ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ၆၉ ကြိမ်မြောက် ရှမ်းအမျိုးသားနေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) က စည်းလုံးသော ဖက်ဒရယ်ပြည်နယ်တခု တည်ဆောက်ရေး အတွက် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ၎င်းအဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် အဖွဲ့အစည်းတခု ဖြစ်သည်။ အစိုးရတပ်နှင့် တိုက်ပွဲများရပ်ဆိုင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသော်လည်း အခြားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ခိုက်မှုများ ရှိနေသည်။ တချိန်က အင်အားတောင့်တင်းခဲ့သော RCSS/SSA အဖွဲ့သည် ပြည်သူလူထုနှင့် မီဒီယာ များ နှင့် ပိုမိုထိတွေ့လာခဲ့သည်။ တချိန်က ရှမ်းတိုင်းရင်းသားစကားကိုသာ ပြောခဲ့ကြသော ၎င်းတို့၏ ခေါင်းဆောင်များ ပြည် နယ် ပြင်ပမှ ဗမာများနှင့် ဆက်ဆံမှုများ ပိုမိုပြုလုပ်လာကြသည်။ မကြာသေးမီက RCSS/SSA ဌာနချုပ်သို့ သွားရောက်ခဲ့ သော ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းက ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့် တွေ့ဆုံ၍ နိုင်ငံရေး အပြောင်းအလဲ တွင် ၎င်းတို့ အဖွဲ့အစည်း၏ အခန်းကဏ္ဍ၊ စည်းလုံးရေးဆောင်ရွက်ချက်များ နှင့် RCSS/SSA မှ အမျိုးသမီး အဖွဲ့ဝင်များ အပေါ် အမြင်များကို မေးမြန်းခဲ့ပါသည်။
မေး။ ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး နဲ့ လက်နက်ဖြုတ်သိမ်းခြင်း၊ စစ်မှုထမ်းအဖြစ်ကနေနုတ်ထွက်ခြင်း၊ ပြန်လည်ပေါင်းစည်းခြင်း (SSR/DDR) တွေနဲ့ အညီ လိုက်နာ ရတဲ့ အခါ အနာဂါတ်မှာ RCSS ရဲ့ အခန်း ကဏ္ဍက ဘယ်လိုရှိပါမလဲ။
ဖြေ။ ။ SSR/DDR အပေါ်မှာ ၂ ဘက်လုံးရဲ့ အမြင်က ကွဲပြားပါတယ်။ RCSS က လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR)ကို ပထမလုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီဟာ ခိုင်မာပြီဆိုတော့မှ DDR ကို ဆက်လုပ်ပါမယ်။ RCSS က နိုင်ငံရေး နဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ မူဝါဒ အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းက လူနည်းစုတိုင်းရင်း သား အမျိုးမျိုးကြားမှာ စည်းလုံးမှုရဖို့ ကျနော်တို့ အတူတကွ လုပ်ကြရပါမယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ လုပ်ရပါမယ်။
မေး။ ။ ရှမ်းပြည်နယ် အတွင်းမှာ အမျိုးမျိုးကွဲပြားနေတဲ့ လူထုကို ဘယ်လိုစုစည်းမလဲ။ အခုအချိန်မှာ တိုက်ပွဲတွေနဲ့ လည်း ကြုံတွေ့နေရတယ်။
ဖြေ။ ။ NCA မှာ လက်မှတ်ရေးထိုးခြင်းက စုစည်းမှုရဖို့ လမ်းတခုပါပဲ။ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာ က ၂ ဘက်လုံးက လက်နက်ကိုင်အဖွဲ့တွေက လူထုအတွက် စဉ်းစားလို့ ဖြစ်ပါတယ်။ လူထုက ပူးပေါင်းပါဝင်လာပြီဆိုရင် အောင်မြင်မှုရပါလိမ့်မယ်။
မေး။ ။ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး အတွက် လူမှုမီဒီယာက ဘာကြောင့် အရေးကြီးတာလဲ။ ရှမ်း အမျိုးသား နေ့ မိန့်ခွန်းထဲမှာလည်း ထည့်ပြောသွားတာ တွေ့ရပါတယ်။
ဖြေ။ ။ ဒီနေ့ခေတ်က မီဒီယာခေတ်ပါ။ လူတိုင်းကလဲ ဒါကို အသုံးပြုနိုင်နေပြီ။ ပြီးတော့ အဲဒါက ကျနော်တို့ အတွက် ဆက်သွယ်ရေးကိုလည်း ပိုမိုလွယ်ကူစေပါတယ်။ ဒါကြောင့် ကျနော်တို့က လူမှုမီဒီယာပေါ်မှာ တခုခုတင်ပြီ ဆိုရင် ဒါမှ မဟုတ် အချေအတင် ဆွေးနွေးပြီဆိုရင် စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်ရမယ်လို့ ကျနော်တို့ က စိတ်ထဲမှာ ထားရပါမယ်။
မေး။ ။ ဒေသအတွင်းမှာ စစ်တပ်ရဲ့ အဓမ္မ ခိုင်းစေမှုတွေ လျော့ကျသွားဖို့ RCSS က ဘာတွေ လုပ်နေပါသလဲ။
ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရဘက်က တုန့်ပြန်မှုကို ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။ အခု အချိန်အထိတော့ ကျနော်တို့ အနေနဲ့ အဓမ္မခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ မှတ်တမ်း မှတ်ရာတွေ စုဆောင်းရုံလောက်ပဲ လုပ်နိုင်ပါတယ်။
မေး။ ။ စစ်ရေးပြအခန်း အနားနဲ့ လုံခြုံရေး ဆောင်ရွက်တဲ့နေရာ မှာ အမျိုးသမီး စစ်သည် အများအပြားတွေ့ခဲ့ရပါတယ်။ ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာမှာ၊ နိုင်ငံရေးနဲ့ စစ်ရေးတွေမှာ အမျိုးသမီးတွေ ကိုယ်စားပြု ပါဝင်မှုနဲ့ ပတ်သက်လို့ RCSS/SSA ရဲ့ မူဝါဒက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ အဖွဲ့ကို ဖွဲ့စည်းတဲ့ အချိန် ကထဲက အမျိုးသမီးတွေကို နေရာပေးခဲ့ပါတယ်။ သူတို့တွေက ကျန်းမာ ရေး စောင့်ရှောက်မှုနဲ့ သတင်းအချက်အလက်စုစည်းတဲ့ ကဏ္ဍမှာ ပါဝင်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ လူတယောက်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ တည်ပါတယ်။ ယောက်ျား မိန်းမ ကွဲပြားမှုပေါ်မှာ မတည်ပါဘူး။
မေး။ ။ ပြီးခဲ့တဲ့ လ တုန်းက ဖက်ဒရယ် စနစ်ကိုလေ့လာဖို့ ဆွစ်ဇာလန် နိုင်ငံကို သွားခဲ့တာက ဘယ်လို အထောက်အကူ ဖြစ်ပါသလဲ။ ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံထက် လူဦးရေနည်းတယ်၊ ရှမ်းပြည်နယ်ထက်တောင် နည်းပေမယ့် လူမျိုးစု ကွဲပြားမှုတွေ ရှိတယ်။
ဖြေ။ ။ အာဏာခွဲဝေမှုက ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ပါလိမ့်မယ်။ ဘာသာစကားသင်ကြားရေးက သူတို့ ကျောင်းတွေမှာ ပိုပြီး လွတ်လပ်တယ်။ ခရိုင်အဆင့်မှာတောင်မှ လွတ်လပ်တယ်။ သူတို့ဆီမှာက ပိုပြီး အဆင့်အတန်းမြင့်တဲ့ ဒီမိုကရေစီ အလေ့အထတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့က အဝေးကြီးလိုပါသေးတယ်။ နှိုင်းယှဉ်လို့ မရပါဘူး။
မေး။ ။ NLD အစိုးရသစ်နဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ အစိုးရသစ်က မဖွဲ့စည်းရသေးတဲ့ အတွက် သူတို့ရဲ့ မူဝါဒကိုလည်း မကြေညာရသေးပါဘူး။ ကျနော်တို့ အနေနဲ့ သူတို့ရဲ့ မူဝါဒက ဘယ်လိုလဲဆိုတာကို (မတ်လ ကုန်အထိ) စောင့်ကြည့်ရပါလိမ့်မယ်။ သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ကို ဖိတ်ခေါ်မှာလား ဆိုတာကိုရောပေါ့။ တကယ်လို့ သူတို့ ကဖိတ်ခေါ်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ကလည်း ပြည်သူတွေ အကျိုးရှိဖို့ အတွက် သူတို့နဲ့ အတူလုပ်ဖို့ အဆင်သင့်ပါပဲ။