၂၀၁၆ ခုနှစ်သည် နှစ် ၁၀၀ အတွင်း အားအကောင်းဆုံး အယ်လ်နီညိုနှစ်အဖြစ် မိုးလေဝသ ပညာရှင်များက သတ်မှတ်ထားပြီး အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကို မြန်မာနိုင်ငံတွင် စတင်ခံစားနေရပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ဆောင်းရာသီ မကုန်သေးသော်လည်း နေ့အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာနေရာ အပူဒဏ် သတိထားကြရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် က သတိပေးထားသည်။ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်း ထောက် သူဇာက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ နှစ် ၁၀၀ အတွင်း အပူဆုံးဖြစ်မယ့် အယ်နီညိုရာသီဥတုရဲ့လက္ခဏာတွေကို ပြောပြပေးပါရှင့်။
ဖြေ။ ။ ပစ္စဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ အရှေ့ဘက် အီကွေတာရပ်ဝန်းက ပင်လယ်ပြင် ရေမျက်နှာပြင်အပူချိန်က ပုံမှန်ထက် ၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ကျော်လာတာနဲ့ အယ်လ်နီညိုဖြစ်ပြီလို့ သတ်မှတ်တာ။ သတ်မှတ်ပြီး တော့ အားကောင်းတယ်၊ မကောင်းဘူးဆိုတာကို အပူချိန် ဘယ်လောက်အထိ တက်လာသလဲဆိုတာ ကြည့်ပြီး တော့ သတ်မှတ်တာပေါ့။ ၂ ဒီဂရီ ကျော်ကျော်ထိ တက်လာရင် အားကောင်းတယ်လို့ခေါ်တယ်။ အခုက ၂ ဒသမ ၅ အထိ ရှိတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဆို ၂ ဒသမ ၈ အထိ ရှိတယ်လေ။ အားအလွန်ကောင်းတဲ့ အခြေ အနေလို့ ခေါ်ရမှာပေါ့။ ၉၇၊ ၉၈ ခုနှစ်တွေတုန်းက အားကောင်းတဲ့စံချိန်ကို အခုကချိုးသွားပြီပေါ့။ အဲဒီအခြေ အနေကို ကြည့်ပြောတာပဲ။
မေး။ ။ အယ်လ်နီညိုနှစ်ဟာ မီးလောင်မှုကိုလည်း အားပေးတယ်လို့ ပြောထားသလို အခုလည်း မြန်မာနိုင်ငံ နေရာအနှံ့မှာ ဆက်တိုက်ဆိုသလို မီးလောင်နေတယ်ဆိုတော့ အယ်လ်နီညိုရဲ့ အခုလိုအားပေးတဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါရှင့်။
ဖြေ။ ။ သဘာဝအတိုင်းဆိုရင်တော့ အယ်လ်နီညိုက မီးလောင်မှုကို အားပေးတယ်။ သဘာဝမဟုတ်တဲ့ အကြောင်း တွေဆိုရင်တော့ မသိဘူးပေါ့။ အယ်လ်နီညိုဖြစ်စဉ်က အချိန်ကာလအားဖြင့် ၁၂ လခန့် ကြာမြင့် တတ်တယ်။ အယ်လ်နီညိုဖြစ်စဉ်က ၂၀၁၅ ဒီဇင်ဘာမှာ အားအကောင်းဆုံးဖြစ်တဲ့အတွက် ပထမ ၆ လကို ၂၀၁၅ မှာ ကြုံတွေ့ခဲ့ရပြီ။ အခု ဒုတိယနှစ်ဝက် ၆ လကိုတော့ ၂၀၁၆ ပထမနှစ်ဝက်မှာ ဆက်ကြုံတွေ့မယ်။
အယ်လ်နီညိုက အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေတယ်ဆိုတော့ ဆောင်းရာသီ မကုန်သေးတဲ့ အခုရက်ပိုင်းမှာ မြန်မာနိုင်ငံမှာ နေ့အပူချိန်ဟာ ၄၀ စင်တီဂရိတ် မှ ၄၅ စင်တီဂရိတ် အထိ မြင့်တက် လာနိုင်တဲ့အတွက် နွေရာသီမှာ ဘယ်လောက်အပူချိန်မြင့်မလဲ စိုးရိမ်ရတယ်။ ခြောက်သွေ့ပြီဆိုတာနဲ့ မီးကလောင်တတ်တာပဲ။ ပူပြင်းခြောက်သွေ့ပြီဆိုတာနဲ့ အရာအားလုံးက လောင်စာသဖွယ်ပဲ။ ဒါကြောင့်အခုဆို ထိခိုက်မှု အများဆုံးဖြစ်တဲ့ သဘာဝဘေးကို အထူးသတိထားရတော့မယ်။
မေး။ ။ ဆောင်းရာသီ မကုန်သေးပေမယ့် နေ့အပူချိန်တွေတိုးနေတာဆိုတော့ လူတွေအတွက် အန္တရာယ် ရှိတဲ့အဆင့်က ဘယ်အချိန်လောက်ဖြစ်မလဲ။ ဘယ်လောက်အပူချိန်ဆိုရင် လူတွေကို ထိခိုက်နိုင်မလဲ။
ဖြေ။ ။ ဒါပေါ့။ မြန်မာနိုင်ငံမှာက အပူချိန် အမြင့်ဆုံးက နွေရာသီပဲလေ။ အခုက ဖေဖော်ဝါရီကတည်းက ဒီလောက် ဖြစ်တယ်ဆိုတော့ မတ်၊ ဧပြီဆို ဒီထက်ကျော်တော့မှာပေါ့။ အပူချိန် ဘယ်လောက်ပူပူ အဲယားကွန်းနဲ့ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမဖြစ်ပေမယ့် အပြင်မှာသွားလာနေတဲ့ သာမန်လူတန်းစားကတော့ အပူဒဏ် ခံရတာပေါ့။ အပူချိန်ကတော့ ၄၅ စင်တီဂရိတ် ဆို အပြင်မှာ ပူတယ်ပြောပေမယ့် လူ့ကိုယ်ခန္ဓာထဲမှာ ခံစားရတဲ့ အပူချိန်က ၅၄ စင်တီဂရိတ် ထက်ကျော်ရင် အသက်အန္တရာယ် စိုးရိမ်ရပြီပေါ့။
မေး။ ။ ဒီရက်ပိုင်း မြန်မာနိုင်ငံရဲ့ဘယ်နေရာတွေမှာ နေ့အပူချိန်ဟာ မြင့်တက် လာနိုင်ပါလဲ။
ဖြေ။ ။ ပထမဆုံးအကြိမ်အဖြစ် နေ့အပူချိန် ၄၀ စင်တီဂရိတ်ကနေ ၄၅ စင်တီဂရိတ် အထိ မြင့်တက်လာနိုင်တဲ့ ဒေသတွေကတော့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းအတွင်း ဒေသများမှာ ဖြစ်ပါတယ်။ လက်ရှိအပူချိန်တွေက ဖြစ်မြဲ ထက် ကျော်လွန်နေပြီး ရှမ်းပြည်နယ်နဲ့ ကယားပြည် နယ်ကလွဲရင် ကျန်တပြည်လုံးမှာ နေ့အပူချိန်တွေ ဖြစ်မြဲထက်ကျော်လွန်နေပါတယ်။
မေး။ ။ အပူချိန်က ဘယ်အချိန်လောက်ဆို လျော့သွားနိုင်ပါလဲရှင့်။
ဖြေ။ ။ မိုးရာသီကျမှ အပူချိန်ကလျော့မှာ။ မေလ ၁၅ ရက်နောက်ပိုင်း ဇွန်လလောက်ဆို မိုးကျပြီး အဲဒီအချိန်ဆို အပူချိန်လျော့သွားမှာပါ။
မေး။ ။ လက်ရှိအချိန်မှာ အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ မြန်မာနိုင်ငံက အပူဆုံးဖြစ်နေရတဲ့ အကြောင်းကိုလည်း ပြောပြပေးပါရှင့်။
ဖြေ။ ။ ဒေသတခုရဲ့ အကြောင်းအချက်တွေ အများကြီးပေါ်မှာ မူတည်ပါတယ်။ အဲဒီထဲမှာ အီကွေတာနဲ့ အနီးအဝေး မတူတာ၊ အီကွေတာ အနီးအဝေးတူပေမယ့် ရေထဲမှာရှိတဲ့ အပူချိန်နဲ့ ကုန်းပေါ်မှာရှိတဲ့ အပူချိန် မတူတာအပြင် ပင်လင်ရေပြင်ရဲ့အထက် အမြင့်မတူတာကြောင့်လည်း အပူအအေးတွေ မတူနိုင်ဘူး။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံဟာ လက်ရှိတွေ့တဲ့အတိုင်းပဲ အပူချိန်က အမြင့်ဆုံး ဖြစ်နေတယ်။ သတင်း တွေမေးတိုင်း ပြောခဲ့သလိုပါပဲ။ မြန်မာနိုင်ငံမှာက သစ်တောပြုန်းတာ၊ ဆည်တွေဆောက်တာ အကျိုးဆက် အပူချိန်မြင့်တာပဲ။
မေး။ ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အစိုးရပိုင်းက ပြင်ဆင်မှုတွေကို ဘယ်လိုတွေ လုပ်ဆောင်ပေးဖို့ လိုပါလဲရှင့်။
ဖြေ။ ။ အခုတော့ လုပ်နေတာပဲ။ အတိုင်းအတာ တခုထိတော့ မဆိုးပါဘူး။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘာ တွေ မစိုက်ဖို့ သတိပေးတာတွေ၊ နောက်ပြီး ရေပြဿနာဖြစ်ရင် ဘယ်တွေကို ဆက်သွယ်ရမယ် ဆိုတာတွေ ပေါ်လာတာပေါ့။ အရင်ကထက်စာရင်တော့ နည်းနည်းပါးပါး လုပ်လာတာပေါ့။ ထိရောက်တယ် မထိရောက်ဘူး ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။