အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ထားတဲ့ ဦးဟင်နရီ ဗန်ထီးယူဟာ မတ်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် သမ္မတ စိစစ်ရွေးချယ်ပွဲမှာ ထောက်ခံမဲ ၇၉ မဲရရှိပြီး ဒုတိယသမ္မတ ၂ အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ တပ်မတော်အရာရှိဟောင်းတဦးဖြစ်ပြီး ချင်းတိုင်းရင်းသားတဦးလည်းဖြစ်သူ ဦးဟင်နရီ ဗန်ထီးယူက သူ့ဘဝဇာတ်ကြောင်း၊ နိုင်ငံရေးကို စိတ်ဝင်စား ပါဝင်လာပုံနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ရှုမြင်ချက်ကို နေပြည်တော်က ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်ကို ပြောဆိုသွားခဲ့ပါတယ်။
မေး ။ ။ ပထမဆုံး သိလိုတာက အန်ကယ့်ရဲ့ ဘ၀ ဇာတ်ကြောင်းကို သိချင်ပါတယ်။
ဖြေ ။ ။ ကျနော့်ဇာတိက ချင်းပြည်နယ် ထန်တလန်မြို့နယ် ဒီကေးရွာ ဖြစ်ပါတယ်ခင်ဗျ။ အဲဒီရွာမှာပဲ အလယ်တန်းကျောင်းအထိ ကျောင်းတက်ပြီးတော့ ဟားခါးမြို့မှာ အထက်တန်းကျောင်း ပြီးသွားပါတယ်။ နောက်ပြီးတော့ တပ်ထဲမှာ နှစ်ပေါင်း ၂၀ ကြာ ဗိုလ်မှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမှတ် ၁ စက်မှု ဝန်ကြီးဌာနဘက်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ နောက် အဲကနေပြီးတော့ ၂၀၀၉ ခုနှစ်မှာ အလုပ်ကနေပြီးတော့ အနားယူပါတယ်။
မေး ။ ။ နိုင်ငံရေးသမားတယောက် ဖြစ်လာဖို့ ဘယ်လိုအကြောင်းအရာတွေက အန်ကယ့်ကို တွန်းအားပေးခဲ့တာလဲ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကို ဘယ်လိုရောက်ရှိလာပါသလဲ။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံက လက်ရှိ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး (LDC) နိုင်ငံ ဖြစ်နေပါတယ်။ ကမ္ဘာ့ အလယ်မှာ ကျနော်တို့ နိုင်ငံက သူများနိုင်ငံတွေထက် မျက်နှာငယ်ရတဲ့ အနေအထား ရှိပါတယ်။ အဲဒါကြောင့် ဒီ LDC နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ အနေအထားမျိုးကနေ နိုင်ငံကို လွတ်မြောက်စေချင်တယ်။ ကျနော်တို့ နိုင်ငံကို ကမ္ဘာ့အလယ်မှာ မျက်နှာသာနဲ့ အဲလို အဆင့်အနေအထားမျိုး ရောက်ရှိစေချင်တယ်။
အဲဒါမျိုး ဖြစ်ဖို့အတွက်ကို ကျနော်တို့က စဉ်းစားကြည့်တဲ့အခါမှာ အဲဒီကစပြီး ကျနော် နိုင်ငံရေးအတွေးအခေါ်တွေ ဝင်လာပါတယ်ခင်ဗျ။ တွန်းအားတခုပေါ့နော်။ နိုင်ငံရေးမှာ ပါဝင်ဖို့ဆိုတဲ့ တွန်းအားတခု ရလာတယ်။ အဲလို ရလာတဲ့အခါမှာ ဒီဟာကို ကျနော်ဖြစ်စေချင်တဲ့ဟာကို ဘယ်လိုလမ်းကြောင်းနဲ့ ဘယ်လိုနည်းလမ်းနဲ့ ရအောင် လုပ်လို့ရမလဲဆိုတာကို ကျနော်စဉ်းစားကြည့်တယ်။ လေ့လာကြည့်တဲ့အခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောထားတွေကို ကျနော်သွားပြီးတော့ လေ့လာကြည့်တယ်။ လေ့လာကြည့်ပြီးတော့ လေ့လာကြည့်တဲ့အခါမှာ ဒီပါတီ အဖွဲ့အစည်းကသာလျှင် ကျနော်တို့ လိုချင်တဲ့ အနေအထားမျိုးကို စွမ်းဆောင်နိုင်မယ်။ အကောင်အထည် ဖော်နိုင်မယ်ဆိုတာကို ကျနော် အကြွင်းမဲ့ ယုံကြည်တယ်။ အဲဒီယုံကြည်ချက်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ခဲ့ခြင်း ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံခြားမှာ သွားရောက်နေထိုင်ခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတချို့ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ များများစားစား ပြောစရာ မရှိပါဘူး။ ကျနော်တို့ သွားတာတွေက နိုင်ငံတော် အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ သွားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်အနေနဲ့ များများ ပြောစရာမရှိပါဘူး ခင်ဗျ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာရော ဘယ်လို သဘောထား ရှိပါသလဲ။ သူ့အနေနဲ့ အန်ကယ့်ကို ဘာကြောင့် တိုင်းရင်းသားတွေထဲကမှ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။ အန်တီဒေါ်အောင်ဆန်းစုကြည် အကြောင်း လေ့လာကြည့်တဲ့အခါမှာ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားမှ မဟုတ် ဘူး။ တကမ္ဘာလုံးကနေ အင်မတန်မှကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်ခင်ဗျ။ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ အင်မတန်မှ သစ္စာ ရှိပြီး အင်မတန်မှ ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ကျနော်အနေနဲ့ကတော့ ဒီအတိုင်းပဲ မြင်ပါတယ် ခင်ဗျ။ ဒီအတိုင်းပဲ ခံယူပါတယ်။
ကျနော့်ကို ရွေးတာကတော့ ပါတီခေါင်းဆောင်ကြီးရဲ့ သဘောထား မူဝါဒ၊ ပါတီပေါ့နော်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပေါ့နော်။ သူ့ရဲ့ မူဝါဒထဲမှာကိုက အထူးသဖြင့် အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ဒါအတွက် အခု ဒီလိုလုပ်တယ်လို့ပဲ ကျနော်က ယုံကြည်ပါတယ်ခင်ဗျ။
အခု သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း လုပ်ခြင်းအားဖြင့် ဒါက သက်သေပေါ့နော်။ သက်သေပြနေပြီ။ စပြီး အကောင်အထည်ဖော်နေပြီလို့ ကျနော်က အဲလိုပဲ ခံယူပါတယ်ခင်ဗျ။
မေး ။ ။ ချင်းတိုင်းရင်းသား တယောက်အနေနဲ့ ဒုသမ္မတ ဖြစ်လာပါပြီ။ အဲဒီတော့ ဖွံ့ဖြိုးမှု အလွန် နောက်ကျနေတဲ့ ချင်းပြည်နယ် အတွက် ဘာတွေ ဆောင်ရွက်ပေးမလဲ။ ဘယ်လို စိတ်ကူးစိတ်သန်းတွေ ရှိပါလဲခင်ဗျ။
ဖြေ ။ ။ ဟုတ်ကဲ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အခု ကျနော်က ချင်းတိုင်းရင်းသား ဖြစ်ပါတယ်။ ချင်းပြည်နယ်ကပါ။ ဒါပေမယ့်လို့ အခု လက်ရှိ တာဝန်ပေးအပ်ထားတာက နိုင်ငံတော် ဒုတိယ သမ္မတ ဖြစ်ပါပြီ။ ဒုတိယ သမ္မတတယောက် အနေနဲ့ ပြည်နယ်တခုကိုပဲ ကွက်ပြီးတော့ စဉ်းစားလို့ မဖြစ်ပါဘူး။ တတိုင်းပြည်လုံးပေါ့နော် ရင်ပေါင်တန်းပြီးတော့ လုပ်ဖို့ ဆန္ဒရှိပါတယ် ခင်ဗျ။
မေး ။ ။ အခုချိန်ထိ မရရှိသေးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အရေးမှာ ဘယ်လို ပုံစံတွေနဲ့ ချည်းကပ်ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ယုံကြည်မှု တည်ဆောက်ဖို့ အဓိက လိုတယ်လို့ မြင်ပါတယ်။ ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ပဲ ဒီကိစ္စက ဆက်လက်ပြီး ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း နိုင်ငံတော် အစိုးရဘက်ကရော တပ်ဖက်ကရော ဒီဘာသာရပ်နဲ့ ကျွမ်းကျင်တဲ့ တတ်သိပညာရှင်ပေါ့နော်။ အဲဒါတွေရဲ့ အကြံညဏ်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ရယူဖို့ လိုတယ်လို့ အဲလိုပဲ ကျနော်မြင်ပါတယ်ခင်ဗျ။
မေး ။ ။ အခုလို အန်ကယ်ကို မဲပေးလိုက်တဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ပြည်သူလူထုကို ဒီနေရာကနေ ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။ ပြည်သူလူထုနဲ့ သက်ဆိုင်ရာအပေါ်မှာ ကျေးဇူးတင်စကားလေး ကျနော်ပြောချင်ပါတယ်။ ပထမအဆင့်အနေနဲ့ ကျနော်ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ပေးကြတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ က မဲဆန္ဒရှင် ပြည်သူအားလုံးကို လှိုက်လှိုက်လဲှလှဲ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဒုတိယ အနေနဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဒုတိယ သမ္မတ လမ်းကြောင်းပေါ်ကို တင်ပေးတဲ့ လူထုခေါင်းဆောင်ပေါ့နော်။ ကျနော်တို့ ပါတီ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောချင်ပါတယ်။
နောက်တခုက အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုပြီးတော့ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြောက်ပေးကြတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ နောက်ဆုံးမှာ နိုင်ငံတော် ဒုတိယ သမ္မတအဖြစ် ရွေးချယ်အတည်ပြုပေးတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိကြောင်း ပြောလိုပါတယ်။