ထိုင်းနိုင်ငံတောင်ပိုင်း Koh Tao (ခေါ်) လိပ်ကျွန်း လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ယနေ့မှာ (ဒီဇင်ဘာ ၂၄) မူလစွပ်စွဲထားတဲ့ ပုဒ်မ (၇) ခု အတွက် ပြစ်ဒဏ်တွေနဲ့အတူ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ် ချမှတ်လိုက်ပါတယ်။
ဒီပြစ်ဒဏ် ချမှုတ်ခံရမှု အကြောင်းအရာနဲ့ ပတ်သက်ပြီး လိပ်ကျွန်းအမှုကို စတင်ဖြစ်ပွားကတည်းက လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးအောင်မျိုးသန့်ကို ဧရာဝတီ သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းခဲ့တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
မေး။ ။ လိပ်ကျွန်းအမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းကို သေဒဏ် ချမှတ်လိုက်တယ်လို့ ကြားသိရပါတယ်။ ဒီအမှုမှာ တရားလို၊ တရားခံ နှစ်ဘက်လုံးကို စစ်ဆေးအပြီးမှာ အမှုဟာ ခိုင်လုံမှုမရှိတဲ့အတွက် ဥပဒေအကြောင်းအရ ပျက်ပြယ်တဲ့ အနေအထားတောင် ရှိတယ်လို့ ဥပဒေပညာရှင်တွေ ကိုယ်တိုင်က ပြောဆိုခဲ့ကြတယ်။ အဲဒီလိုအနေအထားမှာ ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာဟာ တော်တော်လေးကို အံ့သြစရာ ဖြစ်နေကြပါတယ်။ ဦးအောင်မျိုးသန့် အနေနဲ့ရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အဲဒါလေးတော့ ကျနော်လည်း တော်တော်လေး စဉ်းစားတယ်ပေါ့လေ။ ဘာဖြစ်လို့ စဉ်းစားလဲဆိုတော့ အခုအမိန့်ချလိုက်တဲ့ အထဲမှာ ပုဒ်မ ၇ ခုလုံးကို တခုချင်း၊ တခုချင်းကို အပြစ်ပေးပါတယ်။ အပြစ်ပေးတဲ့ အထဲမှာ ဘာကိုသွားတွေ့ရလဲဆိုတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုဆိုတာ အများဆုံး ပြစ်ဒဏ်ပေးတာ ၆ လပဲ ပေးတယ်။ ဒါပေမယ့် အဲဒီပြစ်ဒဏ်ကို ၆ လ အပြည့် ချလိုက်ပါတယ်။ နောက်တခါ အဲဒီလို ဝင်လာပြီးမှ ဆက်လက်နေထိုင်တယ် ဆိုတာကိုလည်း ပြစ်ဒဏ် ၆ လပဲ ပေးလို့ရပါတယ်။ အဲဒါကိုလည်း ၆ လ အပြည့် ချလိုက်ပါတယ်။
အဲဒီတော့ ဒါတွေကိုကြည့်ချင်းအားဖြင့်ဆိုရင် ဒီဟာက တော်တော်လေးကို စဉ်းစားရ ခက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်အမှုလိုက်နေတဲ့ အတောအတွင်းမှာ ကော့စမွီ၊ ကော့ဖငန်၊ ကော့တောင်ကျွန်း သုံးကျွန်းဟာ မာဖီးယားကျွန်းတွေမို့လို့ ခင်ဗျားတို့အမှုဟာ နိုင်မှာမဟုတ်ဘူးလို့ ပြောတုန်းကတောင်မှ နည်းနည်းပါးပါး အသိပေးသလောက်ပဲလို့ ထင်တာ။ အခုဟာက အမြင့်ဆုံးပြစ်ဒဏ်တွေ အပေးခံရတာကိုတော့ ဘယ်လိုမှစဉ်းစားလို့မရအောင် ဖြစ်နေပါတယ်။
မေး။ ။ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ်နှစ်ဦးဘက်ကနေ ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့က ဦးအောင်မျိုးသန့်တို့နဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့တာတွေ ရှိနေတယ်ဆိုတော့ အခုလို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် သူတို့ကရော ဘာတွေဆက်လုပ်မယ်လို့ ပြောပါလဲဗျ။ ဦးအောင်မျိုးသန့် အနေနဲ့ရော ဘာဆက်လုပ်ကြမလဲ။
ဖြေ။ ။ ကျနော်တို့လည်း အခုပဲ သံအမတ်ကြီး (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်) ကို သတင်းပို့ပြီးသွားပြီ။ အထက်တရားရုံးတော်ဖြစ်တဲ့ ဘန်ကောက်မှာရှိတဲ့ တရားလွှတ်တော်ကို ကျနော်တို့ အယူခံတက်ဖို့ပါ။ ထိုင်းရှေ့နေများကောင်စီကလည်း အတူတူပါပဲ။ အဲဒါတွေလုပ်ဖို့ ဒီနေ့အမိန့်ကူးပါတယ်။ အမိန့်ကူးပြီး အမိန့်ပေါ်ကြည့်ြ့ပီးတော့ ဒီအမှုတွဲကို သုံးသပ်ပြီးတော့ အယူခံ အကြောင်းပြချက်တွေရေးပြီး ဘန်ကောက်ရုံးကို တင်မှာပါ။
မေး။ ။ ဦးအောင်မျိုးသန့်တို့ အဲဒီလိုမျိုး ထပ်တင်ပြမယ်ဆိုရင်ရော ဥပဒေအကြောင်းအရ ဘယ်လို အခြေအနေတွေကို မျှော်လင့်နိုင်ပါမလဲ။
ဖြေ။ ။ ကျနော်ထင်တယ် အဲဒီလိုဆိုရင်တော့ ပြစ်ဒဏ်ရဲ့ လေးငါးဆယ်နှစ်ထက် မပိုဘူးလို့ ထင်ပါတယ်။ ဖြစ်ဖို့ရာခိုင်နှုန်း ၈၀ လောက်က ကျနော်ပြောရဲပါတယ်။
မေး။ ။ ဒီအမှုကို အစအဆုံး လိုက်ပါဆောင်ရွက်ခဲ့သူ တယောက်အနေနဲ့ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်တဲ့ အနေအထားကနေ ဒီလိုအခြေအနေမျိုး ဖြစ်သွားတော့ စိတ်ပျက်သွားတာမျိုးရော ဖြစ်မိပါလား။
ဖြေ။ ။ ကျနော်ကတော့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့်ကိုတော့ ဘာမှဝေဖန် မပြောလိုပါဘူး။ ဒါပေမယ့် ဒီလောက် စိတ်ထိခိုက်စရာမျိုး အမိန့်ချမှတ်လိုက်တာကိုတော့ စိတ်မကောင်းစရာပါ။ ဒါစိတ်ထိခိုက်စရာ အမိန့်ပါ။
မေး။ ။ ဒီအမှုမှာ မြန်မာအစိုးရက လိုက်ပါဆောင်ရွက်ပေးနေတယ်ဆိုပေမယ့် လျှော့ပေါ့ပေးလို့ရတဲ့ အသေးစားပြစ်ဒဏ်တွေကိုတောင် ပြစ်ဒဏ်တွေအပြည့် ချလိုက်တယ်ဆိုတော့ မြန်မာအစိုးရကိုရော မျက်နှာမထောက်ဘူးဆိုတဲ့ပုံစံ သက်ရောက် မနေဘူးလားခင်ဗျ။
ဖြေ။ ။ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကိုတော့ မဝေဖန်လိုပါဘူး။ ကျနော်တို့ဒီဘက် (မြန်မာအစိုးရ) က အထူးပံ့ပိုး ပေးထားတဲ့အခါမှာ၊ ဒီလိုအမိန့် ချခံလိုက်ရတဲ့အခါမှာ မြန်မာအလုပ်သမားတွေ အနေနဲ့ ဒီနိုင်ငံထဲမှာ လာရောက်လှုပ်ရှားရတဲ့အခါမှာ မြန်မာအစိုးရအနေနဲ့ ဒါထက်မက ပံ့ပိုးနိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုက မျက်မြင်သက်သေ မရှိဘဲနဲ့ သေဒဏ်ချခံရတယ်ဆိုတာ ကျနော်တရားရုံးမှာ နေရသလောက်ကတော့ တွေ့ရတာ မရှိသလောက်ပါပဲ။
မေး။ ။ ထိုင်းနိုင်ငံထဲမှာ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ အခုလိုမျိုး စွပ်စွဲဖမ်းဆီး ခံထားရတာတွေ အများကြီး ရှိပါတယ်။ လက်ရှိအချိန်မှာလည်း အဲဒီလိုမျိုး တရားရင်ဆိုင်နေရတဲ့ အခြေအနေမျိုးတွေလည်း ရှိနေတယ်ဆိုတော့ သေဒဏ်ချမှတ်လိုက်တဲ့ လက်ရှိအမှုဟာ အဲဒီစွပ်စွဲခံ မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက်ရော စိုးရိမ်မှုတွေ ပိုတိုးသွားစေလား။
ဖြေ။ ။ ကလေးတွေ အတွက်ကတော့ မှန်ကန်တဲ့ တရားစီရင်ရေးတွေ ရရှိဖို့ အများကြီး ကြိုးစားဆောင်ရွက် ပေးရဦးမယ်ဆိုတဲ့ အနေအထားကို မြင်ပါတယ်။