ယနေ့ နေပြည်တော်၌ ကျင်းပနေသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဒုသမ္မတလောင်း ၂ ဦးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တင်သွင်းခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အရ NLD သည် လွှတ်တော်တွင်း ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားရာ NLD ပါတီ တင်သွင်း ထားသည့် ဒုသမ္မတလောင်း ၂ ဦးစလုံးသည် သမ္မတ နှင့် ဒု သမ္မတအသီးသီး ဖြစ်လာနိုင်ဖွယ် ရှိပါသည်။
NLD က ပြည်သူ့လွှတ်တော်အတွက် အရပ်သားတဦးဖြစ်သည့် ဦးထင်ကျော်ကို တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်အတွက် NLD ပါတီမှ ချင်း တိုင်းရင်းသား တဦးဖြစ်သည့် ဦးဟင်နရီဗန်ထီးယူကို တင်သွင်းခဲ့ပါသည်။
NLD က ရွေးချယ်ထားသည့် ဒုသမ္မတ နှစ်ဦး၏ အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက်များက နိုင်ငံရေး လေ့ လာ သုံးသပ်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ၏ တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်း ထားသည်များကို စုစည်း ဖော်ပြလိုက်ပါသည်။
နော်စီဖိုးရာစိန်
ကရင် အမျိုးသား အစည်းအရုံး(KNU) ဒု ဥက္ကဋ္ဌ
ကျမ အမြင်ကတော့ အပြောင်းအလဲတခုက ဒီမိုကရေစီကို ဦးဆောင်နိုင်တဲ့သမ္မတ ဖြစ်ရမယ်။ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ပြုပြင် ပြောင်းလဲမှုရယ်၊ တနိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်တဲ့ သမ္မတ၊ တနိုင်ငံလုံးကို ဒီမိုကရေစီနည်း ကျကျနဲ့ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်တဲ့ သမ္မတမျိုးကို ကျမတို့ မျှော်မှန်းတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကတော့ ဒီဗမာပြည်မှာ ပြဿနာက တိုင်းရင်းသားနိုင်ငံရေးပြဿနာ ဖြစ်တယ်။ ဒါ့ကြောင့် တက် လာမယ့် သမ္မတက တိုင်းရင်းသားအရေးကိစ္စကို အထူးသဖြင့် တိုင်းရင်းသားတွေ တန်းတူရည်တူဖြစ်ဖို့ တိုင်းရင်းသားတွေလိုချင်တဲ့ စည်းလုံးညီညွတ်မှုတွေ အားလုံးပါဝင်နိုင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အဲ့ဒါတွေလုပ်ပေးဖို့ အရေးကြီးတယ်။ ဒါက အရေးကြီး တာ တခု ဖြစ်တယ်။ ဒါမှ တနိုင်ငံလုံး ပြုပြင်ပြောင်းလဲနိုင်ဖို့ကို အားလုံးပါဝင်ပြီးသွားနိုင်မှာ ဖြစ်တယ်။ စစ်ပွဲတွေ ရပ်တန့်နိုင်ဖို့လည်း ကျမတို့ ဒါကိုလိုချင်ပါတယ်။
NLD ရဲ့ မူဝါဒက ဒီမိုကရေစီကိုအခြေခံပြီးတော့ သွားမယ်ဆိုရင်တော့ အခုတက်လာတဲ့ သမ္မတကို ကန့်ကွက်စရာ ကျမတို့မှာ မရှိပါဘူး။ ဒီမိုကရေစီနည်းလမ်းကို အခြေခံပြီး တိတိကျကျ လုပ်ဆောင်မယ်။ တိုင်းရင်းသားအရေးကိစ္စကို အလေးထားပြီးတော့သွားမယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အရေးထားလုပ်မယ် ဆိုရင်တော့ ကျမတို့ ကန့်ကွက်စရာ မရှိပါဘူး။
ပြည်သူတွေ အားလုံးအနေနဲ့ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တာပေါ့။ ပြည်သူတွေရဲ့ ဆန္ဒမဲလိုလားချက် ကပေါ့။ သူတို့ ယုံကြည်မှုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် တနိုင်ငံလုံးကို ပြုပြင်ပြောင်းလဲနိုင်မယ်။ မူဝါဒကောင်းတွေ ချမှတ် နိုင်မယ်။ ပြည်သူတွေအတွက် အာမခံချက်ရှိမယ့် တိုင်းပြည်ဖြစ်လာမယ်လို့ မျှော်လင့်ကြတာပေါ့။ အခုက ဒေါ်အောင်ဆန်းစုကြည် မဖြစ်နိုင်တော့ ပြည်သူလူထုတွေ နည်းနည်းတော့ စိတ်က မျှော်လင့်ချက်ကျသွားတာ ဖြစ်ကြပါလိမ့်မယ်။ ကျမ အဲဒီလိုမြင်ပါတယ်။
နိုင်ငွေသိန်း
မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ
ဒါကတော့ အများစုက ရွေးချယ်လိုက်တာဆိုတော့ ဝေဖန်စရာ မရှိပါဘူး။ ဒါပေမယ့် တက်လာမယ့် သမ္မတက အရင်ပုံစံမျိုး မဟုတ် ဘူး။ ဒီတော့ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ တိုင်းရင်းသားတွေအားလုံး ပါဝင်ဖို့ တပ်မတော်ကလည်း ပါဝင်ဖို့ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ တပ်၊ ကာလုံ၊ ပြည်ထဲရေးတို့က လုံခြုံရေးဆိုင်ရာတွေမှာ သူတို့ကပဲ ကိုင်တွယ်ထားတာတွေ ရှိတယ်။ ဒါတွေကို ပြည်သူ တယောက်အနေနဲ့ ကျနော် မကြိုက်ဘူး။ ပြည်သူတွေ အများစုကလည်း မကြိုက်ကြဘူး။ ဒီတော့ ၂၀၀၈ ကို ပြင်ဖို့လိုတယ်။ ၂၀၀၈ ကို ပြင်စေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြည့်မယ်ဆိုရင် သူက သမ္မတ မဖြစ်ပေမယ့် ပါတီဥက္ကဋ္ဌ တယောက်ဆိုတော့ နိုင်ငံရေးအရကြည့်ရင် အပေါ်မှာပဲ ရှိတယ်။ အပေါ်မှာရှိတော့ လုပ်ပိုင်ခွင့် ပိုရှိတယ်။ တို့အနေနဲ့ အမှန်တိုင်းဆိုရင် သူ့ကို သမ္မတ အရွေးကို မခံစေချင်ဘူး။ ပါတီ ဥက္ကဋ္ဌ အနေနဲ့ ရပ်တည်တာက ပိုပြီးမြင့်တယ်။ လုပ်ပိုင်ခွင့် ရှိတယ်။ သမ္မတ မဖြစ်လည်း ဘာမှမဖြစ်ပါဘူး။ ပါတီ ခေါင်းဆောင် တယောက် အနေနဲ့ ဆိုရင်တော့ ပါတီ ညွှန်ကြားချက်တွေ ပြည်သူတွေလိုအပ်ချက်တွေ ဖြစ်စေချင်တာတွေကို ပါဝင်လမ်းညွှန်လို့ ရတယ်လေ။
ဦးစိုင်းကျော်ညွှန့်
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
ကောင်းပါတယ်။ NLD က သူ့လုပ်ပိုင်ခွင့်ကနေ လုပ်သွားတာပဲ ။ ကျနော်တို့က ဝေဖန်စရာမရှိပါဘူး။ ဘာပဲပြောပြော သမ္မတလောင်း စာရင်းမှာ ချင်း တိုင်းရင်းသား တဦးပါလာတယ်။ ဒီတော့ အခြားတိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းတွေမှာ အဆင် ပြေလာမယ်။ ဆောင်ရွက် နိုင်လာမယ်လို့ မြင်ပါတယ်။ အခုလို တိုင်းရင်းသားကို နေရာပေးတာလည်း ကောင်းပါတယ်။ အခု သမ္မတနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်မလာဘူးဆိုပေမယ့် သူက ပါတီဥက္ကဋ္ဌ တယောက်အနေနဲ့ နိုင်ငံရဲ့ကိစ္စတွေကို ကိုင်တွယ် သွားပါလိမ့်မယ်။
သူဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ပါတီဥက္ကဋ္ဌ တယောက်အနေနဲ့ လုပ်ဆောင်ပါလိမ့်မယ်။ ပြည်သူတွေ ရွေးချယ်တဲ့သူတွေကနေ သမ္မတဖြစ်လာမယ့်သူတွေကို ကျနော်ပြောချင်တာကတော့ အဓိကကတော့ ငြိမ်းချမ်းရေးပေါ့နော်။ ဒေါ်စုပြောသလိုပဲ တလက်မမှမကျန်အောင် ငြိမ်းချမ်းရေး လုပ်စေချင်တယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မလား၊ အသစ်ရေးမလား ဆိုတာပေါ့၊ ဒါတွေလုပ်စေချင် တယ်။ ပြည်သူတွေလည်း မကြိုက်ဘူး NLD ကိုယ်တိုင်လည်း မကြိုက်ဘူးလေ။ အဓိက ၂ ခုကတော့ ဒါပါပဲ။
ဒေါက်တာ တူးဂျာ
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ
တိုင်းရင်းသားတယောက် ပါတယ်ဆိုတော့ ကောင်းပါတယ်။ ဒါတော်တော်လေးကို စိစစ်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် က သေချာ သမိုင်းကြောင်းလေ့လာပြီး၊ သေချာစိစစ်ပြီးတော့မှ ရွေးချယ် တင်မြှောက်လိုက်တာကိုး။ ပြောစရာ မရှိပါဘူး။ ရွေးချယ်ပုံ ရွေးချယ်နည်းက ကောင်းပါတယ်။ ကျနော်တို့ မျှော်လင့်စရာတွေ ရှိပါတယ်။ အခုချိန်မှာ အားလုံးက တစိုက်မတ်မတ် အာရုံစိုက် တဲ့ အချိန် ဖြစ်တဲ့အတွက် ပိုပြီးတာဝန်ကြီးလာတယ်။
အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အာရုံစိုက်ပြီး လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အခု ပြည်တွင်းငြိမ်းချမ်းရေးကို အာရုံစိုက်ရ မယ်။ ပြည်တွင်းစစ် အခံရဆုံးကလည်း ကချင်ပြည်နယ်၊ ဒါကြောင့် သမ္မတသစ်၊ ဒုသမ္မတသစ်တွေကို ပြည်တွင်းစစ် ရပ်စဲရေးကို ထိထိမိမိ ဆောင်ရွက်စေချင်ပါတယ်။ အဓိက တိုက်ပွဲရပ်ဖို့ပါပဲ။ တိုက်ပွဲရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောင်အောင်မြင်မြင် လုပ်စေ ချင်ပါတယ်။ ကျနော်တို့ ကချင်ပြည်သူအနေနဲ့လည်း ကြိုဆိုမှာပါ။
မြစ်ဆုံကိစ္စကလည်း အရေးကြီးကိစ္စပါပဲ။ မြစ်ဆုံကိစ္စက ပြည်သူတွေရဲ့ အသံတသံတည်း ထွက်နေတယ်လေ။ မြစ်ဆုံကို ဆက် မလုပ် စေချင်ဘူး။ အစိုးရအနေနဲ့တော့ တရုတ်အစိုးရနဲ့ ညှိနှိုင်းရမှာပဲ။ ဒီတခေါက် တက်လာတဲ့အစိုးရ ဘယ်သူပဲဖြစ်ဖြစ် ရပ်ခိုင်းတယ် ဆို တာ ထက် ရပ်ပစ်တယ်ဆိုတာ လုပ်ရမယ်။ ဒီသက်တမ်းမှာ ရပ်စဲတယ်။ နောက်သက်တမ်းမှာ မသိဘူးဆိုတာ တရုတ်အစိုးရ တရုတ် ကုမ္ပဏီကို ကြိုးရှည်လှမ်းတဲ့သဘော ဖြစ်တယ်။ ဒါကြောင့်မို့လို့ အပြတ်ဖြတ်ဖို့ လိုပါတယ်။ ဒါကြောင့် ရှင်းစရာရှိတာရှင်းပြီး ဆက် မလုပ်တော့ဘူးဆိုတာ အပြတ်ပြောသင့်ပါတယ်။
ဗိုလ်မှူးကြီး စိုင်းလှ
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ
တိုင်းရင်းသား တယောက်အနေနဲ့ သမ္မတလောင်း တင်သွင်းတဲ့အထဲမှာ တိုင်းရင်းသားတဦးပါတော့ ကျနော်တို့ တိုင်းရင်းသား အရေး က အဓိကကျပါတယ်ဆိုတာ ပြသခြင်း ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်တွေမှာသိရှိအောင် နောက်ပြီးတော့ ဒီအစိုးရက တိုင်းရင်းသား လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တကယ် လည်း ကျနော်တို့တိုင်းပြည်မှာ တိုင်းရင်းသားအရေးက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါတယ်။ တိုင်းရင်းသားအရေး မဖြေရှင်းပေး သရွေ့ ပြည်တွင်းစစ်ကလည်း ဆက်လက်ရှိနေမယ်။
တိုင်းရင်းသားအရေးကို ပြေလည်အောင် အရင်ဖြေရှင်းပေးဖို့က အစိုးရရော၊ လွှတ်တော်ရော၊ တပ်မတော်ရော ကျနော်တို့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေအားလုံး၊ ပါတီအားလုံး တာဝန်ရှိကြပါတယ်။ ရှိနေတဲ့ တာဝန်တွေကို သမ္မတကဦးစီးပြီး ဆောင်ရွက် ပေး မယ်လို့ မျှော်လင့်ထားပါတယ်။ ကျနော်တို့ တိုင်းရင်းသားပြဿနာတွေမှာ ခေတ်အဆက်ဆက် စစ်အစိုးရအောက်မှာပဲ နေထိုင် လာခဲ့တော့ ကျနော်တို့ စည်းလုံးညီညွတ်မှု အားနည်းသွားတယ်။ စည်းလုံးညီညွတ်မှုကိုလည်း ပြန်လည်တည်ဆောက်ဖို့လိုတဲ့ အချိန် ကာလမှာ သမ္မတလောင်းအနေနဲ့ ဒီအခန်းကဏ္ဍကို ဦးစားပေးစေချင်ပါတယ်။
တာဘုန်းကျော်
ပလောင် (တအာင်း) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူး
သမ္မတလောင်းစာရင်းမှာ ချင်း တိုင်းရင်းသားတဦးကို ပါဝင်တင်သွင်းတဲ့အတွက် ကျနော်တို့တိုင်းရင်းသားတွေ အတွက်က ကျနော် တို့ ပြောပြောနေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းမှာ အများကြီး ထောက်ကူမယ်။ အလားအလာ အများကြီး ရှိပါတယ်။ နောက်တက်လာမည့် သမ္မတအနေနဲ့ အထူးသဖြင့် NLD က ကြေညာထားတဲ့ မူဝါဒလည်း ရှိပါတယ်။ ရွေးကောက်ပွဲ ကာ လ တုန်းက ဒီမြန်မာနိုင်ငံ ပထမဆုံးလုပ်ရမှာက အရင်ဆုံး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပါ။ ပြည်တွင်းစစ်တွေ ရပ်စဲဖို့ပါလို့ ဆိုထား တယ်။
ဒီကိစ္စကို သမ္မတတွေက အကောင်းဆုံး မြန်မာတပ်မတော်နဲ့ ညှိနှိုင်းပြီးတော့မှ လုပ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကတော့ လုပ်စရာတွေ အများကြီးပါ။ ပထမဆုံး အဆင့်က အခုတိုက်ပွဲ ဖြစ်နေတာ ရပ်စဲဖို့လိုတယ်။ အခုအချိန် မှာလည်း တိုက်ပွဲဖြစ်နေတယ်။ ဒီလို သမ္မတရွေးနေချိန်မှာ တိုက်ပွဲဖြစ်နေတယ် ဆိုကတည်းက မြန်မာ့ တပ်မတော်ဘက်က တိုက်ပွဲတွေ အရမ်းဖြစ်စေချင်တဲ့ သဘောပဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ လိုတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ငြိမ်းချမ်းတဲ့ လူမှု အဖွဲ့အစည်း၊ ဖွံံ့ဖြိုးရေးတွေ တည်ဆောက်ဖို့အတွက်က တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုပါတယ်။
ဦးမြအေး
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း
ဦးထင်ကျော်လို လူမျိုးကို ရွေးတာ အင်မတန် သဘာဝကျတယ်လို့ မြင်ပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ အဲဒီလိုပဲ ဒုတိယ သမ္မတကို ချင်း အမျိုးသားဖြစ်တဲ့ ဦးဟင်နရီကို ရွေးလိုက်တဲ့အပေါ်မှာ အရမ်းဝမ်းသာတယ်။ တိုင်းရင်းသားထဲက ချင်းအမျိုးသား တယောက်ကို ရွေးလိုက်လို့ ဝမ်းသာတဲ့အပြင် ပိုပြီးမှအားရ ကျေနပ်မိတဲ့ဟာကတော့ ကျနော်တို့ နိုင်ငံမှာ နောင်လာမယ့် ရှေ့ဆက် သွားမယ့် ကာလတွေမှာ ဘာသာရေးတွေ၊ လူမျိုးရေးတွေကြောင့် ကွဲပြားခြားနားမှုတွေ နည်းသွားအောင် ကြိုးပမ်းဆောင်ရွက်ချက် တခုလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ချင်း အမျိုးသားများဟာ ခရစ်ယာန်ဘာသာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကို ဦးစားပေး လုပ်ကိုင်ခြင်းဟာ တဘက်နဲ့တဘက်ကြား တိုင်းရင်းသားတွေနဲ့ ပြည်မကြားမှာ အထင်မြင်လွဲမှားမှုတွေကို ဖြေလျှော့နိုင်မယ့် ကြိုးပမ်း ချက်လို့ မြင်ပါတယ်။
ဘာလုပ်ပေးစေချင်လဲ ဆိုတာထက် ဖြစ်လာတဲ့သမ္မတကို ဘယ်လိုဝန်းရံမလဲဆိုတာ စဉ်းစားရမယ် ထင်ပါတယ်။ ပြည်သူလူထုရဲ့ ကျနော်တို့ရဲ့ လိုလားချက်က အရမ်းများပါတယ်။ မျှော်လင့်ချက်တွေကလည်း အရမ်းကြီးပါတယ်။ ကျနော်တို့ သတိတခုပြုရမှာက ၁၉၆၂ ထဲက စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာမှ အခုမှ လွတ်လွတ်လပ်လပ်နဲ့ လူထုရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စား လှယ်တွေကနေ သမ္မတလောင်း ရွေးချယ်ရတဲ့အခြေအနေ ရောက်တာပါ။ ရောက်ခါစလေးပဲ ရှိပါသေးတယ်။
အဲဒီအခါမှာ ကျနော်တို့ လိုလားချက်တွေကို တက်လာတဲ့သမ္မတကို နားပူနားဆာ လုပ်ဖို့ဆိုတာထက် ကျနော်မြင်တာက တောင်း လည်း တောင်းရမှာပါ။ အခွင့်အရေးဆိုတာက ပြောလည်းပြောရမှာပါ။ ဝေလည်းဝေဖန်ရမှာပါ။ ကျနော်တို့အားလုံးက ဒီ ၅ နှစ်တာ ကာလအတွင်းမှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ သမ္မတလုပ်ကိုင် ဆောင်ရွက်နိုင်အောင် ကျနော်တို့အားလုံး ဝိုင်းဝန်းပြီး တော့မှ ပံ့ပိုးပေးဖို့ လိုမယ်ထင်ပါတယ်။ သဘောမတူတဲ့ကိစ္စ ရပ်များကိုလည်း အပြုသဘောဝေဖန် ဆောင်ရွက်သွားဖို့ လိုတယ်လို့ မြင် ပါတယ်။ သဘောတူတဲ့ ကိစ္စတွေမှာလည်း အားလုံး ပံ့ပိုးပေးဖို့ လိုပါတယ်။
ဆလိုင်း အိုက်ဇက်ခင်
အမှုဆောင် ဒါရိုက်တာ
Gender and Development Institute – Myanmar
လုံးဝကို မမျှော်မှန်း မခန့်မှန်းထားခဲ့တဲ့ ကိစ္စပါ။ ဆရာတို့က အားလုံးက ရှမ်းပဲဖြစ်တော့မလိုလို တခြားသူပဲဖြစ်တော့မလိုလို အဲဒီလို တွက်တဲ့ အထဲက ချင်းကဖြစ်တော့ ဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အခုရွေးချယ် တင်မြှောက်ခံရတဲ့ ဒုတိယ သမ္မတလောင်းတွေက လူထုကြားမှာနေပြီး လူထုနဲ့ တသားတည်းနေတဲ့သူတွေ ဖြစ်တယ်။ NLD ဘက်က ရွေးတဲ့သူတွေ။ ဒါတွေက မိုးကျရွှေကိုယ်တွေတော့ မဟုတ်ဘူးပေါ့လေ။ လူထုကြားထဲမှာနေတဲ့ လူထုဘဝကို နားလည်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ အတွက်ကြောင့် လူထုနဲ့ဆက်ဆံတဲ့ နေရာမှာ ပိုပြီးတော့မှ နားလည်နိုင်မယ်လို့ ယုံကြည်တယ်။
နောက်တခုက သူတို့ကိုယ်တိုင်က တိုင်းရင်းသား ဖြစ်တဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဖြစ် စေ ချင်တဲ့ ဆန္ဒတွေကို ပိုပြီးတော့မှ နားလည်သဘောပေါက်ပြီး ဖြည့်ဆည်းနိုင်မယ်လို့ မျှော်လင့်တယ်။
အခု ဦးထင်ကျော်ကလည်း မွန်သွေးပါတယ်။ ဦးဗန်ထီးယူက ချင်း။ နောက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကရင်၊ အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌက ရခိုင်၊ နောက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဗမာ၊ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌက ကချင်ဆိုတော့ အခုလိုမျိုး ဗမာတိုင်းရင်းသားတွေကပဲ အစစအရာရာ နေရာယူလိုက်တဲ့ တာဝန်ယူလိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲ ဗမာအပါအဝင် တိုင်းရင်းသားတွေအားလုံး မျှမျှတတနဲ့ တာဝန်ယူကြတဲ့ကိစ္စက ပြည်ထောင်စုကြီးက ဗမာတိုင်းရင်းသားနဲ့ပဲ တည်ဆောက်ထားတာ မဟုတ်ဘူး။ တခြား ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေလည်း ပါတယ်။
ပါတယ်ဆိုတာမှာ ဦးဆောင်မှု အခန်းကဏ္ဍအထိ တာဝန်ယူ ထမ်းဆောင်တဲ့ အနေအထားမျိုးက အမျိုးသားပြန်လည်ရင်ကြား စေ့ ရေး အတွက် အထောက်အကူကောင်း တရပ် ဖြစ်တယ်လို့ မြင်တယ်။ တဘက်မှာလည်း ရုပ်ပြပါဝင်မှု မဖြစ်ဖို့ လိုတယ်။ တကယ်လုပ် လို့ ကိုင်လို့ရနိုင်တဲ့ ပြောနိုင်ဆိုနိုင်ဆုံးဖြတ်နိုင်တဲ့ အနေအထား ပြည်ခိုင်ဖြိုးလက်ထက်က ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လိုမျိုး မဟုတ်ဘဲ တကယ့်ကို အနှစ်သာရပိုင်းကိုလည်း လုပ်ပိုင်ခွင့်ပေးတဲ့ အနေအထားမျိုးဆိုရင် တကယ့်ကို အမျိုးသား ပြန်လည်ရင်ကြား စေ့ရေး ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။
ဦးခင်မောင်ဆွေ
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ဥက္ကဋ္ဌ
အထူးအထွေတော့ ပြောစရာမရှိပါဘူး။ ဦးထင်ကျော်က အစကတည်းက နာမည် တစ်ပြေးနေတာဆိုတော့ တစ်ပြေးနေတဲ့အတိုင်းပဲ ဖြစ်လာတယ်။ ဦးထင်ကျော်က နိုင်ငံရေးမှာတော့ ထဲထဲဝင်ဝင်လုပ်ဖူးတာ မရှိဘူးပေါ့။ ဒါပေမယ့် သူ့ရဲ့ပညာရေး နောက်ခံကတော့ မြင့် ပါတယ်။ မြင့်တော့သူ့အနေနဲ့ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အမျိုးသား လွှတ်တော်မှာလည်း ချင်းအမျိုးသား တယောက် ကို ရွေးလိုက်တယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမှာပေါ့။
သို့သော်လည်း တခြားပါတီက တိုင်းရင်းသားပါတီတွေထဲက ရွေးလိမ့်မယ်လို့ ထင်ထားတော့ ရင်ကြားစေ့ရေး အစိုးရဆိုတာ ဘယ် ဟာ ကို ဆိုလိုတာလဲဆိုတာ နည်းနည်းတော့ ဝေဝါးရှုပ်ထွေးနေတယ်။
တခြားပါတီက တိုင်းရင်းသားထဲက တယောက်ကို ရွေးလိုက်မယ်ဆိုရင်တော့ တော်တော်လေး လှသွားလိမ့်မယ်လို့ ထင်ပါတယ်။ သမ္မတနေရာ ရောက်လာသူ ဘယ်သူပဲဖြစ်ဖြစ် ရင်ဆိုင်ရမယ့်ဟာတွေကတော့ တော်တော်များတယ်။ စီးပွားရေးမှာလည်း ငွေဖောင်း ပွ မှုတွေ ဖြစ်နေတယ်။ ကုန်ဈေးနှုန်းတွေလည်း မြင့်မားနေတယ်။ အလုပ်အကိုင်တွေ ရှာဖွေပေးဖို့လည်း လိုတယ်။ လယ်ယာမြေ ပြဿနာ တွေလည်း ဖြေရှင်းဖို့လိုတယ်။
တခြား ကုမ္ပဏီကိစ္စတွေမှာ တပ်နဲ့ပတ်သက်တဲ့ကိစ္စမှာ တခြားကုမ္ပဏီနည်းတူ အခွင့်အရေးတန်းတူ ဖြစ်ရမယ်ဆိုတဲ့ စိန်ခေါ်မှုကလည်း တော်တော်လုပ်ရမယ့် ကိုင်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ပေါ့ပေါ့ပါးပါး ပြင်ဆင်နိုင်တာတွေက ပြီးသွားပြီဆိုတော့ နည်းနည်းခက်ခက်ခဲခဲဟာတွေကို ဖြတ်သန်းရမယ်ဆိုတော့၊ ထိပ်တိုက်ရင်ဆိုင် ကျော်လွှားရမယ့်အပိုင်းတွေ ပိုများမယ်ဆိုတော့ စိန်ခေါ်မှုတွေက ပြင်းပါလိမ့်မယ်။
သို့သော် NLD ဟာ သူပြောသလို ပြည်သူအားကိုးတဲ့ ပါတီဖြစ်တယ်လို့ ပြောထားတဲ့အတိုင်းပဲ သူတို့အခွင့်အလမ်းတွေ ရှာဖွေပြီး တော့ ထွက်ပေါက်ကို ရအောင်ယူလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။
(ဧရာဝတီ သတင်းဌာနက သတင်းထောက် နန်းဆိုင်နွမ်၊ နန်းလွင်နှင်းပွင့် နဲ့ ဇူးဇူးတို့က မေးမြန်ထားခြင်း ဖြစ်ပါတယ်)