ယနေ့ (မတ်လ ၃၀ ရက်) တွင် သမ္မတဦးသိန်းစိန် က သမ္မတ ဦးထင်ကျော်ကို အာဏာလွွဲှပြောင်း လိုက်ပြီ ဖြစ်သည်။ သမ္မတဦးထင်ကျော်၏ မိန့်ခွန်းတွင် ပြည်သူများ နှစ်ပေါင်းကြာရှည် မျှော်လင့်နေသည့် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုပေါ်ပေါက်လာရေး၊ ပြည်သူလူထု၏ လူနေမှု ဘဝအဆင့်အတန်း တိုးတက်ရေးတို့ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုထည့်သွင်း ပြောဆိုခဲ့သည်။ သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်းပြောကြားချက်ပါ ကတိပြုချက်များ အပေါ် ပြည်တွင်းရှိ နိုင်ငံရေး အသိုင်းအဝိုင်း၊ ဘာသာရေး ဆရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ သဘောထား မှတ်ချက်များကိုဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် နန်းဆိုင်နွမ်နှင့် နန်းလွင်နှင်းပွင့်တို့က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းထားသည်များကို စုစည်းဖော်ပြ လိုက်ပါသည်။
ဦးနိုင်ငွေသိန်း ( ဒုဥက္ကဌ -၂ ၊ မွန်အမျိုးသားပါတီ)
ကတိပေးတဲ့အချက်တွေကတော့ ဟုတ်ပါတယ်။ သို့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရသေးဘဲ ဒါတွေကိုကိုင်လို့ မရပါဘူး။ ၂၀၀၈ ကိုမပြင်ဘဲ ရင်ကြားစေ့ရေးတို့၊ ငြိမ်းချမ်းရေးတို့၊ အပစ်အခတ် ရပ်စဲရေးတို့ လုပ်ရင်လည်း အပေါ်ယံပဲ ရပါမယ်။ တကယ်လို့ ၂၀၀၈ ကိုပြင်ပြီး အသစ်ရေးပြီးလုပ်ရင်တော့ ပိုစိတ်ချရပါမယ်။ ၂၀၀၈ ကို ပြင်မယ် (ဒါမှမဟုတ်) အသစ်ရေးမယ်ဆို အိုကေပဲ။ သူပြောတာ အကုန်လုပ်လို့ ရမယ်။ ဖွဲ့စည်းပုံကို မပြင်ဘဲ အသစ်မရေးဘဲ လုပ်မယ်ဆို ထိရောက်မှုက အဆုံးထိဖြစ်မှာ မဟုတ်ဘူး။ သဘောလောက်ပဲ။ အရင်က ဦးသိန်းစိန်လုပ်သလိုပဲ ဖြစ်မယ်။
ထိရောက်မှုမရှိရင် အပြင်မှာ လက်နက်ကိုင်တဲ့ ပုဂ္ဂိုလ်တွေက ဒါကိုအယုံအကြည် မရှိဘူး။ ဒီတော့ လုပ်လို့မရနိုင်ဘူး။ ၂၀၀၈ ကို ပြင်ပြီဟေ့ဆို လက်နက်ကိုင်တွေအားလုံးက ယုံကြည်မှုရှိလိမ့်မယ် ။ ဒါဆို သူပြောတာအားလုံး လုပ်လို့ရလိမ့်မယ်။ အခုလို အာဏာလွဲပြောင်းနိုင်တဲ့အပေါ် ဝမ်းသာပါတယ်။ ဒါပေမယ့် အာဏာလွှဲတယ်ဆိုပေမယ့် ကာလုံတို့၊ နယ်စပ်ဒေသတို့၊ ပြည်ထဲရေးတို့က မင်းအောင်လှိုင်လက်ထဲမှာ တပ်လက်ထဲမှာ ရှိနေတယ်ဆိုတော့ အာဏာတော့ လွှဲတယ်။ အာဏာအပြည့်ကတော့ ပြည်သူရွေးကောက်ထားတဲ့ ပုဂ္ဂိုလ်တွေရမှာ မဟုတ်ဘူး။
တပ်အနေနဲ့ မင်းအောင်လှိုင်အနေနဲ့က သူပြောတဲ့စကားအားလုံးက ဒို့အရေးသုံးပါးနဲ့ ၂၀၀၈ ကို စောင့်ရှောက်မယ်လို့ အခုထိ ပြောနေတုန်းဆိုတော့ လွှတ်တော်မှာပြင်ဖို့က မျှော်လင့်ချက် သိပ်မရှိဘူး။ တပ်က အစိုးရအောက်မှာ ရှိရမယ့်အနေအထား ရောက်မယ်ဆို အကောင်းဆုံးပဲ။ အဲဒီလို ဖြစ်ဖို့လည်း တပ်က သူဘယ်လောက်အထိ ပြည်သူတွေအပေါ် ခံစားနိုင်မလဲဆိုတာအပေါ် အများကြီး မူတည်ပါတယ်။
ဦးမန်းအောင်ပြည်စိုး ( ဒုဥက္ကဋ္ဌ ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ကရင်ပြည်နယ်)
ကြိုဆိုပါတယ်။ အဲဒါတွေအားလုံး အကောင်အထည် ဖော်ပေးမယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ အထူးသဖြင့်က စစ်မှန်သောငြိမ်းချမ်းရေး တကယ့်ငြိမ်းချမ်းရေး ရရှိဖို့ပါ။ တကယ့်ငြိမ်းချမ်းရေးဆိုတာက အပစ်အခတ် ရပ်တာနဲ့မပြီးဘူး။ အပစ်အခတ်ရပ်စဲရေးပဲ ရှိသေးတယ်။ NCA တို့ ဘာတို့ဆိုတာ တကယ့်ငြိမ်းချမ်းရေးရဖို့က အဝေးကြီး ဆက်သွားရဦးမယ်။ အဲဒါကို နည်းနည်းလေး ကြိုးပမ်းပေးပါလို့ သမ္မတ ကို ပြောချင်တယ်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း လိုချင်တယ်။
ကျနော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ကံကြမ္မာ တည်ဆောက်ရေးကိုလည်း ဖန်တီးနိုင်တဲ့ အနေအထား မရသေးတာ တောက်လျှောက်ပဲ။ ကရင်ပြည်နယ်အနေနဲ့ သယံဇာတ စီမံခန့်ခွဲပိုင်ခွင့်တို့ နောက်ပြီး မြေယာစီမံခန့်ခွဲပိုင်ခွင့်တို့ လိုချင်တယ်။ ဥပမာ- ဒီမှာလိုင်စင်မဲ့ကားတွေကို ဝယ်ထားကြတယ်။ မြို့နယ်တိုင်း အတော်များများက ဝယ်ထားကြတယ်။ ဟိုတုန်းကတော့ ဘာမှမပြောခဲ့ဘူး။ အခု ဖမ်းကိုဖမ်းနေပြီ။ ဒီတော့ တိုင်းသူပြည်သားတွေက ကြောက်အားလန့်အားနဲ့ ဖွက်ရပြုရတာတွေ ရှိနေတယ်။
အခုသတင်း ကြားတာက အစိုးရသစ်လက်ထက်မှာ ပြည်နယ်လိုင်စင် လုပ်ပေးမယ်ကြားတော့ ဒါကိုလည်း အကောင်အထည် ဖော်ပေးပါ။ ကိုယ့်ပြည်နယ်မှာ ကိုယ့်အစိုးရက ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ် ရှိစေချင်တယ်။ အခုလို အာဏာလွှဲပြောင်းမှု အဆင်ပြေပြေ ဖြစ်တာကို ချီးမွမ်းပါတယ်။ အေးအေးချမ်းချမ်း ဖြစ်သွားတာကို ပြီးသွားတဲ့သမ္မတ၊ အစိုးရအဖွဲ့ကိုလည်း ချီးမွမ်းပါတယ်။ ဒီဘက်ကလည်း မာနမထောင်လွှားဖို့ ပုံမှန်သွားဖို့ လိုပါတယ်။ ဒါပါပဲ။
ဦးစိုင်းကျော်ညွှန့် ( ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် )
အဓိက က အစိုးရအနေနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့နော်။ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ရပ်ရုံနဲ့ မပြီးဘူးလေ။ ဘာ့ကြောင့်ဖြစ်ရလဲ။ ဘာလို့ လက်နက်ကိုင်နေရလဲဆိုတဲ့ နောက်ခံ အကြောင်းတရားတွေ အကုန်လုံးကို ဖြေရှင်းနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေးကို ရမှာပါ။ ကျနော့်သဘောနဲ့ အကြံပြုလိုတာက အစိုးရသစ်အနေနဲ့ တဖတ်သတ် အပစ်အခတ် ရပ်စဲရေးကို ကြေငြာလိုက်မယ်။ ဒါကို ကျန်တဲ့လက်နက်ကိုင်တွေက ကြီးတယ်ငယ်တယ်မဆိုဘဲ လက်မှတ်ထိုးတာ မထိုးတာကို အကုန်လုံးကိုခေါ်ပြီး ဆွေးနွေးလိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးက အလျင်မြန်ဆုံး ဖြစ်လာလိမ့်မယ်လို့ ဆန္ဒပြုချင်ပါတယ်။
ဗမာလူမျိုးဆိုတာက ကျနော်တို့ တိုင်းရင်းသားထဲမှာ အများဆုံးဆိုတော့ အစ်ကိုကြီးဖြစ်တဲ့သူက သဘောထားကြီးကြီးနဲ့ အားလုံးကို စီမံပေးနိုင်မယ်ဆိုရင် အားလုံးလည်း အဆင်ပြေမယ်။ ဖွဲ့စည်းပုံ တခုပေါ်ပေါက်ဖို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်မယ်။ နိုင်ငံရေးသဘောတူညီမှု တခုခုနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရယူပြီးတော့ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆို အမြန်ဆုံးဖြစ်မယ်လို့ မြင်ပါတယ်။ ရှမ်းပြည်နယ်အတွက်က အားလုံးသိတဲ့အတိုင်း လက်နက်ကိုင်တွေ များတယ်။ အခြားပြဿနာတွေလည်း အများစုရှိတယ်။ မူးယစ်ဆေးဝါးက အစ အဲဒီအပေါ်မှာ အခု ရှမ်းပြည်ဝန်ကြီးချုပ် အနေနဲ့ စနစ်တကျဖြစ်အောင် နားလည်ပြီး ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အဲဒီအဖြေကို သူ့အနေနဲ့ ရှာနိုင်ပါစေလို့ ကျနော်ပြောချင်ပါတယ်။
အာဏာအလွွဲှအပြောင်း ရှောရှောရှုရှု ဖြစ်သွားတယ်ဆိုတာ ပြီးသွားတဲ့ အစိုးရကလည်း သူတို့အောင်မြင်မှု တခုပါပဲ။ အာဏာကို ရှောရှောရှုရှု လွဲပြောင်းပေးရဲတယ်။ လွဲပြောင်းပေးနိုင်တယ် ဆိုတာကလည်း သူတို့ရဲ့သတ္တိတခုပဲလေ။ ဆင်းသွားရဲတယ်ပေါ့။ အခုလိုဖြစ်တာ ကောင်းတယ်။ ရေရှည်မှာ ကျနော်တို့က ဒီမိုကရက်တစ် နည်းလမ်းအတိုင်း အခု အစိုးရလည်း နောင်ကျရင် အခြား တဖွဲ့နိုင်ရင် အလေ့အထ ကောင်းတာပေါ့ဗျာ။ ဒါဖြစ်သွားတဲ့အပေါ် ကျနော်တို့ အရမ်း အသိအမှတ်ပြုပါတယ်။
သိက္ခာတော်ရဆရာတော် စောမက်သယူးအေး (ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ)
အကောင်းမြင်ဝါဒတခုလို့ မြင်ပါတယ်။ ပြောတဲ့အတိုင်း အကောင်အထည် ဖော်သွားနိုင်မယ်ဆိုရင် ကျနော်တို့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍမှာ တိုင်းရင်းသားတွေရဲ့လိုအပ်ချက်ကို သိအောင်ကြိုးစားဖို့နဲ့ တိုင်းရင်းသားတွေအရေးကို အာရုံစိုက်ဖို့လိုပါလိမ့်မယ်။ လက်မှတ်ထိုးထားတာ ၈ ဖွဲ့ ရှိတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ကမကထ လုပ်ဆောင်စည်းရုံးနိုင်မယ်ဆိုရင် ကျနော်တို့ အားရကျေနပ်ပါတယ်။ ဒါကလည်း သိပ်တော့အလှမ်းမဝေးပါဘူး ။ မထိုးရသေးတဲ့အဖွဲ့တွေရဲ့ ဆန္ဒတွေကို ပြန်အဖြေရှာပြီး တိုင်းပြည်ရဲ့ပဋိပက္ခ ဖြေရှင်းရေးလုပ်ရင် အကောင်းဆုံးပါပဲ။
အစိုးရသစ်အနေနဲ့ အထူးသဖြင့် အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ မပြေလည်မှုတွေ ပြီးတော့မဖြေရှင်းနိုင်တဲ့ ခက်ခဲတဲ့ပြဿနာတွေအပေါ်မှာ အခြေခံပြီးတော့ ပြန်ပြီးသုံးသပ်ပြီး ပိုပြီး ဒီမိုကရေစီ နည်းလမ်းတွေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ပြန်စဉ်းစားပြီး ဆက်လက်ပြီး အဖြေရှာညှိနှိုင်း ဦးဆောင်လုပ်ပေးဖို့ မျှော်လင့်ပါတယ်။ အခုလို အာဏာလွွဲှပြောင်းမှု ချောမွေ့သွားတာက ကျနော်တို့ မထင်မှတ်ထားတဲ့အရာပဲ။ ဒီလို ရှောရှောရှုရှု ဖြစ်သွားတဲ့အပေါ် အစိုးရသစ်အနေနဲ့ အခွင့်ကောင်းယူပြီး ကောင်းတဲ့နိုင်ငံတော်သစ်ကို ဆက်သွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဦးမြင့်စိုး ( ဒု-ဗိုလ်ချုပ်ကြီး အငြိမ်းစား/ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ )
တိုတိုရှင်းရှင်းနဲ့ လိုရင်းကို အချိန်တိုတွင်းမှာ ပြောသွားတယ်။ ကျနော်တို့က သမ္မတသစ်အနေနဲ့ နိုင်ငံတော်အတွက် ကြိုဆိုပါတယ်။ ပြောတဲ့မိန့်ခွန်းကတော့ နိုင်ငံသူနိုင်ငံသားတွေအားလုံး ကျေနပ် ဝမ်းမြောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူပြောတဲ့အထဲမှာလည်း ပြည်သူလူထုရဲ့မျှော်လင့်ချက်၊ ဆန္ဒ ဒါတွေကလည်း အစိုးရသစ်အနေနဲ့ သူဆက်လုပ်ရမယ့် လုပ်ငန်းတွေကို ပြောသွားတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲရေးက ဘယ်နိုင်ငံမဆို မပြောင်းလဲတဲ့ အခြေခံဥပဒေဆိုတာ ဘယ်မှာမှ မရှိဘူး။ ပြောင်းလဲသင့်တဲ့အချိန်မှာ ပြောင်းလဲရမှာပါ ။ အစိုးရသစ်အနေနဲ့လည်း ဒီမိုကရေစီနိုင်ငံသစ်တခုကို တည်ဆောက်တဲ့အခါမှာ အချိန်အခါနဲ့လိုက်လျောညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုတော့ လုပ်ရမှာ ဓမ္မတာပါပဲ ။
အဲဒီအတွက် ဖွဲ့စည်းပုံ အခြေခံ ပြုပြင်ပြောင်းလဲရေးတို့ ဘာတို့ပြောတဲ့အပေါ်မှာ ပြောသင့်ပြောထိုက်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ပြည်သူ့ဆန္ဒအရ ပေါ်ပေါက်လာတဲ့အစိုးရပဲ။ ပြည်သူထဲကနေ တင်မြှောက်တာ မကျေနပ်စရာ မရှိဘူး။ အထူးသဖြင့် ဒီမိုကရေစီစနစ်နဲ့ အညီ ထိုက်တန်တဲ့ အစိုးရတရပ်ဖြစ်အောင် ကြိုးစားဖို့အတွက် ကျနော်တို့ ဆုတောင်းပေးပါတယ်။ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးပေါ့။ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ပြောခဲ့တယ်။ ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီတည်ဆောက်လို့ မရဘူး။ အစိုးရသစ်အနေနဲ့ ဒီအယူအဆကိုဆက်လက်ပြီး သယ်သွားရပါမယ်။ စိန်ခေါ်မှုတွေထဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးက အဓိက အကြောင်းအချက် တခုပါပဲလို့ ကျနော်မြင်ပါတယ်။
မဖြူအိသိမ်း (Sun Flower Group )
အခုချိန်မှာ ဘာမှမလုပ်ရသေးခင်မှာတော့ ကတိပေးနိုင်တာတွေပေးတယ်။ တကယ်လုပ်တဲ့အချိန်မှာလဲ လက်ရှိ တက်လာမယ့် အစိုးရက ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရပြီး တပ်နဲ့အစိုးရသစ်ကြားထဲမှာ ဘယ်လိုပေါင်းပြီး လုပ်ဆောင်မှာလဲဆိုတာ အရေးကြီးမယ်လို့ ထင်ပါတယ်။ အရင်ကလို အစိုးရက အစိုးရ၊ တပ်က တပ်ဆိုရင် ရင်ကြားစေ့ရေးမှာ ခက်ခဲမယ်လို့ထင်တယ်။ အခု အစိုးရက ကိုယ်တွေယုံကြည်ပြီး ကိုယ်တွေရွေးချယ်ခဲ့တဲ့အတွက် အရင်ကထက်စာရင် ပြည်သူလူထုကို ပိုကြည့်ပေးမယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရကဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရမှာလဲဆိုတာလည်း ရှိသေးတယ်။ စိန်ခေါ်မှုတွေ အများကြီး ရှိလာနိုင်တယ်။ မမြင်ရတဲ့အန္တရာယ် မမြင်ရတဲ့ပုံစံမျိုးတွေနဲ့ တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်တယ်။
ဗိုလ်မှူးကြီး စိုင်းလှ (ပြောရေးဆိုခွင့်ရှိသူ – ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ -RCSS/SSA)
ကျနော်တို့လည်း ကြိုဆိုပါတယ်။ တက်နိုင်တဲ့ဘက်ကနေပြီး ပူးပေါင်းသွားပါမယ်။ ကျနော်တို့ရဲ့ အဓိကပြဿနာက လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်နေရတယ်ဆိုတာက ကျနော်တို့ရပိုင်ခွင့်ကို လက်နက်ကိုင်ပြီး တောင်းဆိုခဲ့ကြတယ်။ ဘာဖြစ်လဲဆိုတော့ နည်းလမ်းမရှိတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ ကျနော်တို့ကို နိုင်ငံရေး နည်းလမ်းနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းဖို့ ရှိလာမယ်ဆိုရင် ဒီနည်းလမ်းကိုပဲ အသုံးပြုသွားမယ်။
အဓိကပြဿနာဖြစ်နေတာက ဒီမိုကရေစီထက်ပိုပြီး မမြင့်မားတဲ့ ကျနော်တို့ နဂိုရပိုင်ခွင့်ဖြစ်တဲ့ ပင်လုံကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုနိုင်ငံရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှမ်းပြည်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီကိစ္စကို အပြည့်အဝပေးမယ့် ဖက်ဒရယ်ပြည်ထောင်စုကို ဝိုင်းဝန်းပြီးတည်ဆောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုချက်အတိုင်း ကျနော်တို့ကို ဒီအစိုးရက တဖြည်းဖြည်းနဲ့ တဆင့်ပြီးတဆင့် ပြည်သူလူထုနဲ့အညီ တိုင်းရင်းသား လက်နက်ကိုင်တွေကို ပူးပေါင်းပြီး ကျနော်တို့ လိုလားချက်ကို ဖော်ဆောင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ အဲဒီလိုဖြစ်ဖို့ ကျနော်တို့လည်း တက်နိုင်တဲ့ဘက်က ပူးပေါင်း ဆောင်ရွက်သွားကြမယ်လို့ဆန္ဒရှိပါတယ်။
ဦးကျော်စိုး (အထွေထွေအတွင်းရေးမှူးချုပ်-အစ္စလာမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် ဗဟို)
သဘောထားကတော့ ဘာပဲပြောပြော သမ္မတဦးသိန်းစိန်ကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ကတိပေးတဲ့အတိုင်း လွှဲပြောင်းပေးတာ အဲ့ဒါလည်းပီတိဖြစ်ပါတယ်။ နောက်တခုကလည်း သမ္မတသစ်ပေါ်ကို သဘောထားပြောရမယ်ဆိုရင် ပြည်သူလူထုအားလုံးကနေပြီး ရွေးချယ်တဲ့ အနိုင်ရပါတီ NLD ကနေပြီး သမ္မတဖြစ်လာတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ်သူလည်းပဲ ပြည်သူလူထု ထောက်ခံတဲ့ ပါတီကနေဖြစ်လာတာဆိုတော့ မြန်မာနိုင်ငံကြီးကို သူတို့အနေနဲ့ အရင်အစိုးရကဲ့သို့ ဘက်ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံကို ထိန်းသိမ်း ကွပ်ကဲနိုင်မယ်လို့ ခံယူပါတယ်။
ကျနော်တို့ ကတော့ ဘာသာရေး အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကျနော်တို့ ဘာသာရေး ကဏ္ဍကို တာဝန်ပဲပေးပေး ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာကို ခံယူပါတယ်။ ယခင်က ဘာသာရေး၊ လူမျိုးရေး အခန့်မသင့်လို့ ဖြစ်သွားကြတယ်။ အစိုးရသစ်လက်ထက်မှာတော့ ဘာသာရေး နဲ့ လူမျိုးရေး ကိစ္စကတော့ ထိန်းသိမ်းနိုင်မယ်။ နောက်ပြီးတော့ အစစအရာရာ တာဝန်ယူပြီးတော့ လုပ်ဆာင်နိုင်မယ်လို့ ခံယူပါတယ်။