လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်က Hip Hop Show စင်မြင့်တွေထက်မှာ Rap စာသားတွေကို အမြန်ဆုံး ရွတ် ဆိုပြနိုင်လို့ ပရိသတ်တွေ သဘောကျခဲ့တဲ့ အသက်ငယ်ငယ် Rapper မိန်းကလေး တယောက်ကို ပရိသတ် တွေ စပြီး သတိပြုမိခဲ့ ကြပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ Rapping ရွတ်ဆိုမှု တွေကို ပရိသတ်တွေ လက်ခံ သဘောကျလာပြီး ဂီတ လောကထဲ သူ့ရဲ့ နာမည်တခုကို အခိုင်အမာ ရေးထိုးနိုင်ခဲ့ပါတော့တယ်။
မကြာခင်က အသက် ၂၁ ပြည့်ခဲ့ပြီး အသက် ၂၁ နှစ်ပြည့် အထိမ်းအမှတ် 21 လို့ နာမည်ပေးထားတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားတဲ့ အဆိုရှင် ထက်ထက် (Bobby Soxer) ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန် ထားပါတယ်။
မေး။ ။ ထက်ထက် အခုထွက်ထားတဲ့ ပထမဆုံး တကိုယ်တော် အခွေ “21” ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ ပရိသတ် အားပေးမှုနဲ့ ပရိသတ်ဆီက ဘယ်လို အသံတွေ ပြန်ကြားရလဲ။
ဖြေ။ ။ အဲဒီအခွေက ပရိသတ်တွေ တော်တော် အားပေးကြပါတယ်။ သူတို့ အားပေးကြတော့ ထက်ထက် လုပ်ထားရတာလေးတွေအတွက် အမောပြေတာ ပေါ့။ အဲဒီအခွေ MTV ကတော့ သင်္ကြန်ပြီးတဲ့ အချိန် လောက်ကျမှ ထက်ထက် စပြီး ရိုက်သွားဖို့ ရှိပါတယ်။ MTV ရိုက်တာကလည်း အနည်းဆုံးက ၁ နှစ် လောက် တော့ အချိန်ပေးသင့် တယ်လို့ ထင်တယ်။ ဖြစ်နိုင်ရင် မြန်မြန်ရရင်လည်း ရတာပေါ လေ။ ဒါပေမယ့်
ဒါရိုက်တာတွေရော သင်ကြားပေးရတဲ့ အပိုင်းတွေရော၊ ထက်ထက်တို့ သီချင်း တပုဒ်ရိုက်ရရင် ဆက်တင်ပိုင်း တွေရော အစစအရာရာ အကုန်လုံး ပြင်ဆင်မှုတွေ အရမ်းများတဲ့ အတွက်ပါ။ ကိုယ်ကလည်း သီချင်း တပုဒ် ချင်းစီကို သေချာလေး ပြင်ဆင်ပြီးမှ ရိုက်ချင်တာလည်း ပါတယ်။
မေး။ ။ အခုဆိုရင် ထက်ထက် သီချင်းဆိုလာတာ အချိန်ဘယ်လောက်ကြာပြီလဲ။ ဂီတသက်တမ်း ဘယ် လောက် ကြာခဲ့ပြီလဲ။
ဖြေ။ ။ ထက်ထက် သီချင်းစဆိုခဲ့တာက ၂၀၀၉ ခုနှစ်ကဆိုရင် အခုဆိုရင် ခြောက်နှစ်ရှိပြီပေါ့နော်။ ထက်ထက် က ကိုရဲလေး သီချင်းနဲ့ ဒီလောကထဲကို စပြီးရောက်လာခဲ့တာပါ။
မေး။ ။ ဂီတသက်တမ်း ၆ နှစ်အတွင်းမှာ ပထမဆုံး တကိုယ်တော်လည်း ထွက်နိုင်ခဲ့ပြီ၊ နောက်ပြီး ကိုယ့်ရဲ့ ဂီတလမ်းကြောင်း ရပ်တည်မှု အပေါ်မှာရော ဘယ်လောက် အခြေအနေရှိပြီ လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိလဲ။
ဖြေ။ ။ ထက်ထက်ပြောရမယ် ဆိုရင် လက်ချိုးရေလိုက်လို့သာ အချိန်က ၆ နှစ် ရှိလာတာပေါ့ နော်။ ဒါပေမယ့် အချိန်တွေကို ပြန်ကြည့်လိုက်ရင် အကုန်လုံးက မနေ့တနေ့က ဖြစ်သွားသလိုပါပဲ။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လည်း ဘာမှ သိပ်ပြီးတော့ ပြောင်းလဲသွားတာ မရှိပါဘူး။
ကြားထဲမှာလည်း အခွေ ၂ ခွေ ထွက်ဖြစ်တယ်။ ကိုလွှမ်းပိုင်နဲ့ ဒုံးပျံ ဆိုတဲ့ အခွေရယ်၊ အခု ထက်ထက်ရဲ့ တကိုယ်တော် 21 အခွေရယ် ပေါ့။ ဒီကြားထဲမှာလည်း တခြားအတွဲ အခွေလေးတွေ ထွက်ခဲ့တယ်။
အခုချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုထင်လဲ ဆိုတော့ ဂီတသက်တမ်း ၆ နှစ် အတွင်းမှာ ဂီတမှတ်တိုင် လေး တွေ အများကြီး စိုက်နိုင်ခဲ့တယ် လို့ပဲ ကိုယ့်ကိုယ်ကို ထင်ပါတယ်။ ဒါပေမယ့် အားတော့ မရသေးဘူး ပေါ့။ တကိုယ်တော်ခွေတွေလည်း အများကြီး ထွက်ချင်ပါသေးတယ်။ နောက်ပြီး တကိုယ်တော် ရှိုးတွေလည်း အများကြီး လုပ်ချင်သေးတယ်။
မေး။ ။ ထက်ထက်က ဂီတလမ်းကို စလျှောက်ကတည်းက Rapping တွေ သီဆိုပြီး ရောက်လာတယ်။ အခုချိန် ထိလည်း Rap စာသားတွေနဲ့ သီချင်းတွေကို သီဆိုနေတယ်။ မေးချင်တာက အဲလို စာသားတွေပဲ ရွတ်နေရတဲ့ အတွက် ငြီးငွေ့တာမျိုးရော ဖြစ်မိလား။ Rap စာသားတွေ ရွတ်နေရတဲ့ ထက်ထက်ရဲ့ ဂီတခံစားချက်က ဘယ်လိုရှိလဲ။
ဖြေ။ ။ အဲလို ရွတ်နေရလို့ ငြီးငွေ့တာမျိုးတွေတော့ ထက်ထက် မရှိပါဘူး။ ဒါက ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်း၊ ဒီလမ်းကို လျှောက်နေရတဲ့ အတွက်၊ နောက်ပြီး ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်း အလုပ် တခုကို လုပ်နေရတဲ့ သူတယောက် အတွက်က ပျော်တယ်။ ဥပမာ ရုံးမသွားချင်ဘဲ နေ့တိုင်း မနက်ကိုးနာရီ ရုံးကို သွားနေရတယ် ဆိုရင် သူ တလလောက် ကြာရင် ပျင်းလာမှာပဲ လေ။
ထက်ထက် အလုပ်ကျတော့ အဲလိုမျိုး ဘောင် မရှိဘူး၊ ချုပ်ထားတာ မရှိဘူး။ ကိုယ်ဖီလင် လာတဲ့ အချိန်မှာ ကိုယ့် သီချင်းတွေ ရေးထားလို့ ရတယ်။ စုထားလို့ ရတယ်။ ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့ ဖီလင်နဲ့ပဲ ပုံဖော်ပြီး လုပ်နေရတဲ့ အတွက်၊ နောက်ပြီး ဝါသနာကို အရင်းခံပြီး လုပ်နေရတဲ့ အတွက် ငြီးငွေ့တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် တခါတလေကျရင် လူတွေနဲ့ ဆက်ဆံရတဲ့ အပိုင်းမှာ နည်းနည်း ပင်ပန်းတာမျိုးတော့ ရှိတယ်။ ကျန်တာ ကတော့ ကိုယ့်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတဲ့ အတွက် ကိုယ့်ကို သိပ်ပြီး စိတ်ဖိစီးမှုတွေ ပေးတာမျိုးတော့ မရှိပါဘူး။
မေး။ ။ လူတွေနဲ့ဆက်ဆံရတာ ပင်ပန်းတဲ့ အခါမျိုးဆိုတော့ ဘယ်လို အခါမျိုးကို ထက်ထက်က ဆိုလို တာလဲ။
ဖြေ။ ။ များသော အားဖြင့် ဖြစ်တတ်တာက နယ်တွေမှာ သီချင်းသွား ဆိုရင် ပွဲစီစဉ်သူတွေနဲ့ စကားအရမ်း ပြောရတာမျိုးတွေ ရှိတယ်။ ပထမ ပြောထားတာက တမျိုး ကိုယ်တကယ် သွားဆိုရတော့ တမျိုး ဖြစ်နေတာ။ သီချင်း မဆိုခင်က တမျိုး၊ သီချင်းလည်း ဆိုပြီးရော ကိုယ့်ကို အဖက်ကို မလုပ်တော့ဘူး။ ကိုယ့်ဘာသာ ပြန်ရတာမျိုးတွေ ရှိတယ်။ အဲလိုမျိုး အခက်အခဲလေးတွေကတော့ သူ့ဟာနဲ့သူ ရှိတာပေါ့ နော်။
မေး။ ။ ဂီတအပေါ် ငြီးငွေ့တာမျိုး မရှိဘူး ဆိုတော့ ဖန်တီးမှု အပိုင်းမှာရော ပြောင်းလဲချင်တာ မျိုးရော မရှိဘူးလား။
ဖြေ။ ။ အဲဒါမျိုး ဆိုရင် စိတ်ထဲမှာ ပြောင်းလဲသင့်တဲ့ အရာမျိုး ဆိုရင် ထက်ထက်က ပြောင်းလဲ လိုက်တယ်။ ဒီလို ပုံစံတခုထဲ ချည်းနဲ့ပဲ သွားနေမယ် ဆိုရင် ကိုယ်က မငြီးငွေ့ ပေမယ့် ပရိသတ်ကတော့ ငြီးငွေ့ကောင်း ငြီး ငွေ့မယ်။ အဲလို ငြီးငွေ့လာနိုင်မယ် လို့ ထင်ရင် ထက်ထက် ပြောင်းလဲ လိုက်တယ်။ အဓိကကတော့ ပရိသတ်ကြိုက်မှာ ကိုပဲ ကိုယ်စား ဝင်ခံစားပြီး လုပ်ဖြစ်တာ များတယ်။
မေး။ ။ ထက်ထက်သီချင်းရေးရင် အဓိက Rap စာသားတွေကို ဖန်တီးတဲ့အခါ ထပ်လာမှာမျိုး၊ နောက်ထပ် သီချင်းစာသား အလန်းတွေကို ထပ်ထပ်ရေးဖို့ ဘယ်လို ဖန်တီးယူလဲ။ ဘယ်ကနေ ရတာများလဲ။
ဖြေ။ ။ စာသားကတော့ အဓိက ထပ်မှာ စိုးရိမ်တာနဲ့ စာရင် အရင့်အရင်က ငါဒီလို သီချင်းမျိုး ရေးခဲ့ဖူးလား၊ သေချာ စဉ်းစားပြီး ရေးတော့ မထပ်တာက များတယ်။ အဲလိုထပ်မှာ မျိုးကတော့ ကြိုပြီး မစိုးရိမ်ဘူး။
မေး။ ။ ထက်ထက် နောက်ပိုင်းမှာ ဒီလို Rapping တွေ ရွတ်ပြီး ပေါက်လာတဲ့ အဆိုရှင်တွေ သိပ် မတွေ့ရ တော့ဘူး။ အဲဒီ အပေါ်ကိုရော ဘာကြောင့်လို့ မြင်မိလဲ။
ဖြေ။ ။ ထက်ထက် အထင်ပေါ့ နော်။ မိန်းကလေး တယောက်အနေနဲ့ ဆိုလို့ရှိရင် ဂီတလောကနဲ့ မရင်းနှီးတဲ့ သူတယောက် ဆိုရင် အသံသွင်းဖို့ စတူဒီယိုသွားမယ် ဆိုရင်လည်း စတူဒီယိုကကို အထူးအဆန်း ဖြစ်နေတာ ပေါ့။ ဒီတော့ သီချင်းဆိုဖို့ ဘယ်သွားရမလဲ၊ သီချင်းက ဘယ်သူကို အပ်ရမှာလဲ၊ သီချင်းရေးခိုင်းမယ့် သူကရော ဖုန်းကိုင်မှာလား၊ အတီးပိုင်းက ဘယ်သူကို အပ်ရမှာလဲ၊ အဲဒီလိုပေါ့။ အနုပညာ လောကထဲဝင်ဖို့၊ သီချင်းဆိုဖို့က အခက်အခဲတွေ အများကြီး ရှိတယ် လေ။
ထက်ထက် ကတော့ အခုမြင်ပါတယ်။ Underground မှာ ဆိုရင်လည်း Rap တွေ ဆိုနေတဲ့ ကောင်မလေး တွေ အများကြီးှ ရှိတယ်။ ဖြစ်လာမှာ ပါ။ ဖြစ်လာမှာ ဆိုတာကလည်း အချိန်တော့ လိုတာပေါ့ နော်။ ကိုယ့်တုန်းကလည်း ဒီလို ယောင်လည်ချာလည် လိုက်နေတာ တွေက အများကြီးရှိတယ် လေ။ ကိုယ့်ကို လက်တွဲခေါ်တဲ့ အနုပညာရှင်တွေ နဲ့ တွေ့ပြီး ထက်ထက် တို့လည်း ဒီလမ်းပေါ်ကို ရောက်လာတာလေ။ ကိုယ့်ဟာနဲ့ကိုယ် ဆိုရင်တော့ ဒီလိုပဲ နည်းနည်း တော့ ချာလပတ်ရမ်းနေမှာပဲ လေ။
မေး။ ။ လူငယ်တွေ ကိုယ့်ဝါသနာပါတာကို ဝါသနာကြီးပြီး လုပ်ချင်တဲ့ အချိန်မှာ လုပ်နိုင်ဖို့ မိဘရဲ့ပံ့ပိုးမှု အပိုင်းကရော ဘယ်လောက်အရေးပါတယ်လို့ မြင်မိလဲ။ ထက်ထက်မေမေရဲ့ ထက်ထက်အပေါ် ပံ့ပိုးမှု အပိုင်းကိုလည်း သိချင်တယ်။
ဖြေ။ ။ မိဘပံ့ပိုးမှုနဲ့တော့ ဆိုင်တော့ ဆိုင်တာပေါ့ နော်။ အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ဓာတ် ပါပဲ။ ကိုယ့် ကြိုးစားမှု ပြင်းလို့ ရှိရင်တော့ တနေ့ကျရင်တော့ အခွင့်အလမ်းက ပေါ်လာမှာပဲ လေ။ ဒါပေမယ့် နောက်တခု က မိဘက ပံ့ပိုးတဲ့ အခါမှာကျတော့ ပိုစိတ်ချမ်းသာတာပေါ့။ ဥပမာ အပြင်မှာ တွေ့လာတဲ့ အခက်အခဲတခုကို မိဘကို ရင်ဖွင့်လို့ရမယ်၊ မိဘက ဒါမှားတယ်၊ ဒါမှန်တယ် ဆိုပြီး လိုက်ပြီးတော့ ထိန်းပေးလို့ ရမယ်။ မိန်းကလေးတွေ အတွက်ကတော့ မိဘရဲ့ပံ့ပိုးမှု ဆိုတာက ပိုလိုပါတယ်။
ပတ်ဝန်းကျင်ဆိုတာကတော့ ကိုယ့်ဘက်က အမြဲတမ်း သတိနဲ့ နေတာဟာ အကောင်းဆုံးဖြစ်တဲ့ အတွက်၊ ဒီအလုပ်ကို လုပ်နေတဲ့ အခါမှာလည်း ပိုက်ဆံကိစ္စပဲ ဖြစ်ဖြစ်၊ အနုပညာကိစ္စပဲ ဖြစ်ဖြစ်၊ ဘယ်လိုကိစ္စပဲ ဖြစ်ဖြစ် မိန်းကလေးတယောက် အတွက် အကောင်းဆုံးကတော့ မိဘက လိုက်ထိန်းပေးနေတာ မျိုးကိုတော့ ထက်ထက်က သဘောကျတယ်။
မေး။ ။ ထက်ထက် ဝတ်တဲ့ အဝတ်အစား ဖက်ရှင်တော်တော်များများကို မိန်းကလေးတွေ လိုက်ဝတ်ကြ တယ်။ သဘောကျ ကြတာကို တွေ့ရတယ်။ ထက်ထက်ရဲ့ ဖက်ရှင်ပိုင်းကို ဘယ်လိုရွေးချယ်ဝတ်ပါလဲ။
ဖြေ။ ။ ထက်ထက်က အဓိက ခေတ်ရေစီးကြောင်း ဆိုတာထက်…၊ ထက်ထက်ကို ကြည့်လိုက်ရင် သက်သောင့်သက်သာ ဖြစ်ရမယ်။ ကိုယ်တိုင်ကလည်း လူငယ်တယောက် ဖြစ်တဲ့ အတွက် လူငယ်ဆန်တဲ့ ပုံစံကိုပဲ ဖြစ်ချင်တယ်။ ပြီးတော့ ကိုယ်သွားရမယ့် နေရာ Dress ဝတ်ရမယ့် နေရာဆိုရင် Dress ဝတ်တယ်။ တချို့နေရာတွေ ဆိုရင်တော့ ထက်ထက်ရဲ့ပုံစံ၊ ထက်ထက်ရဲ့ Theme လေး မပျောက်အောင် အမြဲတမ်း ဝတ်တယ်။ ဖက်ရှင် ရေစီးကြောင်းက ဒီလိုဝတ်နေတယ်၊ ဒါပေမယ့် အဲဒါက ကိုယ့်နဲ့ မလိုက်ဘူး ဆိုရင် ထက်ထက် လိုက် မဝတ်တတ်ဘူး။ အဲဒီ Trend ကို ထက်ထက် ကြိုက်ရင်တော့ လိုက်ဝတ်တယ်။ အဓိကကတော့ ဝတ်လိုက်ရင် ကိုယ့်အတွက် သက်သောင့်သက်သာ ဖြစ်စေမယ့် ဟာမျိုးကိုပဲ ရွေးဝတ်ပါတယ်။ နောက်ပြီး ပရိသတ်က ကိုယ့်ကို ချစ်နေတာလည်း ပါတာပေါ့။
မေး။ ။ ရှေ့ဆက်ပြီး သရုပ်ဆောင် အလုပ်ကိုရော လုပ်ဖြစ်မှာလား။ သရုပ်ဆောင် လူမင်းနဲ့ အာရွှီးတဲ့ ကိုကို ဇာတ်ကား ရိုက်ကူးထားတာလည်း တွေ့ရလို့ ပါ။
ဖြေ။ ။ အဲဒါတော့ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ ဆိုတာကို သေချာ မပြောတတ်သေးဘူး။ အခြေအနေ အချိန်အခါကို ကြည့်ပြီး ကိုယ်ရလာတဲ့ အခွင့်အရေး၊ ကိုယ်လုပ်သင့်တဲ့ အခွင့်အရေး အဲလိုမျိုးပဲ ထက်ထက် စဉ်းစားတယ်။
မေး။ ။ ဂီတနဲ့ ပတ်သတ်ပြီး တခြား ဘယ်လို ဖန်တီးမှုမျိုးတွေနဲ့ ပရိသတ်ကို ချပြလာမလဲဆိုတာကို ထက်ထက်ရဲ့ ဂီတ ပရိသတ်ကို ပြောပြပေးပါ။
ဖြေ။ ။ ထက်ထက် ရှေ့ဆက်ပြီး အကောင်းဆုံးတွေပဲ ကြိုးစားသွားမှာပါ။ သင်္ကြန်ပြီးတာနဲ့လည်း ထက်ထက်ရဲ့ 21 အခွေကို စတင် ရိုက်ကူးပြီး အမြန်ဆုံးလည်း ထွက်နိုင်အောင် ကြိုးစားသွားမှာပါ။