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
မေး။ ။ တိုင်းပြည်မှာ တကယ်လိုအပ်နေတာ Trust၊ ယုံကြည်မှု တည်ဆောက်ဖို့ ဆိုပြီးတော့၊ ယုံကြည်မှုမရှိဘူး။ ဒါကြောင့် တိုင်းပြည်ဟာ အခုလို ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုပြီးတော့ သုံးသပ်တာတွေ အများကြီး ရှိပါတယ်။ သူတို့နဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ အဲ့ Trust ပေါ့နော်၊ ယုံကြည်မှု တည်ဆောက်မှု ပိုပြီးတော့ တိုးသွားတယ်လို့ ခံစားရလားခင်ဗျ။
ဖြေ။ ။ ယုံကြည်မှုကို ဒီလိုတွေ့ဆုံမှု တခုတည်းနဲ့တော့ မရရှိနိုင်ပါဘူး။ အခုလို ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတ အပါ အဝင် တပ်ချုပ်တို့နဲ့ တွေ့တဲ့အခါမှာ တဖက်နဲ့တဖက် ပြောကြတဲ့စကားတွေကို နားနဲ့ မျက်နှာချင်းဆိုင် ကြားရတယ်၊ တွေ့ရ တယ်။ ဒါ ယုံကြည်မှုတခုရှိတယ်။ သို့သော်လည်းပဲ ဒီလိုယုံကြည်မှုကို ခိုင်မာဖို့ဆိုတာကတော့ နောက်ဆက်တွဲ ဘာတွေ လုပ်သလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ အရေးကြီးပါတယ်။ တဖက်တဖက် အပြန်အလှန်ပေါ့လေ၊ နားလည်မှုအရ တိုက်ပွဲတွေကို လျှော့ချတာလား၊ ဒါမှမဟုတ် အပြန်အလှန် လိုက်လျောမှုတွေ ဘယ်လောက်လုပ်သလဲ၊ ဘယ်လောက် အထိ ကတိတည်သလဲဆိုတဲ့ လုပ်ဆောင်မှုတွေက ပိုပြီး အရေးကြီးတယ်လို့ မြင်ပါတယ်။
မေး။ ။ ၇ ကြိမ်မြောက်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာပြည်အတွက် အပစ်ရပ်ရေး နီးလာပြီးဆိုတဲ့ သတင်းတွေကို ပြည်တွင်း မီဒီယာတွေကို ထုတ်ဖော်ပြောဆိုတာတွေ တွေ့ရတယ်။ အဲ့ဒါက တကယ့်အစည်းအဝေး မှာဖြစ်နေတဲ့ ဆွေးနွေး ခဲ့တာတွေနဲ့ ထင်ဟပ်သလား၊ မထင်ဟပ်ဘူးလားဆိုတာ ရှင်းပြပေးလို့ရမလား။
ဖြေ။ ။ ကျနော် ၂ ပိုင်း ပြောချင်ပါတယ်။ ပထမအပိုင်းကတော့ ဆွေးနွေးပွဲပုံစံပေါ့၊ ဒီတခေါက် ဆွေးနွေးပွဲကတော့ လေ့လာ သူ (Observers) တွေ ပါလာတယ်။ ကုလသမဂ္ဂ နဲ့ တရုတ် ကိုယ်စားလှယ်တွေက Observers အနေနဲ့ ပါလာ တယ် ။ ပြီးတော့ တခြား အပစ်ရပ်ရေး မှာမပါတဲ့ မိုင်းလားတို့၊ နာဂအဖွဲ့ဆို့ စသည်ဖြင့်ပေါ့လေ RCSS အဖွဲ့တို့ ပါလာ တယ်။ နောက် အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ(UPWC ) နဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၂ ဖွဲ့စလုံးက ဒီတကြိမ် ဆွေးနွေးပွဲမှာတော့ ခါတိုင်းထက်ပိုပြီး ဆွေးနွေးဖို့ ခက်ခဲတဲ့အရာတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတဲ့ နည်းလမ်းရှာတဲ့ ဆန္ဒကတော့ ခါတိုင်းထက် ပိုပြီးကောင်းမွန်နေတာ တွေ့ရပါတယ်။ ဒါကတော့ အစည်းအဝေးရဲ့ ပုံစံပါ။ အစည်းအဝေးဟာ သိပ်ကောင်းတယ်။ သို့သော်လည်းပဲ အစည်းအဝေးကောင်းလို့ ရလဒ်တွေ ကောင်းသလားလို့ပြောရင် အဲလိုလည်း မဟုတ်ဘူး။ ကျနော်တို့ ကျော်ဖြတ်ရမယ့်ကိစ္စတွေ အများကြီး ကျန်သေးတယ်။ ဒါကတော့ အစည်းအဝေးရဲ့ ပုံစံပေါ့နော်။
မေး။ ။ ဒါပေမယ့် မီဒီယာတွေမှာ မနက်ဖြန်၊ သန်ဘက်ခါပဲ ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေး ရတော့မလိုလို၊ အပစ် အခတ် ရပ်စဲရေး တတိုင်းပြည်လုံး လက်မှတ်ထိုးတော့မလိုလို ဖြစ်နေလို့ ကျနော်က မေးတာပါ။
ဖြေ။ ။ အပစ်အခတ် ရပ်စဲရေး စာချုပ်ဟာ သိပ်မကြာခင်ပဲ ၂ ဖက်အပြန်အလှန် လက်မှတ်ထိုးတဲ့အဆင့် ရောက်သွား နိုင်ပါတယ်။ ဒါပေမယ့် လက်မှတ်ထိုးတဲ့အဆင့်က ငြိမ်းချမ်းရေးတော့ မဟုတ်နိုင်ဘူး။ ခုနက ကျနော်ပြောသလိုပဲ လက်မှတ် ထိုး ထားပြီးရင် ဆွေးနွေးရမယ့် ကိစ္စတွေက အခုထက်ပိုပြီး ခက်ခဲပါတယ်။ ဒါကြောင့်မို့ လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေး ရသွား တာမဟုတ်ဘူးလို့ ကျနော်ကတော့ အားလုံးကို ကြိုတင်ပြီး ပြောထားချင်ပါတယ်။
မေး။ ။ တပ်နေရာချထားရေး ကိစ္စတွေ၊ ဒါကလည်း Key Issue တခုလို့ ကျနော် သုံးသပ်မိတယ်။
ဖြေ။ ။ မှန်ပါတယ်။ တပ်နေရာချထားရေးမှာ တော်တော်လေး အရေးကြီးပါတယ်။ အခုချိန်ထိ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးရင် နှစ်ဖက်တပ်တွေကို ဘယ်လိုချထားမလဲဆိုတဲ့ ကိစ္စက တကယ့်ကို လုံးဝမဆွေးနွေးရသေးတဲ့ ခေါင်းစဉ်တခု ဖြစ်နေဆဲပါပဲ။
မေး။ ။ အဲ့ခေါင်းစဉ်အတွက်ကို အများကြီး ကြာသွားနိုင်တယ် ဆိုပါတော့။
ဖြေ။ ။ ဟုတ်တယ်။ ဒီကိစ္စက ကျနော်တို့က လက်မှတ်မထိုးခင်မှာ တချို့ဆွေးနွေးထားဖို့ လိုအပ်တဲ့အချက်တွေ ရှိသလို လက်မှတ်ထိုးပြီးရင် အများကြီး ဆွေးနွေးဖို့ လိုအပ်နေတဲ့အချက်တွေ ကျန်နေဆဲပါ။ ဒါကြောင့်မို့လို့ ခုနကပြောသလို လက်မှတ် ထိုးပြီးတာနဲ့ ငြိမ်းချမ်းရေး ရသွားတယ် မဟုတ်ဘူးဆိုတာ ဒီလိုအချက်မျိုးကို ပြောချင်တာ ဖြစ်ပါတယ်။
မေး။ ။ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC) ကပြောတဲ့အထဲမှာ အချက် ၄ ချက်ပဲ ကျန်တော့တယ်ဆိုတာမျိုး မီဒီယာကို ပြောတယ်ပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူပြည်သားတွေက အချက် 4 ချက်ပဲ ကျန်တော့တယ်ဆိုတာ ဘာလဲ ၊ ဘာတွေကျန်တာလဲဆိုတဲ့ ထင်ယောင်ထင်မှား ဖြစ်တာတွေ၊ ခုနကပြောသလို မျှော်လင့် ချက်အမှားတွေ သူတို့ မှာရသွားတယ်၊ ဒီသတင်းတွေကို ဖတ်ပြီးတော့။ အဲ့ဒါကို ဗိုလ်ချုပ် ဘယ်လို ရှင်းချင်လဲမသိဘူး။
ဖြေ။ ။ ကျနော့်သဘောထားကတော့ အချက်နဲ့ သိပ်မပြောချင်ဘူးဗျ။ ကျနော် ခဏခဏ ပြောတယ်။ အချက်၄ ချက် ဆို တာ အချက်အကြီးကြီးလည်း ဖြစ်နိုင်တယ်။ အချက်၁ ခုချင်းရဲ့အောက်မှာ အချက်အငယ်လေးတွေ အများကြီး လည်း ရှိနိုင် တယ်။ ဝေါဟာရတွေလည်း အများကြီး ကွဲပြားနိုင်ပါတယ်။ အဲ့တော့ ၃၊ ၄ ချက်လို့ ပြောမယ့်အစား ကျနော် တို့က မူဝါဒ အပိုင်းမှာ အရေးကြီးတဲ့အချက်တွေ ကျန်နေတယ်ဆိုတာကို ကျနော်တို့ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဒီတကြိမ် အစည်း အဝေး ပြီးရင်း လူထုကို ထုတ်ဖော်ပြောဖို့ လိုအပ်တယ်လို့ ကျနော်တို့က ချည်းကပ်ပုံ ချည်းကပ်နည်း အဲ့လိုဆွေးနွေးနေပါတယ်။
မေး။ ။ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ဆွေးနွေးစဉ်မှာပဲ KIA ကို မြန်မာတပ်ကနေပြီးတော့ ဝင်တိုက်တာတွေ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စကို ပြောနေတဲ့အချိန်မှာ တပ်ကလည်း KIA တပ်ကို ဝင်ပြီးတိုက်နေတယ် ဆိုတဲ့အခါကျတော့ ဒါဟာ နောက်ကိုဆုတ်သွားတဲ့ ခြေလှမ်းတွေ မဟုတ်ဘူးလား။
ဖြေ။ ။ ဒီကိစ္စက ကျနော်တို့ အစည်းအဝေးမှာ ခက်ခဲစေပါတယ်။ ဥပမာ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေး နေတဲ့ အချိန်မှာပဲ ညနေပိုင်းမှာ ကျနော်တို့ တပ်မဟာ ၃ ဘက်မှာ လေယာဉ်တွေရောက်လာတယ်။ ဆွေးနွေးပွဲမှာ အကျပ် အတည်းဖြစ်နေတဲ့ တချို့ခေါင်းစဉ်တွေကို ကျနော်က ဗဟိုကော်မတီကို တယ်လီဖုန်းနဲ့ တင်ပြဖို့လုပ်နေတဲ့ အချိန်မှာပဲ လေယာဉ် တွေနဲ့ ဝင်တိုက်နေတဲ့အခါမှာ ကျနော်က ဗဟိုကို ဒီကိစ္စတွေ ဆက်ပြီးမတင်ပြတော့ဘူး။ အစည်းအဝေးမှာ ကျနော် ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျနော် ဒီကနေ့ အကျပ်အတည်းဖြစ်နေတဲ့ ကိစ္စတွေ တင်ပြမလို့ လုပ်နေတဲ့ အချိန်မှာပဲ ဟိုမှာတိုက်ပွဲတွေဖြစ်နေလို့ ကျနော်တင်ပြဖို့ အခြေအနေမကောင်းဘူး။ နောက်မှပဲ ကျနော်တင်ပြမယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးပွဲတွေ ဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်တဲ့ တွေ့ဆုံတိုက်ပွဲ မဟုတ်ဘဲနဲ့ တကယ်ပဲ အထက် ကနေ ညွန်ကြားမှုတွေ လုပ်နေတဲ့ တိုက်ပွဲတွေဖြစ်တာက ဆွေးနွေးပွဲကို တကယ် ထိခိုက်စေပါတယ်။
အင်တာဗျူး အပိုင်း (၁)
အင်တာဗျူး အပိုင်း (၂)