အင်းစိန်ထောင်တွင် ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၀၀၈ ခု စက်တင်ဘာလ ၂၃ ရက်နေ့တွင် လွတ်မြောက်လာသည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာ ရဲနည်နှင့် ဆက်သွယ်မေးမြန်းချက်ကို ကွယ်လွန်သူ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၆ နှစ်ပြည့် မွေးနေ့အဖြစ် ကျရောက်သော ယနေ့ ၂၀၁၆ ခု မတ်လ ၁၂ ရက်နေ့တွင် အမှတ်တရ ပြန်လည်ဖော်ပြအပ်ပါသည်။
မေး။ ။ ပထမဦးဆုံး မေးခွန်းအနေနဲ့ပေါ့နော် … ဆရာကြီးကို အခုလို ဘာကြောင့်လွှတ်ပေးလိုက်တယ်လို့ ဆရာကြီး ထင်ပါသလဲ။
ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တယောက်တည်း ဖြစ်တာကိုပြောတာနော် … တခြားလူတွေတော့ ကျနော်မသိဘူး။ ကျနော်တယောက်တည်းနဲ့ ပတ်သက် လို့တော့ ဒါမရိုးမသားလုပ်တာ … လိမ်တာပဲဗျ။ ဘာလို့ လိမ်တာလဲဆိုတော့ ကျနော် က ထောင်အနှစ် ၂၀ ကျတယ်ဗျာ။ ထောင်ရဲ့ထုံးစံက တနှစ်မှာ လျှော့ ရက်ဆိုတာ သုံးလကိုရှိတယ်ဗျ။ အဲတော့ အနှစ် ၂၀ ကျတဲ့လူက ၁၅ နှစ် ၁၆ နှစ်လောက်လျှော့ပေးရင် ဘယ်လောက်လောက် ရလဲဆိုတော့ တနှစ်ကိုဗျာ ၃ လ၊ ၁၆ နှစ် ဆို တော့ ၄၈ လ၊ ၄ နှစ်တောင်ရတယ်။ ၁၆ နှစ်ကျော်ကျော်ဆိုရင် လွတ်တယ်ဗျ။ ကျနော်က လွတ်ရမယ့်ဟာ အဲဒီဟာကို ကျနော့်ကို လွတ်တဲ့အထဲမထည့်ဘဲနဲ့ ကျနော့်ကို 401 ထဲမှာ အမှုထည့်တယ်။ အဲဒါကို လက်မခံဘူးဆိုတော့ ကျနော် နဲ့ စကားများတယ်။ နောက်ကြောင်းလေး ပြန်ပြောရရင် ကျနော် ဒီ 401 ဆိုတဲ့ လက်မှတ်ထိုးတာ သို့မဟုတ် ပြစ်ဒဏ်ကို လျှော့ပြီးတော့ လွှတ်ပေးတာ သို့မဟုတ်လည်း ဆလံပေးထွက်တာ၊ ဒူးထောက်ထွက်တာ မလုပ်ဘူး ဆိုပြီးတော့ ၉၀ ခုနှစ် ကတည်းက ငြင်းခဲ့တယ်။
ကျနော့်ကို ပထမ ထောင် ၃ နှစ်ချတယ်။ ၈၉ မှာထောင်ချတယ်။ ၉၁ ခုနှစ်မှာ ကျနော့်ကို ထပ်ထုတ်ပြီးတော့ ထမင်းတွေ ဘာတွေကျွေး လုပ်သေးတယ်။ အဲဒါကို 401 နဲ့ လွှတ်မယ်လို့ ပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ နောက်တခါ ကျနော့်ကို ၉၅ မှာ ဦးကြည်မောင်တို့ ဦးတင်ဦးတို့ လွတ်တဲ့အချိန်မှာ ကျနော့်ကို ခေါ်ပြီးတော့ 401 နဲ့ ထွက်ဖို့ပြောတယ်။ ကျနော် ငြင်းခဲ့ တယ်။ နောက်တခါ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော် ဆေးရုံတက်နေတုန်းမှာ ကျနော့်ကို လာပြီးတော့ 401 နဲ့ လက်မှတ်ထိုးပြီးထွက်ဖို့ လာပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ အဲဒီလို အကြိမ်ကြိမ် ငြင်းခဲ့တဲ့ 401 နဲ့ ကျနော့်ကို ထည့် တယ်။ တကယ်က ကျနော်က လွတ်ရက်စေ့တဲ့လူအနေနဲ့ လွှတ်ကိုလွှတ်ရမယ် … ဒါပဲ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီး တော့ အစိုးရဟာ ကျနော့်ကို လိမ်တာ၊ ညာတာ၊ စစ်အစိုးရဟာ ဒီအုတ်ရောရော ကျောက်ရောရောထဲမှာ ကျနော့်ကို ရောထည့်တာ။ ပြဿနာတွေ အကုန်လုံးကို ရေရောပစ်တာ … ကျနော် အဲဒီ သဘော ပြောတာ။
မေး။ ။ ၁၉ နှစ်ကျော်ကျော်ကြာ ဆရာ ထောင်ထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တာက ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျနော့်မှာလည်း တခါတလေကျတော့ စိတ်ပျက်တာ အားငယ်တာ စိတ်ဆင်းရဲတာ စိတ်ညစ်တာ မခံနိုင် တော့အောင်ဖြစ်တာ ရှိတာပေါ့ … လူပဲဗျာ။ ကျနော်လည်း သံနဲ့ထုထားတဲ့ လူမဟုတ်ဘူး။ ကျနော် ဘာဖြစ်လို့ နေနိုင်လဲ ဆိုတာ ကျနော် တွက်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ကျနော် အမြဲတမ်း တလျှောက်လုံး လမ်းစဉ် (စုလွှတ်တွေ့) ဆိုတဲ့ လမ်းစဉ်ပဲ။ စုဆိုရင် ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ လွှတ်ဆိုတာက လွှတ်တော်ခေါ်ယူ ကျင်းပရေး၊ နောက်ဆုံးက တွေ့ဆိုတဲ့ဟာ တွေ့ဆုံဆွေးနွေးရေး။ ဒီသုံးခုကို ကျနော် apply လုပ်ပြီးတော့ နေတာပဲဗျ။ ဘယ်ပြဿနာ ပေါ်လာလာ ကျနော်က ဒီသုံးခုနဲ့ apply လုပ်တယ်။ apply လုပ်တယ်ဆိုတာ ဥပမာ ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးကို တောင်းဆိုတယ်။ နိုင်ငံရေး သဘောထားမေးလာရင် ကျနော်က လွှတ်တော် ခေါ်ယူရေးနဲ့ ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကျနော် ပြောတယ်။ ဥပမာဆိုရင်တော့ ခေါင်းဆောင် ကြီးများနဲ့ တွေ့တဲ့ ဟာမျိုး မလုပ်နိုင်ရင်တောင်မှ ကျနော်တို့က ထောင်အာဏာပိုင်တွေနဲ့ တိုက်ရိုက်တွေ့ချင်တယ် အဲဒီလိုမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးလိုင်းကို တလျှောက်လုံး ကျနော်ကိုင်လာတယ်။
နောက်တခု ကျနော်ကိုင်တဲ့ဟာတခုက ရံသုံးရံပဲ။ အန်အယ်လ်ဒီ နိုင်ငံရေး မြင့်သွားတာရှိတယ် နိမ့်သွားတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အန်အယ်လ်ဒီကို ဝန်းရံထားမယ်။ ဒါ ကျနော်တို့ အဖွဲ့အစည်းပဲ။ ဒီအဖွဲ့အစည်းနဲ့ ကျနော်တို့ရှိနေ တယ်။ ဒီမိုကရေစီ ဆိုလို့ရှိရင် အဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒီအဖွဲ့ပျက်သွားရင် သူတို့က ကြိုက်မှာပေါ့။ ကောင်းတာ မကောင်းတာ ရှိလားဆိုတော့ မကောင်းတာကို ကောင်းတဲ့အနေအထားနဲ့ ရှိအောင်နေရမယ်။ အဲဒါကြောင့် အန်အယ်လ်ဒီ ကို ဝန်းရံကြရမယ်။ နောက်တခုက ကျနော်တို့ လွှတ်တော်ကို ဝန်းရံရမယ်။ လွှတ်တော်ဆိုတာ ရှင်းရှင်းပြောရင် ပြည်သူရဲ့ Mandate ကို လွှတ်တော်ကနေ ရထားတာ။ ကျနော်တို့ အန်အယ်လ်ဒီတင် ရတာမဟုတ်ဘူး။ နိုင်ငံရေးအရ ပြောတာ။ အခြားသောပါတီတွေရော၊ ဒါကြောင့်မို့ လွှတ်တော်ကို ဝန်းရံကြရမယ်။ နောက်တခုက ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ဝန်းရံရ မယ်။
ရှင်းရှင်းပြောရရင် ဒီတိုက်ပွဲကြီး တခုလုံးထဲမှာ ဒေါ်စုဟာ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဆိုတော့။ ဒေါ်စုမှာ ချို့ယွင်းချက် ရှိချင်ရှိမယ်။ ဒေါ်စုကို ကျနော် ပုဂ္ဂိုလ်ရေးကိုးကွယ်တာ မဟုတ်ဘူး။ ဒေါ်စုရဲ့ အခန်းကဏ္ဍ ဒေါ်စုရဲ့လုပ်ဆောင်ချက်သည် ဒီနှစ် ၂၀ ကာလမှာ အလွန်အရေးကြီးတယ်။ အဲလောက်ကို အလွန်အရေးကြီးတဲ့ အနေအထားမှာရှိတဲ့အတွက် ဒေါ်စု ခေါင်းဆောင်မှုကို ဘယ်လိုမှ သေးသိမ်အောင် လုပ်လို့မရဘူး … လျော့ပေါ့အောင် လုပ်လို့မရဘူး။ ဒါကြောင့် ကျနော်တို့ ဒေါ်စုခေါင်းဆောင်မှုကို ဝန်းရံကြပါ။
အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက်သုံးရပ် အဲဒါနဲ့ ကိုင်ရှင်းပြီးတော့ ကျနော်နေတဲ့အတွက် ဒီလောက်ခံနိုင် တယ်လို့ ကျနော်တော့ထင်တယ်။ သို့သော် ခုနပြောသလို လူပဲဗျာ … သံနဲ့ထုထားတာမှမဟုတ်ဘဲ။ စိတ်ညစ်တာတွေ ကျန်းမာရေးချို့ယွင်းတာတွေလည်းရှိမယ်။ ကျနော် အမြဲတမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး မျက်ခြည်မပြတ်နေနိုင်တာ၊ စိတ်ဓာတ်အင်အားတွေ တောင့်ခံနိုင်တဲ့ဟာ၊ အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက် သုံးရပ်ကြောင့်လို့ထင်တယ်။
မေး။ ။ စစ်အစိုးရက ဒေါ်စုနဲ့လည်း တွေ့နေပြီလို့ပြောတယ်ဆရာ။ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ ကျင်းပ မယ်လို့ပြောနေတယ်။ ဒီရွေးကောက်ပွဲ ကျင်းပရေး လမ်းကြောင်းကသာ Pragmatic ဖြစ်တယ်ဆိုပြီးတော့ အခုဆိုလို့ရှိရင် ဆရာမောင်စူးစမ်းတို့ကပါ ပြောလာတာရှိတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကိုရော ဆရာ ဘယ်လိုထင်လဲ။
ဖြေ။ ။ ကျနော်က အဲဒါနဲ့ ပတ်သက်လို့တော့ ဒိုင်ယာလော့နဲ့ပဲ တတွဲတည်းတွဲပြီးတော့ စဉ်းစားရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် စစ်အစိုးရဟာ လမ်းကြောင်းကို ပိတ်ထားတယ်။ လမ်းတားလိုက်တာ။ ရှေ့အတွက် လမ်းပိတ် နေပြီ။ လမ်းပိတ်ဖို့အတွက် ပေါ်လာပြီ။ ကွန်စတီကျူးရှင်း ဆိုတာ ပေါ်လာပြီ။ အဲဒီ ကွန်စတီကျူးရှင်း ထဲက ထွက်လာမယ့် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ ဒါတွေလည်း စပေါ်လာပြီ။ အဲဒီတော့ လမ်းပိတ်သွားပြီ။ အဲဒီတော့ ကိုစူးစမ်းတို့က ဒိုင်ယာလော့က အဆင်တန်ဆာ ဖြစ်သွားပြီလို့ပြောနေတယ်။ ကျနော်လက်မခံ ဘူး။ ဒါ အညံ့ခံလိုင်းပဲ။ ဟုတ်တယ် လမ်းပိတ်မနေဘူးလား … ပိတ်တာပေါ့။ ပိတ်နေတာကို အခုမှ လမ်းပိတ်တာလို့ ထအော်ရင် အဲဒီလူဟာ တော်တော်ညံ့ တာပဲ။ ပိတ်နေတာ ရှင်းရှင်းပြောရရင် ၁၉၉၂ National Convention ခေါ် ကတည်းက သူတို့က ဒီဟာကို ကြံခဲ့ပြီးသား။ ကျနော်တို့ ဒါကြောင့် အမြဲတမ်းပြောနေတယ်။ သူတို့ကို legitimacy မပေးနိုင်ဘူး။
NC နဲ့ ပတ်သက်ပြီး ကျနော်တို့ သပိတ်မှောက်ရမယ်ဆိုတာက ၉၃ တုန်းက ကျနော် ပြောခဲ့ပြီးပြီ။ ဒါ အားလုံးရှေ့မှာ။ အမေရိကားက Mr. Bill Richardson လာတွေ့တယ်။ ထောက်လှမ်းရေးတွေရော ဘာတွေရော ထောင်အာဏာပိုင်တွေ ရော သတင်းထောက်တွေရော။ အဲဒီမှာ ကျနော်ပြောခဲ့တယ်။ ကျနော်လက်မခံဘူး။ ဒါ Sham ၊ ဒါ အတုအယောင်ပဲ။ အဲဒါကို သပိတ်မှောက်ရမယ်။ ခင်ဗျားတို့ ကျနော်တို့ အားလုံးအတွက်ဆိုရင်တော့ အနည်းဆုံးတော့ သပိတ်မှောက်ရမယ်။ ဆိုလိုတာက ဒီတခါးကြီး ပိတ်တော့မယ်ဆိုတာ သူတို့က ၉၂ လောက်ကတည်းက ကြံရွယ်ပြီးသားပဲ။ အဲဒါအခုမှ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ ကျနော်က ၉၂ လောက်တုန်းက သူတို့လုပ်တာလည်း အမြဲတမ်း ကန့်ကွက်ခဲ့တယ်။
ကျနော်တို့က ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဆိုတာ စိတ်ထဲမှာ ရှိတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေး ရေးကို ၉၂ မတိုင်ခင်က ၈၈ အောက်တိုဘာလကတည်းက အန်အယ်လ်ဒီက ကိုင်စွဲခဲ့တဲ့ လိုင်းဖြစ်တယ်။ ဒီလိုင်းက ဒေါ်စု ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ နဝတ ကို ပို့ခဲ့တဲ့လိုင်း။ အောက်တိုဘာ လကတည်းက။ ဒီဒိုင်ယာလော့လိုင်းက တလျှောက် လုံးရှိနေတာ၊ အဲဒီထဲမှာ သူတို့က NC လိုင်းတွေတင်လာတယ်၊ အခုတခါ နောက်ဆုံးပိတ် ဖွဲ့စည်းပုံလိုင်း။ လမ်းပိတ်နေတယ်၊ အဲဒီ ပိတ်နေတာကို ကျနော်တို့ နဂိုကတည်းက မြင်နေတာပဲ၊ အဲဒါကို ဒိုင်ယာလော့ နည်းနဲ့ ဖြေရှင်း မယ်။ ဒိုင်ယာလော့နည်းနဲ့ ကျနော်တို့ ဟာတွေကို တင်ပြမယ်၊ ဒိုင်ယာလော့နည်းနဲ့ သူတို့ ခြေလှမ်းတွေကို ဖျက်မယ် ဆိုပြီးတော့ ကျနော်တို့ ကိုင်စွဲခဲ့တာပဲ။
ဒီနေ့ ကျနော်တို့ လမ်းပိတ်နေတာကို မြင်နေသော်ငြားလည်း လမ်းပိတ်သွားတဲ့ အထိတော့ ကျနော်တို့က ဒိုင်ယာလော့ကို တောင်းဆိုနေမှာပဲ။ လမ်းမပိတ်အောင်ပြောနေမှာပဲ။ ဒိုင်ယာလော့က ဒါပဲ။ အဲဒါကို ဒိုင်ယာလော့က အဆင်တန်ဆာပဲ ဆိုတာ ကျနော်လက်မခံဘူး။ ဒါ အညံ့ခံတဲ့လိုင်းပဲ။ ရှင်းရှင်းပြောရင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလို့ရတယ်။ အနည်းဆုံးတော့ ခင်ဗျားတို့ ဒါတွေခဏ ဆိုင်းထားပါဦး။ တွေ့ဖြစ်အောင်တွေ့ရမယ်။ လမ်းပိတ်တာတွေ မပိတ်နဲ့ဗျာလို့ ပြောလို့ရရမယ်။ ဒါတွေပြင်ပါလို့ ဘာဖြစ်လို့ မပြောနိုင်ရမှာလဲ ။ပြီး ပြီး ရောသွားလို့မရဘူး။ ကျနော်က အဲလိုပဲ ယူဆတယ်။
မေး။ ။ အခု ဆရာ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တွေ့ခွင့်ရ မယ်ဆိုရင်၊ ဆရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေများ အကြံဉာဏ်ပေးနိုင်မလဲ၊ ဆရာ ဘာတွေ ပြောမလဲ ဆရာ။
ဖြေ။ ။ အမှန်တိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲဗျ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ခံယူတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအားဖြင့်ရော၊ စိတ်ဓာတ် အားဖြင့်ရော စွန့်လွတ်မှု၊ အနစ်နာခံမှု အားလုံးက ကျနော်တို့ထက် အများကြီးကို စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်။ အခုမှမဟုတ်ဘူး၊ ဟိုတုန်းက လည်း ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်မှု၊ စိတ်ဓာတ် ခိုင်မာမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Commit ဖြစ်မှု စွဲမြဲမှု ဒါတွေ ကျနော် အကုန်လုံးလက်ခံခဲ့တယ်။
ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ခင်ဗျားစိတ်ကူး ဘာတွေရှိသလဲ။ အဲဒါတွေ ကျနော်ဘာလုပ်ပေးနိုင်မလဲ။ ဒီမေးခွန်းပဲ ကျနော်မေးမယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရှိပြီးသားဖြစ်တယ်လို့ ကျနော်ယုံတယ်၊ ဒါ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ ပြောနေတာမဟုတ်ဘူး၊ ကျနော်ဘာပြောမလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားဘာအကြံရပြီလဲ။ ခင်ဗျားဘာတွေများတွေးပြီးပြီလဲ၊ ခင်ဗျားဘာတွေများ မြင်ပြီးပြီလဲ။ ဘာတွေများလုပ်ဖို့ ကျန်သေးလဲ။ ကောင်းပြီအဲဒါဆိုရင် ကျနော်လုပ်နိုင်တဲ့ဟာတွေ သုံညပဲဖြစ်ဖြစ် သုံညထက်နည်းနည်းကျော်တဲ့ ၁ ပဲ ဖြစ်ဖြစ်၊ ဒါတွေကျနော်လုပ်ပေးမယ်။ ကျနော်လုပ်နိုင်တဲ့ဘက်က ဝင်လုပ်ပေးမယ်။
ကျနော် နိုင်ငံရေးလုပ်တာ ၉ လ ပဲ ကြာတယ်၊ အခုထောင်ထဲမှာ ၁၉ နှစ်နေလာရတာ၊ အဲဒီတော့ နိုင်ငံရေးမှာ မအူမလယ် ဆိုတာ ထင်ရှားနေတာပဲ၊ ကျနော်က အလုပ်လုပ်တာ၊ ကျနော့်ကို အမျိုးမျိုးပြောကြတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနိုင်တယ်တို့ ဘာတို့၊ အဲဒါတွေကို ကျနော်ငြင်းတယ်၊ ကျနော့်ကိုယ် ကျနော် နှိမ်ပြီးပြောတာလည်း မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ထူးထူးချွန်ချွန်ကို တော်တယ်လို့ ကျနော်ယူဆတယ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းထဲက ထွက်လာတဲ့ အကြံဉာဏ်တွေဟာ ပြင်စရာ မရှိလောက်အောင်ကို ကောင်းတယ်၊ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော် အချိန်ပြည့်လုပ်တယ်၊ ဒါပဲ။ ကျနော်က တယောက်တည်း သမားဆိုတော့ သူများထက်ပိုအလုပ်လုပ်နိုင် တယ်၊ အရင်ကတည်း က တနေ့ကို ၁၅ နာရီ ၁၆ နာရီ အလုပ်လုပ်တာ၊ ကြေးမုံသတင်းစာ လုပ်တုန်းကလည်း ဒီလိုပဲ။
မေး။ ။ နောက်တခုက ဝေဖန်ရေးလုပ်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်မရှိရင် အန်အယ်လ်ဒီက သေသွားပြီတို့ ဘာတို့ပြောကြတာရှိတယ်၊ အခုဟာကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်နဲ့ နေရတဲ့ အတွင်းမှာ တချို့ ဝေဖန်ရေးလုပ်တဲ့လူတွေက ပြောတာပေါ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် လက် ရှိ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုက အားပျော့တယ်တို့ ဝေဖန်နေသလို၊ နိုင်ငံရေး အပြောင်းအလဲကို အန်အယ်လ်ဒီ က လုပ်မပေးနိုင်ဘူးလို့ စွပ်စွဲတဲ့ လူတွေ လည်း ရှိတယ်၊ အဲဒါ အခု လက်ရှိ အန်အယ်လ်ဒီ ဦးဆောင်မှုအပိုင်းကိုရော ဆရာ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ ခင်ဗျားမေးခွန်းက ၂ ပိုင်းဗျာ၊ စိတ်ဝင်စားစရာကောင်းလို့ ကျနော် ပထမပိုင်းကို အရင်ပြောချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းပြောရင် သူဟာ အလွန်တော်တဲ့ပုဂ္ဂိုလ်၊ အလွန်ချီးကျူးစရာကောင်းတဲ့ ပုဂ္ဂိုလ် ဆိုတာမှန်တယ်။ သို့သော် အဖွဲ့အစည်းတခုက ဒေါ်အောင်ဆန်းစုကြည်မရှိရင်လည်း ဖြစ်ရမှာပဲဗျ။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် မပါလည်း ဖြစ်နေမယ်လို့ပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် အရေးမပါဘူးလို့ ပြောတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆိုသော ခေါင်းဆောင်တယောက်ဆိုတဲ့ဟာက မပျောက်ဘူးဗျ။
ဗိုလ်ချုပ် အောင်ဆန်းဗျာ သေသွားတယ်၊ သတ်ပစ်လို့သေသွားတယ်ဗျာ၊ အောင်ဆန်း Spirit ဆိုတာက ကျန်တဲ့အခါကြ တော့ ဖဆပလ က အများကြီး ဆက်ပြီးတော့ အဒွန့် ရှည်နေတယ်၊ အောင်ဆန်းသေတာနဲ့ ဖဆပလ ပျက်သလား။ မပျက်ဘူးဗျ။ အလားတူဘဲ ဒေါ်အောင်ဆန်းစုကြည် သေတာနဲ့၊ ဒေါ်အောင်းဆန်း စုကြည် မရှိတာနဲ့ အန်အယ်လ်ဒီက ပျက်မယ်ဆိုတာ ကျနော် မယုံဘူး၊ အနည်းဆုံး အောင်ဆန်းစုကြည် Spirit ဆိုတဲ့ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတာ ရှင်သန်နေဦးမှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သေသွားလို့ပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် မလုပ်လို့ဘဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံတဲ့ဟာ စံနမှုနာယူ စိတ်ဓာတ် အနေနဲ့ ကျန်နေမှာပဲ။
ဒီစိတ်ဓာတ်တွေက အန်အယ်လ်ဒီမှာ ကိန်းကောင်းနေတဲ့ကာလပတ်လုံး၊ ကိန်းအောင်း အောင် လုပ်နိုင်သမျှ ကာလ ပတ်လုံး ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီးတယောက်၊ လူ တယောက်အနေနဲ့ ရှိခြင်း၊ မရှိခြင်း၊ ရပ်တည်ခြင်း၊ မရပ်တည်ခြင်းနဲ့ သိပ်တော့မဆိုင်တော့ဘူး၊ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတဲ့ဟာကြီးက ရှိနေရင် အဖွဲ့အစည်းဟာ ရှင်သန်နိုင်မယ်လို့ ကျနော် ယူဆတယ်။
ဒုတိယ အချက်က လက်ရှိခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့။ ဒါတွေက လူတွေပဲဗျ၊ လူတွေဘဲ၊ ဟုတ်လား။ ဥပမာ ကျနော့်ကို မနေ့တုန်း က မိတ်ဆွေတယောက်က သိပ်ပြီးတော့ emotional မဖြစ်ပါနဲ့တဲ့။ ဟုတ်ပါတယ်၊ ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ကျနော် emotional ဖြစ်တာမဟုတ်ဘူး၊ dynamism ကို ဖော်နေတာ။ ကျနော့်ကို ဒီလူကြီးက ဘာတွေ ပြောမှန်းလဲ မသိဘူးပေါ့၊ Out of date တွေ၊ ဒီလူကြီး နားမလည်တာတွေ အများကြီး ရှိတယ်။ မှန်တယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။
ကျနော်က အဲဒီလိုဟာတွေပါ ထည့်တွက်တယ်၊ ကျနော်က ဖြန့်ဖြူးနေတာ၊ အခု အင်တာဗျူးတာတွေ လုပ်နေတာ၊ ကျနော်အများကြီး သိတာပေါ့။ ကိုယ့်ကိုယ်ကိုယ်၊ ချို့ယွင်းချက်တွေ အများကြီး။ ကျနော် ထောင်ထဲမှာ အနှစ် (၂၀) လောက်နေလာတာ၊ စာလည်း မနေ့တနေ့ကမှ ဖတ်ရတာ၊ ရရာ ဖတ်ရတာ။ အဲတော့ အဲဒီဟာတွေကို ကျနော်က ဘာလို့ dynamic ဖြစ်အောင် ကျနော်လုပ်နေတာလဲ၊ နိုးကြားခြင်း၊ ထကြွခြင်း၊ တက်ကြွ ခြင်း၊ ရှင်သန်ခြင်း ဆိုတဲ့ dynamism ကိုဖြန့် နေတာ၊ dynamism မရှိရင် ကျနော်တို့ ဘာမှ လုပ်စရာ မရှိဘူးဗျာ။
ကျနော် ပြောလို့ ရတာပေါ့ဗျာ၊ တရားထိုင်ရဦးမယ်ဗျာ၊ ကျနော် စီးပွားရေးမကောင်းဘူးဗျာ၊ ပြောလို့ရတာပဲ၊ ဟုတ်လား။ ဘာလို့ သည်းခံပြီးတော့ ကျနော် ပြောနေလဲ၊ dynamism ကို ကျနော် ရှိချင်တယ်။ ကျနော် အခု ဘယ်လောက်မှားလဲ မှန်တယ်ဆိုတာ ကျနော့်ဟာ ကျနော် နားထောင်ဖို့ အချိန်မရဘူး။ ကျနော် တမနက်လုံး စကားပြောနေတာ၊ တနေ့တုန်း ကလည်း မနက်လင်း (၆) နာရီကတည်းက စပြောလိုက်တာ ညနေ(၄) နာရီမှာ ထောင်ကထွက်လာ၊ (၄) နာရီကစပြီးတော့ စကား ပြောလိုက်တာ ည (၁၁) နာရီ (၁၂) နာရီထိ၊ ဘာဖြစ်လို့ ကျနော်လုပ်နေတာလဲ။
ဒီဟာ dynamism ဖြန့် နေတာ။ ဒီထဲမှာ အညံ့တွေ၊ အဖျင်းတွေ၊ မဟုတ်တာတွေ ပါမယ်၊ ချော်တာတွေ ပါမယ်။ ကျနော့်ကို အပြစ်တင်ရင် ကျနော် ခံမယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် dynamism တော့ အပြစ်မမြင်နဲ့၊ အဲဒီ dynamism တော့ ပေါ်စေချင် တယ်။ ဒါက လူနော်။
အလားတူပဲ လက်ရှိ ရှိနေတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များဟာဆိုလို့ရှိရင် သူတို့လုပ်နိုင်တာ သူတို့လုပ်နေတာပဲလို့ ကျနော်ထင်တယ်။ သူတို့ dynamism လျော့ရင် လျော့ မယ်၊ နည်းနည်းလေး လျော့မယ်၊ သဘောက နည်းနည်းလေး တွန်းပေးရမယ်။ သူတို့မှာ နည်းနည်းလေး ချော်တာ ရှိမယ်၊ ဖြောင့်ပေးရမယ်။ ဟုတ်လား။ ဒီခေါင်းဆောင်မှုတခုကို အကြောင်းရာ တခုအပေါ်မှာ အခြေအနေ တခုအပေါ်မှာ အတိမ်းအစောင်းရှိတာတောင် ဘယ့်နယ် သည်းညည်းမခံနိုင်လို့ မရဘူး။ ဒီခေါင်းဆောင်မှုကို ကျနော်တို့ ပြင်ရမှာပဲ၊ မှားရင် ဝေဖန်ရမှာပဲ၊ ဒါ အဖွဲ့အစည်းပဲ။ အဖွဲ့အစည်းထဲမှာ ပြောရမယ်၊ အဖွဲ့အစည်းထဲမှာ ဆွေးနွေးရမယ်၊ ဒါပဲဗျ။ အဲတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်၊ မရှုတ်ချချင်ဘူး။ ဘဝင်မကျတာတွေရှိတာ ပြောမယ်၊ ပဲ့ပြင်ကြမယ်၊ ထိန်းကျောင်းကြမယ်၊ ဝန်းရံ ကြမယ်၊ ဝိုင်းဝန်းကြမယ်။ ဒါကို ကျနော် လုပ်ချင်တာ၊ မှားတာ မှန်တာတော့ မသိဘူး။ ဆိုတော့ ဒီခေါင်းဆောင်မှုဘက်ကနေ လိုက်တာလည်း မရှိဘူး၊ ရှုတ်ချ တာလည်း မရှိဘူး။ ခေါင်းဆောင်မှု ကလည်း သူတို့ လုပ်နိုင်သမျှ လုပ်နေတာပဲ၊ မှန်နိုင်သမျှလည်း မှန်နေတာလည်း ရှိပါတယ်။ မှားတာရှိရင် ပြင်ကြမယ်။ ကျနော်တို့ကို ဆက်ခံမယ့် အင်အားတွေ ဘယ်လို တိုးချဲ့မလဲ။ ဒါကို ကျနော်တို့ သိကြရမယ်၊ ကျနော် အဲဒီလိုပဲ သဘောထားပါတယ်၊
မေး။ ။ ၁၉ နှစ်ကြာ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေပြီးတော့ အခုလိုမျိုး ပြန်အဆက် အသွယ် ရတဲ့အခါကြတော့ ဆရာ့ အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲ ဆရာ၊
ဖြေ။ ။ ကျနော် ဒီမိုကရေစီ နိုင်ငံရေးကို လုပ်မယ်။ ကျနော် အခု အသက် ၇၉ နှစ်ရှိပြီ၊ အမှန်အတိုင်းက သိပ်ပြီးနိုင်ငံ ရေးကို ကျနော် ကျွမ်းကျွမ်းကျင်ကျင် ရှိတာမဟုတ်ဘူး။ ကျနော် နိုင်ငံရေး လုပ်ဖူးတာ ကိုးလ လောက်ဘဲ လုပ်ဖူးတာ၊ ထောင်ထဲက အတွေ့ အကြုံကို နိုင်ငံရေးလို့တွက်ရင်တော့ သိပ်ကြာတာပေါ့ဗျာ။ ထောင်ထဲမှာလည်း ကျနော်တယောက် တည်းလို နေရတဲ့အခါကြတော့ ဆွေးနွေးခြင်း၊ ပြောဆိုခြင်း၊ ညှိနှိုင်းခြင်း၊ ငြင်းခုံခြင်း၊ ရည်မှန်းချက်ချခြင်းတွေ သိပ်ကို မလုပ် နိုင်ဘူး။ တယောက်တည်း ဖြစ်နေတာ၊ အဲဒီအတွက် ကျနော်ရဲ့ နိုင်ငံရေး အတွေ့အကြုံက အများကြီးနည်းပါတယ်။ သို့သော် ကျနော့်မှာ အကြောင်းတွေ အများကြီး ရှိပါတယ်၊ အကြောင်းတွေ အများကြီးရှိတယ်ဆိုတာ အန်အယ်လ်ဒီကို စတင်တည်ထောင်သူများထဲမှာ ကျနော် တယောက် အပါအဝင် ဖြစ်တယ်။ အဲဒီလိုဖြစ်နေတဲ့ အခါကြတော့ အန်အယ်လ်ဒီ ဘယ်လိုပဲ ဖြစ်နေပါစေ၊ စစ်မှန်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဦးတည်တဲ့အတွက် အဲဒီ ဘက်ကနေ ရပ်ခြင်းအားဖြင့် ဒါ ကျနော် ဆက်ပြီးတော့ နိုင်ငံရေးကိုလုပ်လို့ရမယ်လို့ ယူဆတယ်၊ လုပ်ဖို့လိုတယ်။ အဲဒါကြောင့် ကျနော် ဒီမိုကရေစီ နိုင်ငံရေး ကို ဆက်ပြီးတော့ လုပ်မယ်လို့ ပြောချင်ပါတယ်၊ ဒါ အတိုဆုံး ပြောတာပါ။
မေး။ ။ နောက်ဆုံးမေးခွန်း ဆရာရယ်၊ အခုလိုမျိုး ဆရာ့ လွတ်မြောက်ရေး လုပ်ရှားတဲ့ လူတွေ၊ မိတ်ဆွေတွေ၊ နောက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ လူတွေအတွက်ကို ဆရာက ဧရာဝတီကနေ တဆင့် ဘာများ ပြောစရာ ရှိပါသလဲ။
ဖြေ။ ။ သိပ်ကျေးဇူးတင်တယ်၊ သိပ်အားတက်တယ်ဗျာ၊ သိပ်အဖိုးတန်တယ်လို့ပြောစရာမှ တခြား မရှိဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ သိပ်ကျေးဇူးတင်တယ် ဆိုတာက ကျနော်တို့ထောင်ထဲမှာ နေရတော့ စားရေး၊ သောက်ရေး၊ မိဘနဲ့ မတွေ့ တာ၊ ဆွေမျိုးနဲ့ မတွေ့တာ၊ မိသားစုနဲ့ မတွေ့တာ၊ အချင်းချင်းနဲ့ မတွေ့တာက အစ အကုန်လုံး အခက်ခဲတွေ အများကြီးရှိ တယ်။ အဲဒီလို အခြေအနေမျိုးမှာ တယောက်ယောက်ကနေပြီးတော့ အားပေးတယ်၊ ဝိုင်းဝန်းတယ်၊ ဝန်းရံတယ်၊ ပံ့ပိုးတယ် ဆိုတဲ့ အခါကြတော့ ကျနော် သိပ်ကျေးဇူးတင်တယ်၊ ဒါပြောစရာ မလိုဘူး၊ ကျနော်တင် မဟုတ်ဘူး၊ အားလုံးကနေပြီးတော့ ဒါ ကျေးဇူးတင်ကြမှာ၊ ဒါကို ကျေးဇူးတင်တယ်လို့ ကျနော် ပြောတာပါ။
နောက်ပြီးတော့ ဒါတွေအတွက် ကျနော် သိပ်ပြီးတော့ အားတက်တယ်။ သိပ်အားတက်တယ်လို့ ပြောချင်တဲ့ အကြောင်းက ဘာဖြစ်လို့လဲ ဆိုတော့ ရှင်းရှင်းလေး ပြောရရင် နိုင်ငံရေးတို့ ဘာတို့လုပ်တယ်ဆိုတာ အားတက်မှုနဲ့ လုပ်ရတာ။အားတက်မှု မရှိဘဲနဲ့ စာအုပ်ကြီးနဲ့ ထိုင်ပြီးတော့ စာအုပ်နဲ့ စဉ်းစားပြီးတော့ စာအုပ်ကြီး လမ်းစဉ်နဲ့ဘဲ လုပ်နေရင် မရဘူးဗျ။ အားတက်မှု နဲ့ စုစည်းရတာ၊ အားတက်မှုနဲ့ လှုပ်ရှားရတာ၊ အားတက်မှု နဲ့ ထကြွရတာပဲ။ အဲဒါကြောင့် ကျနော် အားတက်တယ်၊ ကျနော်တို့ ထောင်ထဲမှာပဲ နေနေ၊ အပြင်မှာ နေနေ၊ အဲဒါ ဝိုင်းဝန်းတဲ့ အလေ့ကို ပြတာ၊ ဝိုင်းဝန်းတယ်ဆိုတာ ပြည်တွင်း ရော၊ ပြည်ပရောပေါ့ဗျာ။ ဒီလူတွေ ဝိုင်းဝန်း ကြလို့ ဒီလူတွေ အားပေး ကြလို့ ကျနော်တို့တတွေက ထကြွနေတယ်။ လုပ်ရှားနေမယ်၊ တက်ကြွနေမယ်၊ နိုးကြား နေမယ်၊ အဲဒါကြောင့် ကျနော်တို့က သိပ်ပြီးတော့ အားရပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောချင်ပါတယ်။
နောက်တခုပြော ချင်တာက သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေ၊ မလုပ်တော့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးနဲ့ ကွာသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ အဲဒီလူတွေလုပ်ခဲ့တာ မနည်းဘူး။ ဥပမာ ဆိုလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီက ခေါင်းဆောင်တွေ၊ စာရေးဆရာ မောင်သော်က တို့ ၊ ဦးတင်မောင်ဝင်းတို့၊ ဦးတင်ရွှေတို့။ နောက် အခြားသောပါတီက ဦးခင်မောင်မြင့်တို့ စတဲ့ ပုဂ္ဂိုလ်တွေ။ ဒီလူတွေ အကုန်လုံးက ထောင်ထဲမှာ သေကြ ရ တယ်၊ သေသွားတယ်။ နောက်တမျိုးက ထောင်ထဲ ကြောင့်၊ ထောင်ထဲမှာ အမျိုးမျိုး အအိပ်ပျက်၊ အစားပျက်၊ စီးပွားပျက်၊ လုပ်ငန်းပျက်၊ အကုန်လုံး ဘဝပျက်သွားတဲ့ လူတွေကို အများကြီးရှိတယ်။ ကျနော့်ကိုဆိုရင် အခုဝိုင်းဝန်းပြီးတော့ ဟိုကမေး၊ ဒီကမေး ဘာညာလုပ်နေတယ်။ ကျနော်တို့ ထက် အများကြီး စွန့်လွတ်ပြီးတော့ အများကြီးအနစ်နာခံပြီးတော့ လုပ်သွားတဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒီပုဂ္ဂိုလ်များရဲ့ ကျေးဇူးဟာလည်း ကျနော်တို့မှာ အများကြီး ရှိသေးတယ်။ ကျနော် ပြောချင်ပါတယ်၊ ဒါကိုလည်း ကျနော်မေ့လို့ မရဘူး။ ကျနော်တို့က လက်ရှိ ရှိနေတဲ့သူတွေကို ကျေးဇူးတင်သလို ဒီလူတွေရဲ့ ကျေးဇူးကိုလည်း မမေ့ဖို့ သိပ်လိုပါတယ်။
ဒါ့ အပြင် အပြင်မှာ အကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့ ဘေးရောက်နေတဲ့ သူတွေ ရှိပါတယ်။ ဒီပုဂ္ဂိုလ်များရဲ့လုပ်ကိုင် ခဲ့တာတွေကိုလည်း ကျနော်တို့က အသိမှတ် ပြုရလိမ့်မယ်၊ ဒီလို ပုဂ္ဂိုလ်များရဲ့ စွန့်လွတ်မှုတွေကိုလည်း ကျနော်တို့ နားလည်ရလိမ့်မယ်၊ တန်ဖိုးထားရလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။
အဲဒါကို ကျနော် အပိုင်းချုံ့လိုက်ရင် နှစ်ပိုင်းပြောချင်ပါတယ်၊ တပိုင်းက ဘာလဲဆိုတော့ ပြည်တွင်းရော၊ ပြည်ပရော ကျနော်တို့ကို ဝန်းရံတဲ့ သူတွေ၊ ပုဂ္ဂိုလ်တွေအတွက် ကျနော်တို့မှာ အများကြီး ကျေးဇူး ရှိပါတယ်။ အများကြီး လည်း ကျနော်တို့ကို အားပေးရာ ရောက်ပါတယ်။ အလားတူပဲ ကျနော်တို့ဟာ နှစ်ပေါင်း ၂၀ ကာလ အတွင်း မှာ အများကြီး စွန့်လွတ်ခဲ့တဲ့လူတွေ၊ ဘဝပျက်ခဲ့တဲ့ လူတွေ ၊ သေခဲ့တဲ့ လူတွေ၊ ကြေခဲ့တဲ့လူတွေ၊ အဲဒီလူတွေ အားလုံးကို ကျနော်တို့ မမေ့ဖို့နဲ့ ဒီလူတွေကို ကျနော်တို့ အမြဲတမ်း တန်ဖိုးထားနေဖို့ ဒီလူတွေရဲ့ စွမ်းဆောင်မှုတွေ၊ လုပ်ဆောင်မှုတွေကို ကျနော်တို့ အမြဲတမ်း ပြန်ဖေါ်ထုတ်ဖို့၊ သတိရဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒါပါပဲ။ ။