အစိုးရသစ်တွင် ဝန်ကြီးဌာန ၁၈ ခု၌ တာဝန်ထမ်းဆောင်မည့်သူများအနက် ဒေါက်တာ ဖေမြင့် (စာရေးဆရာ ဖေမြင့်) သည်လည်း တဦးအပါအဝင် ဖြစ်သည်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ဇာတိ ဒေါက်တာ ဖေမြင့်သည် ၁၉၇၅ တွင် ရန်ကုန်ဆေးတက္ကသိုလ်မှ M.B.B.S ဆေးပညာဘွဲ့ ရရှိသည်။ စာအုပ်ပေါင်း ၄၆ အုပ် ရေးသားခဲ့ပြီး ၁၉၉၅ တွင် အမျိုးသားစာပေဆု ရရှိသည်။ ဝန်ကြီးအဖြစ် ခန့်အပ်ရန် ရွေးချယ်ခံရခြင်း မတိုင်မီက ပြည်သူ့အရေး ဂျာနယ်တွင် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ပြန်ကြားရေးဝန်ကြီး ဖြစ်လာနိုင်ဖွယ်ရှိသည့် ဒေါက်တာ ဖေမြင့်ကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ဦးဖေမြင့်လို ဂျာနယ်လစ်တယောက်၊ စာပေသမားတယောက် ပြန်ကြားရေးဝန်ကြီး ဖြစ်လာတော့ မီဒီယာ လွတ်လပ်ခွင့်၊ စာပေ လွတ်လပ်ခွင့်တွေအတွက် အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဦးဖေမြင့် တာဝန်ယူရမယ့် ကာလမှာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေအတွက် ဘယ်လောက် အာမခံချက် ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ အဲဒီ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ဆိုတာက ဥပဒေတွေနဲ့လည်း ဆိုင်တယ်။ လက်တွေ့ ကျင့်သုံးတာနဲ့လည်း ဆိုင်တာပေါ့နော်။ ဒါတွေက ကျနော်တို့ မီဒီယာသမားတွေ ကိုယ်တိုင် တက်တက်ကြွကြွ လုပ်ရမှာပေါ့။ မီဒီယာ အဖွဲ့အစည်းတွေ ကလည်း လုပ်ရမယ်။ ကျနော်ကိုယ်တိုင်က မီဒီယာသမားတယောက် အနေနဲ့ မီဒီယာ လွတ်လပ်ခွင့်ကို လိုလားတယ်။ ဒါကို မြှင့်တင်ချင်တယ်။ မီဒီယာသမားများနဲ့အတူ ဆက်ပြီး ပူးပေါင်းဖို့တော့ ဒါကိုတော့ ဆက်လုပ်ဖို့ ရှိပါတယ်။
မေး ။ ။ အခုချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ မီဒီယာသမားတွေ ရှိပါတယ်။ ဦးဖေမြင့် ဝန်ကြီး ဖြစ်လာတဲ့ အချိန်မှာ သူတို့ပြန်လည် လွတ်မြောက်လာအောင် ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်တာမျိုး ရှိမလဲ။
ဖြေ ။ ။ အဲဒါကလည်း ကျနော်က ဒီနေ့မှ ဝန်ကြီးအဖြစ် အတည်ပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော်တို့က အစိုးရအဖွဲ့ အစည်းအဝေး ဆိုတာတွေ ဘာတွေလည်း မလုပ်ရသေးတဲ့ အချိန်မှာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် တိတိကျကျ ပြောဖို့ ခက်ပါတယ်။ သို့သော် ကျနော့် သဘောဆန္ဒကတော့ သတင်းအကြောင်းကြောင့်၊ သတင်းလုပ်ငန်းကြောင့် သတင်းသမား တယောက် အရေးယူခံရတယ်ဆိုတာ တတ်နိုင်သလောက် ကင်းစင်လျော့ပါးသွားအောင် ဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ရှိပါတယ်။
မေး ။ ။ မီဒီယာ လွတ်လပ်ခွင့်လို့ ပြောလို့ရှိရင် အယ်ဒီတာ လွတ်လပ်ခွင့်ရှိဖို့ လိုသလို Ownership လွတ်လပ်ခွင့်လည်း ရှိဖို့ လိုပါတယ်။ လက်ရှိမှာက မီဒီယာတချို့မှာ ခရိုနီကြီးတွေက လက်ဝါးကြီး အုပ်ထားတာမျိုးတွေ ရှိတော့ အဲဒီ အခြေအနေတွေကနေ ကင်းလွတ်အောင် ဘယ်လိုဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ မီဒီယာသမားတွေ ကိုယ်တိုင် အပေါ်မှာလည်း အများကြီး မူတည်တယ်။ မီဒီယာသမားသည်၊ စာနယ်ဇင်း သမားတွေသည် လွတ်လပ်ခွင့်က အစိုးရတွေဆီက လွတ်လပ်ခွင့် ရှိဖို့ လိုသလို အဲဒီလို လုပ်ငန်းသမားတွေဆီက လွတ်လပ်ခွင့်လည်း ရှိဖို့လိုပါတယ်။ Editorial Independence ပေါ့နော်။ ဒါက မီဒီယာသမားတွေ ကိုယ်တိုင်လည်း အားထုတ်ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။
မေး ။ ။ Print မီဒီယာ လွတ်လပ်ခွင့်ကတော့ အထိုက်အလျောက် ရှိလာပါပြီ။ ဒါပေမယ့် Broadcasting လို့ခေါ်တဲ့ ရုပ်သံတွေကတော့ လွပ်လပ်ဖို့ လိုနေတုန်းပါ။ SkyNet တို့ MRTV-4 တို့ကလည်း အစိုးရနဲ့ စာချုပ်စာတမ်းအရ လုပ်ကိုင်နေတာဆိုတော့ တကယ် လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်သံတွေ ပေါ်ပေါက်လာအောင် ဘယ်လို လုပ်ဆောင်ပေးသွားမလဲ။
ဖြေ ။ ။ အခုတော့ ရုပ်သံ ဥပဒေတခုကတော့ ထွက်လာပြီပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး ပြောဆို ဝေဖန်နေတာတွေတော့ အများကြီး ရှိတာပေါ့။ ဒါကို ကျနော်လည်း အခုလို အနေအထားမှာတော့ သေသေချာချာ ဆွေးနွေးဝေဖန်ရမယ့် အနေအထား မရှိသေးဘူး။ ဒီအ ကြောင်းအရာသည် အများပြောဆို ဆွေးနွေနေတဲ့ကိစ္စတခု ဖြစ်တယ်။ ကျနော် မြင်တာကတော့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ ရုပ်သံ မီဒီယာလုပ်ငန်းထဲကို ဝင်ရောက် ဆောင်ရွက်ချင်တဲ့ ပုဂ္ဂိုလ်တွေရယ် လက်ရှိ ရှိနေတဲ့ ပုဂ္ဂိုလ်တွေရယ်၊ ရေးဆွဲထားတဲ့ ဥပဒေရယ်၊ တကယ် လက်တွေ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားတွေရယ်၊ နိုင်ငံတကာမှာရော ဘယ်လိုဘယ်ပုံ ရှိသလဲဆိုတာ ပညာရှင်တွေရဲ့ ပြောဆိုဆွေးနွေးချက်တွေရယ် သုံးသပ်ပြီးတော့ကာ အားလုံးရဲ့ အကြံညဏ်တွေ ထင်မြင်ယူဆချက်တွေကို ပေါင်းစပ် ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားပါမယ်။
မေး ။ ။ လက်ရှိ အစိုးရပိုင် Print မီဒီယာတွေ ဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေကရော အစိုးရသစ် လက်ထက်မှာ ဘယ်လို အခန်းကဏ္ဍကနေ ရှိမလဲ။ နောက်ပြီး အစိုးရပိုင် ရုပ်သံတွေကို ဘယ်လိုလုပ်မလဲ။ သူတို့ကို ပုဂ္ဂလိက လွှဲလိုက်ရင်လည်း ခရိုနီတွေပဲ ရသွားမှာကို စိတ်ပူနေကြတယ်။
ဖြေ ။ ။ ဒီကိစ္စကိုတော့ နေချင်းညချင်းကြီး လတ်တလောတော့ ပြောလို့တော့ မရပါဘူး။ ဒီဟာမှာလည်းပဲ ဘယ်လိုလုပ်သင့်လဲ ဆိုတာတွေ ရှိတာပေါ့နော်။ ရှုထောင့်တွေက အမျိုးမျိုး ရှိတယ်ဗျာ။ Privatization လုပ်သင့်တယ်လို့၊ တချို့ကလည်း Public Service လုပ်သင့်တယ်တို့ပေါ့ဗျာ။ အမျိုးမျိုးအဖုံဖုံ ဝေဖန်သုံးသပ်တာတွေ ရှိနေတဲ့အခါကျတော့ ကျနော် လက်ရှိ အနေအထားတွေရယ်၊ အများရဲ့ ထင်မြင်ယူဆချက်တွေရယ် ပြီးတဲ့နောက် ဒီအစိုးရပေါ့နော်၊ အစိုးရရဲ့ မူဝါဒပေါ့နော်။ ဒါတွေကြားထဲမှာ ညှိနှိုင်းပေါင်းစပ်ပြီး လုပ်ရမှာပဲဗျ။
မေး ။ ။ နောက်တခုက ရေဒီယိုတွေရဲ့ အခန်းကဏ္ဍကိုရော မြှင့်တင်ပေးဖို့ ရှိလား။ Community Radio Station လေးတွွေ ပေါ်လာအောင်ပေါ့။
ဖြေ ။ ။ ဒီဟာတွေက တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ ကျနော်တို့ စိတ်တိုင်း မကျပေမယ့်လည်း ပြောင်းလဲမှုက ရှိတန်သလောက် ရှိတယ်ပေါ့ဗျာ။ သတင်း အဓိကထားတဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေ ပြီးခဲ့တဲ့ ၄၊ ၅၊ ၆ နှစ်လောက်မှာမှ စပြီး ဖြစ်ပေါ်လာတယ်။ သတင်းစာတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ ပေါ်လာတယ်။ နေ့စဉ်သတင်းစာတွေ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရလာတယ်။ ရေဒီယိုတွေလည်း ပြီးခဲ့တဲ့ နှစ်တွေမှာ ပေါ်လာတယ်။ ရုပ်သံကိုလည်းပဲ အခုထက်ပိုပြီး ပွင့်လင်းဖို့ စဉ်းစားပြီးပြောဆိုလာတာတွေ ရှိတယ်။
အခုက အကူးအပြောင်းအတွက် ပြောင်းလဲဖို့ ဖြစ်နေတဲ့ ဖြစ်စဉ်ပဲ ရှိသေးတယ်။ ချို့ယွင်းချက် အားနည်းချက်တွေလည်း အမျိုးမျိုး ရှိတယ်။ ရှေ့ကို အများကြီး ဖွံ့ဖြိုးတိုးတက်စရာတွေ အများကြီး ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ သွားနိုင်မယ် ဆိုရင်ပေါ့နော်။ ဒါတွေက တော်တော် စဉ်းစားသုံးသပ်ပြီး လုပ်ရမယ့် ကိစ္စတွေပါ။ အဓိက ပြောနိုင်တာတော့ ဒါတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာပေါ့။
မေး ။ ။ မီဒီယာနဲ့ ပတ်သက်ပြီး ပြင်ဆင်စရာ ဥပဒေတွေ ရှိနေသလို အများဝေဖန်နေကြတဲ့ အီလက်ထရောနစ် ဥပဒေပေါ့။ ဒီဥပဒေ မျိုးတွေကိုရော ပြင်ဆင်ဖို့ ကြိုးစားသွားမလား။
ဖြေ ။ ။ သတင်းသမားနဲ့ ပတ်သက်တဲ့ ဥပဒေတွေပေါ့ဗျာ။ မီဒီယာ ဥပဒေတို့၊ ပုံနှိပ်ထုတ်ဝေတို့ ဘာတို့ ရုပ်သံဥပဒေတို့ ဘာတို့တင် မကဘဲနဲ့ သတင်းသမားတွေ အရေးယူခံနေရတဲ့ ဥပေဒတွေလည်း အမျိုးမျိုးရှိတာပေါ့နော်။ ပိုင်နက်ကျူးလွန်မှုလို ဟာမျိုးလည်းပါတယ်။ လျို့ဝှက်ချက် ဥပဒေလိုဟာမျိုးလည်း ပါတယ်ဗျ။ ဒီအီလက်ထရောနစ် ဥပဒေလို ဟာမျိုးလည်း ပါတယ်။
သတင်းသမားနဲ့ ဆက်စပ်နေတဲ့ ဥပဒေတွေ သတင်းသမားကို၊ အရေးယူတဲ့ ဥပဒေတွေကို ဒါတွေကို သုံးစွဲနေတာသည် ဘယ်အတိုင်း အတာအထိ ဖြစ်သင့်တယ်။ မဖြစ်သင့်ဘူး။ ဒါတွေအပေါ်မှာလည်း ဘယ်လိုပြုပြင်သင့်သလဲဆိုတဲ့ အကြောင်းအရာတွေ အပေါ်မှာ ဒါတွေကလည်း ဆက်ပြီးတော့ ညှိနှိုင်းတိုင်ပင် လုပ်ကြရမယ့် အလုပ်တွေမှာပါတယ်။ စောစောကပြောတဲ့ အီလက်ထရောနစ် ဥပဒေလည်း ပါတာပေါ့။ ဘယ်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲကြမလဲ ဆိုတာတွေလည်း ပါတာပေါ့။
မေး ။ ။ လက်ရှိ ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာ ကောင်စီကရော ဘယ်လောက်အထိ လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ထင်လဲ။
ဖြေ ။ ။ သတင်း မီဒီယာ ကောင်စီကတော့ ကျနော်ထင်တယ်ဗျ။ လွတ်လပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်လို့ ကျနော်မြင်တယ်။ တိုင်းပြည်ရဲ့ ရှိနေတဲ့ ပကတိ အခြေအနေတွေ ကြားထဲမှာ ဒါဟာလွတ်လပ်တယ်။ သူဟာ သတင်းမီဒီယာ လောကထဲမှာ နိုင်ငံတကာ အသုံးအနှုန်းနဲ့ဆို Media Self-Regulatory Body ပေါ့နော်။ မီဒီယာထဲမှာ ရှိတဲ့ ပြဿနာတွေကို ညှိနှိုင်း အဖြေရှာပေးတာနဲ့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်၊ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ဝင်ရောက်ကူညီ ညှိပေးတဲ့ အလုပ်မျိုးကို လုပ်ပေးတဲ့ အဖွဲ့အစည်းအနေနဲ့ တန်ဖိုး ရှိပါတယ်ဗျာ။ သူ့အလုပ်တွေကို အခုထက်ထိ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရင်၊ ပြည့်ပြည့်စုံစုံ လုပ်နိုင်ရင် အင်မတန်မှ တန်ဖိုးရှိတဲ့ အဖွဲ့အစည်း ရှိလာပါလိမ့်မယ်။
မေး ။ ။ လက်ရှိ ဥပဒေအရ ပုဂ္ဂလိက မီဒီယာတွေက Cross-ownership လို့ခေါ်တဲ့ မီဒီယာ ၂ ခု ခွဲလုပ်လို့ မရဘူး။ Print မီဒီယာဆိုရင် ရုပ်သံ လုပ်လို့မရဘူး။ ရုပ်သံ လုပ်ငန်းရှိရင် Print လုပ်လို့ မရဘူး။ ဒါပေမယ့် အစိုးရကျတော့ ရုပ်သံ၊ Print အကုန် လုပ်တယ်။ တပ်မတော်ကလည်း မြဝတီဆိုလည်း သူတို့တွေမှာ Cross-ownership ရှိတယ်။ အဲဒီလို မညီမျှမှုတွေ ဖြစ်နေတာကို ဝန်ကြီးဖြစ်လာရင် ဘယ်လိုလုပ်ဖို့ စဉ်စားထားလဲ။
ဖြေ ။ ။ စောစောကပြောတဲ့ အတိုင်းအတာတွေပေါ့နော်။ ကျနော်တို့က အဲဒီအတိုင်းအတာတွေ အကုန်လုံးကို လွှမ်းခြုံနိုင်တဲ့ အနေအထား မရှိဘူး။ Cross-ownership နဲ့ ပတ်သက်ပြီး ပြောဆိုတာတွေက အယူအဆ အမျိုးမျိုး ရှိပါတယ်။ ဒါက Cross-ownership ဖြစ်တယ်။ မပိုင်ဆိုင်သင့်ဘူး။ မလုပ်သင့်ဘူး။ တချို့က ကျတော့လည်း လုပ်ခွင့်ရသင့်တယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ ဒီလို ပြောဆိုနေကျတော့ အထူးသဖြင့် မကြာခင်က ဆွေးနွေးပွဲတွေမှာ ပြောဆိုကြတာတွေ ရှိပါတယ်။ ပြောရရင် တကယ်လက်တွေ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အနေအထားပေါ့နော်။
အခုလည်း ဆွေးနွေးပွဲတွေ ရှိတယ်။ ဆွေးနွေးတဲ့အခါ အယူအဆတွေ ထွက်လာတယ်။ ဒါပေမယ့် မပြည့်စုံသေးဘူး။ မပြီးပြတ်သေးဘူး။ အဲဒီတော့ အများက လက်ခံတဲ့ ယုံကြည်တဲ့ သဘောတခုအတိုင်းတော့ ဖြစ်အောင် လုပ်ရမှာပေါ့။
မေး ။ ။ ပုဂ္ဂလိက မီဒီယာတွေက ရှင်သန်ဖို့ တော်တော်လေး ရုန်းကန်နေရတဲ့ အချိန်မှာ အစိုးရပိုင် မီဒီယာတွေက ကြေညာတွေလည်း အများကြီးရတယ်။ အများပြည်သူရဲ့ ဘတ်ဂျက်တွေကိုလည်း သုံးသေးတယ်ဆိုတော့ ဒီလို ဈေးကွက်လက်ဝါးကြီးအုပ်မှု မရှိအောင် ဦးဖေမြင့် လက်ထက်မှာ ဘယ်လိုလုပ်မလဲ။
ဖြေ ။ ။ အသေးစိတ်တွေကတော့ ကျနော် သေချာ မလုပ်ရသေးပါဘူး။ အခုမှ စပြီးတော့ လေ့လာသုံးသပ်နေရတုန်းပါ။ တခု ပြောနိုင်တာကတော့ အစိုးရမီဒီယာတွေသည် ပုဂ္ဂလိက မီဒီယာတွေနဲ့ စီးပွားရေးအရ ယှဉ်ပြိုင်ပြီးလုပ်တဲ့ အနေအထားမျိုး မရှိအောင်တော့ ကျနော် လုပ်မယ်လို့ စိတ်ကူးပါတယ်။
မေး ။ ။ အခုလို ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတာဟာ NLD က ကမ်းလှမ်းခဲ့တာလား။
ဖြေ ။ ။ သူတို့က စဉ်းစားရွေးချယ် ဆက်သွယ် ပြောဆိုတယ်ပေါ့နော်။ ကျနော့်အနေနဲ့လည်း ဒီအနေအထားမှာ ကျနော်တို့ စောစောက ယုံကြည်တဲ့ဟာတွေပေါ့နော်။ နိုင်ငံရေးအရ ယုံကြည်ထားတဲ့၊ စာနယ်ဇင်းကိစ္စနဲ့ ပတ်သက်ပြီး ယုံကြည်ထားတဲ့ အနေအထားတွေကို အတိုင်းအတာ တခုအထိ ဒီအစိုးရအဖွဲ့ကိုလည်း ကူညီဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ ယုံကြည်တဲ့ဟာတွေ၊ ဖြစ်စေချင်တဲ့ဟာတွေ ဖြစ်အောင် အတိုင်းအတာ တခုအထိ ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်မိုလို့ ကျနော် လက်ခံလိုက်တာပေါ့။
မေး ။ ။ ဒီမိုကရေစီ နိုင်ငံတော်တော်များများမှာ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် အစိုးရသစ် လက်ထက်မှာ ပြန်ပါလာပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတော့ ဒီဝန်ကြီးဌာန ရှိသင့်သေးတယ်လို့ ဦးဖေမြင့် ထင်ပါသလား။
ဖြေ ။ ။ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ အစိုးရအနေနဲ့တော့ အများပြည်သူနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ဌာနတခု အနေနဲ့ ရှိသင့်တယ်လို့ ထင်တယ်။ ကုမ္ပဏီတွေမှာတောင် သူတို့ရဲ့ လုပ်ငန်းအတွက် အများပြည်သူနဲ့ ဆက်ဆံလို့ရအောင် ပြန်ကြားရေး ထားတယ်။ နိုင်ငံတွေမှာ အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာပေါ့နော်။ ပြန်ကြားရေးကို မနှစ်သက်တဲ့ အကြောင်းက အရင်တုန်းက ပြန်ကြားရေးသည် အစိုးရနဲ့ မသင့်တင့်တဲ့သူတွေကို ဝေဖန်ထိုးနှက်တိုက်ခိုက်တဲ့ အလုပ်တွေကို လုပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။
ပြီးတဲ့နောက် အများပြည်သူရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တားမြစ်တယ်။ စာပေစိစစ်ရေးလို အလုပ်မျိုးကို အဓိက တာဝန်ယူပြီး လုပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ တိုင်းပြည်မှာ လုံး၀ မလိုလားတဲ့ အနေအထားမျိုး ဖြစ်တာပေါ့ဗျာ။ ဒီဟာသည် ဒီမိုကရေစီ ရှိလာရင် မလုပ်သင့်ဘူးလို့ ယုံကြည်ရတယ်။
သို့သော် ပြန်ကြားရေးလို့ ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ အစိုးရအနေနဲ့ကတော့ အများပြည်သူနဲ့ ဆက်ဆံတဲ့ဌာန တခုတော့ စောစောက ပြောသလို ရှိသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ လွှတ်တော်များဆိုရင် အများပြည်သူက ရွေးကောက်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ။ ဒီကိုယ်စားလှယ်တွေက အများပြည်သူတွေ အတွက် ဘာတွေ ဆောင်ရွက်ပေးနေလဲ ဆိုတာကို ပြန်လည်ပြီးတော့ အစီရင်ခံဖို့ သူ့မှာ တာဝန်ရှိတယ်။ တချိန်တည်းမှာပဲ သူတို့ကနေပြီးတော့ ရွေးချယ်ထားတဲ့ အစိုးရ အနေနဲ့လည်းပဲ တိုင်းပြည်အတွက် ဘယ်လိုဘယ်ပုံ ဆောင်ရွက်တယ် ဆိုတဲ့ဟာကို အများပြည်သူကို အသိပေးနေဖို့ လိုတယ်။ အစီရင်ခံတဲ့သဘောမျိုး လုပ်ဖို့အတွက် မီဒီယာတော့ လိုတယ်လို့ မြင်တယ်။
အစိုးရပိုင်းကလည်း အများပြည်သူကို ဘာတွေ လုပ်နေပါတယ်လို့ အသိပေးပြောဆိုနေဖို့ လိုသလို အများပြည်သူကလည်း ပြောဆို ဝေဖန် ထောက်ပြနေတာကို ပြန်လည် ဖော်ပြပေးဖို့ လိုတယ်။ အဲဒါကို အစိုးရပိုင်းနဲ့ ကိုယ်စားလှယ်ပိုင်းတွေ သိရှိအောင်ရယ် ကျန်တဲ့အများပြည်သူတွေ သိရှိအောင်ရယ် ဒါကိုလည်းပဲ အစိုးရပိုင်းက ဦးစီးဆောင်ရွက်နေတဲ့ မီဒီယာတွေမှာ ဖော်ပြပေးရမယ်။
အစိုးရ မီဒီယာတွေသည် အများပြည်သူရဲ့ သဘောထား အမြင်တွေ၊ အများပြည်သူရဲ့ ကြားထဲက နိုင်ငံရေးအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုဆွေးနွေးချက်တွေကို ဖော်ပြပေးတဲ့ ပုံစံမျိုးလည်း ဖြစ်ရမယ်လို့ ကျနော်က မြင်တယ်။ အဲဒီ အနေအထားအရ ဆိုရင် အစိုးရအနေနဲ့ ဒီလိုမီဒီယာ ပုံနှိပ်ဖြစ်ဖြစ် ရုပ်သံဖြစ်ဖြစ် ဖွင့်လှစ်ပေးထားခြင်းသည် တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်နေတယ်လို့ပဲ မြင်ပါတယ်။
မေး ။ ။ ဦးဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ဝန်ကြီး ဖြစ်နိုင်တယ်လို့ မထင်ဘူးလား။ နောက်ဆုံး ဝန်ကြီး မဖြစ်ချင်ဘူးလား။
ဖြေ ။ ။ ပြောချင်တာက ဒီဌာန နောက် မရှိသင့်တော့ဘူး ဆိုတာမျိုးလား။ ဆိုတော့ ဒီမိုကရေစီ နိုင်ငံတွေမှာက အများပြည်သူနဲ့ ဆက်ဆံတဲ့ ဌာနမျိုးတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဝါဒဖြန့်ချိရေးဆိုတဲ့ဟာကို အကြောင်းပြုပြီးတော့ ဒီနာမည် အဓိပ္ပါယ်မျိုး သက်ရောက်သွား နိုင်တဲ့ အသုံးအနှုန်းမျိုးတွေကို ရှောင်ကြတယ်။ အင်္ဂလန်လို တိုင်းပြည်မျိုး မှာလည်း Information Ministry ဆိုပြီးတော့ ရှိတယ်။ နောက်ပိုင်းကျတော့ သူတို့ အဲဒီနာမည် မသုံးဘူး။
အမေရိကန်လို နိုင်ငံမျိုးကလည်းပဲ ပြန်ကြားရေးဆိုတာ ရှိတာပေါ့။ USIA (United States Information Agency), USIS (United States Information Service) စသည့်ဖြင့် သုံးတာတွေ ရှိတယ်။ သို့သော် အခုအခါမှာတော့ ကျနော်သိသလောက်တော့ အများပြည်သူရေးရာ ဌာနလို့ ပြောင်းလဲသုံးစွဲတယ်။ ဆိုလိုချင်တာက အစိုးရ လုပ်သူနဲ့ အများပြည်သူနဲ့ကြား ဆက်ဆံတဲ့ကဏ္ဍကတော့ ရှိသင့်တယ်။ ရှိဖို့လည်း လိုအပ်တယ်။ ဒီဟာကို ဝါဒဖြန့်ချိရေးအတွက် အလုပ်လုပ်နေတဲ့ ဌာနမျိုး မဖြစ်ဖို့ အတွက်ကို ထိန်းသိမ်းဆောင်ရွက်ရတာပေါ့ဗျာ။ အဲဒီလို အထင်အမြင် မခံရအောင်ကို နာမည်ပြောင်းလိုက်တာမျိုးလည်း ရှိတယ်။ ကျနော့်ကို ဒီနေရာအတွက်ကို ရွေးချယ်တဲ့ ဦးဆောင်တဲ့ ပုဂ္ဂိုလ်များအတွက်ကျတော့ ဒီအတိုင်းပဲ ဆက်လက်သုံးစွဲဖို့ ရွေးချယ် ထားတယ်လို့ ထင်တာပေါ့။
မေး ။ ။ ဝန်ကြီးဖြစ်လာရင် လက်ရှိ ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့ရော ပူးပေါင်းဆောင်ရွက်ပြီး အဆင်ပြေနိုင်မယ်လို့ ထင်လား။
ဖြေ ။ ။ ကျနော်ကတော့ သိပ်ပူးပေါင်းဆောင်ရွက်ဖို့ သိပ်အခက်အခဲ ရှိလိမ့်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုရင် ဒီဌာနတွေမှာ ပူးပေါင်းလုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တွေသည် မီဒီယာသမားတွေပဲ ဖြစ်တယ်။ အခြေခံအားဖြင့် သူတို့က စာနယ်ဇင်းသမားတွေ ဖြစ်တဲ့အတွက်ကြောင့် စာနယ်ဇင်းသမားရဲ့ စိတ်ဓာတ်အခြေခံတွေ ရှိလိမ့်မယ်လို့ ယုံကြည်တယ်။ ယုံကြည်တဲ့အခါကျတော့ လွတ်လပ်တဲ့ ပုံသဏ္ဍန်ရှိတဲ့ စာနယ်ဇင်းမျိုး သူတို့လုပ်ရမယ်။ စိတ်ကူးစိတ်သန်း ရှိသလောက် လုပ်လို့ရတဲ့ အနေအထားမျိုးတွေ ရှိမယ်ဆိုရင် သူတို့ကလည်း တက်တက်ကြွကြွနဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ထင်တယ်။
မေး ။ ။ လက်ရှိ တာဝန်ယူထားတဲ့ ပြည်သူ့အရေးဂျာနယ် အယ်ဒီတာ အဖြစ်ကနေ အနားယူလိုက်ပြီလား။
ဖြေ ။ ။ ပြည်သူ့အရေးမှာ အတိုင်ပင်ခံ အယ်ဒီတာ လုပ်နေရာကနေ အခုတော့ ဒီတာဝန် ထမ်းဆောင်ရတော့မှာ ဆိုတော့ နုတ်ထွက်ဖို့ ပြောထားပြီးသွားပါပြီ။