ရှမ်းပြည်နယ် တောင်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA)တို့အကြား အောက်တိုဘာလ ၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်၊ လယ်ယာတွေကို စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ စစ်ဘေး ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေကို မင်းကိုနိုင် အပါအဝင် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ စားနပ်ရိက္ခာတွေကို ပို့ဆောင်ရင်း နှစ်သိမ့် အားပေးမှုတွေ သွားရောက် လုပ် ဆောင်ခဲ့ပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတဲ့ ဒုက္ခသည် မိသားစုတွေအတွက် အိုးခွက်၊ ပုဂံတွေနဲ့ အစားအသောက်တွေကို သယ်ဆောင်သွားသလို မြို့ပေါ်က ကလေးတွေ ပေးလိုက်တဲ့ စာလွှာတွေ၊ ကျောင်းသုံး စာအုပ်တွေ၊ ပုံပြင်စာအုပ်တွေ၊ ကာတွန်းစာအုပ်တွေ၊ မုန့်တွေ၊ ကစားစရာအရုပ်တွေနဲ့ ကလေးတွေ ကိုယ်တိုင် ရေးဆွဲပေးလိုက်တဲ့ ပန်းချီကားတွေနဲ့ စာလွှာတွေကို ပေးအပ်ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒုက္ခသည်စခန်းက ကလေးတွေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ အခက်အခဲတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးအပေါ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)ရဲ့ သဘောထားအမြင်တွေကို ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်ပြီး ကူညီနှစ်သိမ့်မှုတွေပေးခဲ့တဲ့ မင်းကိုနိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ကိုမင်းကိုနိုင်တို့က ဒုက္ခသည်စခန်း ဘယ်နှစ်ခုလောက်ရောက်ခဲ့ပြီးတော့ ဒုက္ခသည်တွေ ဘယ်လောက်များ ရှိနေတာကို တွေ့ရပါသလဲ။
ဖြေ ။ ။ အဓိက စခန်းကြီး နှစ်ခုပေါ့ဗျာ။ ဝမ်ဝ စခန်းရယ်၊ ဟိုက်ပါ စခန်းရယ် အဲဒီနှစ်ခုကို ရောက်ခဲ့တယ်။ ဝမ်ဝ စခန်းမှာကတော့ ဒုက္ခသည် ထောင်နဲ့ချီပြီး ရှိတာပေါ့။ ဟိုက်ပါစခန်းမှာကတော့ ပိုပြီးတော့ များပါတယ်။ ဝမ်ဝ စခန်းမှာကတော့ ရှမ်းတိုင်းရင်းသားတွေ များတယ်။ ဟိုက်ပါစခန်းမှာကတော့ အခြားသော တိုင်းရင်းသားတွေ ပိုပြီးတော့ များတယ်ပေါ့ဗျာ။
အဓိကကတော့ အဲမှာ ကြာကြာနေဖို့ကတော့ မသင့်တော်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တဲဆိုတဲ့အရာမျိုးကတော့ ယာယီ အခက်အခဲ၊ အကြပ်အတည်း အတွက် ဖြေရှင်းပေးနိုင်တဲ့အရာပါ။ ရာသီဥတုလည်း ကြမ်းတယ်ဆိုတဲ့ အခါကြတော့ အခြားသော ကူးစက်ရောဂါတို့ ဘာတို့ကအစ နောက်ပြီးတော့ သူတို့ နေနေကြ ဘဝ လူနေမှုပုံစံ မဟုတ်တဲ့ အခါပေါ့။ အခက်အခဲတော့ ရှိပါတယ်။
မေး ။ ။ ဒါတွေအပြင် ဒုက္ခသည်တွေမှာ အခြားဘယ်လို အခက်အခဲတွေများ ရှိနေသေးလဲ။
ဖြေ ။ ။ သူတို့အတွက်တော့ အခြား ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ)လို အဖွဲ့မျိုး လာပြီးတော့ စောင်တွေ လာလှူပေးတာတော့ တွေ့ရ တယ်။ နောက်ပြီး လိုအပ်ချက် ပြဿနာက ဆေးကုသပေးမယ့် ဆရာဝန်တွေ နည်းနေတာဗျ။ ဆေးတွေ ဘာတွေလည်း အထိုက်အလျောက်တော့ ရပါတယ်။ ကုသပေးဖို့ ဆရာဝန်တွေတော့ လိုနေသေးတယ်။ ဒီအတွက် ကျနော်တို့လည်း ထက်ပြီးတော့တော့ ချိတ်ဆက်ပေးထားတာပဲ။ နောက်တခုကတော့ ကလေး တွေက စာသင်ကျောင်းတွေစွန့်ပြီး လာကြရတာ များတယ်။ စာသင်ကျောင်းတကျောင်းပဲ ဖွင့်ထားနိုင်တယ်။ ကျန်တဲ့ ကလေးတွေကတော့ ဒီလိုပဲ စွန့်ခွါပြီး ပြေးလာကြရတာဆိုတော့ စာလည်း မသင်နိုင်ကြဘူးပေါ့။ သူတို့အတွက် ကျောင်းသင်ခန်းစာနဲ့ တနှစ် နာသွားမှာလည်း စိုးရိမ်ရပါတယ်။
မေး ။ ။ အဲဒီခရီးစဉ်မှာ တပ်မတော်နဲ့ SSPP တို့က နှစ်ဘက်တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ရော တွေ့ဆုံဖြစ်ခဲ့လား။
ဖြေ ။ ။ ကျနော်တို့လမ်းမှာ အစိုးရတပ်တွေ စောင့်နေတဲ့ ဂိတ်တွေကို ကျော်ခဲ့ရသလို ဟိုဘက်မှာ အတွင်းပိုင်းရောက်သွားတဲ့ အခါမှာလည်း အဆက် အသွယ် SSPP/SSA ပေါ့ဗျာ။ သူတို့တွေ လုံခြုံရေးယူထားတဲ့ ကင်းစခန်းတွေကိုလည်း ဖြတ်ရပါတယ်။
မေး ။ ။ ဒုက္ခသည်စခန်းတွေကို သွားရတဲ့ လမ်းခရီး အခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ မိုင်းရယ်ကနေ စပြီးတော့ လမ်းတွေက တော်တော်ဆိုးဆိုးရွားရွား မကောင်းတော့ဘူးပေါ့။ အဲဒီအခါကျတော့ သွားကြတဲ့လူတွေ ကတော့ အင်မတန် ပင်ပန်းကြလိမ့်မယ်။ အဲဒါကို ကျနော် ကြိုတင်ပြီးတော့ အသိပေးထားချင်တယ်။ တော်ရုံ၊ တန်ရုံ နုနယ်တဲ့ ကားဆိုရင် မရဘူး။ အဲဒီတော့ လမ်းကြမ်းကြမ်းကို ဖြတ်ဖို့အတွက်ဆိုရင်တော့ ဖိုးဝှီးလို့ခေါ်တဲ့ လေးဘီးလုံး ယက်တဲ့ကားတွေနဲ့မှ အဆင်ပြေနိုင်လိမ့်မယ်။ ဒါမှလည်း ပို့ချင်တဲ့ ကုန်တွေ ဘာတွေပေါ့လေ။ လမ်းမှာတော့ ကားသေးသေးလေးတွေပေါ်မှာ တချို့တွေက မတန်တဆတင်ပြီးတော့ သွားနေကြတယ်ဗျ။ အန္တရာယ်လည်း တော်တော် ကြီးတေယ်။ ဒါပေမယ့် ကိုယ်စီ၊ ကိုယ်စီအခက်အခဲတွေအတွက် ဒီလိုပဲ ဖြစ်သလို ဖြတ်သန်းနေရတော့ စိုးရိမ်တဲ့ကြားကပဲ သွားနေကြရတာပါပဲဗျာ။
မေး ။ ။ ကိုမင်းကိုနိုင်တို့ ၈၈ အဖွဲ့ကနေပြီးတော့မှ ဒုက္ခသည်တွေကို အကူအညီတွေပေးနေတာ တွေ့ရတယ်။ ဘာတွေ အဓိက ထောက်ပံတာလဲ။
ဖြေ ။ ။ ဒီလိုဗျ။ ကျနော်တို့ကတော့ စေတနာရှင် အများပြည်သူတွေ ပေးလိုက်တဲ့ လှူဒါန်းမှု အစုစုတို့ကို ကျနော်တို့ သွားပြီးတော့ ပို့ရတာပါပဲ။ ကျနော် တို့နဲ့အတူ လူမှုအဖွဲ့အစည်းတွေလည်း လိုက်ပါကြပါတယ်။ နောက်ပြီးတော့ တက္ကသိုလ် ကျောင်းသား သမဂ္ဂတို့ တကသ ကျောင်းသား၊ ကျောင်းသူတွေ လာ ကြပါတယ်။ အများစုက ကျနော်တို့ အခြေခံ စဉ်းစားတာကတော့ သူတို့ရဲ့ လိုအပ်ချက်တွေပဲပေါ့။ တော်တော်များများ ဥပမာဆိုဗျာ။ လားရှိုးကနေပြီးတော့ လာပို့ကြတာမျိုးလည်း ရှိတယ်။ နယ်တွေက အခြား အဖွဲ့အစည်းတွေလည်း လာကြပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေက အိုးအိမ်တွေ စွန့်ပြီး လာခဲ့ကြရတာ ဆိုတော့ အိုးခွက် ပန်းကန်တွေကအစ ကျနော်တို့ သယ်သွားကြပါတယ်။ နောက်တော့ တတ်နိုင်သမျှ အစားအသောက်တွေပေါ့။
ပြီးတော့ ကလေးတွေအတွက် ကျနော်တို့က အဓိကထားတာဗျ။ ဒီခရီးစဉ်ကို ကလေးတွေကို နံပတ် (၁) ဦးစားပေးပြီးတော့ သွားတာဗျာ။ သူတို့ ရဲ့လိုအပ် ချက်ဖြစ်တဲ့ ကျောင်းသုံးစာအုပ်တွေ၊ ကလေးတွေ စိတ်အားမငယ်ဖို့ စိတ်ဓာတ်မကျဖို့အတွက် ပုံပြင်စာအုပ်တွေ ယူသွားတယ်။ ကာတွန်း စာအုပ်တွေ ယူသွား တယ်။ ပြီးတော့ ရန်ကုန်မြို့နဲ့ အခြားသော မြို့ကြီးတွေကနေ ကလေးတွေ ပို့လိုက်တဲ့ သဝဏ်လွှာလိုပေါ့ဗျာ။ မိတ်ဆက်စာတွေ ကျနော်တို့ ယူသွားတယ်။ ကလေးချင်း ဆွဲပေးလိုက်တဲ့ ပန်းချီကားတွေ၊ နောက်ပြီးတော့ အဓိကအားဖြင့်တော့ အရုပ်တွေ ကျနော်တို့ သယ်သွားတယ်။
ဟိုက ကလေးတွေက အဲဒါမျိုး တခါမှ မဆော့ဘူးကြဘူးဗျ။ ဓာတ်ခဲနဲ့ ကစားရတဲ့ ယာဉ်လေးတွေဆိုလို့ရှိရင် သူတို့အတွက် မကိုင်တွယ်တတ်လို့တောင် မနည်းသင်ပေးရတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ကလေးတွေအတွက်တော့ အခိုက်အတန့်တော့ စိတ်အနာတရတော့ သက်သာသွားတာပေါ့ဗျာ။ သူတို့ဒုက္ခတွေကို မေ့သွားပြီးတော့ လူလူချင်းထားတဲ့ မေတ္တာတရားကို ရသွားတယ်။ စာနာမှုကို ရသွားတယ်ဗျာ။ ကြမ်းတမ်းတဲ့ အတွေ့ အကြုံကြီးထဲကနေပြီးတော့ သက်သာရာရသွားတယ်လို့တော့ ကျနော်သေချာပေါက် ပြောနိုင်ပါတယ်။
မေး ။ ။ အဲဒီမှာ ကလေးတွေကို ကစားစရာလေးတွေ ပေးတာ၊ ပန်းချီကားလေးတွေပေးတာ တွေ့လိုက်ရတယ်။ အဲဒါတွေပေးဖို့ ဘယ်လို စိတ်ကူး ဖြစ်သွားတာလဲ။
ဖြေ ။ ။ ဒီလိုဗျာ။ ကျနော်တို့ ငြိမ်းချမ်းရေးအတွက် ကြိုးစားကြတယ်။ လူကြီးတွေလည်း ကြိုးစားကြတာပဲ။ လူကြီး အယောက် တရာလောက် ဟောကြ၊ ပြောကြတာထက်စာရင် ကလေးတယောက်ရဲ့ ငိုရှိုက်သံကလည်း နှလုံးသားကို ထိမှန်နိုင်တယ်လို့ ယူဆတယ်လေ။ အဲမှာ မှတ်တမ်း ရုပ်ရှင်ရိုက်ခဲ့တဲ့ ရှင်ဒေဝီလို့ ခေါ်တဲ့ ဒါရိုက်တာရဲ့ မှတ်တမ်းကိုလည်း ကျနော်တို့ ရန်ကုန်မှာ ပြပါတယ်။ အဲဒါကို ကြည့်ပြီးတဲ့အခါမှာ ကလေးတွေကိုလည်း ကျနော်တို့ ပြလိုက်တယ်။ ပြလိုက်တဲ့အခါမှာ ကလေးတွေကလည်း သူတို့တော်တော် စိတ်ထိခိုက်တဲ့အခါမှာ သူတို့နိုင်သလောက်ကူညီဖို့ တာဝန်ယူကြတာပေါ့။ အဲဒါနဲ့ သူတို့ရဲ့ အားပေးတဲ့စာ၊ မိတ်ဆက်စာ သူတို့ဆော့လက်စ အရုပ်ကလေးတွေ၊ ဖတ်လက်စ ကာတွန်းတွေ ထည့်ပေးကြတာပဲ။ စားလက်စ မုန့်တွေကိုလည်း သူတို့ထည့်ပေးကြပါတယ်။ ဒါတွေကို ကျနော်တို့ သယ်ဆောင်သွားတာပေါ့။
ဟိုမှာတော့ ကလေးတွေက ခုန ကျနော်ပြောသလိုပါပဲဗျာ။ တကယ်ကို မငြိမ်းချမ်းတဲ့ဘဝ ကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းနေကြတာဆိုတော့ သူတို့အတွက် ဖျော်ဖြေမှုလည်း မရှိဘူးဗျာ။ သူတို့က အားငယ်နေဖို့ရယ် ကြောက်လန့်နေဖို့ရယ် ဒါပဲ ရှိတာကိုးဗျ။ အဲဒီတော့ ဒီက ကလေးတွေဆိုရင် ကျနော်ကြည့်နေတယ်။ ထူးခြားချက်ပေါ့ဗျာ။ ကလေးပေါင်း ထောင်နဲ့ချီပြီးတော့ လာပို့ကြတဲ့ အထဲမှာ ကျနော် တော်တော်များများအိတ်တွေကို လိုက်ရှာကြည့်တဲ့ အခါမှာ ကစားစရာ ပျော်စရာတွေပဲ ပါတယ်။ သေနတ်လို ကစားစရာမျိုးကို မတွေ့လို့ ကျနော်က မေးတဲ့အခါမှာ ကလေးတယောက်က ပြန်ဖြေတယ်ဗျ။ သူတို့ စစ်တိုက်နေတဲ့ ဒုက္ခကို ခံရလို့မလားတဲ့ သေနတ်တွေကြောင့် ဖြစ်နေတာလေတဲ့။ သေနတ်တွေတော့ ထည့်မပေးလိုက်ဘူးလို့ပြောတယ်။ အဲဒါလေးတော့ ကျနော့် အတွက် မှတ်မှတ်ရရပေါ့ဗျာ။
ဟိုရောက်တော့ ကလေးတွေက သူတို့ရတဲ့အရုပ်တွေရယ်ရတဲ့ ပန်းချီကား လက်ဆောင်တွေရယ်၊ သူတို့သူငယ်ချင်းရဲ့ ပုံတူဆွဲထားတဲ့ ပုံတွေရယ် ကြည့်ပြီး တော့ သူတို့တွေ ပြန်ပြီးတော့ တုန့်ပြန်ကြတယ်။ သူတို့တွေလည်း ချက်ချင်း ပန်းချီတွေ ပြန်ဆွဲကြတယ်ဗျ။ အဲဒါလည်း ဒီလိုပါပဲဗျာ။ ကလေးတွေလိုချင်တဲ့ ဘဝတွေပါပဲဗျာ။ မိသားစုနဲ့ ပျော်တဲ့ပုံတွေ၊ ပန်းတွေပွင့်နေတဲ့ပုံတွေ၊ နေသာတဲ့ ပုံတွေပေါ့ဗျာ။ အိမ်နဲ့အတူ နေရတဲ့ ပုံတွေပေါ့ဗျာ။ ကလေးတွေက အိမ်ပြန် ချင်တယ်လို့ပဲပြောကြပါတယ်ဗျာ။ အဲဒါကိုပဲ နားထဲစွဲနေတာပဲ။
မေး ။ ။ စစ်ပွဲတွေဖြစ်နေကြတာနဲ့ ပတ်သက်ပြီးတော့ ဒီအခြေအနေတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် ၈၈ အဖွဲ့ အနေနဲ့ တခုခု ဆောင်ရွက်ဖို့ အစီအစဉ်တွေ၊ ဘာတွေများ ရှိလား။
ဖြေ ။ ။ နှစ်ပိုင်းရှိတာပေါ့ဗျာ။ ဒါကတပိုင်းပေါ့ဗျာ။ တဘက်ကလည်း ပြည်သူပြည်သားတယောက်အနေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တော့လုပ်တာက တပိုင်းပေါ့။ နိုင်ငံရေးအရတော့ ဆွေးနွေးပွဲတွေဖြစ်အောင်တော့ ကျနော်တို့ လုပ်ရမယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ် မထိုးရ သေးတဲ့ အဖွဲ့တွေက အခုအတိုက်ခံရတဲ့ အဖွဲ့တွေထဲမှာ ပါနေတာကိုးဗျ။ ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေဗျာ။ မတိုက်ခိုက်ကြဘဲနဲ့ ဆွေးနွေးပွဲတွေ ဆက်ကြရမယ်။ အဲလို ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘဲနဲ့ပေါ့ဗျာ။ အဲဒါတော့လိုတဲ့ဗျ။ ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေလာရမှာကိုး။ အဲဒါက ဘာနဲ့ ချိတ်ဆက်နေလဲ ဆိုတော့ အစိုးရအသစ်နဲ့လည်း ချိတ်ဆက်နေတယ်။
အဲဒါတွေ အားလုံးက ဘယ်အပေါ်မှာ မူတည်နေလဲဆိုတော့ ဒီရွေးကောက်ပွဲ ရလာဒ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နေတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက နောက်လာမယ့် အစိုးရသစ်ကို ပိုပြီးတော့မျှော်လင့်နေတယ်လို့ ပြောတာတွေလည်း ရှိနေတဲ့ အခါကြတော့ ကျနော်ကတော့ ဒီကြားထဲမှာတော့ မတိုက်ကြဘဲနဲ့ အဖြေရှာတာမျိုး နောက်အစိုးရသစ်နဲ့ကြရင် ဘယ်လို ချိတ်ဆက်မလဲ။ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကိုလည်း ကျနော်တို့က အဲဒီလုပ်နေတဲ့ လုပ်ငန်းစဉ်တွေက နောက်အစိုးရလက်ထက်ကြလို့ရှိရင် ဘယ်လို ပြေပြေပြစ်ပြစ် ချိတ်ဆက် မလဲဆိုတာတွေကိုလည်း ဆွေးနွေးရမယ်ပေါ့ဗျာ။ ဒါက နိုင်ငံရေး ဆွေးနွေးပွဲတွေပေါ့။ တဘက်က ပြည်သူလူထုရဲ့ လှုပ်ရှားမှုအနေနဲ့ကတော့ စစ်ကို တားဆီးဖို့ရယ် အဲဒီဒုက္ခတွေကိုဝိုင်းပြီးတော့ ကူညီကြဖို့ရယ်။ နိုးကြားနေဖို့ လိုတာပေါ့ဗျာ။ ကျနော်တို့ နှစ်ခုလုံး လုပ်ကြရမှာပါ။
မေး ။ ။ နောက်တက်လာမယ့် အစိုးရလက်ထက်မှာလည်း လက်ရှိ NCA မထိုးရသေးတဲ့ အဖွဲ့တွေရော ထိုးထားပြီးတဲ့ အဖွဲ့တွေရောက ဆက်လက်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလုပ်ဆောင်ကြရဦးမှာဆိုတော့ အဲဒီနေရာမှာ ၈၈ အဖွဲ့အနေနဲ့ ဘယ်လို အခန်းကဏ္ဍရပ်ကနေ ပါဝင်လုပ်ဆောင်သွားဖို့ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ အမြဲတမ်းပြောတယ်လေ။ လိုအပ်တဲ့နေရာမှာပဲ ဝင်မှာပါ။ ဒီနေရာမှာ ပိုနေပြီ မလိုတော့ဘူးဆိုရင် ကျနော်တို့ ပါစရာ အကြောင်း မရှိပါဘူး။ အားလုံးက မမေ့မလျော့ဖို့လိုတာကတော့ ကျနော်တို့က ဖက်ဒရယ် ပြည်ထောင်စုဖြစ်ရမယ် ဆိုတာကိုလည်း စဉ်းစားရမှာပေါ့။ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်ဗျာ။ ဒီမိုကရေစီ အခွင့်အရေးတွေလည်း အပြည့်အဝ ရရမယ်။ ဖက်ဒရယ်ပုံစံကိုလည်း အာမခံနိုင်ရမယ်။ အဲဒီပုံစံကို သွားဖို့က ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိမှာပဲ။ အဲဒီမှာ လိုအပ်တယ်ထင်ရင် ကျနော်တို့က ဖြည့်ပေးမှာပေါ့။ အောင်မြင်ဖို့ပဲ အရေးကြီးပါတယ်။ ကျနော်တို့ အမြဲတမ်း ပြောပါတယ်။ ကျနော်တို့က ကွက်လပ်ဖြည့်ပေးဖို့ပဲ အရေးကြီးပါတယ်။ ကျန်တဲ့အပိုင်းကတော့ တကယ့် Stakeholder လို့ခေါ်တဲ့ တိုင်းပြည်မှာ မဖြစ်မနေ ပါဝင်ကြရမယ့် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက တာဝန်ခံသွားရုံပါပဲ။ ကျနော်တို့က အောင်မြင်ရင် ကျေနပ်ပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ ပြည်တွင်းစစ်အပေါ်မှာ ကိုမင်းကိုနိုင်ရဲ့ အမြင်လေး ပြောပါဦး။
ဖြေ ။ ။ ဒီဟာက ကျနော်တို့ မမွေးခင်ကတည်းက ဖြစ်ခဲ့တာလေဗျာ။ လွတ်လပ်ရေးနဲ့ အတူတူပါလာတဲ့ ကိစ္စတွေ။ အဲဒါအားလုံးကို ခြုံလိုက်ရင်တော့ ကျနေ်ာတို့က အခွင့်ထူးခံတာရယ်၊ ဖိနှိပ်ချုပ်ခြယ်တာရယ် ဒီနှစ်ခုကြောင့် လက်နက်ကိုင် တော်လှန်မှုတွေ ဖြစ်လာတယ်။ အဲတော့ စစ်ပွဲတွေဖြစ်လာတယ်ပေါ့။ အဲဒီနှစ်ခုကို ဘယ်လိုစွန့်နိုင်မလဲ။ ပြီးတဲ့အခါ ပြည်ထောင်စုကြီးဟာ မိသားစုကြီးလို ကျနော်တို့ တကယ်သဘောထားနိုင်မလား။ မိသားစု ပြဿနာဖြစ်တဲ့ အခါမှာ လက်နက်ပါစရာ မလိုဘဲနဲ့ အဖြေရှာနိုင်တဲ့ စိတ်နှလုံးသွင်းမှုမျိုး လိုပါတယ်။ အဲဒီအဆင့်ကို ရောက်တယ်ဆိုလို့ရှိရင် ကျနော်တို့ လမ်းပွင့်သွားမယ်လို့ ကျနော်တော့ ယုံတယ်။