ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ဗီဇာလျှောက်စရာမလိုဘဲ ၁၄ ရက် ကူးသန်းသွားလာနိုင်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန် ရှိသူတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ shangri-la Hotel မှာ ဇူလိုင် ၂၈ ရက်က တရားဝင်လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။ နှစ်ဘက် သဘောတူညီချက် အရ ဒီနှစ် သြဂုတ် လလယ်ပိုင်း ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက် အခြေအနေကို သိရှိနိုင်ဖို့အတွက် ထိုင်းအစိုးရနဲ့ လာရောက်ဆွေးနွေးပြီး သဘောတူ လက်မှတ် ရေး ထိုးခဲ့တဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်း က ဇူလိုင် ၂၈ ရက်က တွေ့ဆုံမေးမြန်း ထားတာတွေကို ဖော်ပြလိုက်ပါတယ်။
မေး။ ။ ဒီနေ့ အစည်းဝေးမှာ ဘာတွေ ဆွေးနွေးညှိနှိုင်းကြတာပါလဲ။
ဖြေ။ ။ ကျနော်တို့ပုံမှန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေအတွင်းမှာ ဆောင်ရွက်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ၈ ကြိမ်မြောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကော်မရှင် အစည်းအဝေးလို့ ခေါ်တာပေါ့။ ပုံမှန် နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ချစ်ကြည်ရေး ကိစ္စရပ်တွေကို ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံဆွေးနွေးပြီးတဲ့ အခါမှာ ဆက်လက်ပြီးတော့ ရှေ့ဆက်ပြီး အကောင် အထည် ဖော်မယ့်လုပ်ငန်းတွေ အနေနဲ့ ညှိနှိုင်းကြတာပါ။
မေး။ ။ လက်မှတ်ထိုးသွားတဲ့ နှစ်နိုင်ငံ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီးတော့ သိချင်ပါတယ်။ အဲဒါက ဘယ်ရက် လောက် မှာ စတင် အသက်ဝင်မှာပါလဲ။
ဖြေ။ ။ ဒီဥစ္စာကတော့ နောက် ၁၄ ရက်အကြာမှာ အတည်ဖြစ်သွားပြီးတော့ နှစ်နိုင်ငံကို နိုင်ငံတကာလေဆိပ်တွေကနေ ဝင်လာမယ့် နှစ်ဘက်နိုင်ငံသားတွေအတွက် သာမန် နိုင်ငံကူးလက်မှတ်ပေါ့နော်။ ဒီပတ်စ်ပို့ လက်ဝယ် ကိုင်ဆောင်ထားသူတွေဟာ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေ ဝင်ရောက်မယ်ဆိုလို့ရှိရင် ဗီဇာလျှောက်စရာမလိုဘဲနဲ့ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နှစ်နိုင်ငံပြည်သူတွေရဲ့ ကူးလူးဆက်ဆံမှုတွေအနေနဲ့ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် သွားရောက်နိုင်တဲ့ အခွင့်အလမ်းတွေရရှိမှာဖြစ်ပါတယ်။
မေး။ ။ နှစ်နိုင်ငံ လေဆိပ်တွေက ဝင်လာမယ့်သူတွေအနေနဲ့ ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်နဲ့ ဝင်လာမယ်ဆိုရင် တခြားဘယ်လို အထောက်အထားတွေ လိုအပ်ပါသလဲ။
ဖြေ။ ။ အဲဒါတွေကတော့ သက်ဆိုင်ရာ သံရုံးတွေကနေပြီးတော့ သူတို့ ဝက်ဘ်ဆိုက် တွေကနေပြီးတော့ သတင်းတွေထုတ်ပြန် လိမ့် မယ်။ နဂိုကရှိပြီးသားထက် ဘာမှ ပိုပြီးများလာစရာ အကြောင်းမရှိပါဘူး။ တခုပိုပြီးတော့ သက်သက်သာသာ ရှိသွားတာကတော့ သံရုံးတွေမှာသွားပြီးတော့ ဗီဇာတွေ သွားလျှောက်ထားနေစရာ မလိုဘူး။
မေး။ ။ အခုကတော့ ၁၄ ရက် ဗီဇာလျှောက်စရာမလိုဘဲ နှစ်နိုင်ငံသွားလာခွင့် ထိုင်းနဲ့ သဘောတူညီမှု လုပ်လိုက်ပြီဆိုတော့ နောက် ဘယ်နိုင်ငံတွေနဲ့ ဆက်ပြီးလုပ်သွားဖို့ ကျန်သေးလဲ။
ဖြေ။ ။ Visa exemption (ဗီဇာ ကင်းလွတ်ခွင့်) ကတော့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးနဲ့ အားလုံး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အချင်းချင်းထဲမှာ လုပ်ရတာရှိပါတယ်။ အလားတူပဲ တခြားနှစ်နိုင်ငံချင်း သဘောတူညီချက် လုပ်ထားတာရှိပါတယ်။ ဥပမာ သံတမန် နိုင်ငံကူးလက်မှတ်နဲ့ Official လို့ခေါ်တဲ့ အထူး နိုင်ငံကူးလက်မှတ်တွေ၊ ဒီလိုနိုင်ငံကူး လက်မှတ်တွေအတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ ဗီဇာကင်းလွတ်ခွင့်နဲ့ ထိုးထားတာ ရှိပါတယ်။
မေး။ ။ နယ်စပ်ဒေသတွေမှာ အထူးစီးပွားရေးဇုန်ကိစ္စတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေနဲ့ ပတ်သက်ပြီးဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးဖြစ်သေးလား။
ဖြေ။ ။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်းဆွေးနွေးမှုတွေရှိပါတယ်။ထားဝယ် အထူး စီးပွားရေးဇုန်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စတွေပါဝင်တယ်၊ ထိုင်းနိုင်ငံဘက် မှာလည်း အထူးစီးပွားရေးဇုန်လုပ်နေတာတွေရှိတယ်။ မြန်မာနိုင်ငံဘက်မှာလည်း အထူးစီးပွားရေးဇုန်တွေဖြစ်လာမယ့် အလားအလာတွေရှိတဲ့ နေရာတွေမှာ နှစ်ဘက်ကူးလူးဆက်ဆံမှု ရရှိရေး ကနဦးအစပြု ဆွေးနွေးမှုတွေတော့ရှိပါတယ်။ သို့သော် နေရာတွေတော့ တိတိကျကျ သတ်မှတ်ပြီး ဆွေးနွေးထားတာတော့မရှိပါဘူး။ ယျေဘူယျအားဖြင့်တော့ ဒီလိုနေရာတွေရှိလို့ရှိရင် အထူးစီးပွားရေးဇုန်တွေအချင်းချင်းမှာ ကူးလူးဆက်ဆံနိုင်ဖို့ ကုန်သွယ်မှုတွေပြုလုပ်နိုင်ဖို့ အတွက်နှစ်ဘက်စလုံးက လိုလားတဲ့ အခြေအနေရှိပါတယ်။ ။