နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် ၁၅ ရက်မြောက်နေ့ အစည်းအဝေး တွင် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတ ဦးထင်ကျော် ၏ မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို အဓိက အလေးပေးပြောကြားခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူလူထု ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးကိစ္စ တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတ ဦးထင်ကျော် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီ ကိုယ်စားပြု ကိုယ်စားလှယ်များ နှင့် လွှတ်တော်လုပ်ငန်းစဉ်များအား လာရောက် လေ့လာသုံးသပ်သူများကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော် က တွေ့ဆုံမေးမြန်းထားပါသည်။
ဒေါ်ထုမေ (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)
ရခိုင်အမျိုးသား ပါတီ (ANP)
မိန့်ခွန်းက တိုတိုတုတ်တုတ်နဲ့ လိုရင်း ကို ရပါတယ်။ နောက်တခုက ကျမတို့ တိုင်းရင်းသားတွေအတွက် အဓိက မူဝါဒ ၃ ခုမှာ ဖက်ဒရယ် ဒီမိုကရေစီကို ထည့်ပြောသွားတယ်။ တတိယ တခုဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ အရေးက တိုင်းရင်းသားတွေ အတွက် အကောင်းဆုံးသော အရာ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ပြောသွားတဲ့ အဓိက အချက်တွေကနေ ပြီးတော့ မြန်မာနိုင်ငံအတွွက် မရှိမဖြစ် လိုအပ်တယ်လို့ ယူဆပါတယ်။
ဦးလာမာလေး (ဆော့လောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
သူ (ဦးထင်ကျော်) ပြောသွားတာကတော့ တိုင်းရင်းသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနဲ့ နောက်တခုကတော့ ပြည်သူရဲ့ အခြေခံ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးပေါ့နော်။ သူ အဲဒီလို အချက်တွေ အများကြီး ပြောသွားတယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ ကတော့ လောလောဆယ် ထင်မြင်ချက်ကတော့ ကောင်းတယ်၊ မကောင်းဘူးဆိုတာထက် သေချာလေ့လာ စူးစမ်း စောင့်ကြည့်ရဦးမယ်။ သူက ဒီနေ့မှာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတဖြစ်ကာစဆိုတော့ အခုက ဘာမှမလုပ်ရသေးတဲ့ အပေါ်မှာတော့ သုံးသပ်ချက် မပြောချင်သေးဘူး။ တိုင်းရင်းသား ရင်ကြားစေ့ရေးလို့ ပြောတဲ့ အပေါ်မှာလည်း စောင့်ကြည့် လေ့လာပါဦးမယ်။
ဦးဉာဏ်ဝင်း (NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်)
ဦးထင်ကျော် ပြောခဲ့တဲ့ကိစ္စတွေ အပေါ်မှာ ထပ်မံ အတည်ပြုသွားတဲ့ သဘောပဲ။ သူ သစ္စာရှိရှိ လုပ်မယ်လို့ ဒါကို ပြောတာ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကလည်း တောက်လျှောက်ပါနေမှာဘဲ။ ကျနော်တို့ ဒီကိစ္စကို ဘယ်တော့မှ လက်မလျှော့ပါဘူး။ ငြိမ်းချမ်းရေး ကိစ္စ ပြောသွားတယ်။ ငြိမ်းချမ်းရေးက အရေးကြီးတဲ့ လုပ်ငန်းပဲ။ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား ကိစ္စကလည်း တွဲပြီးတော့ ပါနေမှာပဲ။ ကျနော်တို့ အမြဲတန်း ဂရုစိုက်နေရတဲ့ ကိစ္စလို့ ပြောလို့ရတယ်။
အနဂ္ဂ (အဆိုတော်)
သမ္မတ မိန့်ခွန်း ပြောသွားတာ အချက်အလက်တွေ တော်တော်စုံပြီးတော့ တိုတိုတုတ်တုတ်နဲ့ ပြတ်သားတယ်။ မြန်ဆန်တယ်။ ပြီးတော့ သဘောကျတယ်။ အားလုံးကတော့ အကုန်ဝိုင်းလုပ်ရမယ့် ကိစ္စတွေပါ။ ကျနော်တို့က ဘေးနားကနေ ဂျာနယ်လေး ဖတ်ရုံ၊ သတင်းလေး ကြည့်ရုံလောက်နဲ့ ဘာမှ ပြင်ဆင်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ဘေးနားကနေ ဝိုင်းလုပ်မှ ဒါတွေက ဖြစ်လာမှာပါ။ အစိုးရ အဖွဲ့အစည်း က လူတွေကလည်း လုပ်ဆောင်ဖို့ လိုသလို ပြည်သူတွေကလည်း ဘေးနားကနေ ဝိုင်းဝန်း တွန်းအားပေးရမှာပါ။
ဦးလမန်နော်အောင်
အင်ဂျားယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ
ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းအောင်လို့ ကြိုးစားမယ်ဆိုတော့ ဒါက ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ အရာပါ။ ဒါပေမယ့် ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆိုရင်တော့ သူ လုပ်ချင်သလောက်တော့ လုပ်လို့ရမယ်လို့ မထင်ဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလည်း ဖြစ်စေချင်တယ်။ အဲဒါမှ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ ရလာမယ်လို့ ထင်ပါတယ်။