မြန်မာ့နိုင်ငံရေးတွင် အကြီးမားဆုံး အတိုက်အခံ အင်အားစုကြီးတခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ရေး ကြိုးစားလျက်ရှိရာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်သော်လည်း အစိုးရအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်မည်ဟု ထုတ်ဖော် ပြောဆိုထားသည်။ ထို့ကြောင့် NLD သမ္မတလောင်း ခန့်မှန်းမှုမှာ မြန်မာ့နိုင်ငံရေးတွင် စိတ်ဝင် စားဖွယ်ရာ အချက်တခု ဖြစ်နေခဲ့သည်။
သမ္မတလောင်း ခန့်မှန်းမှုများထဲတွင် အစပိုင်း၌ NLD နာယက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အရာရှိ ဦးဝင်းထိန်တို့ ပါဝင်ခဲ့ကြသော်လည်း ကျန်းမားရေး အကြောင်းပြချက်များဖြင့် ကာယကံရှင်များ ကိုယ်တိုင်က ငြင်းဆိုလိုက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချမှုကို ခံရပြီး မိသား စု ဆရာဝန်လည်း ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းကို ခန့်မှန်းလာကြပြန်သည်။ ထို့ကြောင့် ခွဲစိတ်အထူးကု ဆရာဝန်ကြီးလည်းဖြစ်၊ NLD ကျန်းမာရေး ကွန်ရက် ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းကို သူ၏ နိုင်ငံရေး ရည်မှန်းချက်၊ NLD သမ္မတလောင်း ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေ အနေနှင့့် တပ်မတော်အပေါ် သူ၏ သဘောထားတို့ကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းကို NLD ပါတီဝင် ဖြစ်ရမယ်လို့ ပြောထားတယ်။ သူကိုယ်တိုင်ကတော့ ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တော့ဘူး။ ဆိုတော့ NLD မှာ ဘယ်လိုလူမျိုးက သမ္မတလောင်း ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ ဆရာ မြင်တာက သူ(ဒေါ်အောင်ဆန်းစုကြည်)က ပြည်သူ့ ခေါင်းဆောင်။ လူထုခေါင်းဆောင်။ နောက်တခုက NLD(အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်)ကို စပြီး ဖွဲ့စည်းခဲ့တယ်။ လက်ရှိမှာလည်း ဥက္ကဋ္ဌ ဖြစ်တယ်။ NLD က သမ္မတ ဘယ်သူပဲဖြစ်ဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မှာက ဒေါ်အောင်ဆန်းစုကြည် ပဲ။ အခုကတော့ သမ္မတလောင်းကို မကြေညာသေးဘူးပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ NLD ပါတီဝင် ဖြစ်ရမယ်။ ပါတီအပေါ်မှာလည်း သစ္စာ ရှိရှိ တာဝန်ထမ်းဆောင်လာတဲ့သူ ဖြစ်ရမယ်။ အရည်အချင်းလည်း ရှိရမယ်။ ဆရာ ထင်တာကတော့ ရွေးကောက်ပွဲ ပြီးလောက်မှပဲ သမ္မတလောင်းကို ကြေညာပေးလိမ့်မယ်လို့ ထင်တယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူပဲ သမ္မတ ဖြစ်ဖြစ် အစိုးရအဖွဲ့ကို သူဦးဆောင်မှာဆိုတော့ သမ္မတလောင်းက သူယုံကြည်စိတ်ချရတဲ့သူမျိုး ဖြစ်ဖို့ လိုပါတယ်။ ပထမတုန်းက ဦးတင်ဦး၊ ဦးဝင်းထိန်တို့ကို ခန့်မှန်းခဲ့ပေမယ့် အသက်အရွယ်အရ သူတို့ မလုပ်နိုင်ကြတော့ဘူးဆိုတော့ အခု အန်တီနဲ့ နီးစပ်တဲ့ ဒေါက်တာ တင်မျိုးဝင်းကို ခန့်မှန်းလာကြတယ်။ တကယ်လို့ သမ္မတလောင်းအဖြစ် ကမ်းလှမ်းလာခဲ့ရင် လက်ခံမှာလား။
ဖြေ ။ ။ ဆရာ့ ဝါသနာကို ပြောရရင်တော့ ခွဲစိတ် ဆရာဝန် အလုပ်ကိုပဲ နှစ်သက်တယ်။ အခုချိန်ထိလည်း ဆရာခွဲတုန်းပဲ။ သွေးနံ့လေးမှ မရရင် ထမင်းစား မကောင်းဘူး။ အဲတော့ အဓိပ္ပါယ်ကတော့ လိုအပ်လာရင်တော့လည်း ခုနက ပြောသလိုပေါ့လေ။ ဆရာလည်း ထောင်ထဲမှာ ၃ နှစ်။ အရမ်းကို အပင်ပန်း ဆင်း ရဲခံပြီး လုပ်ခဲ့ရတာပါပဲ။ အဲဒါနဲ့ စာရင်တော့လည်း တိုင်းပြည်ကောင်းဖို့အတွက်ကို လုပ်ကိုလုပ်ရမယ်ဆိုရင်လည်း ငြင်းလို့ မရတဲ့ အပိုင်းပါပဲနော်။ အဓိက, က တော့ ဆရာတို့ကို အန်တီကပဲ ဦးဆောင်ပြီးတော့ မူနဲ့ဘာနဲ့ လုပ်မယ့်အခါကျတော့ ဆရာတို့က ဝိုင်းဝန်း ပံ့ပိုးပေးမယ့် သဘောပါပဲ။
အန်တီကိုယ်တိုင်လည်း ကော့မှူးမှာ ပြောသွားတယ်။ ဆရာတို့ရဲ့ ဝါဒက ဘာလဲဆိုတော့ ပြန်လည်သင့်မြတ်ရေး၊ သဟာဇာတ ဖြစ်ရေးနဲ့ အာဃာတ ကင်းစင် ရေးဆိုတော့ ဘယ်သူပဲ သမ္မတ ဖြစ်လာဖြစ်လာ ဒီမူကို ဆုပ်ကိုင်ထားတဲ့သူဆိုရင် ဆရာတို့ကတော့ သဘောတူမှာပဲ။ ဆရာ ဖြစ်မယ်ဆိုရင်လည်း ဝိုင်းဝန်း ပံ့ပိုးပြီးတော့ လုပ်ဆောင်ပေးရမှာပဲ။ အဓိက တိုင်းပြည်မှာ လိုအပ်တာက အချိန်တိုကာလအတွင်းမှာ အများနဲ့ ဝိုင်းပြီးတော့ လုပ်နိုင်ဖို့အတွက် ဆရာ လိုချင် တယ်။ ဆိုလိုချင်တာက တနေရာ ဝန်ကြီးဆိုပါတော့။ NLD ဖြစ်မှ မဟုတ်ဘူးလေ။ ဘယ်သူမဆို ဒီဟာနဲ့ ကိုက်ညီတယ်ဆိုရင် ဖြစ်ရမှာပေါ့။
ဆရာတို့စနစ်က အမေရိကန် သမ္မတစနစ်နဲ့ ဗြိတိသျှ ပါလီမာန်စနစ်ကို ရောထားတာ။ အမေရိကန်မှာ သမ္မတ ဖြစ်ပြီးရင် ဝန်ကြီးတွေကို စိတ်ကြိုက်ရွေးခန့်လို့ ရတယ်။ ဒီမှာကျတော့ ပါတီချင်း ပြိုင်ရတယ်။ နိုင်တဲ့ပါတီက သမ္မတ ဖြစ်တယ်။ သမ္မတက သူ့စိတ်ကြိုက်ခန့်ခွင့် ရှိပြန်ရော။ သဘောပေါက်တယ် မဟုတ်လား။ အခု အန်တီပြောနေတဲ့ မူဝါဒကို ဆရာ သဘောကျတာက ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် လိုအပ်မယ်ဆိုရင် ဘယ်သူမှ မဟုတ်ဘူး။ ဟိုဘက်၊ ဒီဘက် မဟုတ်ဘူး။ တိုင်းရင်းသား ဘာညာ မဟုတ်ဘူး။ အတွေ့အကြုံနဲ့ တက်ကနိုခရစ်တွေပေါ့။ တက်ကနီရှင်တွေပေါ့။ ကျွမ်းကျင်တဲ့သူ ဖြစ်ဖို့ပဲ လိုတယ်။
အဲဒီတော့ သမ္မတလည်း ဒီအတိုင်းပဲ။ အားလုံးက ကြည်ဖြူမယ်။ သဘောကျတယ်ဆိုရင် ကိုယ်ပိုင်အရည်အချင်း ရှိမယ်ဆိုရင် ဆရာတို့ လက်ခံတာပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။
မေး ။ ။ အန်ကယ့်အနေနဲ့ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ ။ ။ လောလောဆယ်မှာ လိုအပ်ချက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် NLD နဲ့ အန်တီရဲ့ မူဝါဒကို အပြတ်ကို ထောက်ခံတယ်။ အန်တီရဲ့ ပြောကြားချက်ထဲမှာ ပါတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အထွေထွေ သဟဇာတ ဖြစ်ရေးနဲ့ အာဃာတ မရှိရေးပေါ့။ နောက်တခုက Capacity ပေါ့။ နိုင်ငံတကာ ခေါင်းဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း အားလုံး သိပြီးသားပဲ။ နိုင်ငံတကာ ခေါင်းဆောင်တွေက အန်တီကို ဘယ်လိုမြင်လဲ။
နောက်ဝင်လာမယ့် Investment လို့ ခေါ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေက နိုင်ငံ မတည်ငြိမ်ဘူး။ မအေးချမ်းဘူးဆိုရင် ဘယ်ဝင်လာမလဲ။ တရား ဥပဒေ စိုးမိုးမှ လာ လုပ်ကြမယ်လေ။ နိုင်ငံ ဖံွ့ဖြိုးတိုးတက်ဖို့ ဆိုတာလည်း တယောက်တည်း လုပ်လို့ မရဘူး။ သက်ဆိုင်တဲ့ Stake Holder တွေ ပါရမယ်။ ဥပမာ ဆိုပါတော့ ပါတီ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော်၊ ပညာရှင်တွေ အားလုံး ပါရမယ်။ အဲဒီ မူဝါဒ NLD မှာ ရှိတဲ့အတွက် ဆရာကတော့ အဲဒီအပေါ်မှာ အမြင် အရမ်းကောင်းတယ်။
ရွေးကောက်ပွဲမှာ NLD နိုင်သွားလို့ရှိရင် အခွင့်အရေး နည်းနည်းလေးပေးပါ။ NLD က သူပြောတဲ့အတိုင်း လုပ်ရဲ့လားဆိုတာကိုပေါ့။ အားလုံးကို ဖိတ်ခေါ် သ လား။ NLD မှ မဟုတ်ဘူး။ ဘယ်သူမဆို။ ပြည်ခိုင်ဖြိုးကပဲ ဖြစ်ဖြစ် တိုင်းရင်းသားကပဲ ဖြစ်ဖြစ်၊ ပညာရှင်ပဲ ဖြစ်ဖြစ် ဆရာတို့ကတော့ တိုင်းပြည်အတွက်ဆို ဝိုင်းလုပ်မှာပဲ။ ခိုင်းလို့ရတယ်။ အစိုးရဋ္ဌာနမှာ တာဝန်ပေးမယ်ဆိုလည်း လုပ်မှာပဲ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာရော ဘယ်လို အမြင် ရှိပါသလဲ။
ဖြေ ။ ။ တစ်က ဆရာတို့က ဗိုလ်ချုပ်အောင်ဆန်းကို မမီလိုက်ဘူး။ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတခု ပြောပြချင်တယ်။ ၁၉၈၈ အကုန်မှာ ဆရာတို့ ထားဝယ်ဘက်ကို ခရီးတခု သွားခဲ့တယ်။ လမ်းမှာ “အားမှာပါဦး” လို့ ပြောလိုက်တဲ့အခါကျတော့ အန်တီက ဆရာ့ကို မေးတယ်။ ဘာပြော တာလဲတဲ့။ အိမ်လာလည်ဖို့ ဖိတ်တာပါလို့ ပြောလိုက်တယ်။ အမေကြီး တယောက်က ခေါ်တာ။ အဲဒါနဲ့ အန်တီက “ဟုတ်ကဲ့၊ လာမယ် အမေ၊ လာမယ်”လို့ ပြောလိုက်တယ်။ ဒီလောက် လူတွေ အများကြီးထဲမှာ ပေးလိုက်တဲ့ ကတိကို ညကျတော့ ဆရာ့ကို မေးတယ်။
ဆရာတဲ့ နေ့လည်က ဖိတ်လိုက်တဲ့ ကျမကို ဖိတ်လိုက်တဲ့ တယောက်ကို သိလားတဲ့။ သိတယ်။ ဘယ်သူပဲလို့ ပြောလိုက်တော့။ သွားရမယ်တဲ့။ တိတ်တိတ် ကလေး သွားရတယ်။ လုံခြုံရေး နည်းနည်းနဲ့ သွားခဲ့တယ်။ အဲတုန်းက လုံခြုံရေးက ကိုမော်၊ ကိုအောင် ဆိုတာလေ။ အဲဒီကိစ္စက ဆရာ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ဖြစ်နေတယ်။ ကတိတလုံး ပေးထားရင် တည်တယ်ဆိုတဲ့ အကြောင်းပါ။
နှစ်က Education ပေါ့။ တိုင်းပြည် တည်ဆောက်ဖို့ဆိုတာက ပညာက အရမ်း အရေးကြီးတယ်။ ပညာရှင်တွေ အများကြီး ရှိပါတယ်။ လူတယောက်က အားလုံး မတော်နိုင်ဘူးလေ။ နိုင်ငံရေးပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းမှာတော့ သူ့(ဒေါ်အောင်ဆန်းစုကြည်) ပညာကို သဘောကျတယ်။
သုံးမှာတော့ စေတနာပေါ့။ မိသားစုကို ပစ်ပြီးတော့ လာလုပ်နေတယ်။ ဆရာလည်း ပြောတယ်။ အန်တီနေရာမှာသာ ကျနော်သာ ဆိုရင်တော့ မလုပ်နိုင် တော့ဘူးလို့။ ဆရာသာဆို လုပ်ချင်မှ လုပ်တော့မှာ။ သမ္မတ အရွေးမခံတော့ဘူး။ အခုတင် ပြည်သူ့ခေါင်းဆောင် ဖြစ်နေပြီလေ။ ဆရာမြင်တာ ပြောရရင် သမ္မတတို့၊ ဝန်ကြီးချုပ်တို့ ဖြစ်ရင်တောင် မကျေမနပ် အပြောခံရမှာပဲ။
ဘဘနုကိုကြည့်။ ဦးနုကိုကြည့်။ ဝန်ကြီးချုပ် မဖြစ်ခင်က ထောက်ခံကြသူတွေက ဝန်ကြီးချုပ်လည်း ဖြစ်သွားရော ဆဲကြတာပဲ။ လူတိုင်းကို ဆရာတို့က မဖြည့်ဆည်းပေးနိုင်တဲ့အခါ အဲဒီအခါမှာ ကိုယ်နဲ့ ပတ်သက်တာတွေက ဆန့်ကျင်ဘက်ဖြစ်လာရင် အပြောခံရမှာပဲပေါ့။ ဒါပေမယ့် ကိစ္စ မရှိဘူး။ ရတယ်။ ဒီတိုင်းပြည်အတွက် သူ့ရဲ့ တာဝန်လို့ပဲ သတ်မှတ်ထားတယ်။ နောက်ဆုံး ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ စိတ်ဓာတ်ကို သမီးဆီမှာ မြင်လိုက်ရတော့ ဆရာတို့ အားကျတာပေါ့။
နံပါတ်လေး အချက်က လူတယောက်ကို ချစ်ခင်ဖို့ဆိုတာ လုပ်ယူလို့ မရဘူး။ ပြည်သူတွေရဲ့ အားကိုးမှု၊ ချစ်ခင်မှု ဆိုတာကလေ။ အလိုအပ်ဆုံးမှာ ဥပမာ နေမ ကောင်းဖြစ်တယ်။ ဘယ်လောက်ပဲ သူက ပညာရှင်ကြီးဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲ ဖြစ်ဖြစ်၊ သိပ္ပံပညာရှင်ပဲ ဖြစ်ဖြစ် နေမကောင်းရင်တော့ ဆရာဝန်ဆီပဲ သွားပြ ရမှာလေ။ အဲဒီဆရာဝန်ကြီး အိမ်ဆောင်ချင်တယ်ဆိုရင် ဘာပဲပြောပြော အင်ဂျင်နီယာဆီကို သွားရမှာ။ ဆရာပြောတာက လိုအပ်တာကို ဖြည့်ပြီးတော့ ဝိုင်းလုပ်ကြရင် မရဘူးလား။ ဆရာတို့ဆီမှာ အရာရာက ဖြည့်ဆည်းဖို့ လိုနေတယ်ဆိုတာ အားလုံး လက်ခံထားတယ်။ အားလုံး ဝိုင်းလုပ်မှ ရမယ်ဆိုတဲ့ စိတ်ဓာတ် အန်တီဆီမှာ ရှိတယ်။
ဆရာသဘောကျဆုံး အချက်က အာဃတ မရှိခြင်းပဲ။ ဘယ်သူ့အပေါ်မှာမှ အာဃတ လုံး၀ မထားဘူး။ ကတိဆိုတာ သူပေးထားရင်လည်း အဲဒီ ကတိ ကိုလည်း တည်တယ်။ အာဃတလည်း မရှိဘူးဆိုတော့ ပိုကောင်းတာပေါ့။ ဒီဟာကို ဆရာတို့က စကားပြောတိုင်း ဒီဟာကိုက သူ့မူပဲ။ အားလုံး ဖိတ်ခေါ်ပြီးတော့ အားလုံး အတူတကွ လုပ်နိုင်ကြမယ်လို့ ဆရာ မြင်တယ်။
နောက်တခုကတော့ Capacity ပေါ့။ ဘယ်လောက်ပဲ စေတနာကောင်းကောင်း။ Capacity မရှိရင် အရည်အချင်းနဲ့ အရည်အသွေးနဲ့ သို့မဟုတ် ပညာနဲ့ မရှိရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ လေးစားမှု ဆိုတာ လုပ်ယူလို့ မရဘူး။ Nobel Prize တွေက အများကြီး ရကြတာပဲ။ အန်တီလည်း ရတယ်ပေါ့။ အဲဒီတော့ Nobel Prize တွေထဲမှာ စဉ်းစားကြည့်။ အားလုံးက ဘယ်လို ကြိုဆိုကြလဲ။ တိုင်းပြည်ခေါင်းဆောင်လည်း ဖြစ်တယ်။
အန်တီ နောက်ဆုံးသွားခဲ့တဲ့ China ကိုပဲကြည့်။ ဆရာသိသလောက် ၁၉၅၂ ခုနှစ်က စပြီးတော့ People’s Hall ထဲမှာ သမ္မတကြီးက ဘယ်အတိုက်အခံ ခေါင်း ဆောင်ကိုမှ မတွေ့ဘူး။ ဘယ်နိုင်ငံကိုမှ မတွေ့ဘူးသေးဘူး။ အန်တီနဲ့ တွေ့ခဲ့တယ်။ အနောက်နိုင်ငံဆို ထားလိုက်တော့။ အိန္ဒိယလည်း ဒီလိုပဲ။ အာဆီယံ နိုင်ငံတွေဆိုရင်လည်း ဒီလိုပဲ။ ဆရာဆိုလိုတာက အန်တီက ဒီတိုင်းပြည်တခုတည်းအတွက် မဟုတ်ဘူး။ အာဆီယံနိုင်ငံတွေ အတွက်ပါ အများကြီး လုပ်ပေး နိုင်လိမ့်မယ်လို့ ဆရာတို့ မျှော်လင့်တယ်။ သူ့ခေါင်းဆောင်မှု လိုနေတယ်လို့ မြင်တယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အကြိုကာလမှာ မဲဆွယ်စည်းရုံးရေး ခရီးတွေ မိုင်ပေါင်းများစွာ သူ့ရဲ့ ကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ အန်တီမွေးတာက ၁၉၄၅ ဆိုတော့ အခု ၇၀ စွန်းလာပြီ။ ဆရာက သူ့ထက် ၆ နှစ် ငယ်တယ်။ ဒါပေမယ့် ဆရာ သူ့လောက် မသွားနိုင်ဘူး။ သူသွားခဲ့တဲ့ ခရီးတွေကို စဉ်းစားကြည့်ရင် လေယာဉ်ပျံနဲ့ ရွှတ်ဆို ရောက်တာ မဟုတ်ဘူး။ ပြည်နယ်တွေကို ကားနဲ့သွားရတာတွေ ရှိတယ်။ အန်တီက ကားမူးတတ်တာလည်း ရှိတယ်။ အန်တီ ခရီးက ပြန်ရောက်တိုင်း ဆေးကတော့ စစ်တယ်။ နောက်ဆုံးတခေါက် ပြန်လာပြီး စစ်တဲ့အခါကျတော့ ပြောရရင် ဆေးစစ်တယ်ဆိုတာ ဆရာဝန်တယောက်တည်း စစ်လို့ မရဘူးနော်။ ဥပမာ သွေးပိုင်းဆိုင်ရာ၊ ဓာတ်မှန်ပိုင်းဆိုင်ရာ၊ အမ်ထရာဆောင်းကအစ သူ့ဟာနဲ့သူ ခွဲစစ်ရတာ။ ဆရာဝန်ကြီးတွေ အားလုံးက လက်ဖျားခါတယ်။ ဆရာကလည်း သူ့ဆရာဝန်မိုလို့ အားလုံးကောင်းတယ် ပြောလို့မရဘူး။ အားလုံးက သူ့ဟာနဲ့သူ ခွဲစစ်ရတာ။ အားလုံးကောင်းတယ်။
ဆရာတခု ယုံတာက လူတယောက်ရဲ့ ရုပ်ဆိုတာက ကံ၊ စိတ်၊ ဥတု၊ အဟာရ အပေါ်မှာ မူတည်တယ်။ ရုပ်ခန္ဓာမှာ ဥတုနဲ့ အဟာရက ဆရာပြောလို့ရတယ်။ အမရေ ရာသီဥတုက ဒီမှာ အေးတယ်။ အနွေးထည်လေးဆောင်သွား။ အဟာရဆိုရင်လည်း အမ ဘာစားမလဲ။ အဟာရဖြစ်အောင် ဒါလေးကောင်းတယ်ပေါ့။ ဒါပေမယ့် ကံကို ဘယ်လို သွားလုပ်မလဲ။ ကံသည် စိတ်နဲ့ပဲ ဆိုင်တယ်။ စိတ်သည် ခုနက ပြောတဲ့ စေတနာ။ သူ့မှာ စေတနာပါလာတဲ့အတွက် သူ့ကံက ကောင်းနေတယ်။ ကျန်းမာရေးအရရော၊ လုံခြုံရေး အရရော စဉ်းစားကြည့်။
မေး ။ ။ မြန်မာ့ နိုင်ငံရေးမှာ အားကောင်းတဲ့ အင်အားစုကြီး၊ အင်စတီကျူးရှင်းကြီးတခု ဖြစ်နေတဲ့ တပ်မတော် အပေါ်မှာရော ဘယ်လို သဘောထားရှိလဲ။
ဖြေ ။ ။ အန်တီက တပ်မတော် အပေါ်မှာ အမြဲတန်း သံယောဇဉ်ရှိတယ်။ ဆရာတို့ကိုယ်တိုင်လည်း အလုပ်တွေ တွဲလုပ်နေတာ ရှိတယ်။ ဒီနိုင်ငံမှာတော့ တကယ့် Player က တပ်မတော်ပဲ။ အဲတော့ အပြင်ကလူတွေ ဘယ်လောက်ပဲ တိုက်တိုက် ဆရာတို့နဲ့ အန်တီနဲ့ စကားပြောတဲ့အခါမှာ အန်တီက တပ်မတော် ကို ချစ်ခင်တယ်။ တပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်ဆိုတာ အမြဲတန်း ပြောတယ်။
ဥပမာ ဆိုပါတော့ ၆ ပွင့်ဆိုင်မှာလည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ အန်တီနဲ့ စကားတွေ ပြောကြတယ်။ တိုင်းရင်းသားထဲက ဦးအေးမောင်တို့ ပါတယ်။ ဦးရွှေမန်း တို့ ပါတယ်။ သမ္မတကြီးလည်း ပါတယ်။ ပြောချင်တာက တပ်မတော်အပေါ်မှာ အန်တီသဘောထားက . . . ဆရာကတော့လေ တရေးနိုးထမေး ဆရာ့ အ သွေးထဲအသားထဲမှာ ယုံကြည်တာကတော့ အရမ်းချစ်တယ်။ အရမ်းကို လက်တွဲပြီး လုပ်နိုင်မယ်လို့ အန်တီစိတ်ထဲမှာ အမြဲရှိတယ်။ အခုကတော့ ရွေးကောက်ပွဲ ကာလဆိုတော့ အထိအတွေ့နည်းချင် နည်းနေမှာပေါ့။ ဒါပေမယ့် တပ်မတော် အပေါ်မှာတော့ အမြဲတန်း ယုံကြည်မှု ရှိတယ်။ တပ်မတော် တင် မဟုတ်ဘူး။ အခု သမ္မတကြီးရော လွှတ်တော် ဥက္ကကြီးနဲ့လည်း ဆက်ဆံရေး ကောင်းတာပဲ။
အာဇာနည်နေ့ကဆိုရင်လည်း အားလုံးလာကြတာပဲ။ ပြောချင်တာက လက်ရှိ တပ်မတော်သားတွေနဲ့ရော တပ်မတော် အငြိမ်းစားတွေနဲ့ရော ဆက်ဆံရေး ကောင်းတယ်။ ရာနှုန်းပြည့် အာမခံတယ်လို့ ဆရာပြောနိုင်တာက တပ်မတော်နဲ့ ပတ်သက်လို့ စိတ်ကောင်း စေတနာကောင်းနဲ့ ရာနှုန်းပြည့် တွဲလုပ်ချင်တယ် ဆိုတဲ့စိတ် အန်တီမှာ အမြဲတန်း ရှိပါတယ်။