ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အများပြည်သူ၏ ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ခံထား ရ သည့် အရပ်သား ရွေး ကောက်ခံ ကိုယ်စားလှယ်များမှာ မြို့တော် ကော်မတီထဲတွင် လုပ်ကိုင် ဆောင်ရွက် နေရ သည့် တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ သူတို့၏ စိန်ခေါ်မှုများ အကြောင်းကို ရန်ကုန်မြို့တော် စည်ပင် သာယာ ရေး ကော်မတီဝင် (၇) ဦးခင်လှိုင်နှင့် ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က သွားရောက် တွေ့ဆုံ မေးမြန်းထား သည်။
မေး။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ အန်ကယ် တာဝန်ယူထားတဲ့ အပိုင်းနဲ့ ဘယ်လို လုပ် ဆောင်မှုမျိုးတွေ လုပ်ဆောင်နေလဲဆိုတာ သိလိုပါတယ်။
ဖြေ။ ။ ကျနော်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အနောက်ပိုင်းခရိုင်မှာ ရှိတဲ့ ၁၀ မြို့နယ် မှာ တာဝန်ယူရပါတယ်။ အဲဒါတွေက ဆိပ်ကမ်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ အလုံနဲ့ စမ်းချောင်း တို့ပါ။ ဌာနအနေနဲ့ ပြောရင် ရာဖြတ် ဌာနနဲ့ မော်တော်ယာဉ်နဲ့ မိလ္လာ ရေပုတ် ထုတ် ဌာနတွေမှာ တာဝန်ယူရပါတယ်။ ဌာနနအပိုင်ဆို အဲဒီ ၂ ခုပဲ ရှိပါတယ်။
မေး။ ။ အရပ်သား နိုင်ငံရေးသမားတွေ မြို့တော် စည်ပင်သာယာရေး ကော်မတီထဲကို ရောက်လာ တဲ့ အခါ မှာ ဘယ်လို စိန်ခေါ်မှုမျိုးတွေ ရင်ဆိုင်နေရလဲ။
ဖြေ။ ။ ကျနော်ကတော့ ဒါတွေကို စိန်ခေါ်မှုတွေလို့ မမြင်ဘူး။ စိန်ခေါ်တယ်ဆိုတာက အရည်အချင်းပြိုင်မှ စိန် ခေါ် တယ်လို့ ပြောရမှာ။ အခု ဒီမှာက တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ အတိအကျ ပြဋ္ဌာန်းထားတယ်။ ဒီအထဲမှာ ပါတဲ့ အတိုင်း မလုပ်လို့ရှိရင် ကျနော်က ပြောမယ်။ ပြောတဲ့အခါ သူတို့က မကျေနပ်လို့ ကျနော်ကို ပြန်ပြောမယ်။ ဒါကို စိန်ခေါ်တယ်လို့ မခေါ်ဘူး။ စိန်ခေါ်တယ်ဆိုတာ လက်ရည်တူမှ ဖြစ်တာ။ သူတို့က ကျနော်နဲ့ လက်ရည် မတူပါဘူး။ ကျနော်ကတော့ အဲလိုပဲ သဘောထားတယ်။
မေး။ ။ အန်ကယ့်အနေနဲ့ စည်ပင်လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်တဲ့ အခါမှာ ဘယ်လောက် လုပ်ပိုင်ခွင့် ရလဲ။ ဘယ်လို အခက်အခဲတွေ ရှိလဲ။ ကိုယ့်ကိုကိုယ် အားရကျေနပ်မှု ရှိရဲ့လား။
ဖြေ။ ။ ကိုယ့်လုပ်တဲ့ အလုပ်ပေါ်မှာတော့ အရာရာ အားရ ကျေနပ်မှု ရှိတယ်။ ဘယ်အရာမဆိုပဲ။ လုပ်ပိုင်ခွင့် အပြည့် အ၀ ရှိသလားဆိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေထဲမှာကိုက လုပ်ပိုင် ခွင့်တွေ ပေးထားပြီးသားပဲလေ။ လုပ်ပိုင်ခွင့်ကို သိတဲ့သူအဖို့ကတော့ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိတာပေါ့။ လုပ်ပိုင်ခွင့်ကို မသိတဲ့သူကျတော့ ခင်ဗျား ဒီနေရာမှာနေဆို ဒီမှာပဲ ထိုင်နေမှာလေ။ ကျနော်ကတော့ ထိုင်နေ မယ့် လူစား မဟုတ်ဘူး။ အကုန်လုံးကို ဝင်ပြီးတော့ လုပ်နေတာ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဆိုတာ ရန်ကုန်မြို့သူ၊ မြို့သားတွေရဲ့ အခွန်ကြေးငွေတွေ အ ကုန်လုံးကို ကောက်ခံပြီးတော့ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေရဲ့ အကျိုးကို ပြန်လုပ်ပေးရမှာ။ လမ်းတံ တား ကိစ္စတွေ ရှိတယ်။ ရေမီး ကိစ္စတွေ ရှိတယ်။ အဲဒီလို ပြည်သူလူထုရဲ့ ကိစ္စအ၀၀ကို ဆောင်ရွက်နေရတဲ့ အဖွဲ့ အစည်းတခု ဖြစ်ပါတယ်။ အဲဒီလို အခွန်အခတွေ ရတဲ့နေရာမှာလည်း မှန်မှန်ကန်ကန်ရအောင် ကြိုးစား ရမယ်။ သုံးတဲ့အခါမှာလည်း မှန်မှန်ကန်ကန် ဖြစ်အောင် လုပ်ရပါတယ်။ ဒီအတိုင်း ကျနော် ဆောင်ရွက်လာတာ ဖြစ်တဲ့အတွက် ကျေလည်း ကျေနပ်ပါတယ်။ လုပ်လည်း လုပ်နိုင်ပါတယ်။
ဒါပေမယ့် အလုပ်တခု လုပ်တဲ့အခါကျတော့ အဟန့်အတားဆိုတာ သူ့ဟာနဲ့သူ ရှိတာပေါ့။ ကျနော့် အတွက်က တော့ အဟန့်အတား မဟုတ်ဘူး။ အခက်အခဲလည်း မဟုတ်ဘူး။ သူ့ ဥပဒေနဲ့သူ ရှိနေတဲ့ဟာကို ဖောက်တဲ့ သူ က ဖောက်တဲ့သူ အပြစ်ပဲ။ မရှိတဲ့ဟာမျိုး ဆိုရင်သာ စိန်ခေါ်မှုလို့ ခေါ်တယ်။ ရှိပြီးသားကို မလုပ်ကြတာ ဖြစ် တဲ့ အတွက် ဒါဟာ စိန်ခေါ်မှု မဟုတ်ဘူး။ တာဝန်မကျေမှုပဲ။ တာဝန် မကျေမှုကို ကျနော်တို့ ပြောလို့ရတာပဲ။ ပြဿနာ မရှိပါဘူး။
မေး။ ။ ဦးရဲထွဋ်က ဗိုလ်တထောင်ဆိပ်ကမ်း ညစ်ပတ်တယ်လို့ ပြောတဲ့ကိစ္စကို အန်ကယ်တုံ့ပြန်ပုံနဲ့ အေးရှားဝေါလ်က စည်ပင်ပိုင်ပန်းခြံကို ဆိပ်ကမ်းလုပ်ဖို့ သိမ်းခဲ့တာကို ပန်းခြံပြန်ရအောင်လုပ်ခဲ့ကိစ္စတွေမှာ လူတော်တော်များများ အသိအမှတ်ပြုကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါလား။
ဖြေ။ ။ ဒီလောက်ပဲ သိထားလား။ ကျနော်ပြောမယ် အေးရှားဝေါလ် ကိစ္စဆိုရင် တော်တော်ကြီးတယ်နော်။ နံရံကို ခေါင်းနဲ့တိုက်တယ်လို့တောင် ပြောကြတယ်။ တိုက်လိုက်တယ်လေ။ ဘာဖြစ်လဲ။ ရတယ်လေ။ အဲဒါတွေက ပြီးသွားပြီ။ ပြန်မပြောချင်ဘူး။ အားလုံးလည်း သိပြီးသားပါ။ အကြိမ်ကြိမ် အခါခါလည်း ပြော ပြီးပါပြီ။ ဖေ့ဘုတ်ထဲမှာလည်း ပါပြီးသား။ အများသိပြီးသား ဟာကြီးကို ပြန်မပြောချင်ဘူး။ ကျနော်ဖြစ်စေချင် တာက ကျနော် ဘာလုပ်နေလဲဆိုတာကို သေချာလေ့လာပြီးမှ လာစေချင်တယ်။ ကျနော်ကလည်း ကျနော် ဘာ လုပ်နေလဲ ဆိုတာကို ဘယ်တော့မှ ကြေညာမှာ မဟုတ်ဘူး။ ငါဘာလုပ်လိုက်တယ်ဆိုပြီးတော့လည်း ပြောစရာ အကြောင်းလဲ မရှိဘူး။ ဒါတောင်မှ ဦးရဲထွဋ်နဲ့ ကျနော်နဲ့ အမေးအဖြေကြားထဲမှာ ဒီစကားလေး ပါသွားတာ။ ပြည်သူ တွေ သိပါလိမ့်မယ်။ ကျနော်အနေနဲ့ ကျနော်ဘာလုပ်လိုက်တယ်ဆိုတာ မပြော ချင်ဘူး။ ကျနော် လုပ်လိုက်တဲ့ အလုပ်ကို ပြည်သူသိရင် ကျေနပ်ပါတယ်။ မသိလည်း ကျေနပ်ပါတယ်။ ဒါတွေကို ပြည်သူ ခံစား လို့ ရသွားရင် ကျနော် ကျေနပ်သွားပြီ။
မေး။ ။ အန်ကယ် အခုလို စည်ပင်လုပ်ငန်းတွေကို ဝင်ရောက် လုပ်ကိုင်တဲ့အခါမှာ သိလာပြီးတော့ ကော်မတီ ထဲမှာ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပြီလို့ ထင်လဲ။
ဖြေ။ ။ ကျနော် ကော်မတီ ရွေးကောက်ပွဲ ဝင်ပြိုင်တုန်းက ကျနော့် လက်ကမ်း ကြေညာစာ ဖတ်ထားလား။ အဲဒီ လက်ကမ်း စာစောင်ထဲမှာ ကျနော် ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာ ပါပါတယ်။ အဲဒါလေးတွေ ဖတ်ပါ။ အဲဒီထဲမှာ ဘယ်ဟာ အရေးကြီးတယ်ဆိုတာ ပါတယ်။ ကျနော်ဆီလာတဲ့အခါကျရင် အဲဒါလေးတွေ တခါတည်း ဆောင်လာခဲ့နော်။ အဲဒါဆိုရင် ကျနော်တို့ ဖြေရတာ ကောင်းတယ်။ ဒီအထဲမှာပါတဲ့ လိုင်းပေါ်မှာ ကျနော်ကို လိုက် မေးသွားလို့ ရတယ်။ အဲလိုမေးတာကို ကျနော်က ပိုကြိုက်တယ်။
မေး။ ။ ပြည်သူက ရွေးကောက်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ ဌာနတွေ ခွဲဝေလုပ်ကိုင် ရတဲ့ အခါမှာ တရားမျှတမှုရှိရဲ့လား။
ဖြေ။ ။ ဌာနကတော့ ရပါတယ်။ ဒါပေမယ့် ဌာနပေါင်း ၂၀ မှာ အဓိကကျတဲ့ လုပ်ငန်းတွေကိုတော့ အစိုးရ ဌာ န အဖွဲ့တွေကပဲ ကိုင်ထားတယ်။ ကျနော်ဆိုရင်ဗျာ ရေပုတ်စုပ်တာလေးနဲ့ ရာဖြတ်ပဲ ပေးတာ။ ကျနော်ကို အဲဒီ ၂ ခုပဲ ပေးတယ်ဆိုပေမယ့် ကျနော်က အကုန်လုံးမှာ ဝင်ပါတာပဲ။ ကျနော်သိတာကိုး။ ပြောဆိုပိုင်ခွင့်တော့ ရှိ တာ ပေါ့ဗျာ။ ပြောပိုင်ခွင့် ရှိမယ်။ ထောက်ပြမယ်။ မကြိုက်ရင် မကြိုက်ဘူး ကျနော်ပြောရမယ်။ ပြည်သူထဲက ပြည်သူ တယောက် ပုံစံမျိုး ကျနော်ပြန်ပြောလို့ရတယ်။
ကျနော်တို့ကလည်း သိအောင် လေ့လာရမယ်။ သိအောင် ကြိုးစားရမယ်။ ဘာတွေ အခက်အခဲရှိတယ်ဆိုတဲ့ ပြည်သူ တွေရဲ့ အခက်အခဲကို အမြဲတန်း နားစွင့်နေရမယ်။ ရေမရဘူးဆိုရင် ကျနော်ကို ဖုန်းဆက်လိုက်။ ကျနော့် ဌာန မဟုတ်ပေမယ့် ရေရအောင် လုပ်ပေးမယ်။ အခုဒီမှာ တိုင်စာတွေ့တယ်။ ဆောက်လုပ်ရေး ကိစ္စ။ သွားစစ် ပေးရမယ်။ လမ်းတွေမကောင်းဘူးလား။ ကျနော်ဆီကို ဖုန်းဆက်လိုက်။ ကျနော်ချက်ချင်း ဆောင်ရွက် ပေးမယ်။ ရန်ကုန်မြို့တမြို့လုံးမှာ ဖြစ်ပျက်နေတာတွေ အကုန်ပြော။ အမှိုက်တွေ များနေလား။ ဖုန်းသာ လှမ်း ဆက်လိုက်။ ကျနော် လူလွှတ်ပေးမယ်။ ကျနော့် ဌာနအပိုင် မဟုတ်ပေမယ့် ကျနော်ပြောပေးနိုင်တယ်။
ဒီနေ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဝင်ငွေ ထွက်ငွေ ငွေစာရင်းတွေ အားလုံး ကျနော် သိတယ်။ ဘယ်စရိတ်တွေကို ဘယ်လိုထုတ်ရတယ်ဆိုတာကအစ ကျနော်သိတယ်။ ဒီဌာန ၂၀ စလုံးကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တယ်။
မေး။ ။ ကျနော်တို့ အပြင်မှာ ကြားနေရတာက ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အစိုးရခန့်သူတွေ ကြား ထဲမှာ လုပ်ပိုင်ခွင့် ပြဿနာကြောင့် မကျေလည်မှုတွေ ရှိနေတယ်လို့ သိရတယ်။ ဆိုတော့ စည်ပင်သာ ယာရေး ကော်မတီ ထဲမှာ အဲလိုပဲ တကယ်ဖြစ်နေတာလား။
ဖြေ။ ။ အဲဒါ ကျနော် မြင်တာကတော့ ဒီဘက်က ပါဝင်ကျတဲ့သူတွေက စည်ပင်သာယာရေး ဥပဒေအပေါ်မှာ နံပါတ် ၁ က သေချာဖတ်ပါလို့။ နံပါတ် ၂ က ဒီအလုပ်အပေါ်မှာ သေချာဇောက်ချလုပ်ပါလို့။ နောက်ဆုံးတခု ပြောချင် တာက လုပ်ငန်းတွေ အားလုံးကို သေချာနားလည်အောင်လုပ်ပါ။ အဲဒါအရေးကြီးတယ်။
မေး။ ။ ကျနော်တို့ မြို့နယ်တွေကို သွားလေ့လာကြည့်တော့ တချို့ မြို့နယ် စည်ပင်အရာရှိတွေဟာ ပထမပိုင်း မှာ တံဆိပ်တုံးတောင် မရဘူး။ တချို့တွေလည်း ဘုန်းကြီးတရားပွဲ လက်မှတ်ထိုးနေရတဲ့ အဆင့် လောက်ပဲ။ မြို့တော် ခန်းမမှာ ရှိတဲ့ ဌာနတွေက လုပ်ပိုင်ခွင့်တွေ အကုန်လုံး ယူထားတယ်လို့ ပြောကြတယ်။
ဖြေ။ ။ ညီလေး၊ မင်းပြောနေတာတွေ မဟုတ်ဘူးနော်။ မဟုတ်ဘူးဆိုပေမယ့် ဟုတ်တာလည်း ဟုတ်တယ်။ မင်း ပြောတာလည်း ဟုတ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့် တွေ အပြည့် ရှိပါတယ်။ ဥပဒေပါအတိုင်း လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ မလုပ်နိုင်တာ သူတို့ အကြောင်းနဲ့ သူတို့ပဲလေ။ အဲဒါတော့ မတတ်နိုင်ဘူး။
မေး။ ။ ကျနော် သိတာကတော့ အပေါ်ကလာတဲ့ အမိန့်တွေက အစိုးရခန့်တဲ့ မြို့နယ် စည်ပင် အုပ်ချုပ်ရေး မှူးတွေဆီကိုပဲ ရောက်တယ်။ ကော်မတီဆီကို မရောက်ဘူးလေ။
ဖြေ။ ။ ဒါက သူတို့အကြောင်းလေ။ ရအောင် ကြိုးစားလေ။ ခင်ဗျား ကျနော်ရဲ့ အနောက်ပိုင်းခရိုင်မှာ ရှိတဲ့ မြို့ နယ် ၁၀ ခုကို မေးကြည့်လိုက်။ ဘယ်သူ့အပေါ်မှာ မူတည်လဲဆိုရင် ကော်မတီဝင် အပေါ်မှာ မူတည်တယ်။ တခြား ကော်မတီဝင်တွေကို မပုတ်ခတ်ချင်ဘူး။ ကျနော့် အနောက်ပိုင်းခရိုင်မှာ သွားမေးကြည့်လိုက်။ အဲလိုဖြစ် နေရင် ကျနော့်ကို လာပြော။ အဲလိုမျိုး လာလုပ်လို့ကတော့ သေသွားမယ်။ ကျနော်ရဲ့ ကော်မတီဝင်တွေ အပေါ် မှာ တခြားကော်မတီဝင်ကသော်လည်းကောင်း၊ သက်ဆိုင်ရာ ဌာနက ဝန်ထမ်းတွေကသော် လည်းကောင်း အဲ လို ပညာလာပေးလို့ကတော့ သေမယ်မှတ်လို့ပဲ ပြောချင်တယ်။ ကော်မတီဝင်ဖြစ်တဲ့ ကျနော်က အရေးကြီး တယ်။ ကျနော်ဆီက လူတွေဆို ပြာနေတာပဲ။ အလုပ်လုပ်ရတာမှ ပြာနေတာပဲ။
စလာကတည်းက ကျနော်က ဒီကို စမ်းသပ်ဖို့ လာတာ မဟုတ်ဘူး။ တတ်သိ နားလည်လို့ လာတာ။ ကျနော့်ကို စည်ပင်နဲ့ ပတ်သက်တာပဲ မေးဗျာ။ စည်ပင်နဲ့ ပတ်သက်ရင် မသိဘူးဆိုတာ မရှိစေရဘူး။ စည်ပင်နဲ့ ပတ်သက် ရင် ဦးခင်လှိုင် NO ဆိုတာ မရှိစေရဘူး။ မသိဘူးဆိုတာ မဖြစ်စေရဘူး။ သိအောင် လုပ်ပေးရမယ်။
မေး။ ။ ဝန်ကြီး ဦးရဲထွဋ်နဲ့ ဖြစ်တဲ့ ကိစ္စပေါ့။ ဘယ်လို ဖြစ်တာလဲ။ တခု စိတ်ဝင်စားဖို့ ကောင်းတာက အန်ကယ် တုံ့ပြန်တဲ့စာမှာ မြို့တော်ဝန်က ဝန်ကြီးချုပ်ကို မလှန်ရဲဘူးဆိုတဲ့ စကားလုံးပါတယ်။ အဲဒါက ဘာကို ဆိုလိုချင်တာလဲ။
ဖြေ။ ။ အဲတော့ ဦးရဲထွဋ်နဲ့ ကျနော်ဆိုတာ ဘာအချိတ်အဆက်မှ ရှိခဲ့တာ မဟုတ်ဘူး။ ကျနော်ကို ကြည့် ကြည့် ဖေ့ဘုတ်မှာ ကျနော် ဘာပြောတာ ရှိခဲ့ဖူးလို့လဲ။ စည်ပင်သာယာနဲ့ ပတ်သက်လို့ ရှိရင် ပြည်သူလူထုကို စဝင်လာ ကတည်းက ကျနော်ပြောတယ်။ ကျနော့်ကို ၃ လလောက်တော့ ခဏစောင့်ကြပါ။ ကျနော်ကို ဒီကြား ထဲမှာ ဘာ မေးခွန်းမှ မမေးပါနဲ့။ ကျနော်ကြိတ်လေ့လာတာ ၄ လ ရှိပြီ။ လေ့လာတယ်။ ရှိနေတဲ့ အကုန်လုံးကို ဆွဲခေါ်တယ်။ ကြိုးစားကြည့်တယ်။ ရှိနေတဲ့ လူတွေဆိုတာ ဝန်ထမ်းလည်း ဝန်ထမ်းမိုလို့ ကော်မတီလည်း ကော်မတီမို့ လို့။ လုပ်ငန်း အားနည်းချက်တွေကိုလည်း သည်းခံပြီးတော့ ၄ လတာ အလုပ်လုပ်ခဲ့တယ်။ စိတ်ပင်ပန်း၊ လူပင်ပန်း၊ ကိုယ်ပင်ပန်းနဲ့ တော်တော် ကြုံခဲ့ရတယ်။
ကျနော်ကတော့ ဂရုဏာနဲ့ပါ။ ဘယ်လို ဂရုဏာလည်းဆိုတော့ ကျနော် စည်ပင်သာယာရေး လုပ်ငန်းကြီး ကောင်းပါစေ ဆိုပြီးတော့ပေါ့။ ရန်ကုန်မြို့တော် စည်ပင်သာ ကောင်းမယ်ဆိုရင် ရန်ကုန်မြို့တော်ကြီးလည်း ကောင်းဖို့ရာ မြေကြီးလက်ခတ် မလွဲပါဘူး။ အဲဒီ ဂရုဏာနဲ့ ကျနော်လုပ်တာပါ။ အဲဒီစိတ်က ကြီးမားလာတာ ဖြစ် တဲ့အတွက် ကျနော်တောက်လျှောက်လုပ်တဲ့ ၄ လတာ ကာလ အတွင်းမှာ ပြေလည်မှုတွေ ရှိတယ်။ မပြေလည် မှုတွေ ရှိတယ်။ အတိုက်အခံတွေ ရှိတယ်။ မျိုးစုံပဲ ကျနော်ကြုံရပါတယ်။ ဒါပေမယ့် ကျနော်အတွက် စာမဖွဲ့ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတဲ့ ဥပဒေအတိုင်း ပြောတာ ဖြစ်လို့ပါပဲ။
အခုကော်မတီမှာ ဘတ်ဂျက်နဲ့ ငွေစာရင်း ဌာနဆိုတာ ရှိတယ်။ ကော်မတီရဲ့ ရငွေ၊ သုံးငွေနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး နှစ်ချုပ်စာရင်းကို တောင်းတာ ကျနော် ၄ လ ရှိပြီ။ အခုထိ မရသေးဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ပြောနေတယ်။ ဒီအစိုးရ သက်တမ်းမှာ လုပ်ခဲ့တဲ့ ၄ နှစ်တာ စာရင်းကို ကျနော်တောင်းတာ။ ဘဏ္ဍာရေး စာရင်းရှင်းတမ်း စာအုပ်တွေ၊ နှစ်ချုပ်စာရင်းတွေ ပေးပါဆိုတဲ့ဟာကို အခုထိကျနော်ကို မပေးသေးဘူး။ အဲဒီကိစ္စတွေ ရှိနေတယ်။ အဲဒါတွေက ဖီလင်တွေပဲပေါ့။ ကျနော်တို့ကို ဒီလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက် ပါလို့ ပြောတယ်။ ဒါပေမယ့် ထင်သာမြင်သာ ရှိသင့်တဲ့ စာရင်းတောင် ကြည့်ခွင့်မရသေးဘူး။ ဒါကြောင့် ကျနော်ကလည်း စိတ်ထဲမှာ သိပ်မ ကျေဘူးဖြစ်နေတာ။
အဲဒါ ဘယ်သူ့မှာ တာဝန်ရှိလဲဆို ပြောမယ်နော်၊ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ဆီမှာ တာဝန်ရှိတယ်။ စာရင်းစစ်ချုပ်နဲ့ ကျနော်နဲ့ အဲဒီကိစ္စ ရှင်းဖို့ ရှိတယ်။ ဒီစည်ပင်လောက်တော့ ကျနော် မပြောတော့ဘူး။ ရန်ကုန် တိုင်းဒေသကြီးရဲ့ စာရင်းစစ်ချုပ်သည် စည်ပင်လုပ်ငန်းတွေကို စစ်နေတာပဲ။ ဘာလို့ ကျနော်ကို စာရင်းမပေး နိုင်တာလဲ။ ပြီးတော့ ဒီမှာ ရှိတဲ့အခက်အခဲကို ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲ ရှင်းတော့မယ်။ ဒီမှာ ရှိတဲ့ အခက်အခဲ တွေကို ဝန်ကြီးချုပ်နဲ့ ရှင်းမှာ။
ကျနော်တို့ ဒီမှာ ရှိတဲ့ လုပ်ငန်းတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ခံရမှာ။ မြို့တော်ဝန်ကလည်း မျက် နှာမပျက်ချင်ဘူး။ မြို့တော်ဝန်က တိုင်းဒေသကြီး ကက်ဘိနက်ထဲမှာ ဝန်ကြီးတပါးပေါ့။ စည်ပင်သာယာရေး ဝန်ကြီး ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ပြီးမှ သူဖြစ်တဲ့အတွက် အထက်နဲ့အောက် ပြန်လှန်လို့ မရတော့ဘူးလေ။ ထို့အတူ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ ရှိရင်လည်း မှန်လည်း မပြော၊ မှားလည်း မပြောရဲတဲ့ အထဲမှာပါတယ်။ မယုံရင် လှန်ကြည့်ပါလားလို့။
ဦးရဲထွဋ်ကလည်း သူဖေ့ဘုတ်စ်တင်တုန်းက ဘာပြောချင်တာလဲဆိုတော့ ကျနော်ပိုင်တဲ့ ဆိပ်ကမ်းမြို့နယ်မှာ ဒီလို ခွေးတွေ၊ အမှိုက်တွေ ရှိနေတယ်ဆိုတော့ ကျနော်က အဲဒီမှာ တာဝန်ခံလေ။ အဲတော့ ကျနော် ဖြေရှင်းပေး ရမှာပေါ့။ ကျနော်လည်း ဖြေရင်းနဲ့ အဲဒီအကြောင်း ထည့်ရေးလိုက်တာ။ ဒီလိုပေါက်မြောက်သွားရင်လည်း ကျနော်လည်း မတတ်နိုင်ဘူး။
ကျနော်သွားနေတဲ့ တလျှောက်လုံးမှာ အရေးကြီးလှတဲ့ အေရှားဝေါလ် ဆိပ်ကမ်းကြီးဆိုရင် သူသိမ်းထားတာ နည်းတာကြီး မဟုတ်ဘူး။ အဲဒီနေရာကြီးက ဘီလီယံချီပြီး တန်တယ်။ အဲဒီ ဘီလီယံချီတဲ့ ကိစ္စကြီးကို မီဒီယာ တွေကလည်း မေ့လျော့နေတယ်။ ပြည်သူလူထုကလည်း မသိရှာဘူး။ အစိုးရကလည်း မေ့နေတယ်။ အားလုံး မေ့နေတာ ဖြစ်တဲ့အတွက် ကျနော်က အဲဒါကို ပြန်ဖော်ထုတ်တာ။ အဲဒါကြီးကလည်း ကျနော်အတွက်ကို ခြိမ်း ခြောက်မှု ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒါကြီးလည်း ပြန်ရသွားပါပြီ။
အဲဒါကြီးက ကျနော်ကိုယ်တိုင် ချမ်းသာတဲ့သူပါ။ ဒါပေမယ့် အဲဒါကြီးတော့ မဝယ်နိုင်ဘူးဗျ။ ဒီနေရာကြီးမှာ ဆီ ကန် ၆ ကန်တောင် ဆောက်မှာ။ တန် ၄၀၀၀ ပါတဲ့ ဆီကန် ၄ ကန်တောင် ထားမယ်ဆိုရင် ဆီတန် ၂၄၀၀၀ လောက် တောင် ဆံ့မှာ ဆိုတော့ ကြည့်မြင်တိုင်မြို့ကို မီးတင် ရှို့သလို ဖြစ်နေမှာပေါ့။ ကျနော်အနေနဲ့ ကြည့်မြင် တိုင်မြို့ မီးတင်ရှို့သလိုဖြစ်မှာကို ကယ်နိုင်ခဲ့တယ်။
ဦးရဲထွဋ်က သူ့ဖေ့ဘုတ်စ်ထဲမှာ ပါတဲ့ အဆောက်အအုံလေးတခုကို သူမေ့နေတယ်။ အဲဒါက ကျနော် ပြောတဲ့ အဆောက်အအုံပဲ။ အဲဒါကြီး ကန့်လန့်ဖြစ်နေတာကိုတော့ မပြောဘူး။ အဲဒီအဆောက်အအုံနဲ့ ဟိုဘက် ကွန်တိန် နာ တင်တဲ့နေရာနဲ့ဆိုရင် ၂၅ ပေလောက်ပဲ ကျန်တော့တယ်။ အဲဒီ ကွန်တိန်နာ အမြင့်ကြီးတွေ ပြုတ်သာ ကျ လိုက် လို့ကတော့ ပြဿနာ အများကြီး ရှိပါတယ်။
ဆိပ်ကမ်းမြို့နယ်ဆိုတာ ဆိပ်ကမ်းအာဏာပိုင်က တိုက်ရိုက်ကိုင်တာက။ စည်ပင်က ကျနော်လက်ထက်ကျမှ ကျနော်တို့အောက်ကို ပြန်ရောက်လာတာပါ။ ကျနော်တို့ကို အခုထက်ထိ တရားဝင်မလွှဲသေးပါဘူး။ အခု ကျ နော်တို့ ၅ လပိုင်းမှာ စရမှာပါ။ အခုက ဒီမြို့နယ်က သူ့လိုလို ငါ့လိုလိုနဲ့ အဲဒီလို ဖြစ်နေတာ။ ကျနော်တို့က ဝင်လို့ မရဘူး။ ဆိပ်ကမ်းအာဏာပိုင်ဆိုတာ ပို့ဆောင်ရေး ဝန်ကြီးဌာနက ကိုင်တာ။ သူက ပြည်ထောင်စု အဆင့်လေ။ ကျနာ်တို့ စည်ပင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အောက်မှာပဲ ရှိတာ ဖြစ်တဲ့အတွက် သူလုပ်တဲ့ အခါ ကျတော့ ပြည်ထောင်စုရဲ့ မာန်တွေ ပြတော့တာပေါ့ဗျာ။ သူမာန်ပြပြ မပြပြ ကျနော်က ဝင်တော့တာပေါ့။
မေး။ ။ အခု နာမည်ကြီးနေတဲ့ ဒဂုံစီးတီး စီမံကိန်းကလည်း အန်ကယ့် မြို့နယ်ထဲမှာ ပါပါတယ်။ အဲဒီ စီမံကိန်းကို အန်ကယ်က တားဆီးမယ်လို့ သတင်းတွေ ထွက်နေတော့ ဘယ်လို လုပ်ဆောင်မလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ကျနော် အနောက်ပိုင်းခရိုင်မှာ ရှိတဲ့ ဒဂုံစီးတီးနဲ့ ပတ်သက်လို့ ရှိရင်လည်း ဒီနေရာ အနေ အထား တခုကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ကနေပြီးတော့ ဒဂုံစီးတီးရယ်လို့ မသတ်မှတ်နဲ့တော့။ အဲဒီမှာ ကုမ္ပဏီ အား လုံး ၅ ခု ရှိတယ်။ Marga Land Mark က စပြီး ဆောက်နေတော့ သူုတို့ကိုပဲ လူတွေက မြင်နေ ကြတယ်။ ကျ နော် ပြောချင်တာက အဲဒီ ကုမ္ပဏီ ၅ ခုလုံး မလုပ်ကြနဲ့တော့။ ဒီနေရာမှာ လုပ်မယ့် သူတွေက BOT စနစ်နဲ့ ငှား ထားတာ။ ဒီနေရာကို အငှားချထားတဲ့အခါကျတော့ ကျနော်ရဲ့ မြို့နယ်ထဲမှာ ကားလမ်း ကျပ်တည်းမှု တွေ ဖြစ် လာမယ်။
အဆောက်အအုံကြီးတဲ့ ဖြစ်တဲ့အတွက် ရွေတိဂုံဘုရားကြီးရဲ့ ကြံ့ခိုင်မှုကို ထိခိုက်တော့မယ်။ ဘာကြောင့်လဲ ဆိုတော့ သဂုၤတ္တရကုန်းနဲ့ ရွေတိဂုံဘုရားနဲ့က ဆက်နေတာ။ မြေမှာလည်း အကြောရှိတယ်လေ။ ဒါကြီးက ရွေ တိဂုံ ဘုရားကြီးရဲ့ ဝိတ်ကို မထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ ရွေတိဂုံဘုရားကြီးရဲ့ အနီးအနားမှာ တင်မက ဘူး။ မဟာဝိဇေယျ စေတီတော်နဲ့ အလံပြဘုရားတွေပါ။ ဒီနေရာတွေမှာလည်း အဆင်မပြေပြန်ဘူး။ ဒီနေရာမှာ အလုပ်မဖြစ်ဘူး။ နောက်ဆုံး ဒီပရောဂျက်ကြီးအတွက် ရေပေးမယ်ဆိုရင်တောင်မှ ကျနော်တို့မှာ ရေအခက်အခဲ ရှိပါတယ်ဗျာ။ ရေပေးဖို့အတွက်ဆိုပြီး မြေအောက်ရေသာ ထပ်နှိုက်လိုက်လို့ကတော့ ကုန်ပြီပေါ့ဗျာ။ ကုန်ပါပြီ။
ပြောချင်တာက အခု လုပ်နေတဲ့ စီမံကိန်းတွေ အကုန်လုံးသည် သူတို့လုပ်မှ ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက် မယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ တကယ် ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် ရန်ကုန်မြို့ရဲ့ နယ်စွန် နယ်ဖျား တွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်ကြပါ။ အခုလို ဘုရားနားမှာ လူတွေ အလေးအမြတ်ထားတဲ့နေရာ၊ သဘာ၀ ပတ် ဝန်းကျင် ထိန်းသိမ်းသင့်တဲ့နေရာ၊ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရမယ့်နေရာ၊ လူတွေ အရမ်း ကျပ်တည်း နေတဲ့နေရာ၊ အဲဒီလို နေရာမျိုးမှာ ဝင်ပြီးတော့ မလုပ်ပါနဲ့။
အိမ်ရာနဲ့ ပတ်သက်ပြီး ပြောရရင် ဒီအိမ်ရာကြီး ဖော်ထုတ်လိုက်လို့ ဘယ်သူတွေ လာဝယ်မှာလဲ။ အိမ်တလုံး ပိုင်တဲ့သူကနေ ၅ လုံး ပိုင်တဲ့သူတွေကပဲ လာဝယ်ကြတာပါ။ သူေဋ္ဌးတွေပဲ ဖြစ်ပါတယ်။ Shopping Mall တွေ ပြောမယ်ဆိုရင် ရန်ကုန်မြို့မှာ Shopping Mall တွေ ထပ်နေပါပြီ။ ထပ်သလောက်လည်း မရောင်းရပါဘူး။ အဲဒါတွေလည်း သိဖို့ လိုပါတယ်။ အဲဒီတော့ ဒီစီမံကိန်းကြီး ဖြစ်တော့လည်း ဘယ်သူမှ အကျိုးမရှိပါဘူး။
အကျိုးရှိအောင် မြို့တော်ရဲ့ အပြင်ဘက်မှာ သွားပြီးတော့ ဖော်ထုတ်ပါ။ အဲလို အပင်ပန်းခံရမယ့် ရင်းနှီး မြှပ်နှံမှုှုမျိုး ကျတော့ မလုပ်ချင်ကြဘူး။ မြန်မာနိုင်ငံကို ချစ်တယ်ပြောပြီး အဆီကိုပဲ လာလာခပ်တယ်။ အဆီအနှစ်ကြီးပဲ မလိုချင်ပါနဲ့။ အချောင်မနှိုက်ပါနဲ့လို့ ပြောချင်ပါတယ်။
မေး။ ။ အန်ကယ်ကတော့ ဒီစီမံကိန်းကြီးကို ရပ်သွားစေချင်တယ်ပေါ့။ ဒါပေမယ့် အန်ကယ်လို မြို့တော် ကော်မတီ ဝင် အဆင့်လောက်နဲ့ ဒီစီမံကိန်းတွေ ရပ်ဆိုင်းသွားအောင် လုပ်နိုင်ပါ့မလား။
ဖြေ။ ။ စောင့်ကြည့်လိုက်လေ။ အဲဒီ စီမံကိန်းက ကျနော် တာဝန်ယူထားတဲ့ အနောက်ပိုင်းခရိုင် ၁၀ မြို့နယ် ထဲမှာ ပါလား၊ မပါဘူးလား။ ဒီနေရာသည် အနောက်ပိုင်းခရိုင်နဲ့ မသက်ဆိုင်ဘူးလား။ တပ်စည်ပင် ပိုင်မြေ ဆိုပြီးတော့ အရင် ကာကွယ်ရေး ဦးစီးချုပ်ပိုင်တဲ့မြေဆိုပြီး လုပ်ပိုင်ခွင့်ချပေးလိုက်တယ်။ အဲဒီလူတွေ ဘယ်သူ့ လမ်းက ဖြတ်ရ မှာလဲ။ ကျနော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပိုင်တဲ့ လမ်းကို ဖြတ်ရမှာ မဟုတ်ဘူး လား။ အဲဒီလမ်းတွေက ပြည်သူပိုင်လမ်းတွေ။ ပြည်သူပိုင်လမ်းဆိုတာ စည်ပင်ပိုင်လမ်းကို ခေါ်တာ။ အဲဒါကြောင့် သူဘာသာသူ အဆောက်အအုံဆောက်ချင်ရင်ဆောက်။ ဒါပေမယ့် ကျနော်လမ်းကိုတော့ မဖြတ်နဲ့။ ဦးပေါ်ဦး စကား ကြားဖူးတယ် မဟုတ်လား။ ယိုသာယို မပေါက်နဲ့လို့ ပြောတာ။ ဆိုလိုတာက ကျနော်ကို ဖြတ်နိုင် ရင်ဖြတ်လေ။
မေး။ ။ အန်ကယ်က စီးပွားရေး လုပ်ငန်းရှင်တဦးလည်း ဖြစ်တယ်ဆိုတော့ အခုလို စည်ပင်လုပ်ငန်းတွေ ရှိတော့ ကျန်ခဲ့တဲ့ အန်ကယ်လုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲနေလဲ။
ဖြေ။ ။ ကျနော်က စီးပွားရေး လုပ်ငန်းတွေကို ဖြူဖြူစင်စင် စည်းကမ်းရှိရှိ လုပ်တော့ အောင်မြင်တယ်။ ကျနော့် မှာ ဝန်ထမ်းအင်အား ၇၀၀နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်။ ကျနော်က မကျွမ်းကျင်နဲ့ ဘာသာရပ် ဘာမှ မရှိဘူး။ ကျနော် က လုပ်ငန်းတွေက အောက်ခြေကစပြီး ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ကျနော် ဒီမှာထိုင်နေ လည်း အကုန် သိတယ်။ စာရင်းစစ်ချုပ်လည်း ကျနော်ပဲ။ မားကတ်တင်း မန်နေဂျာလည်း ကျနော်ပဲ။ အင်ဂျင်နီယာ လည်း ကျနော်ပဲ။ ကျနော် သား၊ သမီးတွေ ရှိတယ်။ သူတို့နဲ့လည်း ကျနော် လွှဲထားပေးတယ်။ ဘာပြဿနာမှ မရှိဘူး။
ကျနော်က အဲဒီလုပ်ငန်းတွေကို စိတ်ချရတဲ့သူတွေနဲ့ လွှဲပြီးတော့ နိုင်ငံရေးကို ဇောက်ချလုပ်မှာ။ ကျနော် ပြောပြမယ်။ ကျနော်နဲ့ ဦးရဲထွဋ် ကိစ္စဖြစ်ပြီးတော့ ကော်မတီဝင် ၈ ဦးနဲ့ မြို့တော်ဝန်ကနေ အစည်းအဝေး လုပ်ပြီး ကျနော်ကို ခေါ်တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဖိအားပေးလို့။ ကျနော်ကို ဝိုင်းပြီးတော့ ပြောကြတယ်။
ကျနော်ကို ဘာပြောလဲဆိုတော့ နိုင်ငံရေး လုပ်လို့မရဘူး။ လုပ်ချင်ရင် အပြင်ထွက်လုပ်ဆိုပြီး ပြောတယ်။ နောက်ပြီးတော့ ခင်ဗျားက နိုင်ငံဝန်ထမ်း စည်းကမ်းနဲ့ ညီအောင် ဝန်ထမ်းပုံစံ နေပါလို့ ပြောတယ်။ ပြောတဲ့ ကိစ္စသည် ကော်မတီရဲ့ Voice ဖြစ်တဲ့အတွက် ကော်မတီဝင် အနေနဲ့ မဟုတ်ဘဲ ခင်ဗျားပြောတာ ဖြစ်တဲ့အတွက် ခင်ဗျား ကိစ္စလို့ ပြောတယ်။
ကျနော်ကလည်း ပြန်ပြောလိုက်တယ်။ ကျနော် ဒီကနေ လုံး၀ မထွက်နိုင်ဘူးလို့။ ကျနော်သည် ဒီကော်မတီ လုပ်ငန်းတွေကို လာလုပ်ကတည်းက ကျနော့်စီးပွားကို ထားပြီးတော့ လာလုပ်နေတာ။ မပြောရလို့တော့ မဖြစ်ဘူးလို့။ မပြောရ မဆိုရလို့လည်း ထွက်စရာ အကြောင်းလည်း မရှိဘူး။ ပြည်သူက ရွေးထားတာ။ ကျနော် စလာတုန်းက ဝန်ကြီးချုပ်ဆီမှာ မြို့တော်ဝန်ဆီမှာ စာမေးပွဲဖြေပြီး အောင်လာတာ မဟုတ်ဘူး။
အဲဒီတော့ ကျနော်ကို မကြိုက်ရင် ပြည်သူကပဲ ပြန်ဖြုတ်ချလို့ ရမယ်။ ပြည်သူကသာ ခင်လှိုင် ဒီနေ့ မနေနဲ့ လို့ပြော။ ကျနော်တန်းဆင်းလာခဲ့မယ်။ ကျနော်တို့ ကော်မတီဝင်တွေဟာ နိုင်ငံဝန်ထမ်းတွေ ဖြစ်ရမယ်ဆိုတဲ့ နည်းဥပဒေတွေကို ကျုပ်လက်မခံဘူးဆိုတာ ရွေးကောက်ပွဲကို စဝင်တဲ့ နေတုန်းကလည်း ပြောတယ်။ ကျနော် ရွေးကောက်ခံ ပြန်တော့လည်း ကျနော်ကို ကျမ်းသစ္စာ ဆိုခိုင်းတုန်းကလည်း လုံး၀ မဆိုခဲ့ဘူးဆိုတာ အားလုံး သိတယ်လို့။ ကျနော် ကြေညာပြီးသား။ ကျနော် ဘယ်စာရွက်မှ မကိုင်ဘဲ မတ်တပ်ကြီး ရပ်နေတာ။ ဓာတ်ပုံ အထောက်အထား ရှိတယ်။
နောက်တခုက နည်းဥပဒေထုတ်ကတည်းက မှားနေတာလို့။ ဘာလို့လဲဆိုတော့ ၂၀၁၂ ခုနှစ်က ပြည်ထောင်စု လွှတ်တော်မှာ ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာ မြူနီစံပယ် လူကြီးများသည် နိုင်ငံဝန်ထမ်း ဖြစ်စေ ရမည်ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ရမယ် ဆိုပြီးတော့ အတိအလင်း ဖော်ပြထားပြီးပြီ။ အဲဒီတော့ ပြည်ထောင် စုလွှတ်တော်ဆိုတာ အလကား လွှတ်တော် မဟုတ်ဘူး။ မူကြမ်းတွေ ရေးဆွဲပြီးတာနဲ့ အတည် ပြုပေးရတယ်။ အဲဒါကို ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ ထားထားပြီးပြီ။
အခု ၂၀၁၄ ကျမှ စည်ပင် ကော်မတီဝင်ဟာ နိုင်ငံဝန်ထမ်း ဖြစ်ရမယ်လို့ ရေးတာကတော့ ခင်ဗျားတို့ ဥပဒေကို နားမလည်လို့ပဲလို့။ ပြီးတော့ ပြည်ထောင်စု လွှတ်တော်ကိုလည်း အန်တုလိုက်တာပဲလို့။
မေး။ ။ အန်ကယ်က နိုင်ငံရေးကို ဇောက်ချလုပ်တော့မယ်လို့ ပြောတော့ ၂၀၁၅ အလွန်မှာ ဘယ်လို နိုင်ငံရေး ရည်မှန်းချက်တွေ ရှိလဲ။
ဖြေ။ ။ နိုင်ငံရေးကို ဇောက်ချလုပ်မှာ။ သူတို့က ကျနော်ကို နိုင်ငံရေး မလုပ်ရဘူးလို့ ပြောတယ်။ အပြင်မှာ သွားလုပ် လို့ ပြောတယ်။ ကျနော်ပြောချင်တာက စီးပွားရေး၊ လူမှုရေး၊ ပညာရေး အားလုံးဟာ နိုင်ငံရေးပဲဗျ။ အခုခေတ်မှာ တော်တော်များများဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြတော့ဘူး။ အစိုးရလည်း ဒီအတိုင်းပဲ။ အလုပ်သမားအရေးဆို သွားမထိရဲဘူး။ ကျောင်းသား အရေးဆို သွားမထိရဲဘူး။ ဘုန်းကြီးအရေးဆို မထိရဲ ကြဘူး။ ဘာသာရေးဆိုလည်း မထိရဲကြဘူး။ မသိချင်ယောင် ဆောင်နေကြတယ်။ အမှန်နဲ့ အမှားကို ခွဲကြား ပြီးတော့ လုပ်ရဲကိုင်ရဲဖို့ လိုတယ်။
အဲလို လုပ်လိုက်လို့ မှားယွင်းသွားခဲ့ရင်တောင် သဘောရိုးနဲ့ မှားတာမျိုးပဲ ဖြစ်သင့်တယ်။ အဲဒါကို လက်ရှောင် သွားရင်တော့ နိုင်ငံရေးက ပျက်ပြီ။ အရာရာက နိုင်ငံရေးပဲ။ ကျနော်ပြောလိုက်တယ်။ ခင်ဗျားတို့ ၄ ယောက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခန့်လိုက်လို့ ရောက်လာတာဟာလည်း နိုင်ငံရေးအရ ရောက်လာတာ မဟုတ်ဘူးလားလို့။ အကုန်လုံးကလည်း ဗိုလ်မှူးတွေချည်းပဲ။ ဘယ်မှာလဲ အရပ်သားလို့။
မြို့တော်ဝန်ကြီး ကိုယ်တိုင်လည်း ကြံ့ခိုင်ရေးပါတီက ဖြစ်တယ်။ သူတို့ ၅ ယောက်ကကျတော့ နိုင်ငံရေးလို လုပ်ပြီးတော့ ကျနော်တို့ ဝင်လာတဲ့ ၄ ယောက်ကို ကျတော့ နောက်ပြန်ကြိုးတုတ်ပြီးတော့ ဘာမှမလုပ်နဲ့လို့ ပြောတာ မလွန်ဘူးလားလို့။ ကျနော် အပြတ်ချတာ။
ဒါပေမယ့် တကယ်တမ်းကျတော့ ကျနော်တယောက်တည်းပါ။ ပြည်သူက ရွေးတဲ့ ကော်မတီဝင် ၃ ယောက် ရော၊ မြို့တော်ဝန်အပါအဝင် ကျန်တဲ့ ကော်မတီဝင်တွေနဲ့ဆို စုစုပေါင်း ၈ ယောက်လုံးက တဖက် ဖြစ်နေတာ ပေါ့။ ကျနော်ကို ဝင်ရောက် ထောက်ခံပေးတဲ့သူ တယောက်မှ မရှိပါဘူး။ စိတ်လဲ မကောင်းပါဘူး။ ဒါပေမယ့် ကျနော်တယောက်တည်းလည်း ပြဿနာ မရှိပါဘူး။
ဆက်ပြောလိုက်မယ် ကျုပ်ဘယ်တော့မှ ထွက်မသွားဘူးလို့။ ဒါကို နိုင်ငံရေးအရကို ဆက်လုပ်နေမှာလို့။ အခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုရင်တော့ ကျနော်ပါကောင်းလည်းပါမယ်။ ပါပြီးတော့ ဒီစည်ပင်ကို ဒီထက် မြင့်တဲ့နေရာကနေ ကျုပ်ပြန်ဝင်မယ်။ ဒီထက်မြင့်တဲ့ နိုင်ငံတော်အဆင့် အထိရောက်အောင် ကြိုးစားမယ်။ အခု ကျနော်က စည်ပင်လုပ်ငန်းတွေ အကုန်လုံးကို နားလည်သွားပြီ။ စည်ပင်မှာ ဖြစ်နေတာတွေက တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ သဘောသဘာဝတွေနဲ့ အတူတူပဲ။ ကျနော် ဘယ်လိုပြုပြင် ပြောင်းလဲရမလဲဆိုတာ သိသွားပြီ။
ဒီဟာကြီးကို ချုပ်ကိုင်ဖို့အတွက် တချို့ဟာတွေ ကျနော် လုပ်လို့ရတာတွေ ရှိတယ်။ တချို့ဟာတွေ ကျနော် လုပ် လို့မရတာတွေ ရှိတယ်။ လုပ်လို့မရတာတွေက များနေတယ်။ အဲဒါကြောင့် ပိုလုပ်လို့ရအောင် စည်ပင်ထက် ပိုမြင့်မားတဲ့ နေရာကို ရောက်အောင်သွားမယ်။ အဲလို သွားလို့ရတဲ့ လမ်းက တပေါက်ပဲ ရှိတယ်။ အဲဒါ လွှတ်တော်ပဲ။ အဲဒီလွှတ်တော် အပေါက်ကိုပဲ ကျနော် ဝင်ရတော့မယ့်။
မေး။ ။ ရန်ကုန်မြို့မှာ စည်ပင်ကိစ္စဆိုရင် ပြည်သူလူထုက ရုံးတွေဘာတွေကို မသွားချင်ကြဘူး။ အဲလိုဖြစ် နေတဲ့အတွက် ပြည်သူလူထုကို မီဒီယာကနေတဆင့် ဘာပြောချင်လဲ။
ဖြေ။ ။ မသွားချင် မသွားနဲ့။ ဦးခင်လှိုင်ဆီကိုပဲ ဖုန်းဆက်လိုက်လို့။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀အတွက် ဦးခင်လှိုင်ဆီကို စာရေး။ ပစ်စာလို ရေးစရာမလိုဘူး။ ဦးခင်လှိုင်က အပြစ် ပေးမှာ မဟုတ်ဘူး။ တယ်လီဖုန်းနံပါတ်လေးနဲ့ ပြည့်ပြည့်စုံစုံရေး။ ဦးခင်လှိုင်၊ ကော်မတီဝင် (၇)၊ ရန်ကုန် မြို့ တော် စည်ပင်သာယာရေး ကော်မတီ ဆိုပြီးတော့ ကိုယ်တိုင်လာပို့လဲ ရတယ်။ စာတိုက်ကနေ ပို့လည်း ရပါ တယ်။ ကျနော် အနောက်ပိုင်း ခရိုင်တင် မဟုတ်ဘူး။ ရန်ကုန်မြို့နဲ့ ပတ်သက်တာ အကုန်လုံး ကျနော်ဆီကိုတင်။
ရေမလာလဲ တင်လို့ရတယ်။ အဆောက်အအုံ ဆောက်တာနဲ့ ပတ်သက်ပြီး မတရားဘူး ထင်ရင်လည်း တင်လို့ ရတယ်။ လမ်းပြင်ချင်ရင်လဲ ပြော။ မကြိုက်တာမှန်သမျှ အကုန်ပြောလို့ ရတယ်။ ဘယ်မှာ အမှိုက်ပုံနေလဲပြော။ လာရှင်းပေးမယ်။ အခု ကျနော်က ရေပုတ်စုပ်ဌာနဖြစ်တဲ့အတွက် ရေပုတ်စုပ်တာကို အသွင်သစ်နဲ့ စပြောင်း တော့ မှာ။ မိလ္လာစုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့လည်း အရင်က ပုဂ္ဂလိက လုပ်ငန်းကို ပေးဖို့လုပ်နေတာ။ အခု ပုဂ္ဂလိက ကို ပေးပိုင်ခွင့် မရှိအောင် ကျနော် လုပ်လိုက်ပြီ။ အဲဒါကြောင့် အိမ်နောက်ဖေးမှာ မိလ္လာတွေ လျှံနေရင် လည်း ဦးခင်လှိုင်ကို သတိရပါလို့။