ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အစိုးရသစ်ကို မကြာမီ မြင်တွေ့ရတော့မည်ဖြစ်ရာ ယင်းအစိုးရ ဖြေရှင်းရမည့် စိန်ခေါ်မှုများစွာက စောင့်ဆိုင်းလျက်ရှိသည်။ ထိုအထဲတွင် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖယ်ဒရယ် ပြည်ထောင်စု စနစ် က အရေးကြီးဆုံးထဲမှ တခု ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် လည်း တိုင်းရင်းသားတချို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်ရန်အတွက် ဗမာပြည်နယ်အပါဝင် ၈ ပြည်နယ်စနစ်ကို တောင်းဆိုလာ ကြသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးတွွင် တိုင်းရင်းသားတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာရင် တိုင်းပြည်မှာ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်လိမ့်မယ်လို့ ဦးခွန်ထွန်းဦး ထင်ပါသလား။
ဖြေ ။ ။ သူတို့လည်း ကတိကဝတ်တွေ ပေးထားပြီးပြီပဲ။ ပြည်သူလူထုကလည်း ယုံကြည်လို့ သူတို့ကို မဲပေးပြီးပြီ။ သူတို့ ဘယ်လို ဆက်လုပ် မလဲ ဆိုတာပဲ စောင့်ကြည့်ရမှာပေါ့။ တိုင်းရင်းသားတွေ ဘာလိုချင်လဲ ဆိုတာလည်း သူတို့ အသိဆုံးပဲလေ။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း အ ခက်အခဲတွေ ရှိနေတယ်။ သူ့အနေနဲ့ ၅၉(စ) မပြင်နိုင်သေးဘူး။ သူ သမ္မတ ဖြစ်၊ မဖြစ်က မပြောနိုင်သေးဘူးလေ။ သူ သမ္မတ မဖြစ်ရင် Protocol အရ နိုင်ငံခြားသွားရင် ဘယ်သူ့ကို ကြိုရမှာလဲ။ ကောဇောနီခင်းရမှာလား၊ မခင်းရဘူးလား။ ရှုပ်နေတယ်။ ဒါပေမယ့် အခု အစိုးရထက်စာရင်တော့ အများကြီး သာပါတယ်။ ပြည်သူတွေကလည်း ဒီစနစ်ဟောင်းကြီး ပြီးသွားရင် ပြီးရောဆိုပြီး မဲပေးလိုက်တာပဲ။
မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်နိုင်ဘဲနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့က ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ မဖြစ်နိုင်ဘူး။ လုံး၀ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲလို့ ပြောရရင်တော့ အများကြီးပဲ။ ဒီဖက်ဒရယ်နဲ့ ဆက်စပ်နေတဲ့ အခြေခံ အချက် အလက်တွေ မပြင်နိုင်ရင် ဘယ်လို လုပ်မလဲ။
မေး ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ၈ ပြည်နယ်မူ ကိစ္စကို ဦးခွန်ထွန်းဦးတို့ SNLD က တင်ပြခဲ့တယ်လို့ သိရတယ်။ အဲဒီ ၈ ပြည် နယ်မူ ကိစ္စက လက်တွေ့မှာ အလုပ်ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ လုပ်ရင်တော့ ဖြစ်တာပေါ့လေ။ ဒီဟာနဲ့ ပတ်သက်ပြီး ကျနေ်ာတို့ ခံယူတာက တိုင်းပြည်ရဲ့ ပြဿနာက ဒီအပေါ်မှာ တည်တာပဲလေ။ ပင်လုံညီလာခံမှာလည်း ဒီလိုပဲ ပြောခဲ့တာပဲလေ။ ဒါပေမယ့် ဒီနေ့အထိ အကောင်အထည် ဖော်နိုင်ခဲ့လို့လား။ ဒါကို အာမခံချက် မပေးနိုင်ဘူး ဆို ရင်တော့ ဘယ်လိုလုပ်ကျမလဲ။ တို့ ကို တန်းတူရည်တူ မဆက်ဆံဘူး၊ အဲဒီ တန်းတူရေး အာမခံချက်မှ မပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဖြစ်မလဲ။ ညီလာခံမှာတုန်းကလည်း ကျနော်တို့ ကိုယ်စားလှယ်က ဒီအတိုင်းပဲ ပြောခဲ့တာပဲလေ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာရင် ၈ ပြည်နယ် စနစ်က ဆွေးနွေးမှာလား။ သူတို့ အစိုးရတက်လာရင် တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး လုပ်နိုင်မယ်လို့ ထင်လား။
ဖြေ ။ ။ ဆွေးနွေးရမှပေါ့။ သူ့နဲ့မှ မဆွေးနွေးနိုင်ရင် ဘယ်သူ့နဲ့သွားပြီး ဆွေးနွေးရမလဲ။ သူနဲ့ တိုက်ရိုက် ဆွေးနွေးရဖို့ထက် လွှတ်တော်မှာ တင် ပြီး ဆွေးနွေးမှာပေါ့ဗျာ။ သူတို့ကတော့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး လုပ်မှာပဲ။ ဒါပေမယ့် Constitution အရ အကန့်အသတ်တွေ များနေတာကိုး။
မေး ။ ။ ၁၉၆၂ ခုနှစ်မှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တယ်။ အခုလည်း ၈ ပြည် နယ်မူကို အကြောင်းပြုပြီး နိုင်ငံရေးက တပ်က ထပ်ပါလာမှာကို မစိုးရိမ်ဘူးလား။
ဖြေ ။ ။ မစိုးရိမ်ပါဘူး။ သူတို့ပါခဲ့လို့ တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွားခဲ့ပြီလေ။ သူလည်း သူ့အလုပ်သူ လုပ်ပေါ့။ ကိုယ်လည်း ကိုယ့်အလုပ်ကို လုပ်မယ်။ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုပါဘူး။ ကိုယ်ဖြစ်တဲ့ဟာက ခိုင်မာရင် ပြီးရောပဲ။
မေး ။ ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တပ်မတော်ကိုရော မစည်းရုံးတော့ဘူးလား။
ဖြေ ။ ။ စည်းရုံးဖို့တော့ ရှိပါတယ်။ သူစကားလာပြောရင် ကိုယ်တွေကလည်း ပြောဆိုဆွေးနွေးမှာပေါ့ဗျာ။
မေး ။ ။ ဖက်ဒရယ်ကို တောင်းဆိုနေပြီဆိုတော့ ဘယ်လို ဖက်ဒရယ်စနစ်မျိုးကို လေ့လာထားလဲ။ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ နိုင်ငံမျိုးတွေ့ပြီလား။
ဖြေ ။ ။ လေ့လာထားတာကတော့ များတယ်။ အကောင်းဆုံးကတော့ ဂျာမနီပေါ့ဗျာ။ အမေရိကန်စနစ်လည်း ကောင်းတာပဲ။ ဘယ်နိုင်ငံ အကောင်းဆုံးဆိုတာထက် ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတာကို လုပ်ရမှာပဲ။
မေး ။ ။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးတာ ရှိတာက အခုရှိနေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ပြည်နယ်ကို လုပ်ပိုင်ခွင့် ပိုပေးလိုက်ရင် ဖက်ဒရယ်စနစ် သီးသန့် သွားစရာ မလိုဘူးလို့ ပြောပါတယ်။ လက်ခံပါသလား။
ဖြေ ။ ။ ဒီကိစ္စကြီးက နောက်ကို ၁၀ လှမ်းလောက် ဆုတ်ခိုင်းပြီးမှ ရှေ့တလှမ်းပြန်တိုးခိုင်းတာဗျ။ အဲဒါမျိုးကတော့ မဖြစ်နိုင်ဘူး။ ပင်လုံ စာ ချုပ်ကို ပြန်လေ့လာဖို့ လိုတယ်။ လေ့လာကြည့်လိုက်ပါ။ တန်းတူညီမျှမှု မရရင် ဘယ်သူက လုပ်မှာလဲ။ ကျနော်တို့မှာတော့ ဘာမှ မရှိဘူးနော်။ လက်နက်ကိုင် အဖွဲ့တွေအတွက်လည်း ထည့်စဉ်းစားကြပါ။ ၁၀ လှမ်း ဆုတ်ခိုင်းပြီး ရှေ့တလှမ်းတိုးပေးတာ မျှတမှု ရှိပါ့မလား။
မေး ။ ။ ဦးခွန်ထွန်းဦးတို့ ပြောသလို ၈ ပြည်နယ်မူဆိုရင် ဗမာပြည်နယ်သတ်မှတ်ဖို့လည်း လိုလာတော့ ထင်သလောက် မလွယ်ဘူးလို့ ထင်တယ်။ ဗမာထဲမှာ ထားဝယ်တို့ ဘိတ်တို့ကို ဘယ်လို လုပ်မလဲ။ ရှမ်းထဲမှာလည်း မျိုးနွယ်စုတွေ အများကြီးလေ။
ဖြေ ။ ။ ဗမာတွေအတွက်တော့ ဘယ်လိုလုပ်မလဲ မပြောတတ်ဘူး။ ရှမ်းအတွက်ကတော့ ရှမ်း ဖက်ဒရေးရှင်း ပြန်ဖွဲ့လို့ရတယ်။ အခုလည်း ရှမ်းထဲမှာ “ဝ”ဒေသကို ဗမာအစိုးရ အာဏာ သက်ရောက်လို့လား။ အစိုးရ ရုံးစိုက်လို့ ရလို့လား။ အဲဒီဘက် တံခါးက ပွင့်နေတာ ကြာပြီ။ တချိန် မှာ ဗမာဟာ အဲဒီဒေသကြောင့် ရုရှားက ခရိုင်းမီးယားလို ဖြစ်သွားမှာ ခင်ဗျား မကြောက်ဘူးလား။ ဖက်ဒရယ်မှာက ဗမာက အများစုပဲ။ ပြဿနာ မရှိပါဘူး။ အဲ ထားဝယ်တို့ ဘိတ်တို့ကတော့ ဘယ်လို လုပ်လုပ် ခင်ဗျားတို့ သဘောပဲ။
မေး ။ ။ NLD အစိုးရအဖွဲ့က ဦးခွန်ထွန်းဦးကို ဒုတိယ သမ္မတ ရာထူးသော်လည်းကောင်း၊ ဒါမှမဟုတ် ပြည်ထောင်စု အဆင့် ရာထူးတခုခု ပေးရင် လက်ခံဖို့ ရှိပါသလား။
ဖြေ ။ ။ ဘယ်လို အချက်အလက်တွေနဲ့ ပေးမှာလည်းဆိုတာ ပြန်လေ့လာရမှာပေါ့။ ကျနော်တို့ ရချင်တဲ့ဟာနဲ့ သူတို့ မူဝါဒနဲ့ ကိုက်ညီ၊ မကိုက်ညီဆိုတာလည်း ပြန်စဉ်းစားရမှာပေါ့။ ကျနော်က လက်ခံမယ်လို့ ပြောလိုက်ရင်လည်း နောက်ကျမှ မဖြစ်ရင် ပြဿနာတွေ တက်ဦးမယ်လေ။
မေး ။ ။ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့ ဦးခွန်ထွန်းဦး ပြောချင်နေတာရှိရင် ပြောပါ။
ဖြေ ။ ။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ သူတို့က ၁၄ ယူနစ် ပြောနေကြတာ။ ကျနော်ကတော့ ၈ ယူနစ်ပဲ ပြောတယ်။ နောက်ဆုံး ပြောချင် တာက ဖက်ဒရယ်ကို ဘယ်လိုဖွဲ့ဖွဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိဖို့ လိုတယ်။ ဒါမှ ဖက်ဒရယ်ကို သွားလို့ ရမှာကိုး။ ကျနော်တို့က ၇ ပြည် နယ်၊ ၇ တိုင်း ဖန်တီးမယ်။ အဲဒါကြောင့် တိုင်း ၁၀ တိုင်း တိုးမယ်ဆို ဘယ်ဖြစ်မလဲ။ ပြည်နယ်ရှိတိုင်း တိုင်းလိုက်တိုးလို့ ဘယ်ရမလဲ။ ပြောချင် တာက ပြည်နယ် ၁၀၀၊ တိုင်း ၁၀၀ ပဲ လုပ်လုပ် အရေးကြီးတာက အထက်အောက် ညှိနှိုင်းမှုရှိတဲ့ စနစ်မျိုး ဖြစ်ရမှာ။ အထက်အောင် ညှိနှိုင်းမှု မ ရှိလို့ တိုင်းပြည်က နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ပြီပဲဟာ။ အောက်က ဗမာက များတယ်ဆိုရင် အောက်လွှတ်တော်ကိုယူ။ အထက်ကျတော့ လူ နည်းစုအတွက်။ တိုင်းရင်းသားတွေ အတွက်လေ။ လူမျိုးစု လွှတ်တော်ပဲ ပြောပြော။ တိုင်းရင်းသား လွှတ်တော်ပဲ ပြောပြော။ အထက် လွှတ်တော် ပေါ့။ ကျနော်တို့ ယူမယ်လေ။ ၄၇ ဖွဲ့စည်းပုံကို သိတယ်မလား။ အဲဒီအတိုင်းပဲ။ ဗမာတွေက လွတ်လပ်ရေးမရခင် တမျိုးပြောတယ်။ လွတ်လပ်ရေးရတော့ တမျိုး ဖြစ်သွား တယ်။ အဲဒါကြောင့်လည်း တပြည်လုံးမှာ ဒုန်းဒုန်း၊ ဒိုင်းဒိုင်းတွေ ဖြစ်နေတာပေါ့။