သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာအပါအဝင် KIO ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်တွင် မတ်လ ၁၆ ရက် နေ့ က လက်ခံတွေ့ဆုံခဲ့ရာ ယင်းတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အခွင့် အလမ်းများစွာ ပွင့်လန်းလာသည်ဟု ဝေဖန်သုံးသပ်မှုများပေါ်ထွက် လျက် ရှိရာ ဧရာဝတီအယ်ဒီတာချုပ် ဦးအောင်ဇော် က ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် KIO ကိုယ်စားလှယ်တဦးဖြစ်သူ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဒီတိုက်ပွဲဖြစ်တာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နှစ်ပတ်အတွင်း၊ သုံးပတ်အတွင်းမှာ ဖြစ် တာ ပေါ့။ ဆိုတဲ့အခါကျတော့ သူနဲ့ ဆွေးနွေးခဲ့တာတွေရှိတယ်။ အလားအလာကောင်းတယ်လို့ ယူဆကြ တာ တွေရှိ တယ် ။ တိုက်ပွဲကလည်း ပြန်ဖြစ်တယ်ဆိုတော့ ငြိမ်းချမ်းရေးကို စောင့်ကြည့်လေ့လာနေတဲ့ သူတွေက တော်တော်ကို အဆိုးမြင် တဲ့ဘက်က သုံးသပ်တာကို တွေ့ရတယ်။ ဗိုလ်ချုပ် ဂွမ်မော်အနေနဲ့ အဲဒီသုံးသပ်ချက်ကို လက်ခံလား။
ဖြေ။ ။ ကျနော်က ဒီကိစ္စကို ၂ ခုပေါ့လေ ကြည့်တာက။ ပထမအချက်ကတော့ ကျနော်တို့ကို ဖိအားပေးတာ လား ပေါ့နော်။ ကျနော်တို့ကို လက်မှတ် အမြန်ထိုးဖို့ဆိုတဲ့ ဖိအားပေးတာလား၊ ဒါမှမဟုတ်ရင် ငြိမ်းချမ်းရေးကို မဖြစ်ရင်လည်း မလိုဘူး ဆိုတဲ့ သဘောလားဆိုတာ ကျနော်တို့ အခု သုံးသပ်နေတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကို ကျနော်တို့ စနစ်တကျ လေ့လာ နေပါတယ်။
မေး။ ။ လက်ရှိအခြေအနေတွေကို သုံးသပ်ရင်တကယ်ပဲ ရှေ့ကိုသွားချင်တာလား၊ နောက်ကို ပြန်ဆုတ်ချင်တာလား၊ ဒါမှမဟုတ် ဒီဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အခု ပြုလုပ်မယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်မှုတွေများ ရှိနေတယ်လို့ ထင်လား
ဖြေ။ ။ အခု ဒီလိုပေါ့လေ MPC အပါအဝင် ခေါင်းဆောင်များ အားလုံးက ငြိမ်းချမ်းရေး အမြန်လိုချင်တယ် ပြောတာ ကတော့ မူပိုင်း ဖြစ်ပါလိမ့်မယ်။ အခု အစိုးရကနေ အဓိကထားနေတာကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အမြန် လက်မှတ်ထိုးချင်တာပါပဲ။ ကျနော်တို့ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးဟာ လက်မှတ်ထိုးဖို့ လိုအပ်တယ် အခြေခံအနေနဲ့၊ သို့သော်လည်းပဲ ခိုင်မာမှုရှိစေချင်တယ်။ အဲ့တော့ ခုနက ကျနော်ပြောသလိုပဲ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးချင်တယ်ဆိုတာ နှစ်ဖက်စလုံးရဲ့ဆန္ဒဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာနဲ့ ငြိမ်းချမ်းရေး ရသွားတာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ ပြောတာက တကယ်လို့ ကျနော်တို့ကို ဖိအားပေးလို့ လက်မှတ်ထိုးသည် ဖြစ်စေဦးတော့ ဒီ ဖိအားပေးလို့ ထိုးတဲ့လက်မှတ်က တကယ်ငြိမ်းချမ်းရေးကို တကယ်သွားနိုင်မလားဆိုတဲ့ အယူအဆကို ကျနော်က သတိပေးချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တကယ် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် အခု ကျနော်တို့ ဆွေးနွေး နေတဲ့အချိန်မှာ အယူအဆရေးရာတွေက ကွာခြားမှုရှိနိုင်တယ်။ တူညီတဲ့အဖြေတခု မထွက်ခင်မှာ ဖိအား အလွန် အကျွံ ပေးရင် လက်မှတ်ထိုးထားပြီးသော်လည်းပဲ ဆွေးနွေးပွဲတွေမှာလည်း အမှတ်သညာကတော့ ရှိနေဦးမှာပဲ။ ဒါကြောင့်မို့ တကယ် ငြိမ်းချမ်းရေး လိုချင်သလားလို့ သုံးတဲ့အသုံးအနှုန်းက အဲ့ဒါကိုပြောတာ ဖြစ်ပါတယ်။
မေး။ ။ ခုနက ဒုတိယမေးခွန်းဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ အခု Conflict ပေါ့နော်၊ ပဋိပက္ခတွေ ပိုပြီးတော့ ဖြစ်လာတဲ့ ကိစ္စ တွေက ဘယ်လိုဆက်စပ်မှု ရှိမယ်ထင်လဲ။
ဖြေ။ ။ ကျနော်တို့ နားလည်တာကတော့ အစိုးရ တရားဝင် ထုတ်ပြန်တာက ရွေးကောက်ပွဲကို အစိုးရအနေနဲ့ ကျော်ဖြတ် ချင်တယ်။ ရွေးကောက်ပွဲလုပ်မယ်လို့ အခုချိန်ထိ ပြောနေဆဲပဲ။ သို့သော်လည်းပဲ ဒီအခင်းအကျင်းတွေအရ ရွေးကောက်ပွဲ ကို တကယ်ပဲ တနိုင်ငံလုံးမှာ လုပ်နိုင်မလား၊ ဥပမာ ကျနော်တို့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ အခုချိန် အထိ ရွေးကောက်ပွဲ နဲ့ ပတ်သက် ပြီး ဘာမှပြင်ဆင်မှု မလုပ်နိုင်သေးဘူး။ အဲ့တော့ ဒီလိုအချိန်မှာပဲ တင်းမာမှုတွေ ဖြစ်နေ တယ် ဆိုရင် ကော တနိုင်ငံလုံး လွှမ်းခြုံနိုင်မလား၊ ဒါကြောင့် ဒီဟာတွေက အဆက်အစပ်ရှိပါတယ်။ ကျနော်တို့ဘက် ကလည်း သမ္မတ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်ကို ကျနော်တို့ ပြောချင်တာက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဟာ ရွေးကောက်ပွဲ ကြောင့် အချိန်အကန့်အသတ်ရှိတယ်၊ အခက်အခဲ ရှိတယ်ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်လို့ ထည့် ပြောခဲ့ပါတယ်။
မေး။ ။ ဆွေးနွေးပွဲတွေမှာ မကြာသေးခင်က အားလုံးစိတ်ဝင်စားကြတဲ့ ကိုးကန့်အရေးအခင်းနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးတဲ့အထဲမှာ ခေါင်းစဉ်တခုအနေနဲ့ ပါလား၊ မပါဘူးလား သိချင်ပါတယ်။
ဖြေ။ ။ ပါပါတယ်။ အဓိကကတော့ တပ်ချုပ်ကို ကျနော်တို့ တင်ပြတဲ့အခါမှာ ကိုးကန့်ကိစ္စကို နိုင်ငံတော် အစိုးရက သဘောထားကြီးမားစွာ၊ စိတ်ရှည်စွာနဲ့ ဆွေးနွေးပေးပါလို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ NCCT အနေနဲ့ကလည်း ကျနော်တို့ UPWC ကို ဆွေးနွေးပွဲမှာ တင်ပြမယ်။ တင်ပြတဲ့အခါမှာ ကျနော်တို့က အချက်အလက်တွေပေါ်မှာ ပြောတာ မဟုတ်ဘဲနဲ့ နိုင်ငံတနိုင်ငံရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ ကျနော်တို့က လက်ခံ ထား ပြီးသား ဖြစ်တယ်။ အဲ့တော့ ဒီကိစ္စကို စစ်ရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ ဆွေးနွေးပေးချင်တယ်ဆိုတဲ့ ဆန္ဒကို အဓိကထားပြီး ကျနော်တို့က တင်ပြတာဖြစ်ပါတယ်။
မေး။ ။ စစ်ရေးတွေပြင်ပြီး လေတပ်ပါ သုံးနေတာတွေ၊ တပ်တွေအကြီးအကျယ်ချထားတွေ ရှိနေတော့ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ကို ပိုပြီး အားသန်နေတယ်လို့ ဗိုလ်ချုပ် မထင်ဘူးလား။
ဖြေ။ ။ အခုချိန်ထိတော့ အဲ့လိုပါပဲ။ တင့်ကားတွေရောက်လာတယ်။ တပ်ရင်း ၆၀ လောက်ရှိသွားပြီ ကိုးကန့်ဒေသမှာ။ ပြီးတော့ အင်အားတွေ ထပ်ပြီးလွှတ်နေတယ်။ တနိုင်ငံလုံးမှာရှိတဲ့ တပ်တွေကို လွှတ်နေသလို ဖြစ်နေပြီ အခု ကိုးကန့်မှာ။ အဲ့တော့ ကျနော်တို့ကလည်း တပ်ချုပ် အပါအဝင် UPWC ကို ကျနော်တို့ တင်ပြတာကတော့ စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုပြီး ကျနော်တို့က တင်ပြထားတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တင်ပြချက်ကိုလည်း ဆက်ပြီး ကျနော်တို့က သဘောထား ဘယ်လိုရှိသလဲဆိုတာ မေတ္တာရပ်ခံဖို့ အစီအစဉ်ရှိပါတယ်၊ စစ်ရေးနည်းနဲ့ ဖြေရှင်းတာ မဖြစ် သင့် ဘူးလို့ ကျနော်မြင်ပါတယ်။
မေး။ ။ တိုင်းရင်းသားတပ်တွေထဲမှာရော၊ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာရော အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်အထိ သူတို့အပေါ်မှာ စိတ်ရောကိုယ်ပါ အာသီသ ရှိကြသလဲ၊ ညီညွတ်မှုရောရှိကြသလား။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအကုန်လုံးရဲ့ဆန္ဒကတော့ နိုင်ငံရေး ဆွေးနွေး ပွဲ ကို တကယ်မှန်မှန်ကန်ကန်လုပ်ဖို့ပဲ။ တကယ်လို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အားနည်းချက် တွေရှိတယ် ဆိုတာမှ နိုင်ငံရေးဆွေးနွေးပွဲမှာ မှန်မှန်ကန်ကန်ဖြစ်မယ်ဆိုရင် ဒီတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်က မထိုးနိုင် စရာ မရှိပါဘူး။ အစိုးရပိုင်းကို ကျနော်တို့ရဲ့ သဘောထား ပွင့်ပွင့်လင်းလင်းတင်ပြထားတာကတော့ လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို တကယ်မှန်မှန်ကန်ကန် ရောက်မယ့် အခင်းအကျင်းမျိုးရှိတယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ် လက်မှတ်ထိုးပြီးရင် ကျနော်တို့ ကို ၂၀၀၈ ထဲကို အတင်းအဓမ္မဆွဲတင်းမယ့် အခင်းအကျင်းမျိုးရှိရင်တော့ ကျနော်တို့ လက်မှတ် ထိုးဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းတင်ပြထားပါတယ်။
မေး။ ။ ဗိုလ်ချုပ်ပြောသွားတဲ့အထဲမှာ ဖြေသွားတဲ့အထဲမှာ ၂၀၀၈ ထဲကို အတင်းအဓမ္မဆွဲတင်းတယ်ဆိုတဲ့ စကား ကြားရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေံဥပဒေထဲကို အတင်းအဓမ္မဆွဲတင်းတယ်လို့ပြောချင်တာလား။
ဖြေ။ ။ မှန်ပါတယ်၊ မှန်ပါတယ်။
မေး။ ။ ၂၀၀၈ အခြေခံဥပဒေကို တိုင်းရင်းသားတွေက လက်မခံဘူးလို့ ပြောတာပေါ့။
ဖြေ။ ။ မှန်ပါတယ်၊ ကျနော်တို့ KIO ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မပြည့်စုံဘူးလို့၊ တိုင်းရင်းသားတွေ အားလုံးက လက်ခံနိုင်မယ့် အခြေအနေမရှိဘူးလို့ ကျနော်တို့က တရားဝင်ထုတ်ဖော်ပြောကြားထားတာဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီဟာကို ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတဲ့ ကဏ္ဍကတော့ ဒီမှာ ဆွေးနွေးဖို့ မဟုတ်ပါဘူး၊ တချိန် ချိန်မှာ အားလုံးပါဝင်ပြီးမှ ဆွေးနွေးရမယ်လို့ ကျနော်တို့ နားလည်ပါတယ်။
မေး။ ။ ဒါဟာ political Dialogue ဆိုတဲ့အခန်းကဏ္ဍမှာ ဆွေးနွေးမှာပေါ့။
ဖြေ။ ။ မှန်ပါတယ်၊ မှန်ပါတယ်။
မေး။ ။ သဘောက ပြောချင်တာတော့ ချုပ်ပြောရမယ်ဆိုရင်တော့ ဗိုလ်ချုပ်တို့အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ ရော၊ မြန်မာအစိုးရရော၊ တပ်မတော်ရော ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က NCCT အပါအဝင်ပေါ့ ဒါဟာ ခရီးရှည် ချီတက်ပွဲ တခုလို့ ပြောလို့ရမှာပေါ့။
ဖြေ။ ။ ၇ ကြိမ်မြောက်မှာတော့ ညှိနှိုင်းတဲ့ကိစ္စကို ကျနော်တို့ အပြီးလုပ်ဖို့ရှိပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ အချိန် တွေ တော်တော်များများယူထားပါတယ်။ နှစ်ဖက် ညှိနှိုင်းပြီး ရရှိတဲ့အဖြေပေါ်မှာ ကျနော်တို့ ခေါင်းဆောင်များကို တင်ပြ မယ်၊ UPWC ကလည်း သူတို့သက်ဆိုင်ရာ နိုင်ငံတော်အစိုးရကို ဆက်ပြီးတော့ တင်ပြမယ်ဆိုရင် ၂ ဖက် ဖက်ခေါင်းဆောင် များက ဒါကိုပြန်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးမှာပါ။ ကျနော်တို့ UPWC နဲ့ NCCT ရဲ့ ဆွေးနွေးပွဲက ဒီထက် အချိန်ပိုယူ ဖို့လည်း မသင့်တော်ပါဘူး။ ပြီးရင် ကျနော်တို့မြန်မာနိုင်ငံမှာလဲ အချိန်အကန့်အသက်တွေရှိတယ်။ ပြီးတော့ ကျနော်တို့၂ ဖက်ကနေ UPWC နဲ့ NCCT ရဲ့ လုပ်ဆောင်ချက်တွေ ဒီနေရာ မှာ လုပ်နိုင်သလောက် တော်တော်များများ လုပ်ထားပြီးပြီလို့ ဒီလိုပဲမြင်ပါတယ်။
မေး။ ။ မဆလ ပါတီ ဦးနေဝင်းခေတ်မှာရော ၊ နဝတ၊ နအဖ ခေတ် မှာရော ဒီဘက်ခေတ်မှာရော ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးတာတွေ၊ လက်မှတ်ထိုးခဲ့တာတွေ၊ ဆွေးနွေးပွဲတွေ လုပ်ခဲ့တာတွေ၊ ပျက်ခဲ့တာတွေ ရှိခဲ့တယ်ဆိုတော့ အခု လုပ်နေတဲ့ ဆွေးနွေးပွဲတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုပြီးတော့ မျှော်မှန်းချက် ရှိသလား၊ ကျနော်တို့က ရှေ့ကို ပိုပြီးတော့ ရောက် နေတယ်လို့ ခံစားရသလား။
ဖြေ။ ။ မျှော်လင့်ချက်ရှိပါတယ်၊ ဘာဖြစ်လို့ မျှော်လင့်ချက်ရှိလဲဆိုတော့ အခု ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး စာချုပ်တွေ ချုပ်ဆိုတဲ့အခါကျရင် ကျနော်တို့က အရင်တုန်းက အားနည်းချက်တွေကိုပြန်သွားကြည့်တဲ့ အခါမှာ ၂ ချက် တွေ့ရပါတယ်၊ ပထမအချက်က ကျနော်တို့က ရှေးလုပ်ငန်းစဉ်တွေ ထပ်ပြီးတော့ မရေးသားနိုင်ခဲ့ဘူး။ လူထုကို အသိမပေး ခဲ့ဘူး အဲ့ဒီတော့ ဒီတကြိမ်မှာကျနော်တို့က ဒီနှစ်ခုကို ထပ်ဖြည့်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စာချုပ်မှာ ရှေးလုပ်ငန်းစဉ် ပါရမယ်။ စာချုပ်မချုပ်ခင်မှာ လူထုကိုချပြရမယ်၊ လူထုကို အသိပေးရမယ်၊ လူထုပါဝင်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ဒီ၂ ချက် ပြည့်စုံမယ်ဆိုရင် ကျနော်တို့ရဲ့တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဟာ အာမခံချက် ရှိမယ်ဆိုတဲ့ မျှော်လင့်ချက် အပြည့် ထားပါတယ်။
မေး။ ။ အပစ်ရပ် လက်မှတ်ထိုးတာက တချို့က ပြောကြတယ် သင်္ကြန်တွင်းမှာ မြန်မာ့နှစ်သစ်ကူးမှာ ဖြစ်သွားနိုင်မယ် လို့ပြောတယ်။ အဲ့ဒါတကယ်ဖြစ်မှာလား။
ဖြေ။ ။ သင်္ကြန်မတိုင်ခင်မှာတော့ မဖြစ်နိုင်ပါဘူး၊ ကျနော်တို့ကလည်း ဒီစာချုပ်မူကြမ်းတွေရပြီဆိုရင် ကျနော်တို့ ထိပ်သီး ခေါင်းဆောင်တွေဆီမှာ ပြန်ပြီးအသိပေးဖို့လိုအပ်ပါတယ်၊ အဲ့တော့ သင်္ကြန်မတိုင်ခင်မှာတော့ မဖြစ်နိုင်ပါဘူး။
မေး။ ။ သင်္ကြန်အပြီးမှာတော့ ဖြစ်သွားနိုင်တာပေါ့။
ဖြေ။ ။ သင်္ကြန်နောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ သဘောတူညီမှုအရ မြန်သွားနိုင်ပါတယ်၊ သို့သော် သင်္ကြန် မတိုင်ခင် မှာ ဒါမဖြစ်နိုင်ပါဘူး။
အင်တာဗျူး အပိုင်း (၁)
အင်တာဗျူး အပိုင်း (၂)