ကမ္ဘာ့နိုင်ငံ အများစုတွင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိနေသည့် ငွေသားကိုင်ဆောင်စရာ မလိုဘဲ ကတ်စနစ်ဖြင့် ငွေပေးချေနိုင်သည့် (Credit Card) စနစ်ကို ဧရာဝတီဘဏ်က လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ မကြာမီ အသုံးပြုနိုင်တော့မည့် ဧရာဝတီဘဏ်၏ Credit Card ကတ် လုပ်ဆောင်ချက်၊ အသုံးပြုနိုင်သည့် သက်တမ်းကာလ၊ Credit Card လျှောက်ထားရာတွင် လိုအပ်ချက်များကို ဧရာဝတီဘဏ်၊ ကတ်ဌာန၏ ဒုတိယ အထွေထွေမန်နေဂျာ ဒေါ်နန်းစောခမ်းဖြူအား ဧရာဝတီသတင်းဌာနမှ သတင်းထောက် မမေစိုးစံက တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဧရာဝတီဘဏ်ရဲ့ Credit Card ထုတ်ဝေခွင့်ကို ဗဟိုဘဏ်က ဘယ်အချိန်က ခွင့်ပြုပေးခဲ့တာပါလဲ။
ဖြေ။ ။ ပထမဆုံး ကတ်ပေးချေမှု စနစ်တွေ ပြန်ပေါ်လာတဲ့ ၂၀၁၂ ခုနှစ်မှာ ဘဏ်တွေအားလုံးက MPU ရဲ့ အဖွဲ့ဝင် အနေနဲ့လုပ်ပြီးတော့ Debit Card တွေကို ပထမဆုံး ထုတ်ခဲ့ကြတယ်။ Debit Card ဆိုတဲ့ နေရာမှာလည်း အရင်တုန်းကလုပ်ခဲ့တဲ့ ကတ်ပုံစံမျိုး မဟုတ်ဘဲနဲ့ စနစ်ပိုင်းရော နည်းပညာပိုင်း အရပါ အားလုံးကို အများကြီး ပြန်လုပ်ခဲ့ရပါ တယ်။
Credit Card ခွင့်ပြုမိန့်က ပြီးခဲ့တဲ့နှစ် ၇ လပိုင်းလောက် ကတည်းက ဧရာဝတီဘဏ်က ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Credit Card သီးသန့်ထုတ်ဖို့အတွက် အများကြီး ပြင်ဆင်ခဲ့ရတယ်။ Debit Card ထုတ်တာနဲ့ မတူဘဲ Credit Card အတွက် သက်သက် စနစ်တွေကို ပြန်ပြီးတော့ ပြင်ဆင်ရတယ်။
မေး။ ။ အခုထုတ်လိုက်တဲ့ Credit Card ကို ဘယ်လိုပုံစံမျိုး လုပ်ထားပါလဲ။ ကိုယ်က ငွေကို ကြိုတင်ဖြည့်ထားရမှာ လား။ ဘဏ်အနေနဲ့ ကြိုတင်ပြီး ဖြည့်ထားပေးမှာပါလား။
ဖြေ။ ။ Debit Card က ပိုက်ဆံရှိမှ သုံးလို့ရတဲ့ကတ်၊ အကောင့်ရှိမှ၊ အကောင့်ထဲမှာ ငွေရှိမှ သုံးလို့ရတယ်။ Credit Card က ဘဏ်မှာ စာရင်းရှိစရာ မလိုဘူး။ Credit Card မှာက Secured Card နဲ့ Unsecured Card ဆိုပြီး ရှိတယ်။ Secured Card ဆိုတာမျိုးက Debit Card ပုံစံမျိုးပါ။
ဧရာဝတီဘဏ် အနေနဲ့ Unsecured Card ကို ထုတ်ပေးထားတာပါ။ ဘဏ်မှာ ငွေလာထည့်ထားစရာ မလိုဘူး။ ဘဏ်ကနေ ကြိုတင်ငွေကို ထည့်ပေးထားမှာပါ။ တဦးချင်းစီရဲ့ profile ကို ကြည့်ပြီး သတ်မှတ်ပေးသွားမှာပါ။ အဲဒီမှာ ဝင်ငွေလစာ၊ အသက်အရွယ်၊ အလုပ်အကိုင်၊ လုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့ ထောက်ခံမှု၊ လုပ်သက်ကို ကြည့်ပြီးတော့မှ တဦးချင်းကို Credit Rating ပေးမှာပေါ့။
ဒီမှာနေထိုင်တဲ့ နိုင်ငံသားရော နိုင်ငံခြားတွေပါ အသက် ၂၁ နှစ် ပြည့်ပြီးရင် ရမယ်။ အဲဒီလိုပေးပြီးမှ လူတယောက်ရဲ့ ဝင်ငွေနဲ့ ဘယ်နှစ်ဆကို သတ်မှတ်ပေးလို့ ရမလဲဆိုတာကို စဉ်းစားမယ်။ ဝင်ငွေချင်း တူရင်တောင်မှ ရကြမယ့် Credit Rating က မတူနိုင်ပါဘူး။
မေး။ ။ အခုလို ဘဏ်က ကြိုတင်ငွေ ဖြည့်ပေးထားမယ်ဆိုရင် ဒီအတွက် ဘဏ်ဘက်က စွန်စားမှုကို ဘယ်လို ရယူထားပါလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ပြည်သူတွေ အားလုံးက Cash Payment ဆီ ငွေတွေကို အထပ်လိုက်ကြီး ယူသွားရတာမျိုး ဖြစ်တယ်။ အဓိက ဒီကတ်ကို ထုတ်ရတဲ့ ရည်ရွယ်ချက်က ငွေပေးချေရမယ့် နေရာမှာ ငွေသားကိုမသုံးပဲ ကတ်စနစ်နဲ့ပဲ သွားစေချင်တာ။ လူတွေအနေနဲ့ သူသုံးလိုက်တဲ့ ပမာဏ၊ ပေးချေလိုက်တဲ့ ပမာဏတိုင်းကို သိနေပြီး ရှေ့သုံးမယ့် အစီအစဉ်အတွက်လည်း ကြိုပြီးစီစဉ်နိုင်အောင်လို့ ကတ်စနစ်နဲ့ ငွေပေးချေတဲ့ စနစ်ကို ရည်ရွယ်ပြီး ထုတ်ခဲ့တာပါ။
Debit Card နဲ့တော့ အောင်မြင်မှု ရရှိခဲ့ပြီးပြီ။ Crebit Card ထုတ်တဲ့ အချိန်မှာလည်း အရင်ဆုံးလူတွေရဲ့ Life style လည်း ပြောင်းလဲလာမယ်။ ဘာကြောင့်လဲဆိုရင် Debit Card ဆိုတာက ကတ်ထဲမှာ ပိုက်ဆံရှိမှ သုံးလို့ရမယ်။ Crebit Card က ရုတ်တရက် လိုအပ်လာချိန် ပုံမှန်ဈေးဝယ်သွားတဲ့အချိန် ငွေမလုံလောက်ရင် Crebit Card ကို အစားထိုးသုံးလို့ ရမယ်။ Crebit Card ဆိုတာက ဘဏ်ထဲက ပိုက်ဆံကို အရင်ကြိုသုံးရတာ မဟုတ်ဘဲနဲ့ ဘဏ်ကကြိုပြီး ပေးထားတဲ့ အပေါ်မှာ သုံးရမှာ။ လူတွေပိုပြီးတော့ သုံးလာကြလိမ့်မယ်။
အဲဒီတော့ ဘဏ်အနေနဲ့က စွန့်စားမှု အများကြီး ယူရတာပေါ့။ လက်ရှိဘဏ်မှာ Account ပေါင်း ၆ သိန်း ကျော်သွားပြီ။ ဘဏ်မှာရှိနေတဲ့ exiting account တွေကို တန်ဖိုးထားတယ်။ လူတဦးချင်းစီကို Unsecured Card ထုတ်ပေးတဲ့ နေရာမှာ ဘဏ်ကနေပြီးမှ ကိုယ့်ဖောက်သည်တွေကို ယုံကြည်မှု ပေးထားတာပေါ။ ချေးငွေလိုမျိုး ထုတ်ချေးတာထက် ကန့်သတ်မှုထားပြီးတော့ ပေးသုံးထားတယ်ဆိုတဲ့ သဘောမျိုးပါ။
မေး။ ။ Coustmer အသစ်တွေကိုရော ဘယ်လို ထုတ်ပေးမှာပါလဲ။
ဖြေ။ ။ ကျမတို့ဆီမှာ လိုအပ်ချက်တွေ ထားထားတာ ရှိပါတယ်။ အသစ်တွေ အတွက်က အနည်းဆုံး ထောက်ခံပေးမယ့်သူ ၂ ယောက် ရှိရမယ်။ ပရိုဖိုင်း ပေးရမယ်။ မိသားစု ဘယ်လောက်ရှိလဲ ဆိုတာကို ကြည့်ပြီးတော့ Credit Card Rating ပေးသွားတာပေါ့။ ဖောက်သည်အသစ် အနေနဲ့ ထောက်ခံပေးမယ့်သူ တောင်းတဲ့နေရာမှာတော့ တဦးက exiting customer ဖြစ်ဖို့ လိုပါတယ်။
မေး။ ။ Credit Card အသုံးပြုနိုင်တဲ့ရက်ကို ဘယ်လောက် ပေးထားပါလဲ။ ရက်ကျော်သွားရင် ဘယ်လောက်အတိုးနှုန်းနဲ့ ပြန်လည်ပေးဆပ် ရမှာပါလဲ။
ဖြေ။ ။ အတိုးနှုန်းမဲ့ ကာလက ရက်ပေါင်း ၅၀ အထိ သတ်မှတ်ထားတယ်။ ရက် ၅၀ ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ တလကို ၁ ဒသမ ၀၈ ရာခိုင်နှုန်းနဲ့ တွက်ချက်သွားမယ်။ ခရက်ဒစ်လစ်မစ် ( Credit Limit) က လစဉ်ဝင်ငွေရဲ့ ၃ ဒသမ ၅ (၃ဆခွဲ) ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်အရ အနည်းဆုံး ကျပ်သိန်း ၅၀ အထိ သတ်မှတ်ထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ Credit Card အသုံးပြုမှု ကျယ်ပြန့်လာမယ်လို့ ယုံကြည်ပါလား။
ဖြေ။ ။ ယုံကြည်ပါတယ်။ အရင်တုန်းက မြန်မာပြည်မှာ ထုတ်ခဲ့တဲ့ ကတ်တွေဆိုတာက ကတ်ကို ဘဏ်က ထုတ်ပေးလိုက်တယ်။ ဆိုင်တွေမှာ ထားထားတယ်။ တနှစ်ကုန်တော့မှ ဆိုင်တွေဆီကနေ ပြန်ကောက်တာ။ Transition လုပ်တဲ့ အချိန်မှာ ဒီကတ်ရဲ့ Value ကို ဝင်ပြီးတော့ စစ်တယ်ဆိုတာ မရှိခဲ့ဘူး။ အရင်စစ်ခဲ့တဲ့ ပုံစံက တယ်လီဖုန်းနဲ့။ လက်တွေ့မှာက ဒီဆိုင်မှာသုံးတယ် ပြီးရင်အခြားဆိုင်မှာ သုံးတယ်။ ဒါမျိုးတွေ အများကြီး ဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းမှာက ထုတ်သမျှကတ်တွေ အကုန်လုံးကို အွန်လိုင်းကနေလုပ်တာ။ လုပ်သမျှ Transition တိုင်းသည် ကတ်ထုတ်တဲ့ဘဏ်ကိုသွားပြီး ဘဏ်ရဲ့ထောက်ခံမှုရမှ ပြီးမြောက်မှာပါ။
မေး။ ။ ကတ်ရဲ့ လုံခြုံစိတ်ချရမှု အပိုင်း၊ ကတ် ပျက်စီးပျောက်ဆုံးမှု ရှိခဲ့တယ်ဆိုရင် ဘယ်လိုမျိုး လုပ်ဆောင်ရမှာပါလဲ။
ဖြေ။ ။ ကတ်က အွန်လိုင်း transition ဖြစ်တဲ့အတွက် ၊လျှို့ဝှက် PIN နံပါတ် ပါမယ်။ POS (Piont of Sale) မှာပဲ သုံးသုံး ATM စက်မှာပဲ သုံးသုံး ပင်လိုမယ်။ ပင်ကနေ သက်သေအထောက်အထား ယူသွားမယ်။ ပျောက်ဆုံး ပျက်စီးသွားမယ်ဆိုရင် ဒီဘက်ဘဏ်ကို လှမ်းပြီးတော့ ကတ်ပိတ်ဖို့တော့ လိုတယ်။ Hot Line နံပါတ်တွေ လုပ်ပေးထားပါတယ်။
မေး။ ။ ပြည်ပမှာပါ အသုံးပြုနိုင်ဖို့ အထိရော ဆက်လုပ်သွားဖို့ အစီအစဉ် ရှိပါလား။
ဖြေ။ ။ ပြည်တွင်းသုံးကတ်အပြင် ပြည်ပမှာပါ သုံးနိုင်တဲ့ကတ်ကို ဒီနှစ်အတွင်း လုပ်သွားမှာပါ။ Debit Card ရော Credit Card ပါ နိုင်ငံတကာ သုံးနိုင်အောင် လုပ်သွားဖို့ ရှိပါတယ်။
မေး။ ။ အခုထုတ်လုပ်လိုက်တဲ့ Credit Card ကတ်ကို ဘယ်လိုနေရာမျိုးတွေမှာ သုံးနိုင်ပါပြီလဲ။
ဖြေ။ ။ ငွေပေးချေတဲ့ ကတ်ကို ATM စက်မှာရော ဆိုင်တွေမှာရှိတဲ့ Piont of Sale ( POS ) နှစ်မျိုးလုံးမှာ သုံးနိုင်တယ်။ ဒါပေမယ့် ATM မှာ သုံးစွဲခွင့်ကို ပထမတနှစ်မှာ ပိတ်ထားမယ်။ ရည်ရွယ်တာက ငွေသား သုံးစွဲတာကို လျှော့ဖို့အတွက် ကတ်ကိုအသုံးပြုပြီး ငွေပေးချေတဲ့ စနစ်ကို တတ်စေချင်လို့ပါ။ ချိတ်ဆက်ထားတာကတော့ ဆိုင်အစုံပါပဲ။ Daily ငွေပေးချေမှု လုပ်နေရတဲ့ နေရာတွေကို POS တွေ လိုက်တပ်ဆင်ပေးထားပါတယ်။ ဆက်လက်လည်း လုပ်ကိုင်နေပါတယ်။ နောက်ပိုင်းမှာလည်း ဘဏ်အချင်းချင်း Credit Risk Committee လုပ်သွားဖို့ ရှိတယ်။ ဒီဘက်ကယူထားတဲ့ ဖောက်သည်က နောက်ဘဏ်တခုမှာ Credit ထပ် မယူနိုင်အောင်လို့ လုပ်သွားမယ်။ အခုလည်း ဘဏ်အချင်းချင်းမှာ လုပ်နေတာတွေ ရှိပါတယ်။