၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်က ကော်မတီများ ဖွဲ့စည်းလျက်ရှိရာ ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးကျော်ထွေးကို ခန့်အပ်ခဲ့ကြသည်။ ထို့ကြောင့် ကော်မတီ ဥက္ကဌတဦး အနေဖြင့် ပြင်ဆင်ထားမှု အခြေအနေ၊ အလုပ်ရှင်၊ အလုပ်သမားတို့ကြား ပဋိပက္ခများ၊ အလုပ်သမား ဥပဒေများ အကြောင်းနှင့် ပြည်ပရောက် အလုပ်သမားတို့၏ အခြေအနေတို့ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ထွန်းထွန်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ အမျိုးသားလွှတ်တော်ရဲ့ပြည်တွင်း/ ပြည်ပအလုပ်သမားရေးရာ ကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်ရတော့မယ့်နေရာမှာ အန်ကယ့်အနေနဲ့ ဘာတွေပြင်ဆင်ထားပြီးပြီးလဲ။
ဖြေ ။ ။ လောလောဆယ်အချက်အလက်တွေ စုနေတယ်။ ပထမသက်တမ်းတုန်းက အလုပ်သမားကော်မတီက ဘာတွေ လုပ်ထား လဲ။ နောက်လက်ရှိနိုင်ငံမှာရှိနေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဖို့ရှိတယ်။ တရားဝင်မှတ်ပုံတင် ထားတဲ့ အဖွဲ့တွေရော၊ မှတ်ပုံတင်မထားတဲ့ အဖွဲ့တွေရောပေါ့။ နောက်ပြီး အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ အလုပ်သမားတွေ ခံစားနေရတဲ့ အချက်တွေမှာ ဘာတွေလွဲမှားမှုရှိလဲဆိုတာတွေကို စိစစ်ဖို့ စပြီးလုပ်နေပါပြီ။
အရေးအကြီးဆုံးအချက်ကတော့ ပြည်တွင်းမှာရှိတဲ့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်အပေါ်မှာ မူတည်နေ သလဲဆိုတာ အဖြေရှာရမယ်။ နောက်ပြီး အလုပ်သမားတွေအားလုံးကို ကိုယ့်မှာ ဘယ်လို အခြေခံရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ် ဆိုတာကိုသိအောင် ကြိုးစားပေးရမယ်။ ကိုယ့်ရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီးတာတွေ ရှိနေပြီဆိုရင် ဘယ်လိုဖြေရှင်း ကာကွယ် ကြမလဲဆိုတာတွေကို အရင်ဆုံး လုပ်ကြရမှာပါ။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ရန်သတ္ထုပြုနေတာမျိုးမဟုတ်ဘဲ အကျိုးတူ စီးပွားဖက် ပုံစံမျိုးရောက်အောင် ကြိုးစားပေးသွားမှာပါ။
ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့လည်း အချက်အလက်တွေကို စုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဥပဒေပြုရေး အဖွဲ့ဆိုတာ အုပ်ချုပ်ရေးအဖွဲ့ကို မျှမျှတတဖြစ်အောင်ရယ်၊ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိအောင်ပဲ ဆောင်ရွက်ပေးလို့ ရမှာပါ။
မေး ။ ။ လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့အလုပ်ရှင်၊ အလုပ်သမားကြားက မပြေလည်မှုတွေကို ဘယ်လို ဖြေရှင်းဆောင် ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေနဲ့ ပတ်သက်လို့ အကုန်လုံး ဥပဒေအောက်မှာ အားလုံးတပြေးညီ ဖြစ်စေပါ မယ်။ အလုပ်သမားတွေကလည်း ဥပဒေနဲ့အညီ သူ့ရဲ့ ခံစားခွင့်တွေရရှိပြီး အလုပ်ကြိုးစား လုပ်ကြသလို အလုပ်ရှင်တွေ ဘက်ကလည်း ပေးသင့်ပေးထိုက်တဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ကအစ၊ လုပ်အားခ ရပိုင်ခွင့့်တွေကို တိတိကျကျ လုပ်ဆောင်ပေးကြဖို့ လုပ်ဆောင်သွားမှာပါ။ ဥပဒေတွေကို တိတိကျကျလိုက်နာဖို့လည်း အာဏာ ပိုင်အဖွဲ့တွေက ကြပ်မတ်ပေးဖို့ လိုပါတယ်။
မေး ။ ။ လက်ရှိ အနိမ့်ဆုံး လုပ်ခလစာဥပဒေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း ရှိနေပါသေးတယ်။ ဒီဥပဒေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ လက်ရှိ အနိမ့်ဆုံးလုပ်ခလစာကို ၃၆၀၀ကျပ် သတ်မှတ်ထားတာနဲ့ ပတ်သက်လို့ တကယ်လုံလောက်မှု ရှိ/မရှိ လေ့လာရမယ်။ အလုပ်သမားတွေဘက်ကလည်း ဒါကို တိုးတောင်းထားတာတွေရှိသလို အလုပ်ရှင်တွေဘက်ကလည်း ဘာကြောင့်မပေးနိုင်လဲဆိုတာ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေဘက်ရော၊ ဒါတွေကို ထိန်းကျောင်းပေးနေတဲ့ အာဏာ ပိုင်အဖွဲ့အစည်းတွေဘက်ကရော သုံးဘက်စလုံး ဆွေးနွေးအဖြေထုတ်ရမှာပါ။ ကျနော်တို့ကတော့ ဒါတွေကို သေချာ ဆွေးနွေးလေ့လာပြီးမှသာ ပြောလို့ရမှာ ဖြစ်ပါတယ်။
မေး ။ ။ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့အလုပ်သမားတွေနဲ့ ပတ်သက်လို့ရော ဘယ်လို အစီအစဉ်တွေ ရှိပါသေးလဲ။
ဖြေ ။ ။ ပြည်ပရောက်နေတဲ့အလုပ်သမားတွေနဲ့ ပတ်သက်လို့က ဝန်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို အရင် တောင်းကြည့် ပါဦးမယ်။ နိုင်ငံခြားရောက်နေသူတွေထဲမှာက တရားဝင်သွားတဲ့သူတွေရော ၊ တရားမဝင် သွားရောက်တဲ့ သူတွေပါ ရှိနေပါတယ်။ ဒီနေ ရာမှာ ဖိနှိပ်ခံရမှုတွေလည်းရှိနေတာကို ကြားသိနေရပါတယ်။ ကိုယ့်နိုင်ငံသား ဘယ်တဦးတ ယောက်မှ သူများနိုင်ငံမှာ အချိုးအနှိမ် ခံနေရတဲ့ပုံစံမျိုးတွေ မဖြစ်စေချင်ဘူး။ ဖိအားပေး နှိပ်စက်စေခိုင်းတဲ့ကိစ္စတွေ ရှိလာ ရင်လည်း ဘယ်လိုကာကွယ်ပေးရမလဲဆိုတာတွေကို ကြိုးစားသွားမှာပါ။
မေး ။ ။ အန်ကယ့်အနေနဲ့ ကော်မတီနဲ့ ပတ်သက်လို့ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲခင်ဗျာ။
ဖြေ ။ ။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ရှိခဲ့တဲ့ ရေးရာတွေကတော့ ပုံစံတမျိုးနဲ့ရှိမယ်။ အခု ဒုတိယ လွှတ်တော် သက်တမ်းမှာ ဖွဲ့စည်းတဲ့ရေးရာတွေအားလုံးကတော့ တကယ်လိုအပ်လို့ ဖွဲ့စည်းတဲ့ရေးရာတွေ ဖြစ်တဲ့အတွက် အားလုံးက သက်ဝင် လှုပ်ရှားနေတဲ့ ရေးရာတွေဖြစ်လာမှာပါ။ ဒီရေးရာတွေဟာ အင်္ဂါစုံအောင် အိမ်ဖြည့်ဖွဲ့ထားတာတွေ မဟုတ်ဘူး။ ပြည်သူ့အကျိုးအတွက် တကယ် အကာအကွယ်ပေးမယ့်၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို တကယ်ထိန်း ကျောင်းမယ့် အားကောင်းမောင်းသန် တွေ့မြင်ရမယ့် အခြေအနေမျိုးဖြစ်အောင် ကျနော်တို့ ကြိုးစားသွားပါ့မယ်။
ဒီလိုအခြေအနေမျိုးမှာ အစိုးရအဖွဲ့ကလည်း NLD၊ လွှတ်တော်ကလည်း NLD ဆိုပြီးတော့ အရင်ခေတ်တွေလို အကိုကြီး၊ ညီလေး ဆက်ဆံရေးမျိုးတွေ၊ မိတ်ဆွေ၊ သူငယ်ချင်း ဆက်ဆံရေးမျိုးတွေနဲ့ ဥပဒေကိုကျောခိုင်းသွားမယ့် အလုပ်မျိုးတွေ လုပ်မှာ မဟုတ်ပါဘူး။ ပြည်သူတွေ စိတ်ချနေပါလို့။ တကယ်အလုပ်လုပ်မယ့် ရေးရာကော်မတီတွေဖြစ်တဲ့အတွက် မိမိတို့ရဲ့လို အပ်ချက်တွေ၊ ရပိုင်ခွင့်တွေကို ဥပဒေဘောင်အတွင်းကနေ ရယူကြပါ၊ ကျနော်တို့ ကော်မတီကို ကောင်းကောင်း အသုံးချကြပါလို့ ပြောချင်ပါတယ်။