အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူရွာရှိ ကျေးရွာသူ ကျေးရွာသားများ၏ လယ်ယာမြေဧကပေါင်း မြောက်မြားစွာကို ၂၀၀၄ ခုနှစ်တွင် မတရားသိမ်းယူခဲ့သည်။ မြေသိမ်းယူ ပြီး နောက် လယ်ယာ မြေများကို စစ်တပ်နှင့်နီးစပ်သော စီးပွားရေးကုမ္ပဏီများထံသို့ အငှားချခဲ့သည့်အပြင် မြေယာတချို့ကို အပြီး အပြတ် ရောင်းစား ခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် စစ်တပ်က သိမ်းဆည်းထားသည့် ရေပူရွာ လယ်ယာ မြေများ ပေါ်တွင် တပ်ပိုင် အဆောက်အအုံများ ဆောက်လုပ်ရန် ဆောက်လုပ်ရေးပစ္စည်းများ စုပုံခဲ့သည်။ မေလ ၂၁ရက်နေ့တွင် လယ်မြေ သိမ်း ဆည်း ခံထားရသော ကျေးရွာဒေသခံ အသက် ၆၂အရွယ် ဦးမြင့်အောင် က မိမိကိုယ်ကိုယ် ကိုယ် ဓာတ်ဆီ ဖြင့် မီးရှို့၍ မြေသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး မေလ ၂၂ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် သေဆုံး ခဲ့သည်။ မိမိကိုယ်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သော ဦးမြင့်အောင် ၏ မိသားစုဝင် ဖြစ်သည့် မမော်မော်ဦး ကို ဧရာဝတီ သတင်း ထောက် နန်းဆိုင်နွမ် က ဆက်သွယ် မေးမြန်း ထားသည်။
မေး။ ။ ဦးမြင့်အောင် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒထုတ်ဖော်ခဲ့တာနဲ့ပတ်သက်လို့ ဘာ တွေသိထား လဲ။ ဘယ်လို စဖြစ်ခဲ့တာလဲ။
ဖြေ။ ။ စဖြစ်တဲ့အကြောင်း ပြောရမယ်ဆိုရင်တော့ ၂၀၀၄ခုနစ်က ကျမတို့ မြေတွေ စ သိမ်းခံရတယ်။ သိမ်းတဲ့စစ်တပ် ကတော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ/တောင်ကြီး) ကပါ။ ကျမတို့ရွာက မြေဧက ၂ထောင်ကျော် သိမ်းခံထား ရပါ တယ်။ ၂၀၀၅-၂၀၀၉ခုနစ်ထိ ကတော့ အစ်မတို့ လူအင်အား၊ ကျွဲအင်အားတွေနဲ့ လုပ်သေးတယ်။ ၂၀၁၀- ၂၀၁၃ခုနစ် ထိ သီးစား စိုက်ပျိုးခ တဧကကို ၁ သောင်းနှုန်းနဲ့ ပေးပြီး လုပ်နေရတယ်။ ၂၀၁၄- ၂၀၁၅ ခုနစ်ထိကတော့ မပေးရတော့ဘူး။ သူတို့က လယ်ယာ သိမ်းထားပေမယ့် အခုထိ ကျမတို့ လုပ်ကိုင် နေကြ တုန်းပါ။ ကျမတို့ စိုက်ထားတဲ့မြေပေါ်ကို ဗိုလ်ကြီး ဝင်းထွန်းအောင် အဖွဲ့က တဲဆောက်မယ်ဆိုပြီး သွပ်တွေ သစ်သားတွေလာချတယ်။ ကျမတို့ စိုက်ထား တဲ့ မြေပေါ်ကို တဲဆောက်မခံနိုင်ဘူးဆိုပြီး သွပ်၊သစ်သားတွေကို လယ်ထဲကနေ ထုတ်လိုက်တယ်။ မေလ ၂၀ရက်နေ့က စ ဖြစ်တယ်။ ၂၀ ရက်နေ့ မှာ ကျမတို့ ခြံထဲ မှာ ညအိပ်စောင့်ကြပါတယ်။ ရွာသူ ရွာသားတွေ ကလည်း အဲဒီမှာ အိပ်စောင့်တယ်။ စစ်သားက ၁၀ ယောက် လောက်ရှိတယ်။ ရွာသားက ၂၀ လောက်ရှိမယ်။
အဲဒီအချိန်မှာ ဗိုလ်ကြီး ဝင်းထွန်းအောင် က ရဲကို သွားပြီးတော့ တိုင်တယ်။ ရဲသွားတိုင်တယ် ဆိုတော့ အဲဒီ နောက်နေ့ မနက် မှာ ကျမ မိဘတွေက စိတ်မချ လို့ဆိုပြီး ခြံထဲကို လိုက်လာတယ်။ အိမ်မှာက သေဆုံးသွားတဲ့ ဦးလေး ဦးမြင့်အောင်နဲ့ ကျမတို့ ညီမ သုံးယောက်ပဲ ကျန်ခဲ့တယ်။ ဦးလေးကလည်း သူ့အလုပ်သူလုပ် ဆိုတော့ သူရှိလား၊ မရှိလားဆိုတာ သိပ် သတိ မထားမိဘူး။ အဲဒီမှာ ဓာတ်ဆီလောင်းပြီး မီးရှို့တာလည်း ကျမတို့ မသိလိုက်ဘူး။ ဘယ်သူမှ လည်း ဦးလေးမှန်း မသိလိုက်ဘူး။ လူတယောက် မီးလောင်နေတယ် ဆိုပြီး ပတ်ဝန်းကျင်ကလာအော် တယ်။ ပတ်ဝန်းကျင်ကလူတွေကလည်း ကူငြိမ်းတာပေါ့။ ဖြစ်တာက ကျမတို့ အိမ်ရှေ့နားမှာဖြစ်တာပေါ့။ ကျမ ညီမတွေကလည်း ထွက်လာပြီး ကူငြိမ်းလိုက်တယ်။ ငြိမ်းလိုက်ချိန်မှာ မီးလည်း ငြိမ်းတဲ့အချိန်မှာ ကျမ ညီမက ဦးလေးဆိုတာ သိသွားတယ်။ သူဘယ်လိုဖြစ်တာလဲ လို့မေး လိုက် တယ်။ ကျမတို့ ရာအိမ်မှူးက လည်းရောက်လာတယ်။ ဘာလို့ ဒီလို လုပ်လဲ လို့ မေးလိုက်တော့ ဦးက ငါ စာရေး ထားတယ် ဟို အုတ်ခုံပေါ်မှာ တင်ထားတယ်လို့ပြောလိုက်တယ်။ ကျမတို့က မီးလောင်ပြီးမှ ရောက်လာတယ်။
မေး။ ။ ဦးမြင့်အောင် နောက်ဆုံးဘာပြောသွားလဲ။
ဖြေ။ ။ သူ့ကိုယ်သူ မီးရှို့တဲ့အချိန်မှာဘယ်သူမှ မရှိခဲ့ဘူး။ မီးရှို့ပြီးနည်းနည်းကြားတော့မှာ ပတ်ဝန်းကျင်က သိကြတာပါ။ နောက်ဆုံး သူပြောသွားတာကတော့ သူစာရေးထားတယ်လို့ပဲပြောသွားတယ်။ ၃စောင်ပါ။ ၃ ထပ် သားပေါ်မှာ စစ်တပ် သိမ်း ထားတဲ့မြေများ ပြန်ပေးပါ။ အကျိူးတူ ဖက်စပ်တူမြေပြန်ပေးပါ။ မောင်နိုင် မြေတိုင်း (ခြစား) အလိုမရှိ၊ ရာအိမ်မှူး တင်ရွှေ အလိုမရှိ လို့ ရေးထားတာပါ။
မေး။ ။ ဘယ်ချိန်မှာ ဦးမြင့်အောင်က ကိုယ်ကိုယ်ကိုယ်ကို မီးရှို့ပါသလဲ။
ဖြေ။ ။ မေလ ၂၁ရက်နေ့ နံနက် ၆နာရီခွဲမှာ စဖြစ်တာပါ။ စဝ်စံထွန်းဆေးရုံကို မနက် ၈နာရီလောက်ရောက် သွားတယ်။ မေလ ၂၂ရက်နေ့ မွန်းလွဲ ၁နာရီမှာဆုံးသွားတယ်။
မေး။ ။ စစ်တပ်က ရေပူရွာ မြေတွေ ဘယ်လောက်သိမ်းထားပါသလဲ။ ဦးမြင့်အောင် ရဲ့ မိသားစုပိုင်ဆိုင်တဲ့ မြေဧကရော ဘယ် လောက် ရှိလဲ။
ဖြေ။ ။ ကျမတို့ ရွာတောင်သူတွေရဲ့ မြေဧက ၂ထောင်ကျော်ကို သိမ်းထားတာ။ အဲဒီမှာ ကျမတို့ မိသားစု ပိုင်ဆိုင်တာ ၁၄ ဧက ပဲပိုင်ပါတယ်။
မေး။ ။ ဦးမြင့်အောင် ကွယ်လွန်မှုနဲ့ပတ်သက်လို့ တပ်ဘက်က ဘယ်လိုတုံ့ပြန်လဲ။
ဖြေ။ ။ လက်ရှိထိတော့ စစ်တပ်က ဘယ်သူမှ မလာကြည့်သေးဘူး။ ကျမတို့ ဦးလေး ဆုံးသွားတဲ့ အတွက် အရမ်း ဝမ်းနည်း ကြေကွဲ နေရပါတယ်။ ဘာမှ ဆက်လုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။