MCID သည် မြန်မာနိုင်ငံတဝှမ်း အလွှာအသီးသီးရှိ ပြည်သူများ ဘဝဘက်စုံ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သင်တန်းများပေးခြင်း၊သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်၊ အရင်းအမြစ်၊ ဝန်ဆောင်မှု များပေးခြင်းနှင့် ထောက်ပံ့ကူညီခြင်းတို့ကိုဆောင်ရွက်နေသည့် ပြည်တွင်းလူမှု ဖွံ့ဖြိုးရေး အဖွဲ့အစည်းတခု ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းတွင် မသန်စွမ်းသူ လူဦးရေ ၂.၃ သန်းရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအရ မသန်စွမ်းသူအများစုမှာ ရွေးကောက်ပွဲနှင့်မဲပေးရေး လုပ် ငန်းစဉ်များတွင် အများတန်းတူ ပါဝင်ခွင့် အတိုင်းအတာတရပ်အထိ ဆုံးရှုံးနေခဲ့ရသည်။
ထို့ကြောင့် ရွေးကောက်ပွဲနှင့် မဲပေးရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းများအတွက် ဦး တည်၍ မသန်စွမ်းသူများ အကျုံးဝင် မဲဆန္ဒရှင် ပညာပေးရေး Disability Inclusive Voter Education Training သင်တန်းတရပ်ကို ဦးစီးပြုလုပ်ခဲ့သည့် MCID ဒါရိုက်တာ ဦးနေလင်းစိုးနှင့် တွေ့ဆုံ၍ ၂၀၁၅ ရွေးကောက်ပွဲတွင် မသန် စွမ်းများ မဲပေးခွင့်နှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ဇူးဇူးက မေးမြန်းခဲ့ပါသည်။
မေး။ ။ သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။
ဖြေ။ ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အင်နဲ့အားနဲ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီး နိုင်ငံရေး ပါတီ တွေ၊ CSO တွေရဲ့ မဲဆန္ဒရှင် ပညာပေးခြင်းလုပ်ငန်းစဉ်တွေမှာ ကျနော်တို့ မသန်စွမ်းတဲ့သူတွေရဲ့အကြောင်းနဲ့ အရေး ကိစ္စကို တပါတည်း ထည့်သွင်းစဉ်းစားပြီးတော့မှ ဆောင်ရွက်သွားစေချင်တဲ့ တွန်းအား၊ ဒီတချက်တည်းပါပဲ။ အခု ရွေး ကောက်ပွဲနဲ့ မဲပေးရေးကိစ္စလုပ်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ မသန်စွမ်းသူများအရေးကိစ္စ ထည့်သွင်းလုပ်တာဟာ အရမ်းအားနည်းတယ်။ တချို့က မသိလို့ မလုပ်တာ။ တချို့က သိပေမယ့် ဘယ်လိုလုပ်ရမှန်း မသိလို့ မလုပ်တာ။ ဒါ တွေကို ဗဟုသုတ သတင်းအချက်အလက်အနေနဲ့ ပေးချင်တယ်။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အပိုင်းမှာ နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ကျနော်တို့နဲ့ ဆက်သွယ်နိုင်တယ်။ ဒီသင်တန်းကနေ ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်မှု အနာဂတ်လမ်းကြောင်းတွေ ဖွင့်နိုင်ဖို့အတွက် မျှော်လင့်ပါတယ်။
မေး။ ။ မသန်စွမ်းတွေ မဲပေးနိုင်ဖို့အတွက်ကို ဒီသင်တန်းက ဘယ်လောက်အထိ အထောက်အကူပြုနိုင်မလဲ။
ဖြေ။ ။ ဒီမှာ ကိုယ်စားလှယ် ၃၀ ကျော် လာတက်တယ်။ ထက်ဝက်ကျော်က နိုင်ငံရေးပါတီတွေ။ ဆိုတော့ သူတို့ စိတ်ဝင်စားကြပါတယ်။ သူတို့ပြန်သွားပြီးရင်တော့ ဒီမှာပဲ ရပ်မနေဘဲနဲ့ သူတို့ကိုယ်တိုင်လည်း တတ်နိုင်သလောက် လုပ်မယ်လို့ မျှော်လင့်တယ်။ တချို့ဆို စည်းရုံးရေးပိုင်း လုပ်နေတာရှိတယ်။ တချို့ဆို ကိုယ့်ပါတီရဲ့ CEC Executive စီမံခန့်ခွဲတဲ့ နေရာမှာပါနေတယ်ဆိုတော့ သူတို့ရှိနေတဲ့ ရရာ ကဏ္ဍကနေ ပြန်ပြီးသူတို့ကိုယ်တိုင်စလုပ်တဲ့သူတွေ ဖြစ် လာမယ်လို့ မျှော်လင့်ထားတယ်။ ပြီးတော့ သူတို့နဲ့ဆက်စပ်နေတဲ့ ပါတီအဖွဲ့အစည်းကိုလည်း ပြန်ပြီး လုပ်ငန်းစဉ်တွေ မှာ ပါလာအောင် နံပါတ်တစ် အနည်းဆုံးတော့ ပြန်ပြောမယ်။ ပြန်ဝေမျှမယ်။ ကျန်ခဲ့တယ်ဆိုရင်တောင် သတိချပ် ပြီး တော့မှ ထည့်လုပ်ဖို့အတွက် တွန်းအားဖြစ်သွားမယ်။ လတ်တလောတော့ အများကြီး မမျှော်လင့်နိုင်သေးဘူး။ သို့ သော်လည်း လုံး၀ မသိသေးတဲ့ အခြေအနေကနေ တခုခု လုပ်နိုင်တာလေးကို စလုပ်လာမယ်ဆိုတဲ့အခြေအနေလေး ကို မျှော်လင့်ပါတယ်။
နောက် သူတို့မဲဆွယ်စည်းရုံးရေးလုပ်တဲ့ target group ပေါ့။ မသန်စွမ်းလူဦးရေက တနိုင်ငံလုံးမှာ ၂၃ သိန်းကျော် ရှိတယ်။ ၃ ပုံ ၂ ပုံက အသက် ၁၈ နှစ်အထက်လို့ ခန့်မှန်းလို့ရတယ်။ ဒီလူတွေရဲ့မဲတွေကို အများကြီး အသုံးချလို့ရ တယ်။ ဒါဆိုရင်တော့ ကိုယ့်ပါတီက ဘယ်လိုမက်လုံးတွေ ပေးမယ်။ ဒီလူတွေရဲ့အခွင့်အရေးအတွက် ဘာတွေလုပ်ပေး မလဲဆိုတာကို အခွင့်အလမ်းအနေနဲ့ အသုံးချလို့ရတယ်။ ဒီဘက် ကျနော်တို့ဘက်ကလည်း ပါဝင်ခွင့်တွေ ရလာမယ်။ ကျနော်တို့အတွက် ဘာတွေလုပ်ပေးမယ်ဆိုတာကို ပေါ်လစီတွေနဲ့ ထည့်သွင်းစဉ်းစားပေးခြင်း ခံလာရမယ်။ သူတို့ တကယ်ဖြစ်လာတဲ့အချိန်မှာ ပေးထားတဲ့ကတိတွေထဲက အနည်းငယ် သို့မဟုတ် တစိတ်တဒေသ ပြန်လုပ်ခြင်းအား ဖြင့် ကျနော်တို့အခွင့်အရေးတွေ ရလာမယ်။ ကျနော်တို့အတွက်လည်း အကျိုးကျေးဇူးဖြစ်ထွန်းတယ်။ သူတို့အတွက် လည်း အကျိုးကျေးဇူးဖြစ်ထွန်းတယ်။
မေး။ ။ မသန်စွမ်းတွေ မဲပေးနိုင်ရေးအတွက် အဓိကကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေလဲ။
ဖြေ။ ။ ပထမတချက်က ကျနော်တို့ မသန်စွမ်းတွေမှာ မှတ်ပုံတင်မရှိတဲ့ ပြဿနာပေါ့။ မသန်စွမ်းက ခရီးသွားတာမှ မဟုတ်ဘဲ မှတ်ပုံတင် သိပ်မလိုအပ်ဘူးဆိုပြီး မိသားစုရဲ့အတွေးတွေ၊ ပတ်ဝန်းကျင်ရဲ့အတွေးတွေရှိတယ်။ ဒါတွေ ကြောင့် မှတ်ပုံတင်လုပ်တဲ့အခါမှာ အရင်က သိပ်အရေးတကြီးအနေနဲ့ မလုပ်ခဲ့ကြတဲ့အတွက် မှတ်ပုံတင်မရှိကြဘူး မသန်စွမ်းတချို့မှာ။ မှတ်ပုံတင်က မဲပေးရေးကိစ္စမှာ တချို့နေရာတွေမှာ လိုအပ်တယ်လေ။ ဒါတွေက အခက်အခဲဖြစ် စေတယ်။ နောက်တခုက မဲစာရင်းသွားစစ်ပါဆိုရင် စစ်မယ့်နေရာကိုသွားဖို့ အခက်အခဲရှိတယ်။ ရွာတွေ၊ ရပ်ကွက်တွေ ရဲ့လမ်းတွေက ဝှီးချဲနဲ့သွားလို့မရတာတွေ၊ တချို့မဲစာရင်းကပ်ထားတာတွေက လက်ခုပ်တဖောင်လောက် မြင့်နေတာ မျိုး၊ တချို့ဆို စာလုံးလေးတွေက သေးနေတာ။ ဆိုတော့ ကိုယ်တိုင် မဲစာရင်းသွားစစ်ဖို့ အခက်အခဲတွေရှိတယ်။
နောက်တခုက သတင်းအချက်အလက်တွေ ဥပမာ နားမကြားတဲ့သူတွေဆိုရင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဘယ်နေ ရာမှာ မဲရုံရှိတယ်။ ဘယ်အချိန်မှာ မဲရုံစဖွင့်မယ်။ မဲကိုဘယ်လိုအဆင့်ဆင့်ပေးရမယ် ဆိုတာမျိုးတွေ သူတို့ကို ရှင်းပြ ထားတာ ဘယ်သူမှမရှိဘူး။ မိသားစုတွေကလည်း အရမ်းစိတ်ရှည်လက်ရှည်နဲ့ စိတ်ဝင်စားရှင်းပြတာမျိုး မရှိဘူး။ သတင်းအချက်အလက်တွေ မရကြဘူး။ မျက်စိမမြင်တဲ့သူဆိုရင်လည်း သူတို့ကိုယ်တိုင် မဲပေးနိုင်ဖို့ဆိုရင် သူတို့ကိုယ် တိုင် မဲပေးနိုင်မယ့် အခြေအနေတခု ဖန်တီးပေးဖို့လိုတယ်။ အကူလူနဲ့ပေးမယ်ဆိုရင် အကူလူက သူ့ဘာသာသူ ပေးချင် တဲ့သူကို ပေးလိုက်မှာပေါ့။ ကိုယ့်ဘာသာ လွတ်လပ်စွာ စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်မှာ အခက်အခဲရှိတယ်။ နောက်ပြီး မဲရုံတည်ဆောက်ပုံဒီဇိုင်း များသောအားဖြင့် စာသင်ကျောင်းတွေမှာ ဆောက်တယ်။ အထစ်တွေနဲ့။ ကျနော်တို့က ကိုယ် တိုင်မဲပေးချင်တာ ကြိုတင်မဲမပေးချင်ဘူး။ မသန်စွမ်းမို့လို့ ဒုက္ခများလို့ ကြိုတင်မဲပေးပါဆိုတာတွေလည်းရှိတယ်။ ကျနော်တို့က ကိုယ်တိုင်သူများနဲ့တန်းတူ မဲရုံဖွင့်တဲ့နေ့မှာ ပေးချင်တာ။ နောက် မဲရုံအတွင်းပိုင်းက စားပွဲခုံအနိမ့်အမြင့် တွေကလည်း အဆင်မပြေဘူး။
မေး။ ။ အခုနောက်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ မူဝါဒတွေ၊ ဥပဒေတွေထဲမှာ မသန်စွမ်းအခွင့် အရေးတွေနဲ့ပတ်သက်ပြီး တိုးတက်မှုတွေရှိလာတယ်လို့ သိရတယ်။ ဒါတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ အပိုင်းမှာရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ရွေးကောက်ပွဲနည်းဥပဒေမှာ မသန်စွမ်းအခွင့်အရေးတွေ တော်တော်များများပါပါတယ်။ လုပ်ပေးရမယ့် အစီ အစဉ်တွေပေါ့။ နောက်တခုက UEC က ဆွဲထားတဲ့ ၂၀၁၄ ကနေ ၂၀၁၈ အထိ ရွေးကောက်ပွဲလုပ်ငန်းစဉ်များဆိုင်ရာ မဟာဗျူဟာစီမံကိန်း အဲဒီ၅ နှစ်စီမံကိန်းမှာလည်း အခန်း ၂ ခန်းမှာ မသန်စွမ်းတဲ့သူတွေရဲ့ အခွင့်အရေးတွေ အ ကြောင်း ရေးထားတာပါတယ်။ ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတဲ့ မူဝါဒတွေ။ မဲရုံမှူး လက်စွဲစာအုပ်မှာ ကြည့်မယ်ဆို ရင်လည်း ကျနော်တို့အတွက်ကို စာမျက်နှာ တမျက်နှာနီးပါးလောက်ရေးထားတယ်။ စာရွက်ပေါ်မှာရေးထားတဲ့ ပေါ်လ စီပိုင်းက ပြောင်းသွားပြီ။
လောလောဆယ်က မြေပြင်ပေါ်မှာ အကောင်အထည်ဖော်တဲ့ဟာပေါ့။ UEC ပိုင်းကလည်း တတ်နိုင်သလောက်တော့ လုပ်ပေးမယ်။ ဒါပေမယ့် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ မရောက်နိုင်ဘူး။ သူတို့မှာ ဘဏ္ဍာငွေ အခက်အခဲပေါ့။ နောက်တချက်က လူ့စွမ်းအား အရင်းအမြစ်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်လေးတွေရှိတယ်။ အလုံအလောက် အများစု မရှိတာမျိုးပေါ့။ ဘဏ္ဍာငွေက အဓိကပေါ့။ ဒါကြောင့် ကျနော်တို့ကိစ္စကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အကောင် အထည်ဖော်ပေးမှုမှာ အခက်အခဲတွေရှိတယ်လို့ သူတို့ပြောပါတယ်။
မေး။ ။ UEC ကနေ မသန်စွမ်းတွေမဲပေးနိုင်ရေးအတွက် စံပြမဲရုံ လုပ်ပေးမယ်ဆိုတာကရော။
ဖြေ။ ။ အခု အဲဒါကလည်း ဆက်သွားနေတယ်။ မသန်စွမ်းသူတွေရဲ့စာရင်းကို ကျနော်တို့အဖွဲ့က ရွေးကောက်ပွဲလုပ်တဲ့ စီမံကိန်းတခုက ဝန်ထမ်းတွေ ကောက်နေတယ်။ မျက်မမြင်ကျောင်းတွေ သွားတယ်။ မသန်စွမ်းအများစုရှိတဲ့ နေရာ တွေ သွားပြီး စာရင်းကောက်တယ်။ ကော်မရှင်ကလည်း တောင်းတယ်။ ကော်မရှင်က တိုက်ရိုက် မသန်စွမ်းသူရှိ တဲ့ ဟာကို မကောက်နိုင်ဘူး။ အမှန်တကယ်က သူတို့ကောက်နိုင်ရင် ကောင်းတာပေါ့။
သူတို့ပြောတာတော့ မသန်စွမ်း ၃၀ ဝန်းကျင်နဲ့ ၃၀ အထက်ရှိတဲ့နေရာတွေမှာ မဲရုံက မသန်စွမ်းတွေလည်း သွားလို့ လာလို့ အဆင်ပြေမယ့်နေရာမျိုး ဖန်တီး ပေးမယ်ပေါ့။ ပျမ်းမျှ ၅ နေရာ ဝန်းကျင်လောက်ဖြစ်မယ်။ တနိုင်ငံလုံး အတိုင်း အတာအနေနဲ့ မသွားနိုင်သေးဘူး။ ကျနော်တို့လည်း အကုန်လုံး လိုက်မကောက်နိုင်သေးဘူး။ ၅ နေရာတော့ အနည်း ဆုံး commit လုပ်ထားတယ်။ အဲဒီ ၅ နေရာမှာ မသန်စွမ်းအများစုရှိတဲ့အတွက် သူတို့ မဲလာပေးရင် အဆင်ပြေအောင် ပေါ့။
မေး။ ။ စံပြမဲရုံဆိုတာ ဘယ်လိုမျိုးလဲ။
ဖြေ။ ။ တချို့က ဒါကိုလက်မခံဘူး။ နားလည်မှု လွဲတာလေးရှိတယ်။ စံပြမဲရုံဆိုတာ မသန်စွမ်းသူက မဲရုံတခု။ သန်စွမ်း သူက မဲရုံတခု မတူဘူးလို့ထင်တယ်။ သပ်သပ်လို့ထင်တယ်။ ကျနော်တို့ပြောတာ အဲလို မဟုတ်ဘူး။ သာမန် လူတွေ အတွက် လုပ်ပေးထားတဲ့မဲရုံမှာပဲ ကျနော်တို့အတွက် ထပ်ပြီး ဖြည့်စွက်စဉ်းစားပေးတာ။ ပိုကောင်းတဲ့ အစီအစဉ် ထပ် ထည့်ပေးတာ။ ဥပမာ သာမန်လူတွေအတွက် လုပ်ပေးထားတဲ့မဲရုံမှာ တံခါးပေါက်လေးက အရမ်းကျဉ်းနေတယ်ဆိုရင် ကျယ်တဲ့ဟာကို စဉ်းစားပေးရမှာ။ ဝှီးချဲ ဝင်နိုင်အောင်ပေါ့။ လှေကားထစ်ရှိရင် လှေကားထစ်မရှိတဲ့နေရာကို စဉ်းစားပေး တာ။ အဖက်ဖက် စဉ်းစားပေးတဲ့မဲရုံပေါ့။ ဒါပေမယ့် သာမန်လူလည်း ဒီမှာပဲ လာပေးတယ်။ မသန်စွမ်းသူလည်း ဒီမှာပဲ လာပေးတယ်။ အတူတူပဲ။ ခွဲခြားမှုမရှိတဲ့ မည်သူမဆို မဲလာပေးနိုင်တဲ့ မဲရုံဖြစ်သွားတာပေါ့။
မေး။ ။ – မျက်မမြင်တွေ မဲပေးနိုင်ရေးအတွက်ကိုရော UEC နဲ့ ဘယ်လိုဆွေးနွေးထားလဲ။
ဖြေ။ ။ မျက်မမြင်ဆိုရင်လည်း သူတို့မဲလက်မှတ်နဲ့ပေးနိုင်အောင် အခုဆွေးနွေးနေတာ ကော်မရှင်ကလည်း လုပ်ပေး မယ်။ စိတ်ဝင်စားတယ်။ မဲလက်မှတ်ကို မျက်မမြင်စာနဲ့ ဘတ်ဂျက်လည်း သူတို့ကိုယ်တိုင် အကုန်အကျခံမှာပေါ့။ အဲမှာ သဘောထားကွဲလွဲမှုက ဘာတွေ့လဲဆိုတော့ မျက်မမြင်အဖွဲ့အစည်းတွေကြားမှာ။ အခုကျနော်တို့လုပ်တဲ့ မျက်မမြင် မဲ လက်မှတ်နဲ့မဲပေးတဲ့ပုံစံဆိုတာ မြင်သူတွေပေးတဲ့မဲလက်မှတ်ပေါ်မှာပဲ မျက်မမြင်လက်စမ်းစာ အဖုလေးတွေပါတဲ့ template ကို အပေါ်က ထပ်လိုက်မှာပေါ့။ အဲဒါဆို အပေါ်ကစာနဲ့အောက်ကစာနဲ့ အတူတူပဲ။ မဲပေးပြီးသွားရင် အပေါ် က template ကို ခွာလို့ရတယ်။ ပြီး အဲဒီမဲလက်မှတ်ကို မဲပုံးထဲထည့်လိုက်ရင် မျက်မမြင်တဲ့သူပေးတာလား မြင်တဲ့ သူ ပေးတာလား ဘယ်သူမှ မသိနိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ မဲပေးတာ လုံခြုံမှုရှိရမယ်လေ။ ကော်မရှင်နဲ့လည်း သဘောတူထားတာပေါ့။ ဒါပေမယ့် မျက်မ မြင်အဖွဲ့တချို့ကကျတော့ အရမ်းစိတ်ပူတယ်။ ကြောက်တယ်။ အဲလိုမျိုး မပေးချင်ဘူး။ သူတို့ပေးတယ်ဆိုတာကို သိ သွားမှာစိုးလို့ ပြဿနာကလေ။ မသန်စွမ်းအဖွဲ့တွေကြား ဒီအခက်အခဲလေးတွေတော့ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ကော်မရှင်နဲ့ဆွေးနွေးထားတာက အဲနည်းလမ်းက နိုင်ငံ တော်တော်များများမှာလည်း သုံးတယ်။ ဘယ်သူမှမသိနိုင်ဘူး။
မေး။ ။ မသန်စွမ်းတွေဘက်ကရော ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုရှိရဲ့လား။ မသန်စွမ်းတွေအကြား ဘယ် လိုစိန်ခေါ်မှုမျိုးတွေရှိလဲ။
ဖြေ။ ။ အဲဒါကလည်း ကျနော်တို့အတွက် စိန်ခေါ်မှုကရှိနေတယ်။ နိုင်ငံရေးနဲ့မဲပေးရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက် တယ်ဆိုရင် တချို့က ကြောက်တယ် လန့်တယ်။ နိုင်ငံရေးလုပ်တယ်လို့ ထင်တာပေါ့နော်။ မသန်စွမ်းအဖွဲ့တွေထဲမှာဆို ရင်လည်း မြန်မာနိုင်ငံမှာ မသန်စွမ်းအဖွဲ့အစည်း ပျမ်းမျှ ထဲထဲဝင်ဝင်လုပ်နေတာ ၁၀ ဖွဲ့လောက်ရှိမယ်။ ဒီရွေးကောက်ပွဲ နဲ့ မဲပေးရေးကိစ္စလုပ်တဲ့အဖွဲ့ အရမ်းကို နည်းပါးပါတယ်။ ၂ ဖွဲ့လောက်ပဲရှိတယ်။
ကျနော်တို့ပြောတဲ့ နိုင်ငံရေးက နိုင်ငံသားတွေဖြစ်တဲ့ မသန်စွမ်းတွေ အခွင့်အရေးကို ဒီ process မှာ ပါဝင်ဖို့။ ပါတီတွေ ထောင်ပြီးတော့မှ အစိုးရလုပ်တဲ့ နိုင်ငံရေးမဟုတ်ဘူးလေ။ အဲဒါတွေက မသန်စွမ်းအဖွဲ့အစည်းတွေကြားမှာ သိမှု အား နည်းနေသေးတယ်။ ဒါကြောင့် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အားနည်းနေသေးတယ်။ နားလည်မှုတချို့လွဲ တာလည်းရှိတယ်။ သူတို့ကိုယ်တိုင်က networking လည်း နည်းသေးတယ်။ ဒါက ကျနော်တို့ရဲ့အတွင်းထဲမှာရှိတဲ့ စိန် ခေါ်မှုပေါ့။
မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မသန်စွမ်းတွေရဲ့ မဲပေးမှုနဲ့ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ မသန်စွမ်းတွေရဲ့ မဲပေး မှု အခြေအနေတွေ ဘယ်လိုကွာခြားမှုရှိလာမလဲ။
ဖြေ။ ။ အရင်ရွေးကောက်ပွဲတွေတုန်းကတော့ အရမ်းကို ရှားရှားပါးပါးပေါ့။ မသန်စွမ်းတွေမဲပေးမှုက အရမ်းတွေ့ရခဲတဲ့ အခြေအနေဖြစ်ခဲ့ဖူးတယ်။ အများစုဟာ မဲပေးမှုမှာ အဆင်မပြေတာ တွေ့ရတယ်။ အခက်အခဲတွေမှာဆိုရင် တချို့ကျ တော့ ကြိုတင်မဲပေါ့။ ဘာလုပ်မှာလဲ။ မဲရုံသွားပေး ဒုက္ခများတယ်ပေါ့ ကြိုတင်မဲလိုချင်သူတွေရဲ့ စည်းရုံးတာမျိုးခံရ တယ်။ မသန်စွမ်းတွေကလည်း အတွေ့အကြုံမရှိတော့ ကြောက်တာမျိုးတွေ ရှိတယ်။ နောက်တခုက နားမကြားတချို့ ဆို မဲပေးတဲ့နေ့သာပြီးသွားတယ် သူနေတဲ့ ရပ်ကွက်ထဲမှာ မဲရုံ ဘယ်နားရှိမှန်းမသိဘူး။ ဘယ်သူမှလည်း မပြောပြဘူး။ မဲဘယ်လိုပေးရတယ်ဆိုတာ၊ ဘယ်နေ့၊ ဘယ်အချိန်မှာ မဲပေးရတယ်ဆိုတာလဲ မသိလိုက်ဘူး။ သူ့မိသားစုကလည်း မပြောပြဘူး။ ပြောချင်တာက မသန်စွမ်းတဲ့သူတွေ ကြားဖြတ်မှာ တွေ့ကြံုံခဲ့ရတဲ့ အခက်အခဲနဲ့ ပါဝင်မှုမရခဲ့တဲ့ အခြေ အနေပေါ့။
အခုနောက်ပိုင်းမှာတော့ တော်တော်များများလေးတော့ aware တွေ ဖြစ်လာပြီ။ အရင်ရွေးကောက်ပွဲထက်တော့ ပိုပြီး မသန်စွမ်းတွေ ပါဝင်ခွင့်ရလာတဲ့ အခြေအနေတခုဖြစ်လာမယ်။ ဒါပေမယ့် ကျေးလက်မြို့ပြနဲ့ တနိုင်ငံလုံးပြောမယ်ဆို ရင်တော့ အများကြီး လိုနေပါသေးတယ်။ အရင်ကထက်တော့ ပိုမိုပါဝင်လာကြမယ်။
မေး ။ ။ ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ ပါဝင်နိုင်ရေးဟာ ဘာကြောင့်အရေးကြီးတယ်လို့ ထင်သလဲ။
ဖြေ။ ။ ပထမတချက်ကတော့ အရိုးရှင်းဆုံးနဲ့ အတိုချုပ်ဆုံးပြောမယ်ဆိုရင် ကျနော်တို့က လူသားဖြစ်နေတဲ့အတွက် ကြောင့်၊ နိုင်ငံသားဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ဘေးမှာရှိတဲ့ နိုင်ငံသားတွေရတဲ့ အခွင့်အရေးကို ကျနော်တို့လည်း ရကိုရရမယ်။ ဒါ မွေးရာပါ အခွင့်အရေး။ ဒီလူတွေ အခွင့်အရေးရအောင် စဉ်းစားပေးဦးမှ လုပ်ပေးဦးမှဆိုတာ စဉ်းစား နေဖို့ကို မလိုဘူး။ automatic ကို ရနေရမယ့် ကိစ္စတခုပေါ့။ ထမင်းစားရေသောက်ရသင့်တဲ့ အခွင့်အရေးတခုပေါ့။ ဒါပေမယ့် အပြည့်အ၀ မရသေးဘူး။ ဒါကြောင့် လုပ်ဖို့ လိုအပ်တယ်။
နောက်တခုက ကျနော်တို့ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးတွေမဟုတ်ဘူး။ တတ်နိုင်သလောက် တစိတ်တပိုင်း အုပ်တချပ်သဲတပွင့် ကိုယ်စွမ်းတဲ့နေရာကနေ အကျိုးပြုနိုင်တဲ့သူတွေဖြစ်တယ်။ ကိုယ့်လူ့အဖွဲ့အစည်း ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တတ်နိုင်တဲ့ အုပ်တချပ်သဲတပွင့် ပါဝင်တာဝန်ထမ်းဆောင်ဖို့ တာဝန်ရှိ တယ်ဆိုတာကို ခံယူတယ်။ ဒါကြောင့် နိုင်ငံအတွက်လုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ မဲပေးရေးကိစ္စတွေမှာ ကျနော်တို့က မဖြစ်မနေ ပါဝင်သင့်တယ်။ နောက်တချက်က ကျနော်တို့နိုင်ငံရဲ့ ကံကြမ္မာအနာဂတ်ကို ဖန်တီးမယ့် အစိုးရတရပ်၊ အုပ်ချုပ်သူ အဖွဲ့အစည်းတခုကို ရွေးချယ်ဖို့အတွက် ကျနော်တို့လည်း ပါပြီးတော့မှ ဆန္ဒပြုပိုင်ခွင့် ရွေးချယ်ပိုင်ခွင့် အပြည့်အ၀ ရှိရမယ်။ အဲဒီလို ယုံကြည်ထားတဲ့အတွက် ဒါတွေဟာ အရေးကြီးတယ်လို့ ခံယူပြီးလုပ်ကြတာပါ။