၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာ ယူ-၂၃ ဘောလုံး အသင်းကို မြန်မာပြည်သူ သန်းပေါင်းများစွာက အားပေးခဲ့ကြသော်လည်း ထိုင်းအသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ကာ ဒုတိယဆု ငွေတံဆိပ်နှင့်သာ ကျေနပ်ခဲ့ရသည်။ မျှော်လင့်ချက်များစွာဖြင့် ပြည်သူလူထုတရပ်လုံး၏ စိတ်ဝင် စားမှုကို ဆွဲဆောင်နိုင်ခဲ့သော မြန်မာယူ ၂၃ ဘောလုံးအသင်း၏ ရှုံးနိမ့်မှုအတွက် အများစု စိတ်မကောင်းဖြစ် ကြသော် လည်း လိုအပ် ချက် ပေါင်းများစွာရှိနေသည့်ကြားမှ ဗိုလ်လုပွဲထိတိုင် တက်ရောက်နိုင်မှုကို ပြည်သူများက ဂုဏ်ယူကြောင်း ပြောဆို ကြသည်။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာ ဘောလုံးအသင်းနှင့်ပတ်သက်၍ စင်ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်း ထား သည်။
မေး။ ။ မြန်မာဘောလုံး အသင်း ဆီးဂိမ်းမှာ ရွှေဆုနဲ့ လွဲခဲ့ရတဲ့အပေါ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တယောက်အနေနဲ့ ဘာ များ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ အသင်းရဲ့ ကစားသမားလေးတွေ အသင်းအုပ်ချုပ်သူတွေနဲ့ နည်းပြတွေ နောက်ပရိတ်သတ်တွေရဲ့ ကြိုး စား အားထုတ်မှုတွေ ပေါင်းစပ်ပြီးမှ ဒီအဆင့်ကို ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ ကျနော်တို့ အားလုံးလိုချင်ခဲ့တာက ရွှေတံဆိပ် ပါ။ အခု ရှုံးလို့ ရွှေနဲ့လွဲခဲ့ပေမယ့် ကြိုးစားမှုကတော့ အပြည့်ပါပဲ။ ဒါဟာ အာဆီယံအဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့ ဒီထက်မကတဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့ အများကြီး လုပ်ဖို့ လိုပါသေးတယ်။ ဒါဟာ ကျနော် တဦး တည်းရဲ့ အမြင်နဲ့ ပြောတာပါ။
မေး။ ။ ဆီးဂိမ်းပြိုင်ပွဲဝင်ခဲ့တဲ့ ယူ-၂၃ အသင်းအပေါ် ဥက္ကဋ္ဌရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ယူ-၂၃ ကတော့ ကစားသမား၊ နည်းပြနဲ့ ပရိတ်သတ်တွေ တသားတည်း ကျခဲ့တယ်လို့ ပြောရမှာပါ။ အဲဒီအတွက် သူတို့ အနေနဲ့ နိုင်ငံအတွက် မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားကစားခဲ့ကြတာပါ။ သူတို့အပေါ် အခု ထက် ပိုပြီး ပံ့ပိုးမှုတွေ၊ လေ့ကျင့် ပျိုးထောင်မှုတွေ လုပ်ပေးမယ်ဆိုရင် အခုထက် ပိုကောင်းလာမှာပါ။ အခု သူတို့ အနေ အထား က ကြံ့ခိုင်မှု အားနည်းတဲ့ အတွက် တချို့နေရာတွေမှာ ကောင်းကောင်း မကစားနိုင်ခဲ့ကြတာတွေ တွေ့ရတယ်။ ဂိုးသမားလေး ဆိုရင် အရမ်းကောင်း ခဲ့ပေမယ့် ဂိုးသမားတယောက်မှာ ရှိရမယ့် အရပ်အမောင်းတောင် သူ့မှာ မရှိဘူး။ ဖြည့် ဆည်း ပြင်ဆင်ရမှာတွေကတော့ အများကြီး ရှိပါတယ်။ ယူ -၂၃ မှာ တွေ့ရတာက နိုင်ငံအတွက် ပေးဆပ်မယ်ဆိုတဲ့ စိတ် ဓာတ် အပြည့် ရှိတယ်။ နောက်နည်းပြတွေရဲ့ အုပ်ချုပ်မှု ကောင်းခဲ့ တာလည်း တွေ့ရတယ်။ ယူ-၂၃ အနေနဲ့ ခြေစွမ်းပွဲ တွေ ကို ဂျပန်၊ ထိုင်းတို့နဲ့ ကစားခဲ့ပေမယ့် ရှုံးခဲ့တယ်။ ဘောလုံးအသင်း တသင်းကောင်းဖို့ဆိုရင် အရှုံးခံပြီး ပြိုင်ဆိုင် နိုင်ရ ပါ မယ်။ အရှုံးမခံနိုင်ရင် အနိုင်လည်း ရလာမှာမဟုတ်ပါဘူး။ အဲဒီလို အရှုံးခံ ကြိုးပမ်းခဲ့လို့လည်း ရှိတဲ့အင်အားလေးနဲ့ ရသင့် ရထိုက် တဲ့ အောင်မြင်မှုကို ရခဲ့တာပါ။
မေး။ ။ မြန်မာပြည်သူတွေ ညီညီညွှတ်ညွှတ်နဲ့ အားပေးခဲ့တာဟာ ယူ-၂၃ အသင်းကြောင့်လို့ ပြောလို့ ရနိုင်မလား။
ဖြေ။ ။ ညီညွှတ်တာက နေရာတိုင်းမှာ ကောင်းပါတယ်။ တိုင်းပြည်အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်မိသားစု အတွက်ပဲ ဖြစ်ဖြစ် တယောက် နဲ့တယောက် နားလည်မှုပေးပြီးတော့ ညီညွှတ်ရင် ဘယ်နေရာမဆို အောင်မြင်မှု ရနိုင်ပါတယ်။ ကျနော့် အနေ နဲ့ကတော့ မြန်မာ ပြည်သူတွေကို နေရာတိုင်းမှာ ညီညွှတ်စေချင်တယ်။
မေး။ ။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ ပရိတ်သတ်တွေအပေါ် နိုင်ငံတကာ မီဒီယာတွေက ချီးကျူးရေးသားကြတဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။
ဖြေ။ ။ ဒါက ဘောလုံးပွဲ နိုင်တာထက် ပိုပြီး ဂုဏ်ယူစရာ ကောင်းပါတယ်။ ကျနော်တို့ ပရိတ်သတ်တွေနဲ့ ပတ်သက် ပြီးတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကနေ အရေးယူမှုတွေ ခဏခဏ ရှိနေလို့ ကျနော်ကိုယ်တိုင် ဖြေရှင်းမှုတွေ ပြုလုပ် ခဲ့ရပါတယ်။ အဲလို အခြေအနေတွေကနေ အခုလို ချီးကျူးခံရတယ်ဆိုတာက နိုင်ငံအတွက် အရမ်းကို ဂုဏ်ရှိပါတယ်။ ဒီလိုမျိုး ပြည်တွင်းရော ပြည်ပမှာရော ရှိတဲ့ ပရိတ်သတ်တွေ ပုံစံပြောင်းသွားလို့ရှိရင် ကျနော်တို့အတွက် အမြတ်ပါပဲ။
ပြည်တွင်း ပြိုင်ပွဲတွေမှာလည်း ဒီလိုပုံစံမျိုးတွေ ဆက်ပြီးတော့ ယူဆောင်သွားနိုင်မယ်ဆိုရင် ကောင်းပါတယ်။ ဒီလိုပုံစံကို ကမ္ဘာကို ချပြနိုင်ခဲ့တာ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အခြေအနေတခုပါ။ ဒါကို ဆက်လက်ထိန်းသိမ်းသွားဖို့ လို ပါ တယ်။
မေး။ ။ မြန်မာလက်ရွေးစင် ၃ သင်းစလုံး အခု တပြိုင်တည်းမှာ နိုင်ငံတကာ ပြိုင်ပွဲ ဝင်ပြိုင်နေရတော့ ဘယ်လို အခြေ အနေရှိလဲ။
ဖြေ။ ။ အခုလို လက်ရွေးစင် ၃ သင်းစလုံး နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ပြိုင်နေရတတာက ကျနော်တို့အတွက် အခက်ခဲဆုံး အခြေအနေတွေပါ။ တကယ်ဆိုရင် အခု ဆီးဂိမ်းပြိုင်ခဲ့တဲ့ အသင်းဆိုရင် ယူ-၂၀ က ကစားသမားလေးတွေ ပါဝင် ကစားလို့ ရတာတွေ ရှိပါတယ်။ အောင်သူတို့ ငြိမ်းချမ်းအောင်တို့ စသည်ဖြင့်ပေါ့။ ကျနော်တို့ ရွေးချယ်လို့ ရတယ်။ဒါပေမယ့် အခု တော့ ကျနော်တို့ ၂ သင်းခွဲပြီး ရွေးချယ် ဖွဲ့စည်းခဲ့ရတယ်။ အဲဒီအတွက် အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ပြည်သူ သန်း ၅၀ ကျော် ရှိတဲ့ နိုင်ငံ တနိုင်ငံအနေနဲ့တော့ ဒီထက်မက လူငယ် ကစားသမားလေးတွေ အများကြီး ရှိဖို့ လိုပါတယ်။ ဒါတောင်မှ အသင်း ပိုင်ရှင်တွေက ကြိုးစားပြီး ဝိုင်းလုပ်ပေးကြလို့ ဒီအခြေအနေထိ ရောက်လာတာပါ။ ၃ သင်းစလုံး ယှဉ်ပြိုင်နိုင်ဖို့ အမှန်တကယ် အခက်အခဲတွေ အများကြီး ရှိပါတယ်။ အများကြီး လုပ်ရဦးမှာပါ။
မေး။ ။ မြန်မာ့ဘောလုံးဟာ အဆင့်တခုကို တက်လှမ်းနိုင်ခဲ့ပြီလို့ ယူဆပါသလား။
ဖြေ။ ။ အရင် အခြေအနေတွေထက် စာရင်တော့ တိုးတက်လာပြီလို့ ပြောလို့ရပါတယ်။ တခါမှ မရောက်ဖူးတဲ့ ကမ္ဘာ့ ဖလား လည်း ရောက်တယ်။ ဆီးဂိမ်းလည်း ဗိုလ်လုပွဲအထိ ရောက်လာနိုင်တယ်။ နောက်အမျိုးသမီးတွေလည်း အာဆီယံ ချန်ပီယံရှစ်မှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပြီး ဒုတိယ ရခဲ့ပါတယ်။ သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာလဲ ဝင်ရောက် ယှဉ်ပြိုင် နေပြီပေါ့။ ကျနော်တို့ အနေနဲ့ အာဆီယံ အဆင့်မှာ အဆင့်တခုကို လုပ်နိုင်ခဲ့ပေမယ့် Facility ၊ Infrastructure တွေ အားနည်း ပါတယ်။
ဥပမာ- ဘန်ကောက်မြို့မှာ ဘောလုံးကွင်း ၆၀၀ လောက်ရှိတယ်ဆိုတော့ ကျနော်တို့ဆီမှာက အရမ်းကို နည်းပါတယ်။ အနည်းဆုံး တော့ တမြို့တကွင်းလောက် ကောင်းကောင်း ကစားနိုင်ဖို့ ရှိဖို့ လိုပါတယ်။ သူများလို အောင်မြင်ချင်ရင်တော့ သူများနိုင်ငံလိုပဲ ပံ့ပိုး ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ မပြည်စုံပဲ အောင်မြင်တဲ့ နိုင်ငံတချို့ ရှိပေမယ့် ဒါတွေကတော့ ခြွင်းချက် ပေါ့နော်။ သူတို့မှာက အရည် အသွေးရှိတဲ့ ကစားသမားတွေ ရှိတဲ့အတွက် နိုင်ငံတကာကလပ်တွေက လာပြီး လေ့ကျင့် ပေးတာ တွေလည်း ရှိတယ်ပေါ့။ ကျနော်တို့ အနေနဲ့လည်း ကြိုးစားလုပ်ဆောင်ရင် အဖြေတခုတော့ ရှိမှာပါ။ အခုချိန်မှာ မြန်မာ ဘောလုံးလောက အောင်မြင်မှုရဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာပဲ ကျနော် စဉ်းစားနေပါတယ်။ တခု ရှိတာက ဘောလုံးအဖွဲ့ချုပ်ကြီးပဲ လုပ်လို့မရဘူး။ အားလုံး ဝိုင်းပြီး သူနေရာနဲ့သူ လုပ်ကြဖို့ လိုပါတယ်။ ဒီလိုလုပ်ကြမယ် ဆိုရင်တော့ အောင်မြင်မှု ရယူနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်။
မေး။ ။ ၂၉ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဘယ်လိုမျိုးပြင်ဆင်မှုှုတွေ လုပ်ဆောင်သွားဖို့ ရှိပါ သလဲ။
ဖြေ။ ။ ကျနော်တို့ အနေနဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာလည်း နိုင်ငံတကာပြိုင်ပွဲတွေ လက်ခံကျင်းပဖို့နဲ့ ဝင်ရောက် ယှဉ် ပြိုင် ဖို့တွေ ရှိပါတယ်။ အဲဒီလို ပြိုင်ပွဲတွေအပြင် ဆီးဂိမ်းအတွက်လည်း ယူ-၂၂ အသင်းတသင်းကို ဖွဲ့ရမှာပါ။ နောက်ပြီး ယူ-၁၉ ၊ ယူ-၁၆ စသဖြင့် အသင်း ဖွဲ့စည်းထားတာတွေလည်း ရှိပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေလည်း ရှိပါသေးတယ်။ ကျနော် တို့အနေနဲ့ ပြင်ဆင်မှုတွေကို ဆက်တိုက်ပဲ လုပ်သွားမှာပါ။ ကျနော်တို့မှာ အဓိကအချက်ကတော့ ကစားသမား တွေ ရဲ့ ခန္ဓာကိုယ် သေးကွေးတာနဲ့ ဖွံ့ဖြိုးမှု အားနည်း နေတဲ့ အပိုင်းတွေပေါ့။ ဒါတွေကိုလည်း ကလပ် အသင်းတွေရဲ့ လူငယ် ပျိုးထောင် ရေး တွေကနေ အားလုံးပူးပေါင်းပြီး ဖွံ့ဖြိုးရေးကို လုပ်ရမှာပါ။ ရန်ကုန်မှာလည်း လူငယ် အကယ်ဒမီတခု ထပ် ဆောက် မှာပါ။ နောက်ပြီး ကျနော်တို့ဆီမှာ နိုင်ငံတကာ အဆင့်မီတဲ့ နည်းပြတွေ ဘောလုံးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု တွေ လည်း လိုပါသေးတယ်။ ဒီလို ဘက်ပေါင်းစုံက လုပ်နိုင်မှသာ ကျနော်တို့ အနေနဲ့ ဂျပန်၊ တောင်ကိုရီးယားတို့လို အသင်း တွေနဲ့ ယှဉ်ကစားလို့ ရမှာပါ။ ကျနော်အနေနဲ့ ဒီလိုတွေ ပြောနေပေမယ့်လည်း အခုလက်ရှိ ရှိတဲ့လူနဲ့ပဲ အကောင်း ဆုံး ဖြစ် အောင် တော့ လုပ်သွားမှာပါ။
မေး။ ။ ဘောလုံးမှာ လူငယ်ကစားသမားတွေ ဖွံ့ဖြိုးရေး ဆောင်ရွက်တဲ့အခါ မြန်မာနဲ့ နိုင်ငံတကာ ဘယ်လို ကွာခြားမှု တွေ ရှိလဲ။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ဆီမှာ မြို့ပေါင်း ၃၀၀ ကျော် ရှိတယ်။ အဲဒီမှာ တမြို့ကို ကစားကွင်း တကွင်းလောက် ရှိရမှာပါ။ ကွင်းတွေကတော့ ရှိပြီးသားပါ။ အဲဒါကို နိုင်ငံတော် အနေနဲ့ ပြင်ဆင်ပြီးတော့ ပြိုင်ပွဲကျင်းပလို့ရတဲ့ အဆင့်အထိ ရှိနေ ရင်တော့ အကောင်းဆုံးပါ။ ကျောင်းတွေမှာလည်း ကစားလို့ လေ့ကျင့်လို့ရမယ့် ကွင်းတွေလည်း ရှိဖို့ လိုပါတယ်။ ကျနော် တို့ နည်းပြတွေနဲ့ ကျန်တဲ့ အပိုင်းတွေ ရှိနေရင်တောင် ကစားဖို့အတွက် ကွင်းတွေ ကောင်းနေဖို့ လိုပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ထိုင်းတို့ ဗီယက်နမ်တို့ ဆိုရင်တောင် ကျနော်တို့ထက် အများကြီးသာပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ တတ်နိုင်သလောက် ရှိတဲ့အင်အားနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားတာပါပဲ။
မေး။ ။ အားကစားပိုင်းမှာ လူငယ်ဖွံ့ဖြိုးရေးအတွက် အစိုးရပိုင်းရဲ့ အားပေးမှုကရော နိုင်ငံတကာနဲ့ ယှဉ်ရင် ဘယ်လို ကွာခြားမှု တွေ ရှိလဲ။
ဖြေ။ ။ အဓိကကတော့ ပညာရေးမှာ အားကစားနည်း တခုမဟုတ် တခုကို ထည့်သွင်းပေးတဲ့ ပုံစံမျိုး လုပ်နေကြတာတွေ နိုင်ငံ တကာမှာ ရှိတယ်။ ကျနော်တို့ အနေနဲ့လည်း ပညာရေးမှာ အားကစားကို ထည့်သွင်းပေးတာမျိုးနဲ့ အားကစား စိတ် ဓာတ် ကို မြင့်တင်ပေးတာမျိုးတွေ လုပ်ဖို့ လိုပါတယ်။ အနာဂတ်မှာ တန်ဖိုး ရှိလာမယ့် ကလေးတွေကို အခုကတည်းက ပြုစု ပျိုးထောင်ပေးရမှာပဲ ဖြစ်ပါတယ်။
မေး။ ။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့ မြန်မာ ဘောလုံး ပရိတ်သတ်တွေအပေါ် ဘာများ ပြောချင်ပါသေးလဲ။
ဖြေ။ ။ ပရိတ်သတ်တွေ အပေါ်မှာ ဖော်မပြနိုင်လောက်အောင် ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ပါတယ်။ ဒီအားပေး မှုနဲ့အတူ ကစားသမားတွေ စိတ်ဓာတ်တက်ကြွလာအောင် ယှဉ်ပြိုင်တဲ့နေရာမှာလည်း ရဲရဲဝံဝံနဲ့ ယှဉ်ပြိုင် နိုင်ခဲ့ ပါတယ်။ နိုင်ငံဂုဏ်ကို ပရိတ် သတ်ရဲ့ ယဉ်ကျေးမှုနဲ့ ချပြနိုင်ခဲ့တဲ့အတွက် နောက်ပြီး နိုင်ငံအပေါ် ချစ်မြတ်နိုးတဲ့ စိတ်ကို တွေ့ခဲ့ရတဲ့ အတွက်လည်း ကျနော် အနေနဲ့ အရမ်း ဝမ်းသာပါတယ်။
ကျနော်အနေနဲ့ကတော့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ လောက် ကြိုးစားပြီးတော့ အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်း လုပ်ဆောင် သွားမှာပါ။ ပရိတ်သတ်တွေ အရမ်း မျှော်လင့် ထားသလို မလုပ်ဆောင်နိုင်ခဲ့တဲ့ အတွက်တော့ ကျနော် တောင်းပန် ချင်ပါတယ်။ ပြီးခဲ့တာတွေ အပေါ်မှာ သင်ခန်းစာ ယူပြီး တော့ ရှေ့ဆက် အကောင်းဆုံး ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားစေချင်ပါတယ်။