ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တို့ အကြား နိုဝင်ဘာ ၁၄ ရက်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။
နိုဝင်ဘာလ ၁၆ ရက်တွင် တပ်မတော်ဘက်မှ လေယာဉ် ၂ စင်းကို အသုံးပြု၍ KIA တပ်မဟာ (၈) လက်အောက်ရှိ တပ်စခန်းများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာသည် မိုးညှင်းမြို့နှင့် ၂ မိုင်ကျော်ကျော်သာ ကွာဝေးသဖြင့် မိုးညှင်းဒေသခံ ပြည်သူများ ကြောက်လန့်နေကြ သည်ဟုလည်း သိရသည်။
မိုးညှင်းတိုက်ပွဲ အခြေအနေ၊ တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းတို့နှင့် ပတ်သက်ပြီး KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် အား ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မိုးညှင်းဘက်က တိုက်ပွဲအခြေအနေ သိချင်ပါတယ်။
ဖြေ။ ။ တိုက်ပွဲက နိုဝင်ဘာ ၁၆ ရက်က အပြင်းထန်ဆုံးဖြစ်သွားခဲ့တယ်။ အပြင်းထန်ဆုံးဆိုပေမယ့် ဒီဘက်မှာ ခုခံစစ် မရှိခဲ့ဘူး။ သူတို့ ဘက်က ကျနော်တို့ရဲ့ KIA တပ်စခန်းတွေကို၊ ကျနော်တို့ KIA တပ်ဖွဲ့ဝင်တွေ မရှိတော့တဲ့ ဆုတ်ခွာသွားတဲ့ တပ်စခန်းတွေကို မနေ့က လက် နက်ကြီးတွေရော လေယာဉ်တွေရော အင်အား အဆမတန် ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
မနေ့က ပစ်ခတ်မှုက အပြင်းထန်ဆုံးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အောက်ကစခန်းတွေမှာ အရမ်း ပြန်လည် ခုခံရတာ မရှိပါဘူး။ နိုဝင်ဘာလ ၁၅ ရက် မနက်ကတည်းက တပ်တွေကို ကျနော်တို့ ခွာပြီးတော့ စခန်းတွေကိုချန်ထားခဲ့တာပါ။ သူတို့ တိုက်တာ တပ်စခန်း အဟောင်းတွေပါ ။
မေး။ ။ KIA ဘက်က တပ်စခန်းတွေ မရှိဘူး၊ အဲ့ဒီနားမှာ မရှိတော့ဘူး ပြောပေမယ့် တိုက်ပွဲက မိုးညှင်းမြို့နဲ့ ၂ မိုင်လောက်ပဲ ကွာတယ် လို့ ဒေသခံတွေက ပြောနေကြတယ်။ အခြေအနေကို ရှင်းပြပါဦး။
ဖြေ။ ။ မိုးညှင်းဆိုတာက မိုးညှင်းခရိုင်တခုရဲ့ ရုံးစိုက်ရာ မြို့ပါ။ တော်တော်လေး အချက်အခြာကျတဲ့ မြို့ ဖြစ်တယ်။ မြို့ရဲ့ အရှေ့ဘက် ၂ မိုင် ၃ မိုင်နားမှာ သူတို့ အင်အား အလွန်အကျွံသုံးပြီးတော့ တိုက်တာက သူတို့ဘက်မှာ စစ်ရေးရည်မှန်းချက် ရှိပါလိမ့်မယ်။ တခုဖြစ်နိုင်တာက မိုးညှင်းလူထုပေါ်မှာ စစ်ရေးအရ စွမ်းရည်ပြတာမျိုး၊ ခြိမ်းခြောက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
ကျနော်ပြောချင်တာက လွန်ခဲ့တဲ့ ရွေးကောက်ပွဲ ကာလမှာ ကြံ့ခိုင်ဖွံံ့ဖြိုးရေးကနေ မိုးညှင်းမြို့မှာ သူတို့ အနိုင်ရမယ့် မဲဆန္ဒနယ်တွေ သတ်မှတ်ထားတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ သူတို့မဲတွေ ရှုံးသွားပြီး NLD က အရေအတွက် ပိုရခဲ့တယ်။ အဲ့ဒီတော့ မိုးညှင်းမြို့က လူထုကို စစ်တပ်ကနေ တစုံတရာအစွမ်းပြချင်တာလည်း ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မြို့ခံလူထုကနေ အတိုင်းသား ကြားနေ ရတဲ့ ဒေသတခုမှာ လက်နက်ကြီးတွေနဲ့ပစ်တာမျိုး လေယာဉ်တွေကို အင်အားအဆမတန် သုံးပြီး ပစ်တာမျိုးဆိုတာက KIA ရှေ့တန်း စခန်းတခုကို ပစ်တာ ဆိုတာထက် မိုးညှင်းမြို့ခံလူထုကို စစ်ရေးအစွမ်းပြချင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါ ကျနော့် သုံးသပ်ချက်ပါ။
မေး။ ။ ဒါဆို တပ်မတော်က KIA တပ်စခန်းတွေကို လေယာဉ်အသုံးပြုပြီး ဗုံးကျဲခဲ့တယ်ဆိုတာ တကယ်ပဲပေါ့။
ဖြေ။ ။ မှန်ပါတယ်။ မိုးညှင်းက ဒေသခံတွေတောင် သိပါတယ်။ မနေ့က မွန်းလွဲပိုင်း ၁၂ နာရီလောက်မှာ ရဟတ်ယာဉ်၂ စင်းနဲ့ သူတို့ ဗုံးကျဲပါတယ်။ နောက်ပြီး အုပ်စုဖွဲ့ပျံလာတဲ့ ရဟတ်ယာဉ်နဲ့ လက်နက်ကြီး ပစ်ချတာတွေကို ညနေ ၅ နာရီ အထိ လုပ်ခဲ့ပါတယ်။ ဒါက ကောလာဟလ မဟုတ်ပါဘူး။ တကယ်ပစ်နေတာပါ။ KIA နဲ့ဖြစ်တဲ့ တိုက်ပွဲတိုင်းမှာ သူတို့ဘက်က လေကြောင်း အကူက အမြဲတမ်းပါနေတာပါပဲ ။
မေး။ ။ မိုးညှင်းတိုက်ပွဲမှာ KIAက အထိအခိုက်ဘယ်လောက် ရှိလဲ။ ခုခံစစ်အခြေအနေကရော ဘယ်လို အနေအထားမှာ ရှိပါသလဲ။
ဖြေ။ ။ တိုက်ပွဲက ၁၄ ရက်နေ့မှာ ရုတ်တရတ်ကြီး စဖြစ်လာတာ။ အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်။ ညနေပိုင်းမှာ ကျနော်တို့ ရှေ့တန်းစခန်းတခုကို ဖယ်ပေးလိုက်ရတယ်။ ၁၅ ရက်နေ့မှာလည်း တပ်စခန်း အငယ်လေးတွေကို ခွာပေးလိုက်ရတာတွေ ရှိပါတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ အတင်း ထိုးစစ်ဆင်လာတော့ ဖယ်ပေးလိုက်ရတာပါ။။ ၁၆ ရက်မှာတော့ မနက်ပိုင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်တယ်။ နေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ပစ်တာတွေ လုပ်လာတော့ တပ်မဟာ (၈) ဌာနချုပ်ကိုလည်း ကျနော် တို့ ၁၆ ရက် မနက်ပိုင်းမှာ ဖယ်ပေးလိုက်ရပါပြီ။ ဆက်ခုခံမယ်ဆိုလည်း သူတို့ဘက်က အဝေးကနေ လက်နက်ကြီးတွေနဲ့ လေယာဉ် နဲ့ အဆမတန် ပစ်ခတ်နေတော့ ကျနော်တို့ဘက်မှာက လက်နက်ငယ်ပဲဆိုတော့ ပြန်ပစ်ဖို့ မဖြစ်နိုင်တော့လို့ ရှောင်ပေးလိုက်ရပါတယ်။
ကျနော်တို့ဘက်မှာလည်း ထိခိုက်မှုမရှိအောင်လို့ ရှောင်ရတဲ့အပိုင်းတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်ပြီဆိုမှတော့ နှစ်ဖက် လုံး လည်း ထိခိုက်မှု ရှိတာပါပဲ။ ကျနော်တို့ တပ်ကလည်း ၁ ယောက် ၂ယောက် တော့ ထိသွားတာတွေ ရှိပါတယ်။ အသေးစိတ် ဘယ် သူ ထိလဲဆိုတာတော့ ကိန်းဂဏာန်း အခုချိန်မှာ မပြောနိုင်သေးပါဘူး။ အစိုးရစစ်တပ်မှာလည်း ထိခိုက်မှုတွေ ရှိတယ်လို့ သတင်း တွေ တက်လာတာတွေ ရှိပါတယ်။ မိုးညှင်း ဒေသခံတွေဆီမှာလည်း ဒဏ်ရာရစစ်သားတွေ အများကြီးရောက်နေတယ်လို့ ကျနော်တို့ သိရပါတယ်။ ကိန်းဂဏာန်း အတိအကျတော့ မသိရသေးပါဘူး။
တိုက်ပွဲဆိုတာကတော့ ဘယ်ဘက်မှာ ဘယ်လောက် ထိခိုက်တယ် ဆိုတာ အဓိက မဟုတ်ပါဘူး။ ဘယ်လို ရည်ရွယ်ချက်နဲ့ တိုက်ပွဲကို ဖော်ဆောင်တယ် ဆိုတာက အဓိကပါ။
မေး။ ။ မိုးညှင်းမှာ တိုက်ပွဲ ပြန်ဖြစ်တာ ဒါ ပထမ ဦးဆုံးလား။
ဖြေ။ ။ မိုးညှင်းဒေသမှာက တိုက်ပွဲ မဖြစ်တာ နှစ်ပေါင်း ၃၀ လောက် ရှိပါပြီ။ ၂၀၁၁ မှာ KIA နဲ့ အစိုးရစစ်တပ်နဲ့ တိုက်ပွဲဖြစ်တော့ လည်း မိုးညှင်းမှာ မရှိခဲ့ပါဘူး။
ရွေးကောက်ပွဲ ကာလမှာ ရွေးကောက်ပွဲ မကျင်းပမီ၊ ရွေးကောက်ပွဲ ကာလ နဲ့ ရွေးကောက်ပွဲ အလွန်မှာရော တိုက်ပွဲဖြစ်မယ့် ပုံသဏ္ဌာန် ကို မဖော်မိအောင် KIA ဌာနချုပ်က ထပ်ကာထပ်ကာ ညွှန်ကြားထားတာတွေ ရှိတယ်။ ဒါကို အောက်ခြေတပ်တွေကလည်း သူတို့ အမှန်တကယ် လိုက်နာပြီးမှ တိုက်ပွဲ မဖြစ်အောင် ထိန်းသိမ်းကြပါတယ်။
တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး မိုးညှင်းခရိုင်ရဲ့ မြို့တော်မှာ တိုက်ပွဲ ဖော်ဆောင်တာက တဖက်သတ် ဆန်လွန်းတဲ့ တိုက်ပွဲ ဖော်ဆောင် မှုပါ။ ဘယ်သူက စပြီး တိုက်ပွဲဖော်ဆောင်လဲ ဆိုတာ အဓိက စဉ်းစားရမယ့် အချက်ပါ။
မေး။ ။ တပ်မဟာ (၈) ဌာနချုပ် က ရွှေ့ပြောင်းနေရတယ်ဆိုတော့ အခုရော အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ မနေ့က လေယာဉ်နဲ့ ပစ်တာက တပ်မဟာ (၈) ဌာနချုပ် နေရာတွေမှာပါ။ ဒါပေမယ့် အချိန်မီ ကျနော်တို့ ရွှေ့ပြောင်း လိုက် တာကြောင့် သူတို့ ပစ်နေတဲ့ နေရာတွေမှာ ကျနော်တို့ လူတွေ မရှိတော့ပါဘူး။ တပ်ဖွဲ့တွေ မရှိတော့တဲ့ နေရာအလွတ်ကိုပဲ သူတို့ဘက်က တနေကုန် ပစ်ခတ်တာတွေ လုပ်နေတာပါ။ ကျနော်တို့ လောလောဆယ်တော့ တပ်ဖျောက်ထားပါတယ်။
မေး။ ။ အခု ဖြစ်နေတဲ့ မိုးညှင်းတိုက်ပွဲကိစ္စရယ်၊ KIA နဲ့ တပ်မတော်ကြားက ဆက်ဆံရေးကိုရော ဘယ်လို ဆက်လုပ်မလဲ။ KIA ဌာနချုပ်က ဘယ်လို ဆောင်ရွက်သွားမလဲ။
ဖြေ။ ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ချက်တွေ ချမယ်ဆိုတာ ပြောလို့ မရသေးပါဘူး။ ကျနော်တို့ ဘက်ကတော့ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးကို ပြေလည်ချင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရချင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲကို သွားချင်တယ်။ ဆက်သွားဖို့လည်း ကျနော်တို့ ကြိုးစားနေတာပါ။ အခုဖြစ်နေတဲ့ တိုက်ပွဲမှာလည်း အစိုးရစစ်တပ်တွေ နေရာအနှံ့ ထိုးစစ်ဆင်လာမယ် ဆိုရင် တော့ လိုအပ်တဲ့ ခုခံမှုတွေကို လုပ်သွားမှာပါ။
အခုလို မိုးညှင်းမှာ ပြင်းပြင်းထန်ထန် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ အခြားတပ်စခန်းတွေကို လိုက်ပြီး ထိုးစစ်ဆင်တာ တွေကိုတော့ ကျနော်တို့လုပ်မှာ မဟုတ်ပါဘူး။ အခုက နိုင်ငံရေးမှာ အပြောင်းအလဲက အစိုးရသစ် ပေါ်ပေါက်လာတော့မယ်။ အစိုးရ သစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအပေါ်ထားတဲ့ မူဝါဒနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကို ဖော် ဆောင် သွားမယ်။ အစိုးရသစ်ရဲ့ မူဝါဒနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကို ဖော်ဆောင် စေချင်တယ်။
ကျနော်တို့ဘက်ကတော့ ကချင်ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်မရှိဖို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် သွားပါမယ်။