ရန်ကုန်တိုင်းဒေသကြီး တွင် ၂၀၁၅ ခုနှစ် သင်္ကြန်ကာလက မဏ္ဍပ် စုစုပေါင်း ၁၃၀ ခွင့်ပြုခဲ့ရာ စည်းကမ်းသတ်မှတ်ချက်နှင့် မညီသည့် အမည်ပျက်စာရင်းဝင် မဏ္ဍပ် ၃ ခု ရှိခဲ့သည်။ သို့ဖြစ်ရာ အစိုးရအဖွဲွ့က ဒဏ်ကြေးငွေ စုစုပေါင်း ကျပ်သိန်း ၇၀၀ ကျော်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က သန့်ရှင်းရေး နှင့် ပန်းဥယျာဉ် ထိခိုက် ပျက်စီးမှုများကြောင့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း ၁၄၆ သိန်းကျော် ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လမ်းတံတားဌာန၏ စာရင်းတွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ ယခုနှစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ကိစ္စ၊ အစိုးရ အဖွဲ့က မဏ္ဍပ်အာမခံကြေးငွေ၊ ဒဏ်ကြေးငွေ နှင့် ရေပိုက်သွယ်တန်းခ နှုန်းထားများ ထပ်မံတိုးမြှင့်လိုက်သည့်ကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် သစ်တောနှင့် စွမ်းအင်ဝန်ကြီးလည်း ဖြစ်ပြီး ရန်ကုန်သင်္ကြန်မဏ္ဍပ် နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုး ကို ဧရာဝတီ သတင်းထောက် မေစိုးစံ က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က သင်္ကြန်ကာလအတွက် မဏ္ဍပ်စီစဉ် နေရာ ချထားပေးတဲ့ အပိုင်းကို သိချင်ပါတယ်ရှင့်။
ဖြေ။ ။ ဒီနှစ် သင်္ကြန်မဏ္ဍပ် နေရာချထားရေး ကော်မတီက မဏ္ဍပ်ကြီးတွေကို ကမ္ဘာအေး ဘုရားလမ်းမှာ ၉ နေရာ၊ ကန်ပတ်လမ်း မှာ ၉ နေရာ စုစုပေါင်း ၁၈ နေရာ သတ်မှတ်ထားတယ်၊ မဏ္ဍပ်အလတ်တွေကို ပါရမီလမ်း ပေါ်မှာ ၃ နေရာ၊ ဆရာစံလမ်းမှာ ၁ နေရာ၊ စက်မှု ၁ လမ်းမှာ ၁ နေရာ စုစုပေါင်း ၅ နေရာ သတ်မှတ်ထားပြီး အများပြည်သူ သွားလာမှုပြုတဲ့ နေရာတွေမှာ ဖြစ်ပါတယ်။
ပုံစံ လျှောက်ထားဖို့ကိုတော့ ကိုယ်ပိုင်နေရာ သာမက အများနဲ့ သက်ဆိုင်တဲ့ နေရာများ အတွက်ကိုပါ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးတွေမှာ ပုံစံ ပေးထားတယ်။ ဘုတ်မှာ ကပ်ထားပေးမယ့် ပုံစံကိုယူပြီး မြို့နယ်ကနေ ခရိုင်ကို တင်ပြီး မြို့နယ်ထွေအုပ်နဲ့ ခရိုင်ထွေအုပ်က စိစစ်ပြီးလို့ ထောက်ခံပြီးရင် ရန်ကုန် စည်ပင်သာယာရေး ကော်မတီ၊ လမ်းတံတား ဌာနက ဒုတိယ ဌာနမှူးရုံး ကို ပေးပို့ရမယ်။ လျှောက်ထားရာမှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ဝေငှ ပေးထားပါတယ်။
လမ်းတံတား ဌာနမှူးရုံးမှာ မနှစ်က အမည်ပျက် စာရင်းဝင်တဲ့သူတွေ ပါဝင်ခြင်းရှိမရှိ စိစစ်ပြီးရင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ကို ဆက်တင်ပြပေးရမယ်။ အစည်းအဝေးမှာ ဆုံးဖြတ်ပြီး ကိုယ်ပိုင်နေရာတွေ ဆိုရင် ကျနော်တို့ ခွင့်ပြုခဲ့ပါမယ်။ ကမ္ဘာအေး ဘုရားလမ်း၊ ကန်ပတ်လမ်း၊ ဆရာစံလမ်း၊ စက်မှု ၁ နဲ့ ပါရမီလမ်းစတဲ့ အများပိုင် နေရာတွေ က မဏ္ဍပ်ကိစ္စတွေကို တော့ လာမယ့် အစိုးရ ဖြေရှင်းဖို့ အတွက် ကျနော်တို့က အမှုတွဲတွေကို ပြင်ဆင် ပေးခဲ့မယ်။
မေး။ ။ အစိုးရအဖွဲ့က မတ်လ ၁၄ ရက်နေ့ ကတည်းက လျှောက်လွှာတွေကို စတင် ချထားပေးခဲ့တာ ဆိုတော့ အခု အချိန်ထိ လျှောက်လွှာပေါင်း ဘယ်လောက် ရပါသလဲ။
ဖြေ။ ။ ပထမဆုံး တက်လာတာက ကျနော်တို့ လျှောက်ပေးလိုက်တဲ့ ကိုယ်ပိုင်နေရာတွေဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွက် မဏ္ဍပ် တနေရာ၊ Myanmar Event Park ကလျှောက်ထားတဲ့ တနေရာ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က တနေရာ ရှိနေပြီး အများပိုင် နေရာမှာ လျှောက် ထားတာ ၇ ဦးလောက်ပဲ ရှိပါသေးတယ်။ ဒါက မဏ္ဍပ် အလတ်နဲ့ အကြီးတွေပါ။ အသေး ကတော့ မြို့နယ်နဲ့ ခရိုင်အဆင့် က ဆုံးဖြတ်လို့ ရပါတယ်။
မဏ္ဍပ်အလတ် ဆိုတာက ပေ ၅၀ ကနေ ၉၉ ပေ၊ ပေ ၁၀၀ အထက်က မဏ္ဍပ်အကြီး နဲ့ ပေ ၅၀ အောက်က မဏ္ဍပ်အသေး တွေဖြစ်ပါတယ်။
မေး။ ။ ဒီနှစ်မှာ မဏ္ဍပ် အရေအတွက် လျော့ကျသွား တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ ဆိုတာ ရှင်းပြလို့ရမလားရှင့်။
ဖြေ။ ။ မနှစ်ကတော့ ကမ္ဘာအေး ဘုရားလမ်းမှာ ၁၁ နေရာ ပေးခဲ့တယ်။ ဒီနှစ်မှာ ၉ နေရာပဲ ရှိတယ် ဆိုတာက တံတားထိုးထားတဲ့ အနေအထား အရ တံတားနဲ့ မလွတ်ကင်းတဲ့ ဧရိယာများ ရှိနေတဲ့ အတွက် ၂ နေရာ လျော့သွားတယ်။ ကန်ပတ်လမ်းမှာလည်း မနှစ်က ၁၁ နေရာ ရှိတယ်။ ဒီနှစ်မှာ ၉ နေရာဆိုတော့ နေရာ ၂ နေရာ မှာ စုစုပေါင်း မဏ္ဍပ် အကြီး ၄ ခုပဲ လျှော့သွားတာပါ။ အများဆိုင် နေရာမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်နေရာမှာ လျှောက်ထားတာတွေ များလာရင် ပြန်ကာမိသွားမယ့် အနေအထား ဖြစ်ပါတယ်။ မဏ္ဍပ်အလတ် ကလည်း ဒီနှစ် ပေးထားတာ ၅ နေရာ မနှစ်ကလည်း လာလျှောက်တာ ၅ နေရာပဲဖြစ်ပါတယ်။
မနှစ်က အနေအထား ပြန်ကြည့်ရင် မဏ္ဍပ်အကြီးက ကန်ပတ်လမ်းနဲ့ ကမ္ဘာအေးလမ်း ပေါ်မှာ ၁၁ နေရာစီ ချထားပေးခဲ့ တာက၂၂ နေရာ ၊ ကိုယ်ပိုင် နေရာတွေမှာ လျှောက်ထားတဲ့ အရေအတွက်က ၁၇ ခု ဆိုတော့ စုစုပေါင်း ၃၉ ခု ပါ။ မဏ္ဍပ်အလတ်က အများပိုင် ဧရိယာမှာ ၅ ခုနဲ့ ကိုယ်ပိုင်ဧရိယာ တွေမှာ ၈ ခု ဆိုတော့ စုစုပေါင်း ၁၃ ခု ရှိခဲ့တယ်။ မဏ္ဍပ်အသေး ကတော့ စုစုပေါင်း ၇၈ ခု ဆိုတော့ မဏ္ဍပ်အားလုံး ပေါင်းရင် ၁၃၀ ခု ရှိခဲ့ပါတယ်။
မေး။ ။ သင်္ကြန်မဏ္ဍပ် အတွက် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေက မနှစ်ကနဲ့ မတူဘဲ ပြောင်းလဲထားတဲ့ အချက်တွေ ရှိရင်လည်း သိပါရစေ။
ဖြေ။ ။ စည်းကမ်းချက် ၄၄ ချက် ချမှတ်ထားပါတယ်။ စည်းကမ်းချက်တွေကတော့ အတူတူပဲ။ တိုးလာတာက ပမာဏ အနေအထားနဲ့ အာမခံ စပေါ်ငွေပါ။ ပြီးခဲ့တဲ့နှစ်က မဏ္ဍပ်အကြီးအတွက် စပေါ်ငွေ သိန်း၁၀၀ သတ်မှတ်ခဲ့ရာက ဒီနှစ် စပေါ်ငွေ သိန်း ၂၀၀ ၊ မဏ္ဍပ်အလတ်အတွက် ပြီးခဲ့တဲ့နှစ်က စပေါ်ငွေ သိန်း ၆၀ သတ်မှတ်ခဲ့ရာက ဒီနှစ်မှာ သိန်း ၁၀၀ သတ်မှတ်ထားပါတယ်။
ဒါက မဏ္ဍပ်တခု ဆောက်လုပ်တဲ့ အခါမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု တွေရှိတယ်။ ပလက်ဖောင်း ကွဲသွားတာတို့ မြောင်းအဖုံး ကျိုးသွားတာတို့ သစ်ပင်ပန်းမာန် ခုတ်မိတာ မြက်ခင်းတွေ ပျက်စီးတာ အစရှိတဲ့ အရာတွေအပြင် သတ်မှတ် ဧရိယာထက် ပိုပြီး ဆောက်လုပ်တာကို ဒဏ်ရိုက်တယ်။ စပေါ်ငွေ ထက်ကျော်သွားရင် ဒဏ်ကြေးလာမဆောင်ကြတော့ ဌာန အနေနဲ့လည်း အခက်အခဲ ဖြစ်သလို အမည်ပျက်စာရင်း ဝင်သွားတဲ့အတွက် သိက္ခာ ကျသွားပါတယ်။ ဒါကို ကာမိဖို့အတွက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
စည်းမျဉ်း စည်းကမ်းထဲမှာ ဒီနှစ်က အယ်နီညိုရာသီဥတုကြောင့် စည်ပင်က သောက်ရေသုံးရေ အလုံအလောက် ရှိတယ်လို့ ပြောထားပေမယ့် ရေသုံးရင် မနက် ၈ နာရီကနေ နေ့လယ် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီ မှ ၆ နာရီ လို့ သတ်မှတ်ပေးထား တယ်။ မနှစ်က ထက်စာရင် တနာရီ လျှော့ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲမှုနဲ့ စီစဉ်ဆောင်ရွက် ထားတာက တိုင်းဒေသကြီး တခုလုံးအတွက် ဆပ်ကော်မတီ ၁၁ ခု ဖွဲ့ထားတယ်။
မေး။ ။ လျှောက်လွှာတွေကို ဘယ်အချိန်အထိ လက်ခံပေးသွားမှာလဲ။
ဖြေ။ ။ ကျနော်တို့ အစိုးရ သက်တမ်း အတွင်းမှာ ကိုယ်ပိုင်နေရာတွေကို ဆုံးဖြတ်ပေးသွားမှာ ဆိုတော့ ကျနော်တို့ ကတ်ဘိနက် အစည်းအဝေး ရှိတဲ့အချိန် အထိတော့ တင်နိုင်သမျှ ဆုံးဖြတ် ပေးသွားမှာပါ။ ကျနော်တို့ သက်တမ်း ကျော်သွားတဲ့ လျှောက်လွှာတွေဆိုရင် လွှဲပြောင်း ပေးသွားပါမယ်။ ပိတ်တယ်လို့ သတ်မှတ်ချိန် မရှိပါဘူး။ မတ်လ ၃၀ မှာ အလွှဲအပြောင်း လုပ်မယ်။ မတ်လ ၃၀ ရက် မတိုင်ခင် လာတဲ့ လျှောက်လွှာတွေကို လက်ခံပြီး စိစစ် အတည်ပြု ပေးသွားမယ်။ ကိုယ်ပိုင်နေရာကို ပြောတာပါ။ အများနဲ့ဆိုင်တဲ့နေရာမှာ ဆောက်မယ့် မဏ္ဍပ်တွေ ကိစ္စကိုတော့ နောက်အစိုးရ ဆုံးဖြတ်ပါလိမ့်မယ်။
မေး။ ။ ဒီနှစ် သင်္ကြန်ကာလအတွက် ရေသုံးစွဲခနှုန်း ကောက်ခံမှုတွေနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ကော်မတီပိုင် ရေသုံးစွဲခက နည်းနည်း တက်တယ်။ မနှစ်က ကော်မတီပိုင် ရေပိုက်ကို ၁ လက်မ ပိုက် ၁ သိန်း ၊ ၁ လက်မခွဲ ပိုက်၂ သိန်း နဲ့ ၂ လက်မ ပိုက် ၃ သိန်း ကောက်ခဲ့တယ်။ ဒီနှစ်က လက်မ ပိုက် ၁ သိန်းခွဲ ၊ ၁ လက်မခွဲ ပိုက် ၂ သိန်းခွဲ၊ ၂ လက်မ ပိုက် ကို ၃ သိန်း ၈ သောင်း တိုးလိုက် တယ်။
ပြီးတော့ ကန်တော်ကြီးနဲ့ အင်လျားကန် က ရေပိုက်သွယ်ယူခ နှုန်းထားတွေ ကလည်း ပြီးခဲ့တဲ့နှစ်တုန်းက ၃ လက်မ ပိုက်လိုင်း ကို ၃ သိန်း ဖြစ်ခဲ့ပေမယ့် ယခု ၄ သိန်း၊ ၄ လက်မပိုက်လိုင်း က အရင်က ၅ သိန်း ဆိုပေမယ့် အခု ၆သိန်းခွဲ၊ ၆ လက်မပိုင်းလိုင်း က အရင်က ၈ သိန်း ကနေ အခု ၁၀ သိန်း ဆိုပြီး တိုးမြှင့်လိုက်ပါတယ်။
ကန်တော်ကြီးနဲ့ အင်လျားကန် တို့ကနေ ရေပိုက် သွယ်ယူခနှုန်းထားတွေ ကလည်း မနှစ်က ၃ လက်မ ပိုက်လိုင်းကို အရင်က ၃ သိန်း အခု ၄ သိန်း၊ ၄ လက်မပိုက်လိုင်း ကို အရင်က ၅ သိန်း အခု ၆သိန်းခွဲ၊ ၆ လက်မ ပိုင်းလိုင်းကို အရင်က ၈ သိန်း အခု ၁၀ သိန်း အထိ တိုးပြီး ကောက်ထားတယ်။
မေး။ ။ ဒဏ်ကြေး သတ်မှတ်ချက်တွေ နဲ့ ပတ်သက်ပြီး လည်း သိပါရစေ။
ဖြေ။ ။ သင်္ကြန် အပြီး ၅ ရက် အတွင်းမှာ ပတ်ဝန်းကျင် မထိခိုက်စေဘဲ သင်္ကြန်မဏ္ဍပ်တွေကို သပ်ရပ်စွာ ဖျက်သိမ်းပေး ရမယ် ဆိုတာက ထုတ်ထားတဲ့ စည်းကမ်းချက် မှာလည်း ပါတယ်။ ၅ ရက် ကျော်ရင် တရက်ကို ဒဏ်ကြေး ၅ သိန်း ပေးရမယ်။ ပေပိုပြီး ဆောက်တာတွေ ရှိတယ်။ မနှစ်က တပေ ကနေ ၁၀ ပေ အထိ ကို ကျပ် ၁၀ သိန်း သတ်မှတ်ထား ခဲ့ရာက ဒီနှစ်တော့ တပေ တိုးတိုင်း ကျပ် ၁၀ သိန်း သတ်မှတ်ထားတယ်။ အဲဒါ တခုကတော့ ထူးခြားပါတယ်။
ဘာကြောင့်လဲ ဆိုရင် သတ်မှတ်တာထက် ပိုပြီးတော့ မဏ္ဍပ်အကြီးတွေ ဆောက်ကြတယ်လေ။ မဏ္ဍပ် တလုံးနဲ့ တလုံး ကြားမှာ ခြားထားပေးတာ က ယာဉ်ကြော ဖြေရှင်းနိုင်အောင်လုပ်တာကို ပေချဲ့လိုက်တဲ့အခါမှာ ကားပိတ်တတ်တော့ သတ်မှတ်တဲ့ အနေအထား အတိုင်းဆောက်ရင် ဒဏ်ကြေး ဆောင်စရာ မရှိပါဘူး။