မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ (WFP) သည် ၂ဝ၁၆ ခုနှစ်ကုန်အထိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဒေါ်လာ ၅၁ သန်း လိုအပ်လျက်ရှိသည်။
ဝန်ထမ်းအင်အား ၂၅ဝ အထိ မြန်မာနိုင်ငံတွင်ခန့်ထားပြီးသော WFP က ၂ဝ၁၅ ခုနှစ် အတွင်း လူဦးရေ ၁ ဒသမ ၂ သန်းကို စားနပ်ရိက္ခာနှင့်ငွေကြေး ထောက်ပံ့ခဲ့ရာတွင် သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းစစ်ဒဏ် ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည် ငါးသိန်းခန့်အတွက် အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့မှုလည်း ပါဝင်သည်။
Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် သင်းလဲ့ဝင်းက WFP ၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dom Scalpelli ကို သွားရောက်တွေ့ဆုံပြီး လိုအပ်ငွေကြေးပမာဏကြောင့် ဖြစ်နိုင်ဖွယ်အကျိုးဆက်၊ မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်နေရဆဲ အကြောင်းများ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပပျောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းမှု စသည်တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။
မေး – ရန်ပုံငွေမလုံလောက်မှုအပေါ် ဘယ်လောက်အထိ စိုးရိမ်မိသလဲ။ ဒါဟာ ရေရှည်အခက်အခဲတစ်ခုရဲ့ အစိတ်အပိုင်းတရပ်လား။
ဖြေ – စိတ်မကောင်းစရာတစ်ခုက ကျနော်တို့လုပ်ငန်းဟာ ပုံမှန်အားဖြင့် ရန်ပုံငွေလုံလောက်မှုမရှိပါဘူး။ မီးသတ်ဌာနတစ်ခု မီးသတ်ကားတွေဝယ်ဖို့ ဒါမှမဟုတ် အဲဒီကားတွေကို ဆီထည့်ဖို့ ငွေပုံမှန်လိုနေသလိုပါပဲ။ ဥပမာဆိုရရင် မီးလောင်ပြီဆိုတော့မှ မြို့ထဲကို အပြေးအလွှားသွား၊ ငွေရှာရသလို ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာလည်း ရေကြီးပြီဆိုရင်၊ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လူတွေထွက်ပြေးရပြီဆိုရင် ဖြစ်ပုံက ခုနကလိုပါပဲ။ အရေးပေါ်အခြေအနေတစ်ခုဖြစ်လာပြီဆိုရင် ကျနော်တို့မှာ နောက်ထပ်ရန်ပုံငွေတွေ လိုက်ရှာရပါတော့တယ်။ ဒါဟာ မဖြေရှင်းနိုင်သေးတဲ့အခက်အခဲပါ။ ဒါပေမဲ့ ဒါက လက်ရှိသွားနေတဲ့စနစ်ပါပဲ။
မေး – ရန်ပုံငွေမရှိတဲ့အတွက် လူသားချင်း စာနာတဲ့အကူအညီပေးတဲ့လုပ်ငန်းအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်ပါသလဲ။
ဖြေ – စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီဖို့ ဧပြီလအထိတော့ ရိက္ခာလုံလောက်ပါတယ်။ အဲဒီနောက်ပိုင်းဆိုရင်တော့ အခက်အခဲရှိလာပါပြီ။ ကျနော်တို့က ပုံမှန်အလှူရှင်တွေ၊ နောက်တိုးအလှူရှင်တွေနဲ့ အဆက်မပြတ် ဆွေးနွေးနေတာကြောင့် ဧပြီလမတိုင်မီ နောက်ထပ် လှူဒါန်းထည့်ဝင်တာတွေ ရလာနိုင်မယ်လို့ အရမ်းကို မျှော်လင့်ထားတာပါ။
ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခါမျိုးမှာ ကျနော်တို့က လူ့အသက်ကယ်တဲ့လုပ်ငန်းတွေကို ဦးစားပေးရပါတယ်။ ဒီလုပ်ငန်းစဉ်အောက်မှာဆိုရင် အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေ၊ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ (အထူးသဖြင့် အဲဒီပြည်နယ်တွေက ဒုက္ခသည်စခန်းတွေမှာရှိတဲ့သူတွေ)၊ ရေကြီးမှုနဲ့ မြေပြိုမှု ကြုံတွေ့ခံစားခဲ့ရသူတွေကို အစာအာဟာရ ထောက်ပံ့ပေးပါတယ်။
ဒုတိယဦးစားပေးအနေနဲ့ကတော့ စားနပ်ရိက္ခာလုံလောက်မှုမရှိတဲ့ ဒေသတွေက စာသင်ကျောင်းတွေမှာ အာဟာရပြည်စုံတဲ့ မုန့်တွေကို မူကြို၊ သူငယ်တန်းကလေးပေါင်း၂၃ဝ,ဝဝဝ ခန့်ကို ကျွေးမွေးတဲ့ နေ့စဉ် ကျောင်းမှာလုပ်တဲ့အစီအစဉ် မျိုးကတော့ မိဘတွေ ကိုယ့်သား၊ သမီးတွေကို ကျောင်းပို့အောင် ဆွဲဆောင်တဲ့အရာဖြစ်ပါတယ်။
အခြားသော ဒေသဖွံ့ဖြိုးရေးအစီအစဉ်တွေဖြစ်တဲ့ ဆည်၊ ငါးကန်၊ လမ်း၊ တံတားအစရှိတဲ့ လူမှုအခြေခံအဆောက်အဦတွေ ပြန်လည်ထူထောင်ပေးတာကလည်း ဒီသဘောပါပဲ။ ဒါဟာ အနာဂတ်မှာလာမယ့် ထင်မထားတဲ့ဘေးဒုက္ခတွေကိုကာကွယ်ရာမှာ ဒါမှမဟုတ် လျှော့ချရာမှာနဲ့ ဒုက္ခကြုံရင်လည်း ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် တည်ဆောက်ပေးရာမှာ အထောက် အကူဖြစ်ပါတယ်။
မေး – မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ ပိုလျှံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် ဒေသအများအပြား အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အစားအစာ မလုံလောက်တာကြောင့် လူကြီးလူငယ်တွေမှာ အာဟာရမပြည့်ဝတာကို တွေ့နေရပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရတာလဲ။
ဖြေ – ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ အာဟာရချို့တဲ့စွာ စားရတဲ့ သူအချို့ကို အနည်းနဲ့ အများဆိုသလို တွေ့ရပါတယ်။ ဒါဟာလည်း အသိပညာ ဗဟုသုတနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အာဟာရရှိတဲ့အစာကို စားသုံးနိုင်တဲ့အနေအထားမှာရှိရင်တောင်မှ လူတွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ အမြဲစားချင်မှ စားပါလိမ့်မယ်။ စားချင်မှတောင် စားမှာပါ၊ အဲဒါကို ရောင်းပစ်ပြီး ပိုပြီးဈေးသက်သာတာတွေကို ပြန်ဝယ်စားတာမျိုးလည်း ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ ဆန်စပါးထုတ်လုပ်မှု ပိုလျှံတယ်ဆိုတာ မှန်ပါတယ်။ မြန်မာတွေ အတွက်ကတော့ ဆန်ရှိခြင်းဟာ စားနပ်ရိက္ခာရှိခြင်းပါပဲ။ ဒါပေမယ့် ဒီမှာ စားသုံးနေတဲ့ပုံစံအရတော့ ဆန်ကိုစားရုံသက်သက်မျှနဲ့ အာဟာရရှိသွားတာတော့ မဟုတ်ပါဘူး။
ဆန်ညိုကို စားတဲ့သူ တော်တော်နည်းပါတယ်။ ဆန်တွေကို ဖြူနိုင်သမျှဖြူအောင် ဖွတ်ထားတဲ့ ဆန်တွေကို စားကြတော့ အဲဒီဆန်မှာပါတဲ့ အာဟာရတွေ အများကြီး ဆုံးရှုံးကုန်ပါတယ်။
ချင်းပြည်နယ်မှာလည်း မြို့တမြို့ကနေ နောက်တမြို့ကို သွားမယ်ဆိုရင် ကားကောင်းမယ်ဆိုရင်တောင်မှ သုံးနာရီလောက်ကြာပါတယ်။ ဒီတော့ အစားအစာတွေကို ဝယ်လို့ရတယ်ဆိုပေမယ့် ဈေးကြီးတယ်။ အဲဒီဒေသမှာ ရေကြီးတုန်းက ကြုံခဲ့ရဖူးတယ်၊ ဆန်တစ်အိတ်ကို အရင်က အခြားနေရာတွေထက် ဈေးကြီးပြီး ကျပ် သုံးသောင်းကျော်လောက် ရှိရာကနေ ကျပ်တသိန်းကျော် ဖြစ်သွားတယ်။ သွားရေးလာရေး ခက်ခဲတာကလည်း ပြဿနာတခုပါ။
မြေနဲ့ အခြား ရင်းမြစ်တွေ အသုံးပြုနိုင်မှုနည်းပါးတာ သို့မဟုတ် မျှမျှတတမဖြစ်တာ၊ စိုက်ပျိုးရေးရေခံမြေခံ မကောင်းမွန်တာ၊ တခုခုဖြစ်ရင် နာလန်ထူနှေးတာတွေကြောင့် မြေယာမဲ့တွေ၊ လက်လုပ်လက်စားတွေနဲ့ တိုင်းရင်းသားတွေလိုမျိုး အစကတည်းက တပန်းရှုံးပြီးသားသူတွေအတွက် အစားအစာ မလုံလောက်မှုဟာ ကြုံနေကျ ပြဿနာတရပ်ပါ။ လယ်သမားအများစုမှာ စိုက်ပျိုးနိုင်တဲ့မြေ နည်းနည်းပဲ ရှိပါတယ်။ ဒီအခြေအနေကြောင့် သူတို့အနေနဲ့ မိသားစုအတွက်လိုအပ်မယ့် အစားအစာ၊ ဟင်းသီးဟင်းရွက်တွေကို တနှစ်ပတ်လုံး စိုက်ပျိုးလို့ မရပါဘူး။ စိုက်ပျိုးရေးလုပ်ငန်းကလည်း ရှိသင့်သလောက် မကောင်းမွန်ပါဘူး။ အပူပိုင်းဒေသတွေမှာဆိုရင် မြေကြီးတွေက သဲဆန်ပြီး မိုးရွာသွန်းမှုက နည်းပါတယ်။ တောင်တန်းဒေသတွေမှာကျတော့ စိုက်ပျိုးရေးလုပ်နိုင်တဲ့မြေက အနည်းအကျဉ်းပဲရှိပြီး စိုက်ပျိုးရေးလုပ်ငန်း ကာလ တခုတခုကလည်း အင်မတန် တိုတာကြောင့် မြေဆီသြဇာ အသစ်ပြန်ဖြစ်ဖို့ မလွယ်ဘူး။
တိုင်းရင်းသား ဒေသတွေမှာ လွတ်လွတ်လပ်လပ်/သို့မဟုတ် စိတ်ချလက်ချ သွားလာနိုင်ခြင်းမရှိတာကြောင့် မြေယာနဲ့ အသက်မွေးလုပ်နိုင်မယ့် အခြေအနေကောင်းတွေ ပိုပြီးလိုအပ်ပါတယ်။
မေး – မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှု အများဆုံးဖြစ်နေတာ ဘယ်နေရာတွေလဲ၊ ဘာကြောင့် ဖြစ်ရတာလဲ။
ဖြေ – အဓိကဖြစ်နေတဲ့နေရာတွေကတော့ နယ်စပ်ဒေသတွေ၊ အပူပိုင်းဒေသတွေဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ ဝေးလံခေါင်ဖျားပြီး သီးခြားလိုဖြစ်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းမရှိသလို စိုက်ပျိးမြေလည်း နည်းပါးပါတယ်။ ရခိုင်ပြည်နယ်မှာ ဆိုရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့မရတာ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိတာနဲ့ မြေယာရှားပါးမှုတို့ ဖြစ်နေပါတယ်။ အပူပိုင်း ဒေသမှာတော့ မြေဆီသြဇာညံ့ဖျင်းမှုနဲ့ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်တွေရှိနေပါတယ်။
မေး – မြန်မာနိုင်ငံမှာ အာဟာရမပြည့်ဝမှုဟာ ဘယ်လောက်ထိ ဆိုးနေသလဲ။
ဖြေ – အရှေ့တီမောနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ပြီးရင် မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရချို့တဲ့မှု တတိယအများဆုံးနိုင်ငံဖြစ်နေတယ်။ အမှန်ဆို ဒီလိုဖြစ်ရမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတယ်၊ ဒီရင်းမြစ်တွေကို ပညာရေး၊ လူနေမှုဘဝတွေအတွက် အသုံးချနိုင်ဖို့နဲ့ အာဟာရပိုမိုပြည့်ပြည့်ဝဝရှိအောင် စားတတ်ဖို့ လိုပါတယ်။ တခါတရံမှာတော့ ပိုကောင်းမွန်တဲ့အာဟာရစားသုံးမှု မြှင့်တင်အောင် ရှိရင်းစွဲယဉ်ကျေးမှုဓလေ့တွေကိုလည်း ပြောင်းလဲရပါလိမ့်မယ်။
အစားအစာလိုအပ်ချက်အများဆုံးနေရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်ပါတယ်။ အသက် ၅ နှစ်အောက် ကလေး ၃၄ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့တာကြောင့် အရေအတွက်နဲ့ဆိုရင် ကလေးသုံးယောက်မှာ တစ်ယောက်က အရင် တော်တော်လေး ပုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ နေရာမှာဆိုရင် အာဟာရချို့တဲ့ဒဏ်ကြုံတွေနေရသူ ၅ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။ (အယ်ဒီတာ့မှတ်ချက် – ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ရိုဟင်ဂျာ/ဘင်္ဂါလီ မွတ်စလင် တစ်သန်းခန့်နေထိုင်သည်)
ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ဂျပန်မှာ အရပ်ပုတဲ့သူ တော်တော်များသေးတယ်။ အခု တိုကျိုကို သွားကြည့်လိုက်ပါ၊ အများစုက အရပ်အမောင်းကောင်းနေကြပြီ၊ မျိုးဆက်တစ်ခုလောက်ပဲ ကြာခဲ့ပါတယ်၊ လုပ်ယူလို့ရတဲ့ အရာတခုပါ။ အာဟာရပြည့်ဝမှုဆိုတာ အစားအစာတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးကောင်းမွန်ရေး၊ သန့်ရှင်းရေးတို့နဲ့လည်း ဆိုင်ပါတယ်။ ဥပမာအားဖြင့် တောင်အာရှမှာဆိုရင် သန့်ရှင်းရေးညံ့ဖျင်းလို့ အာဟာရချို့တဲ့မှု ဖြစ်စေပါတယ်။ မွေးကင်းစကလေး တစ်ဦးအတွက် ပထမဆုံးရက် ၁,ဝဝဝ မှာ မိခင်နို့သက်သက် တိုက်ကျွေးခြင်းနဲ့ ခြောက်လပြည့်ပြီးနောက်မှာ ဖြည့်စွက်စာပါ ထည့်ကျွေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ကိစ္စကို နေရာတိုင်းမှာ လုပ်လို့ မရနိုင်ပြန်ပါဘူး။ အကြောင်းကတော့ ယဉ်ကျေးမှုတွေက အမျိုးမျိုးဖြစ်နေလို့ပါ။
မေး – အာဟာရချို့တဲ့မှုဟာ ဘဝတလျှောက်လုံးအထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။
ဖြေ – ဟုတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အစားအစာလုံလောက်မှုမရှိတဲ့ နေရာဒေသတစ်ခု အာဟာရမပြည့်ဝတဲ့ မိန်းကလေးတယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးမယ်ဆိုရင် အဲဒီမွေးလာတဲ့ ကလေးဟာ စိတ်ပိုင်းဖြစ်ဖြစ် ရုပ်ပိုင်းဖြစ်ဖြစ် တစုံတရာ ယုတ်လျော့ ချို့တဲ့မှု ရှိနိုင်ပါတယ်။
မွေးကင်းစ ကလေးဟာ ပထမဆုံး ရက် ၁,ဝဝဝ မှာ အာဟာရ လုံလုံလောက်လောက် မရရှိဘူးဆိုရင် ဦးနှောက်ဟာ ပုံမှန်မဖွံ့ဖြိုးနိုင်ပါဘူး။ ရှိသမျှလူတွေအားလုံး ဒီလိုမျိုးဖြစ်နေရင်လို့ တွေးကြည့်လိုက်လေ။ နိုင်ငံတနိုင်ငံမှာ ကလေးငယ်တွေ အာဟာရချို့တဲ့မှုတခုတည်းကြောင့်ပဲ အဲဒီနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဆုံးရှုံးမှုဟာ ဂျီဒီပီရဲ့ ပျမ်းမျှ ၁၁ ရာခိုင်နှုန်းလောက် အထိ ရှိနိုင်တာကို လေ့လာ တွေ့ရှိထားပါတယ်။ ဒီလိုအဖြစ်မျိုးကို ရပ်တန့်ပစ်နိုင်တယ်။ အမျိုးသမီးတဦး ကိုယ်ဝန်ဆောင်နေရပြီဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို လုံလုံလောက်စားပြီး သန့်ရှင်းတဲ့ရေကိုသောက်ဖို့ လိုပါတယ်။ မွေးဖွားပြီးတဲ့ အချိန်မှာလည်း မိခင်နို့တမျိုးတည်းကိုသာ တိုက်ကျွေးမယ်၊ အဲဒီနောက်မှာလည်း အာဟာရရှိတဲ့အစာကိုသာ ကျွေးမယ်ဆိုရင် ကလေးငယ်အနေနဲ့ အသက်နှစ်နှစ်လောက်အထိ ကျန်းမာစွာနဲ့ကြီးထွားလာနိုင်ပါတယ်။
ဒါတင်မပြီးသေးပါဘူူး။ ကလေးဟာ အရွယ်ရောက်ရင် ကျောင်းသွားရမှာမို့လို့ အာဟာရရဲ့ အရေးပါပုံကို သူတို့နားလည်ပါတယ်။ မိန်းကလေးတယောက်ဟာ ပညာသင်နေတဲ့အချိန်ပိုကြာလေ ကလေးမွေးတာလည်း ပိုပြီးနောက်ကျလေပါပဲ။ အသက်ငယ်ငယ်နဲ့ ကလေးမမွေးတော့ရင် မွေးလာတဲ့ကလေးက ပိုကျန်းမာဖို့ပဲရှိပါတယ်။ ဒါ့ပြင် သူကိုယ်တိုင်ကလည်း သားဆက်ခြားဖို့ အလားအလာပိုများပါတယ်။
မေး – ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ။ အစိုးရအနေနဲ့ရော ဘာတွေလုပ်သင့်သလဲ။
ဖြေ – အားဖြည့်ဆန် ထုတ်လုပ်ဖို့ ကျနော်တို့က မြန်မာအစိုးရ၊ အခြားအဖွဲ့အစည်းတွေနဲ့ စတင်လုပ်ဆောင်နေပါတယ်။ ဒါကို ကြိုးစားလုပ်ဆောင်ပြီး ဈေးကွက်ထဲမှာ ရောင်းချနိုင်မယ်၊ ကျနော်တို့ရဲ့ အာဟာရဖြည့်ဆည်းရေး အစီအစဉ်တွေအတွက် ဝယ်ယူသွားမှာပါ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက လူတွေဟာ တဦးချင်း ဆန်စားသုံးမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ လူတဦး ဆန်စားသုံးမှုဟာ တနှစ်ကို ကီလိုဂရမ် ၂ဝဝ ကျော်ပါတယ်။ တကယ်လို့ ဒီပမာဏအတိုင်း အာဟာရဖြည့် အစားအစာတမျိုးမျိုးကို စားသုံးနိုင်မယ်ဆိုရင် အာဟာရချို့တဲ့မှုပြဿနာကို အကောင်းဆုံးမဟုတ်တောင်မှ ရေရှည်ဖြေရှင်းဆောင်ရွက်သွားနိုင်မှာပါ။
အာဟာရဖြည့်ဆန်တွေ လောလောဆယ်ပို့မပေးနိုင်သေးတဲ့ နေရာတွေအတွက် အဲဒီဒေသက လူတွေအနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရနိုင်ရေး၊ အမျိုးအစား စုံလင်အောင် စိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ပေါက်ရောက်မှုရရှိနိုင်ရေးတွေကို လုပ်ဆောင်သွားဖို့ လိုပါတယ်။ မြန်မာလို နိုင်ငံမျိုးအနေနဲ့ အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒီကိစ္စကို ဦးစားပေးသတ်မှတ်ဖို့ပါပဲ။
မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ပညာရေး၊ အနုပညာ၊ အားကစားစတဲ့ နယ်ပယ်အသီးသီးမှာ ဒီကိစ္စကို ဦးဆောင်ဦးရွက်ပြုမယ့်လူတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ အာဟာရပညာရှင် မပေါ်ထွန်းသေးပါဘူး။ လုပ်ချင်စိတ်နဲ့ တကယ် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။
လုံးဝငတ်မွတ်မှုပပျောက်ရေးအစီအစဉ်ကို မြန်မာအစိုးရက ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှာ ချမှတ်ခဲ့ပါတယ်။ ဒါဟာ ပထမအဆင့်ပါ။ တကမ္ဘာလုံးမှာ ဆောင်ရွက်မယ့်ရှေ့ဆောင်အစီအစဉ်လည်း ဖြစ်ပါတယ်။ ၂ဝ၂၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာ လူကောင်သေးကွေးညှက်တဲ့ ကလေးငယ်တွေ လုံးဝမရှိတော့အောင် တိကျတဲ့ တာဝန်တွေပေးထားတဲ့ အာဟာရပြည့်ဝရေးနဲ့ စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်မူကြမ်းတစ်ခု ချမှတ်ထားပါတယ်။
(ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာန၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်)