၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက နေရာအများစု အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ရန် သေချာသွားပြီ ဖြစ်သော်လည်း ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထား ရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပုဒ်မ ၅၉(စ)တွင် မိမိကိုယ်တိုင်၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး တဦးဦး သည် လည်းကောင်း နိုင်ငံခြားသား ဖြစ်သူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတဖြစ်ရန် မသေချာ တော့ပေ။
သို့သော်လည်း ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မျှော်လင့်လျက်ရှိရာ ပုဒ်မ ၅၉(စ) ပြင်ဆင်ရန် သင့်/မသင့်အပေါ် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်များကို ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာသောင်းထွန်း
(နိုင်ငံရေး သုံးသပ်လေ့လာသူ)
ဒေါ်အောင်ဆန်းစုကြည်က ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့တာက ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာကတည်းက တောက် လျှောက် တောင်းဆိုခဲ့တယ်။ နောက်ပိုင်းလွှတ်တော်က ၆ ပွင့်ဆိုင် တောင်းဆိုခဲ့တယ်။ အဲဒီလို အခြေအနေမှာ တကယ့် State Holder တွေ အားလုံး တွေ့ဆုံဆွေးနွေးခြင်းသည် တိုင်းပြည်ရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲကို ကျော်လွှားဖို့ အကောင်းဆုံးပါပဲ။ ရွေးကောက် ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး အနေအထားမှာ NLD အနေနဲ့ အခုလို တွေ့ဆုံဆွေးနွေးခြင်းဟာ ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှု၊ အသွင် ကူးပြောင်းမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က စတင်အဆိုပြုလိုက်တာ ဖြစ်တယ်လို့ မြင်တယ်။
ပြည်သူလူထုအားလုံးရဲ့ ဆန္ဒမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်ချင်တယ်။ ယုံကြည်မှုလည်း ရှိတယ်။ ထောက်ခံမှုလည်း ရှိတယ်ဆိုတာ ဒီရွေးကောက်ပွဲက ဖော်ပြတယ်။ ဒါပေမယ့် ၅၉(စ) ကို ပြင်နိုင်/မပြင်နိုင် ဆိုတဲ့အပိုင်းမှာ လက်ရှိ လွှတ်တော်ရဲ့ သဘောထားအပေါ်လည်း မူတည်တယ်။ နောက်ပြီး လက်ရှိ လွှတ်တော်မှာလည်း တပ်ဘက်က ၂၅ ရာခိုင်နှုန်းကျော်က လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာပေါ်မှာ မူတည်ပါတယ်။ ဒီဟာကို ခုချက်ချင်းပြင်ရမယ်လို့ ရမယ်ဆိုတဲ့ အနေ အထားကို ကျနော်ပြောနေတာ မဟုတ်ပါဘူး။ လုပ်ချင်ရင် လုပ်လို့ရတယ်လို့ ပြောတာပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ အနေ အထားတွေကို ကြည့်ရတာတော့ သူ့အနေနဲ့ သမ္မတအဖြစ်ဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်ဘူးဖြစ်စေ ပါတီ ဥက္ကဋ္ဌ အနေနဲ့က ပါတီက တင်မြှောက်လိုက်တဲ့ ဘယ်သမ္မတကိုမဆို ပါတီက ဦးဆောင်မှု၊ လမ်းညွှန်မှုနဲ့သွားလို့ရတယ်လို့ ပြောထားတယ်။ အစည်း အဝေးမှာ ရှေ့ဆက်ပြီး တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကို ဘယ်လိုသွားမလဲ။ အားလုံးရဲ့အဆင်သင့်ဖြစ်မှု အနေအထားပေါ် ဘယ်နေရာမှာ သဘောတူညီမှုရမလဲဆိုတော့ ဘုံသဘောတူညီပေါ် မူတည်ပါလိမ့်မယ်။
ဦးသိန်းသန်းဦး
(အထက်မြန်မာပြည် ရှေ့နေကွန်ရက်-ဥက္ကဋ္ဌ)
လေးပွင့်ဆိုင်က မလွှဲမရှောင်သာတွေ့ကို တွေ့ရမှာ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရွေးကောက်ပွဲနိုင်နေပြီလေ။ အာဏာလွှဲပြောင်းမှု အဆင်ချောမွေ့ဖို့၊ ကြားကာလထိန်းသိမ်းဖို့၊ တိုင်းပြည်ရဲ့ နောက်ပိုင်းကာလတွေအတွက် မတွေ့မဖြစ် တွေ့ကိုတွေ့ရမှာ။ ၅၉(စ) ပြင်ဖို့ အထိ မလိုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိကတည်းက ၂၀၁၂ ကတည်းက သူ့ကို လွှတ်တော်ထဲ မဝင်စေချင်ဘူး။ ပါတီမှာ နေ ပြီးတော့ အမိန့်ပေးလို့ ရတာပဲ။ သမိုင်းမှာ အများကြီးပါဘဲ။ ခေါင်းဆောင်ဆိုတာ ရာထူး မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ၅၉(စ) တို့ ၄၃၆ တို့ကို ဒရောသောပါး မပြင်စေချင်သေးပါဘူး။ အချိန်ယူပါအုံး။ အခုက လူထုရဲ့သဘောထားရနေပြီ။ အခု ရွေးကောက်ပွဲက NLD နိုင်တာ မဟုတ်ဘူး။ ပြည်သူတွေနိုင်တာ။ USDP ရှုံးသွားတာ မဟုတ်ဘူး။စစ်အာဏာရှင်တွေ ရှုံးသွားတာ။
ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာတွေဘာတွေ ဖန်တီးစရာ မလိုပါဘူး။ အသည်းအသန်ကြီး လုပ်စရာ မလိုပါဘူး။ တကယ်သာ အမျှော်အမြင်ကြီးမားတယ်ဆိုရင် အခြားပါတီကို ကမ်းလှမ်းပြီးလည်း သမ္မတဖြစ်နိုင်သေးတာပဲ။ ကိုယ့်အဆုံးအဖြတ်ကို နာခံဖို့တော့ လိုတာပေါ့။ အခုဟာက တယောက်တည်း အယူအဆကတော့ အမျိုးသား ညီညွတ်ရေးညွန့်ပေါင်းအစိုးရ။ ညီညွှတ်ရေးက ပြိုကွဲ ပျက်စီးနေတာ။ နှစ် ၆၀ လုံးလုံး စုတ်ပြတ်နေတဲ့တိုင်းပြည်ကို NLD ပါတီ တခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းလည်း မလုပ်နိုင်ပါဘူး။ အမျိုးသား ညီညွှတ်ရေး အစိုးရပေါ့လေ။ ကြံ့ခိုင်ရေးပါတီလည်းပါတာပေါ့။ အဲဒီပါတီထဲမှာလည်း လူတော်လူကောင်းတွေ ရှိတာပဲ။ တပ်မတော်မှာလည်း စစ်အာဏာရှင်ကို ကာကွယ်တာ မဟုတ်ဘဲနဲ့ ပြည်သူ လူထုကို ကာကွယ်တဲ့သူတွေ၊ တိုင်းရင်းသားပါတီကလူတွေလည်း ပါသင့်တာပဲ။ အဲဒါကတော့ ကျနော့် အမြင်ပေါ့။ ၅၉(စ)ကို ဖုတ်ပူ မီးတိုက်ကြီး ပြင်စရာ မလိုပါဘူး။ နှစ် ၂၀ လောက် အချိန်ယူပြီး ပြင်မှရမယ့် ကိစ္စတွေ။ သူလည်း အမျိုးသား ရင်ကြားစေ့ရေး အစိုးရ အဖြစ် သွားမယ် ထင်တယ်။ ပါတီတွေအားလုံး ဝိုင်းလုပ်တော့ ပိုကောင်းတာပေါ့။
ဒေါက်တာမောင်မောင်လေး
(ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း-ဒုဥက္ကဋ္ဌ)
တော်တော်လေး ဝမ်းသာပါတယ်။ ချီးကျုးထိုက်တဲ့သူကို ချီးကျူးရမယ်။ ဒါကတော့ ကျနော်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ။ အများစုသော နိုင်ငံခြားသားတွေကလည်း ချီးကျုးကြတာ တွေ့ပါတယ်။ အရင်ကတော့ သံသယတွေမြင်တာပေါ့နော်။ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမလား။ မရှိဘူးလားပေါ့နော်။ တရားမျှတ လွတ်လပ်မှုကတော့ အထိုက်အလျောက်ဖြစ်တာပေါ့နော်။ ဒါကတော့ ကျနော့် သုံးသပ်ချက် မဟုတ်ဘဲ နိုင်ငံခြားသားတွေက သုံးသပ်ကြတာပေါ့လေ။ တချို့ကတော့ ဗရုတ်ဗရက်တွေဖြစ်မယ်လို့ ထင်ခဲ့တာပေါ့။ တချို့ဆို သူတို့ နိုင်ငံမှာ ဒီလောက်တောင် ပြဿနာမရှင်းဘူးလို့ ပြောကြတယ်။ နောက်တက်မယ့်အစိုးရကတော့ တာဝန် သိပ်ကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ လူတွေမှာ မျှော်လင့်ချက်တွေ သိပ်ကြီးမားနေတယ်လေ။ ၅၉(စ)ကတော့ ဖြည်းဖြည်း ပြင်သွားဖို့ ကောင်းပါတယ်။ ပြင်သွားဖို့ ဆိုတာကလည်း အစစအရာရာ အာဃာတ မထားဘဲနဲ့ နောက်ကြောင်းပြန် မဖော်ဖို့ အရေးကြီးပါတယ်။
အခုချိန်မှာ တော်တော်များများ စိုးရိမ်နေကြတာက နောက်ကြောင်း ပြန်လှန်မှာကို စိုးရိမ်နေကြတယ်။ အရင် လုပ်ခဲ့တာတွေကို တော်တော်ကို စိုးရိမ်ပါတယ်။ ဒါကိုမလုပ်ဘဲနဲ့ ရှေ့ကိုအနာဂတ်ကို ကြည့်ပြီးတော့ပေါ့။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ အခြေခံ အဆောက်အအုံ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေပေါ့။ အခုဆိုရင် နောက်ပိုင်းမှာ ဝင်လာမယ့် ရင်းနှီး မြုပ်နှံမှုတွေ အများကြီး ရှိတယ်။ အမေရိကန်၊ ဥရောပတွေက အများကြီးပဲ။ အဓိက,က ခေါင်းဆောင်ကောင်း တယောက်ဖြစ်ဖို့ရယ်၊ မှန်မှန်ကန်ကန်နဲ့ ပညာသားပါပါ ဆုံးဖြတ်တတ်ဖို့ရယ်နဲ့ တရားဥပဒေစိုးမိုးရေးကိစ္စပေါ့။
ဒေါက်တာစိုးထွန်း
(မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း-ဥက္ကဋ္ဌ)
လေးပွင့်ဆိုင်တွေ့ဆုံမယ့်ကိစ္စကတော့ ဒါလုပ်သင့်တဲ့ကိစ္စလို့ မြင်တယ်။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်သွားမယ်။ အာဏာလွှဲရေးမှာ စနစ်တကျ ဖြစ်သွားမယ်ဆိုတော့ ကျနော်တို့က ကြိုဆိုပါတယ်။ ၅၉(စ) ပြင်ဆင်ရေးကတော့ လွှတ်တော်ထဲမှာ အဆင့်ချင်းအလိုက် ဆက်သွားရမယ် ထင်တယ်။ အခုလောလောဆယ်မှာတော့ ပြောရမှာ စောသေးတယ်။ လွှတ်တော် ကော်မတီတွေကလည်း သူတို့ ဘာသာ လိုအပ်တဲ့ ပုဒ်မတွေပြင်သွားမယ့် သဘော ရှိတယ်။
ဦးနေလင်းစိုး
( မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်ကွန်ရက်)
မသန်စွမ်းသူ တယောက်ဆိုတာထက် နိုင်ငံသားတယောက် အနေနဲ့ပြောရရင် လက်ရှိကာလမှာ အနာဂတ်အတွက် အဟန့်အတား ကိုကျော်လွှားနိုင်ဖို့နဲ့ အခြေအနေတခုအတွက် ကာလအပိုင်းအခြားတခု အနေနဲ့ ပြင်သင့်တယ်။ တသက်လုံးပြင်ပေးရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ကြားကာလ တခုအတွက် ပြင်ပေးသင့်တာ။ အခုပြင်ပေးပြီးနောက် ၅ နှစ်နေရင် အခြေအနေကို ကြည့်ပြီး ပြုပြင်ဖို့ လုပ်သင့် မလုပ်သင့်ဆိုတာက တမျိုးပေါ့။ ကျနော်ကတော့ ကာလအပိုင်းအခြားတခု အနေနဲ့တော့ ပြင်ဆင်သင့်တယ်ပေါ့။
ဦးကျော်ဝင်း
(မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း-ဒုဥက္ကဋ္ဌ)
လေးပွင့်ဆိုင်တွေ့မယ်ဆိုတော့ ကောင်းပါတယ်။ အရင်ကတည်းက တွေ့ဖို့ပြောနေတာ တွေ့ခွင့်မှ မရတာ။ ရွေးကောက်ပွဲပြီးတော့ တွေ့ဖို့ လက်ခံတယ်။ အာဏာလွှဲဖို့က နောက်ထပ် ၄ လ ကျန်သေးတယ်လေ။ ဒီကြားထဲမှာ ချောချောမွေ့မွေ့ဖြစ်ဖို့ လိုတော့ ကောင်း ပါတယ်။ လူတွေက မေ့နေကြတယ်။ အရင်က အုပ်ချုပ်ရေးပိုင်းရဲ့ ခေါင်းဆောင်က ပါတီရဲ့ ခေါင်းဆောင်ဖြစ်ချင်မှလည်း ဖြစ်ကြတယ်။ ဥပမာဆိုရင် တရုတ်ပြည်က ဥက္ကဋ္ဌကြီး မော်စီတုန်းဆိုတာ သမ္မတမှ မဟုတ်ဘဲ။ ဒါပေမယ့် သူ့ထက် ပါဝါကြီးတဲ့သူ ဘယ်သူမှ မရှိဘူး။ သမ္မတမှ ပါဝါရှိရမယ် မဟုတ်ဘဲ။ ဉာဏ်ရှိတဲ့သူ၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့သူက သူ့ဆီကို လုပ်ပိုင်ခွင့်တွေ ရောက်သွားတာပါပဲ။ ဒါကို လူတွေက သမ္မတအပေါ်မှာ ရှိတယ်ဆိုတာကို တကမ္ဘာလုံးက အုတ်အော်သောင်းနင်းနဲ့ Negative မြင်နေကြတာလေ။ အမှန်က အမေရိကန်မှာလည်း သမ္မတက အုပ်ချုပ်နေတယ်လို့သာ ပြောတာ သမ္မတက အရုပ်ပဲ။ သူ့နောက်ကနေ အကြံဉာဏ်တွေ ပေးနေကြတာလေ။ သမ္မတက လူရှေ့ထွက် စကားပြောဖို့လောက် ခန့်ထားတာလေ။
ဒေါ်ခွန်ဂျာ
(ကချင်ငြိမ်းချမ်းရေးကွန်ရက်)
ဆိုရှယ်လစ် ခေတ်တုန်းက တပါတီစနစ်ပေါ့။ နောက်တော့ စစ်အာဏာရှင်စနစ်ပေါ့။ အခုတော့ One Lady Rule တော့ မဖြစ်စေချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖြစ် ဘယ်သူပဲ တက်တက် အမှန်တကယ် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ သွားတာပဲ လိုချင်တယ်။ သမ္မတ အထက် မှာ နေပြီး တယောက်တည်း အုပ်ချုပ်မယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ၅၉(စ)ကို ဒေါ်အောင်ဆန်းစုကြည်မို့လို့ ပြင်ပေးမယ် ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်လို အခြေအနေမှာ တခြားတယောက်ဆိုရင်ရော ပြင်မလားပေါ့။ ဒီအခြေအနေမှာ လူတဦး တယောက်ကို ကြည့်တာမဟုတ်ဘဲ တနိုင်ငံလုံးရဲ့ အနာဂတ်ကို ကြည့်ပြီးမှ ပြင်သင့်တဲ့အရာ အားလုံးကို ပြင်သင့်တယ်လို့ ယူဆတယ်။
ဒေါ်အောင်ဆန်းစုကြည်မို့လို့ ခြံစည်းရိုးကို ဖြဲပေးတယ်။ တခြားသူကိုတော့ ခြံစည်းရိုးကို ပိတ်ထားတယ်ဆိုရင်တော့ မတရားဘူးပေါ့။ တခြား သူတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်လိုမျိုး မပါလာဘူးပေါ့။ အဲလိုအခြေအနေမျိုးမှာရော ခြံစည်းရိုးကို ဘယ်လို လုပ်ပေးမလဲပေါ့။ ဥပမာ အိန္ဒိယနိုင်ငံကို ကြည့်ရင် သူတို့နိုင်ငံ မူလဇစ်မြစ်မဟုတ်တဲ့ သူမျိုးတောင် အုပ်ချုပ်ခွင့်ပေးတာမျိုးရှိတော့ အဲလိုမျိုး သဘောထားကြီးကြမလားပေါ့။ ဒါကြောင့် လူကိုမကြည့်ဘဲနဲ့ ရေရှည်မှာ အများအတွက် သင့်တော်မယ့် မူဝါဒမျိုး ချမှတ်သင့်တယ်လို့ ယူဆတယ်။
နောက်တခုက အသွင်ကူးပြောင်းရေးကို စိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့ အသွင်ကူးပြောင်းရေးက ၂ ခု ဖြစ်နေတယ်။ ရွေးကောက် ပွဲနဲ့ပတ်သက်ပြီး လက်ရှိအစိုးရက နောက်အစိုးရကို ဘယ်လိုလွှဲပြောင်းမလဲပေါ့။ အဓိကအားဖြင့် ပြည်သူတယောက်အနေနဲ့ ၁၉၉၀ တုန်း ကလို မဖြစ်စေချင်ဘူး။ ရုန်းရင်းဆန်ခတ် ကူးပြောင်းမှုမျိုး မသွားချင်ဘူး။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက နိုင်ငံရေးအရ အင်အားကောင်းတဲ့အဖွဲ့မဟုတ်ဘူး။ အခုက CNF မှာ ပညာရှင်တော့ ရှိတယ်။ ဒါပေမယ့် နိုင်ငံရေးအရ အားကောင်းတဲ့အဖွဲ့ မဟုတ်ဘူး။ အခုက frame work ရေးဆွဲနေတဲ့ ကာလမှာ နိုင်ငံရေးအရ အားကောင်းတဲ့ အဖွဲ့မပါတော့ ဘယ်လိုသွားမလဲပေါ့။ အမျိုးသား ရင်ကြားစေ့ရေးလို့ ပြောတဲ့အခါမှာ တပ်မတော်တခုတည်းနဲ့ မဟုတ်ဘဲ တပ်မတော် ပြင်ပက လူတွေကိုလည်း ထည့်သွင်း စဉ်းစားသင့်တယ်။
ဦးညိုထွန်း
(နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)
၅၉(စ)ကိစ္စက ခန့်မှန်းရခက်တယ်။ ကျနော့်အမြင်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွား နေတာ ဆိုတော့ လက်ရှိအစိုးရနဲ့ ပေါင်းပြီး အစိုးရဖွဲ့မယ် ထင်တယ်။ ပြင်ဖြစ်ဖို့ သိပ်မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ သဘောမျိုး ပြောနေတာဆိုတော့လေ။ ပြင်ဖြစ်မယ်ဆိုရင်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သမိုင်းကသိပ်ကောင်းသွားလိမ့်မယ်။
ဦးကျော်ဝေဖြိုး
(နည်းပြ-မြန်မာစာဋ္ဌာန မုံရွာတက္ကသိုလ်)
ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၅၉ ဆိုတာကတော့ သမ္မတတယောက်မှာရှိသင့်တဲ့အခြေခံအရည်အချင်းပေါ့။ အဲဒီအထဲကမှ (စ) ကတော့ သားသမီးတွေဟာ နိုင်ငံခြားသားမဖြစ်ရဘူးလို့ သတ်မှတ်ာထားတာပေါ့။ ဇနီး၊ ခင်ပွန်းဆိုတာတွေအပြင် သားသမီးဆိုတာနောက်ထပ် မျိုးဆက်တဆက်ဖြစ်သွားပြီ။ သားသမီးတွေအပေါ်မှာတောင် ပြန်သြဇာသက်ရောက်မှုရှိတာ မြန်မာလူမျိုးတွေဆီမှာရှိတယ်ဆိုတော့ သားသမီးဆိုတာအထိတော့ မသက်ဆိုင်တော့ဘူးလို့ထင်တယ်။ အဲဒီတော့ ပုဒ်မ ၅၉(စ) ကို ဖြုတ်ချသင့်တယ်။ ၄ ပွင့်ဆိုင်တွေ့ဆုံရေးဆိုတာထက် ကျနော်သိထားတာကတော့ တယောက်ချင်းဆီနဲ့တွေ့မယ်လို့သိထားတယ်။ ဒါပေမယ့် ဘယ်လိုပုံစံပဲတွေ့တွေ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကအရမ်းအရေးကြီးတော့ မတွေ့မဖြစ်တွေ့ကိုတွေ့သင့်တဲ့ကိစ္စပါလို့ပြောချင်တယ်။
ဒေါ်လှလှရီ
(တရားလွှတ်တော်ရှေ့နေ)
ပုဂ္ဂိုလ်ရေးအမြင်ကို ပြောရရင် ၅၉(စ)မှာ တချို့အချက်တွေက ပြင်သင့်တယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ တချို့ အချက်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ပိတ်ပင်ထားလို့ ယူဆတော့ ပြင်သင့်တယ်။