ရကိ္ခုင့်တပ်မတော် (AA) သည် အစိုးရ တပ်မတော်နှင့် ပြီးခဲ့သည့် မတ်လ ၁၇ ရက်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။ AA သည် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် လက်ခံခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲတွင် ပါဝင်သည်။
ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်သည် လက်ရှိတွင် AA ၏ စစ်ဦးချုပ် တာဝန်ယူထားသူဖြစ်ပြီး AA ကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ဦးစီးတည်ထောင် ခဲ့သူလည်း ဖြစ်သည်။ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်အား လက်ရှိ AA ၏ အခြေအနေ၊ AA ၏ ရည်မှန်းချက်နှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများအပေါ် ၎င်း၏ သဘောထားအမြင်များကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ရခိုင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ AA အကြား လက်ရှိ အခြေအနေ ဘယ်လိုရှိပါလဲ ။
ဖြေ။ ။ အခြေအနေက သိပ်ပြီးကောင်းတယ်လို့ ပြောလို့မရဘူး၊ သူတို့ရဲ့ ပြဿနာ ဖြေရှင်းနည်းက အမြစ်ပြတ် ခြေမှုန်းမယ်ပေါ့၊ အဲဒီလိုနည်းနဲ့ ချဉ်းကပ်နေတုန်းပဲ။ ကျနော်တို့ဘက်ကလည်း ဒါတွေကို ကြိုစဉ်းစား ပြီးသားဆိုတော့ အခက်အခဲကြီးတော့ မဟုတ်ပါဘူး။ အရမ်းခက်ခဲတဲ့ အခြေအနေတော့ မဟုတ်ဘူး၊။ ဒါပေမယ့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့ အနေအထားကိုတော့ ကျနော် မြင်နေတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာရော AA က ဘယ်နေရာတွေကို ခြေကုပ်ရယူထားပြီလဲ။
ဖြေ။ ။ တချို့ကိစ္စတွေက စစ်ဘက်ဆိုင်ရာ ကိစ္စတွေဆိုတော့ လျှို့ဝှက်ထားဖို့လိုတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်ကျတော့ အမျိုးသားရေး အရဆိုရင် ကျနော်တို့မှာ အားသာချက်တွေ အများကြီး ရှိတယ်။ ဒါက ကျနော်တို့ရဲ့ အိမ်ကွင်းပါ။ အိမ်ကွင်းမှာတော့ ကျနော်တို့ စိုးရိမ်စိတ် မရှိပါဘူး။ ရှေ့က ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး လိုအပ်တာတွေတော့ ရှိပါတယ်။
မေး။ ။ ဒါဆို AA ရဲ့ ရည်ရွယ်ချက်က ဘာပါလဲ ။
ဖြေ။ ။ ရခိုင်ပြည်မှာ ရခိုင်လူမျိုးရဲ့ ကံကြမ္မာကို ကျနော်တို့ ကိုယ့်ကံကြမ္မာကို ကိုယ့်ပြဌာန်းချက်တွေနဲ့ ကျနော်တို့ စီမံခန့်ခွဲဖို့ လိုတယ်၊ သူများရဲ့ အဆုံးအဖြတ်အောက်မှာ ကိုယ့်ကံကြမ္မာကို ထိုးအပ်ထားလို့ မရဘူး၊ တနေ့နေ့မှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ရမယ်ဆိုပြီး ယုံကြည်ချက်က ရခိုင်လူမျိုးတိုင်းမှာ ရှိကြပါတယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ လုပ်စရာရှိတဲ့ အလုပ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်မှာပဲ ၊ လုပ်ကိုလုပ်မှာပဲ ဘယ်လို အခက်အခဲပဲ ရှိရှိပါ။ ကြည်ကြည်ဖြူဖြူနဲ့ ညှိနှိုင်းလို့ ရရင်တော့ အကုန်လုံးအတွက် ကောင်းတာပေါ့။ မရရင်လည်း နည်းလမ်းရှာပြီး လုပ်မှာပေါ့။
မေး။ ။ AA စစ်ဦးစီးချုပ်ရဲ့ ခံယူချက်၊ ရပ်တည်ချက်က ဘာပါလဲ။
ဖြေ။ ။ ကျနော်က ရခိုင်အမျိုးသားတွေအတွက် အကောင်းဆုံး လုပ်နိုင်တာကို လုပ်သွားမှာ ဖြစ်တယ်။ ဒီထက် ပိုပြီးကောင်းမွန်တဲ့ အမျိုးသားရေး အောင်ပွဲတွေ ပေးနိုင်အောင် ကြိုးစားသွားမယ်။ ပြီးတော့ အစိုးရကို ပြောချင်တာက ကျနော်တို့ အချင်းချင်း ဒီခေတ် ဒီကာလမှာ ရန်သူလို မဆက်ဆံသင့်ဘူး။ ပြဿနာ တခုကို ဝိုင်းအဖြေရှာသင့်တယ်။ ကျနော်တို့ကို ရန်သူလို သဘောထားမလား၊ မိတ်ဆွေလို သဘောထား မလားဆိုတာ သူတို့ အပြုအမူမှာ မူတည်နေတယ်။
ကျနော်တို့ရဲ့ စစ်ရေးအခြေခံ မူဝါဒကိုက ခုခံကာကွယ်ရေး ဖြစ်တယ်။ အစိုးရကတော့ ကျနော်တို့ကို တိုက်တာ အမြစ်ပြတ် ချေမှုန်း ရေး ဖြစ်တယ်။ ကျနော်တို့ကခုခံစစ်ပဲ ကာကွယ်ရမှာပဲ။ ကျနော်တို့ အခွင့်အရေးနဲ့ အသက်အန္တရာယ်နဲ့ ရပိုင်ခွင့်ကို ကာကွယ်တာ ပဲ။ ကျနော်တို့က စစ်ဖြစ်ရမယ့် ရန်သူတွေ မဟုတ်ပါဘူး။ ဒါကို သေသေချာချာ ပြောချင်တယ်။
မေး။ ။ ရခိုင်ပြည်နယ်ထဲမှာ ဘာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်ရတာပါလဲ။ လူထုကလည်း မရှင်းလင်းဘူး ဖြစ်နေတယ်။ ရှင်းပြပေးပါ။
ဖြေ။ ။ AA တပ်မတော် အနေနဲ့ လိုင်ဇာတခုတည်းမှာ မဟုတ်ပါဘူး၊ အခြားနေရာတွေမှာလည်း လှုပ်ရှား နေပါတယ်။ ရခိုင်ပြည် ဘက်မှာ တိုက်ပွဲဖြစ်တယ် ဆိုတာက အခုကျနော်တို့မှာ လုပ်စရာ ကိုင်စရာတွေနဲ့ အချိန် အကန့်အသတ်တွေ ရှိလာတယ်။ အနေ အထားတွေ အမျိုးမျိုးနဲ့ အပြောင်းအလဲတွေကြားမှာ လုပ်ဆောင်စရာ ရှိတာတွေကို အရင်ထက်ပိုပြီး လုပ်လာတယ်။ အဲဒီမှာ တဖက် နဲ့ တဖက် ထိပ်တိုက် တိုးကြတယ်။ စစ်ရေး လှုပ်ရှားတယ်ဆိုတာ စစ်တိုက်ချင်လို့ လှုပ်ရှားတာထက် သူ့ရဲ့စည်းရုံးရေး ဖြစ်တည်မှု အဆင့်ဆင့် သူ့ဘာသာနဲ့သူ ရှိတယ်၊ ကျနော်တို့က အဲဒါကို အကောင်အထည်ဖော်တဲ့ အခါမှာ ထိပ်တိုက်တိုးကြတာပါ။
မေး။ ။ AA ကို ထောက်ခံတဲ့ ရခိုင်ပြည်သူတွေ ရှိပါလား။
ဖြေ။ ။ တော်လှန်ရေးကို နှစ်ပေါင်းမြောက်များစွာ အညွန့်ချိုး ခံထားရတဲ့အတွက် အနေအထားအရ မျိုးဆက်ပြတ် သွားတာကလွဲလို့ အမျိုးသားရေး အလံတခုကို မြင်တာနဲ့ စုစည်းရတာ အရမ်းလွယ်ပါတယ်။ ပေးဆပ်ဖို့လည်း ဝန်မလေးကြဘူး။ အခုချိန်မှာ AA ဆိုပြီး ရပ်တည် လှုပ်ရှားနိုင်တာက ရခိုင်ပြည်သူလူထုတွေရဲ့ ထောက်ခံမှုကြောင့်ပါ။ ဒီခေတ်ဒီကာလ ကုန်ကျစရိတ်နဲ့ လူထောင်ချီပြီး ရပ်တည်နေတယ်။ တပ်ဖွဲ့တဖွဲ့ရဲ့ လှုပ်ရှားမှု လည်ပတ်မှုဆိုတာ အင်မတန် ဈေးကြီးပါတယ်။ ပြည်သူလူထုက လက်ခံလို့ ရပ်တည်နိုင်တာပါ၊
မေး။ ။ AA မှာ တပ်ဖွဲ့အင်အား ဘယ်လောက် ရှိပါလဲ။
ဖြေ။ ။ တထောင်ကျော်ကျော် မကပါဘူး၊ အရပ်ဘက် အင်အားစုဖွဲ့မှုနဲ့ဆို သောင်းချီပြီး ရှိပါပြီ။ တလောက သင်တန်းဆင်းတာပဲ နှစ်ထောင်ကျော် ရှိပါတယ်။ အစတုန်းက ကျနော်တို့ လူ ၂၆ ယောက်နဲ့ စခဲ့တာ။ နောက်ပိုင်း သင်တန်းတွေပေးတော့ သင်တန်းသား က ရာဂဏန်းနဲ့ အထက်ပဲ။ ကျနော်တို့ သင်တန်း အပတ်စဉ်တောင် ၂၆ ရှိပါပြီ။
မေး။ ။ AA ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ဘယ်သူတွေ ပါဝင်ဖွဲ့စည်းထားတာပါလဲ ၊ AA အဖွဲ့ဝင်တွေမှာ ဘယ်သူတွေ ပါဝင်ပါလဲ။
ဖြေ။ ။ ကျနော်တို့မှာ ဗဟိုကော်မတီ အနေနဲ့ သတ်မှတ်ထားတာ ဒီနေ့အထိ မရှိသေးဘူး။ ကျနော်တို့မှာ အရပ်ဘက်အင်အား သောင်းဂဏန်းအထက် ရှိတယ်။ ပါတီစောစော မဖွဲ့ခဲ့တာက ကျနော်တို့မှာ ပါတီတွေများ နေတယ်။ အရင်တုန်းက မျှော်လင့်ချက်က ရခိုင်က ပါတီတွေကို စုစည်းလိုက်ပြီး ထပ်ပြီး အသစ်မဖွဲ့တော့ဘူး။ တပ်အင်အားကို သေချာပြန်ဖွဲ့မယ်လို့ စဉ်းစားထားတာ။ နောက်မှလုပ်ရင်း သဘောပေါက်လာတာက အဲဒါ အဆင်မပြေဘူး၊ လူကြီးများပြီး အခက်အခဲ ပြန်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကျနော်တို့မှာ အရည်အချင်းရှိတဲ့ သူတွေနဲ့ပဲ ဗဟိုအလုပ်မှုဆောင် အဆင့်လိုမျိုး ပုံကြမ်းတွေ ဆွဲထားပြီးပြီ။ ကျနော်တို့ ရခိုင်အမျိုးသား အဖွဲ့ချုပ်ဆိုပြီး လှုပ်ရှားဖို့ ရှိတယ်၊ အခု စလုပ်နေပါပြီ။
ပြီးတော့ ကျနော်တို့မှာ အတိုင်ပင်ခံကောင်စီ ရှိတယ်၊ နိုင်ငံတကာ ရောက်နေတဲ့ လူကြီးတွေ ကျနော့်တို့ကို တိုက်ရိုက် အကြံပေးနေ တဲ့ အဖွဲ့တွေ ရှိတယ်။ အိမ်နီးချင်း နိုင်ငံတွေက လိုအပ်တဲ့ အဆက်အသွယ်တွေကိုလည်း သူတို့နဲ့ပဲ ထိုးဖောက်နေတယ်။ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အခု တော်တော်လေး အဆင်သင့် ဖြစ်နေပြီ။ အစည်းအဝေးလုပ်ဖို့ အစီအစဉ် အကုန်လုပ်ပြီးပါပြီ။ ဖွဲ့စည်းပုံ တခုကို ကြေညာဖို့ပဲ ကျန်ပါတော့တယ် ။
မေး။ ။ အစိုးရ တပ်မတော်နဲ့ AA စစ်ရေးအရ အခြေအနေ တင်းမာနေတဲ့ အချိန်မှာ AA ကို ထောက်ခံတဲ့ ရခိုင်ပြည်သူလူထုရော အဆင်ပြေရဲ့လား ။ ရခိုင်လူထုက အရင်က အဓိကရုဏ်းတွေကြောင့် တော်တော် အထိနာခဲ့ရတယ်၊။ အခု နလန်ပြန်ထူစ အချိန်မှာ AA က တိုက်ပွဲပြန်ဖြစ်တော့ လူထုအနေနဲ့ ထိတ်လန့်စိုးရိမ်နေရတဲ့အပေါ် ဘယ်လို မြင်ပါလဲ ။
ဖြေ။ ။ တချို့ ပညာရေး အားနည်းတဲ့ သူတွေကျတော့ နည်းနည်း စိုးရိမ်စိတ် ဝင်ကောင်းဝင်နိုင်တာ ရှိပါလိမ့်မယ်။ ဒါပေမယ့် သွေးက စကားပြောတယ်ဆိုတာ ရှိတယ်။ ရခိုင်ဆိုတာ ရခိုင်ပဲ မပြောင်းလဲပါဘူး။ တော်လှန်မယ့် သူတွေကို ကြောက်သွားအောင် လုပ်တယ်ဆိုတာထက် မီးလောင်ရာကို ဆီလောင်း ပေးသလိုပါပဲ။
ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေက ဘာသာရေးကြောင့်ဖြစ်တဲ့ ပြဿနာလို့ ယေဘုယျ ပြောပေမယ့် နက်နက်ရှိုင်းရှိုင်း မြင်နိုင်အောင် ကြည့်မယ်ဆိုရင် လူဝင်မှု ကြီးကြပ်ရေး ပြဿနာ။ အစိုးရရဲ့ နိုင်ငံရေး လှည့်ကွက်တွေ ရှိတယ်။ လက်ရှိအစိုးရလည်း အာဏာကို ရအောင် ဆုပ်ကိုင်မယ့် အချိန်မှာ စစ်အောင်နိုင်ရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေး အာဏာကို ဆုပ်ကိုင်ထားဖို့ပဲဖြစ်ဖြစ် ဘယ်အကွက်ကို ဘယ်လိုရွှေ့မလဲဆိုတာ အစွမ်းကုန် ကြိုးစားမှာပဲ။
လတ်တလော ဖြစ်သွားတဲ့ တိုက်ပွဲမှာလည်း သူတို့ စစ်ကြောင်းတွေ လာခဲ့တယ်ဆိုရင် ဘင်္ဂါလီရွာတွေမှာပဲ ဝင်အိပ်တယ်။ ထမင်း လည်း ရခိုင်ရွာတွေမှာ မစားဘူး။ သတင်းပေါက်မှာ စိုးလို့၊ လမ်းပြတွေ ခေါ်ရင်လည်း ဘင်္ဂါလီရွာတွေထဲကပဲ ဝင်ခေါ်တယ်။ ပြီးရင် သူတို့ကို မြှောက်ပေးတယ်၊ ပြည်သူ့စစ်လိုလို ဘာလိုလိုပေါ့။ အရင်က နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ရခိုင်တွေ အထင်အမြင်လွဲအောင် ရန်တိုက်တာတွေ ရှိတယ်။ ဒါပေမယ့် အတွေးအခေါ်ရှိတဲ့ ရခိုင်တွေက သူတို့လမ်းလွှဲတိုင်း မလွဲသွားပါဘူး။ ရှင်းလင်းတဲ့အမြင် ရှိကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ရခိုင်လူထုနဲ့ ရန်တိုက်ပေးတယ်။
နောက်ပြီး ဘင်္ဂါလီတွေကို ပြည်သူ့စစ်ပဲ ပေးလုပ်မလိုလိုနဲ့ တမျှော်တမျှော် ဖြစ်အောင် လုပ်တယ်။ တကယ် ကျနော်တို့တွေနဲ့ ထိပ်တိုက်ဖြစ်လာတဲ့ အချိန်တွေမှာ ဘင်္ဂါလီတွေကို သုံးတယ်။ ဘင်္ဂါလီကိုသုံးပြီး နယ်စပ်နဲ့ နီးတဲ့ ဘူးသီးတောင်ဘက်က နယ်စပ်နဲ့နီးတဲ့ ရွာတွေမှာဆို တူမီးသေနတ်တွေ ထုတ်ပေးပြီး ရခိုင်တွေလာရင် တိုက်ထုတ်ပါ။ သတင်းလာပေးပါဆိုပြီး မြှောက်စားထားတာတွေ ရှိတယ်။ ကျနော်တို့ သတင်းတွေ ရထားပါတယ်၊
မေး။ ။ ဒါဆို ပြီးခဲ့တဲ့ အရေးအခင်း၊ အဓိကရုဏ်းတွေမှာ အစိုးရက ဘင်္ဂါလီတွေနောက်ကနေ ကိုင်တွယ်နေတယ်လို့ ဆိုလိုတာပါလား။
ဖြေ။ ။ နိုင်ငံရေး အရတော့ လက်မည်းကြီးတွေ ရှိကြပါတယ်၊ ကျနော်တို့ အဘက်ဘက်က အင်အားတွေ ယုတ်လျော့နေတယ်။ နိုင်ငံရေး လှည့်ကွက်၊ စီးပွားရေး အကျပ်အတည်းနဲ့ အဘက်ဘက်က လှည့်ကွက်တွေကို ခံစားနေရပါတယ်၊ အကုန်လုံးအတွက် ဘေး ထွက်ဆိုးကျိုးတွေကို ခံနိုင်မယ့် နိုင်ငံရေး ကိုယ်ခံစွမ်းအား မရှိဘူး။ အဲဒီအပေါ်မှာ လူထုအနေနဲ့ ရိုက်ခတ်မှု အများကြီး ခံခဲ့ရပါတယ်။
မေး။ ။ ဘင်္ဂါလီတွေ အပေါ်ရော ဘယ်လို သဘောထားအမြင် ရှိပါသလဲ။
ဖြေ။ ။ လူသားရဲ့ ဖြစ်တည်မှုကို ကျနော်တို့ တန်ဖိုးထားတယ်။ လေးစားတယ်။ ကျနော်တို့ တာဝန်က ပြဿနာတွေကို အဖြေရှာရမယ့် တာဝန် ဖြစ်တယ်။ အမုန်းတရားကို ရှေ့ထားလို့ မရဘူး။ ဒါ့ကြောင့် ပြဿနာကို အဖြေရှာတဲ့ နေရာမှာ စိတ်ခံစားချက်ကို ဦးစားမပေးဘူး။ လုပ်စရာရှိရင်တော့ ပြတ်ပြတ်သားသား လုပ်မယ်။ ကျနော်တို့ အမျိုးသား လုံခြုံရေးနဲ့ အမျိုးသား စီးပွားရေးကို ခိုင်မာစွာ ရပ်တည်ပြီး ကာကွယ်ရမယ် ဆိုတဲ့မူကိုလည်း လက်မလွှတ်ဘူး။
ဒီကိစ္စကို ရခိုင်ပြဿနာ တခုတည်းဆိုပြီး ယူဆခဲ့ရင် မှားယွင်းတဲ့ကိစ္စ ဖြစ်လိမ့်မယ်။ အရှေ့တောင်အာရှနဲ့ တောင်အာရှအကြား ဘင်္ဂါလား ပင်လယ်အော်နဲ့မလက္ကာ ရေလက်ကြား အဲဒီလောက်အထိ ကျယ်ပြန့်တဲ့ ပြဿနာ ဖြစ်တယ်။ ဒီဆိုးကျိုး ရိုက်ခတ်မှုကို အကုန်လုံး ခံစားရလိမ့်မယ်။ သတိကြီးစွာနဲ့ သူတို့လည်း မနစ်နာအောင် အဖြေရှာရလိမ့်မယ်။ ကျနော်တို့ဘက်က အမျိုးသား အကျိုးစီးပွားကို အနစ်နာ ခံနိုင်ဖို့အတွက် အဲဒီလောက်အထိ အရင်းအနှီး မကျန်ရှိတော့ပါဘူး။
မေး။ ။ ရခိုင်ပြည်နယ် ပဋိပက္ခနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ မျိုးစောင့်ဥပဒေကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အခုခေတ် အတွေးအခေါ်နဲ့ သေချာတွေးခေါ်မယ်ဆို ကျိုးကြောင်း မဆီလျော်တာတွေ တွေ့ရတယ်။ ကျနော်တို့က ကိုယ့်တိုင်းပြည်က လူတွေအတွက် ပိုပြီးတော့ အာမခံချက် ပေးနိုင်မယ့် အရာကို တည်ဆောက်မယ်လို့ ယုံကြည်ထားတော့ နောက်ကိုဆွဲတဲ့ အတွေးအခေါ်တွေထက် ဒီထက်ပိုပြီး ရှေ့ကိုရောက်နိုင်မယ့် အတွေးအခေါ်ကိုပဲ ပိုသဘောကျပါတယ်။ ကန့်ကွက်တယ်လို့ မပြောချင်ပေမယ့် အကုန်လုံးကို ကျနော် သဘောမတူဘူး ။
မေး။ ။ ရခိုင်ပြည်နယ်မှာ အစိုးရက တိုက်ရိုက်ချ ပေးထားတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ ရခိုင်လူထုကို စီမံခန့်ခွဲပုံကိုရော ဘယ်လိုမြင်ပါသလဲ ။
ဖြေ။ ။ သူက သူ့အလုပ်သူလုပ်နေတဲ့ စစ်သား တယောက်ပါ၊ နိုင်ငံရေးနဲ့ ရောစပ်ပြီး သူ့တာဝန်ကို အကောင်အထည် ဖော်နေတာပါ။ သူက နိုင်ငံရေး တာဝန်ပေးခံထားရတဲ့ စစ်သားတယောက် ဖြစ်တယ်။ ဒီထက် မပိုပါဘူး။ သူက အထက်က ချမှတ်တာကို အကောင် ထည် ဖော်နေတာပါ။ လူထုကို ငြိမ်အောင် ထိန်းမယ်။ လူထု ဘာကြိုက်လဲဆိုတာကို သိတယ်။ လူထုကြားမှာ ပေါ်ပြူလာ ဖြစ်အောင် လုပ်မယ်။ ရခိုင်ပြည်နယ်မှာ လူထုပျော်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နိုင်ငံရေးအရ အခွင့်အရေး မပေး ဘဲ သာမန် ဖွံ့ဖြိုးမှုတွေကို လုပ်ပေးတာမျိုးပေါ့။ စည်ပင်သာယာ အခွင့်အရေးလောက် ပေးတာမျိုးပေါ့။
မေး။ ။ လာမယ့် အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးရော ဘယ်လိုမျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ကျနော်တို့တော့ ကိုယ့်အမျိုးသားရေး ပါတီကို အားပေးတယ်။ ဒါပေမယ့် ပါတီရဲ့ အနေအထားတွေကို လှမ်းမြင်နေရ တယ်။ ပါတီတခုရဲ့ အတွင်းရေးတွေကိုတော့ မဝေဖန်ဘူး။ ဒီထက်ပိုပြီး အလားအလာကောင်းတဲ့ ဖွဲ့စည်းပုံမျိုး ရပ်တည်မှုမျိုး ပြင်ဆင်မှုမျိုးဖြစ်ရင် ပိုကောင်းမယ်။ တကယ်ရွေးကောက်ပွဲ လုပ်ဖြစ်ရင် သူတို့ရမှာပါပဲ။ ဗမာပြည်က ဘယ်လောက် တော်တဲ့သူတွေပဲ လာလာ ရခိုင်မှာ ရခိုင်ကပဲ ရမှာပါ၊ ဒေါ်အောင်ဆန်းစုကြည်လာလဲ မရနိုင်ပါဘူး။ ပြောရဲပါတယ်။ ပုဂ္ဂိုလ်ရေးအရ ဒေါ်စုကို လေးစားပါတယ်။ အမျိုးသားရေးနဲ့ ပတ်သတ်လာရင်တော့ သူ့ကို ဒုတိယတန်းပဲထားနိုင်ပါမယ်။ သာမန်ရခိုင် တယောက်အနေနဲ့ ပြောတာပါ။ ။