“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ မြို့တော် ပန်ဆန်းမြို့မှာ မတ်လ ၂၆ ရက်ကနေ မတ်လ ၂၈ ရက်အထိ မြောက်ပိုင်းက မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပလောင် (တအာင်း) အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက ဒေသခံတွေ အနေနဲ့ စစ်ရှောင် ဒုက္ခသည်ဖြစ်ရတဲ့ကိစ္စတွေ အပေါ်မှာလည်း အဓိက ထား ဆွေးနွေးခဲ့ပါတယ်။
ပန်ဆန်းအစည်းအဝေး မှာ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်တွေနဲ့ အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်တွေမှာ ဘာတွေ လုပ်သွားမလဲ ဆိုတာကို အစည်းအဝေး မှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) မှ ပြောရေးဆိုခွင့် ရှိသူ ဦးကြည်မြင့်ကို အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။မနေ့က ပြီးခဲ့တဲ့ ပန်ဆန်းအစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေ သိချင်ပါတယ်။
ဖြေ ။ ။ ပြောနိုင်သမျှ အားလုံးကတော့ ထုတ်ပြန်ချက်ထဲမှာ ပါတယ်။ ထုတ်ပြန်ချက်နဲ့ ပြောပြထားပါတယ်။
မေး ။ ။ ထုတ်ပြန်ချက်ထဲမှာ မြောက်ပိုင်းက တိုက်ပွဲတွေ မရပ်ရင် ပူးပေါင်း တားဆီး ကာကွယ်တာ လုပ်မယ် ဆိုတာမျိုး က ဘယ်လိုမျိုးကိုပြောချင်တာလဲ ဆိုတာ ရှင်းပြပေးပါရှင့်။
ဖြေ ။ ။ အဓိက ကတော့ ပြည်သူလူထုရဲ့ အေးချမ်း သာယာရေး ဘဝ ထွန်းလင်းနိုင်ရေးအတွက် ကျနော်တို့က ဒီလို တိုက်ပွဲ တွေက မဖြစ်ချင်ဘူး။ ဒါ့ကြောင့် ချက်ချင်းရပ်ပေးပါ။ တပ်မတော်လည်း ထိုးစစ်ဆင်တာ ရပ်ပေးပါ။ ကျနော် တို့ အဲ့လို မျှော်လင့်တယ်။ နောက်တခုက တကယ့် အဲ့နယ်မြေလုတာ အချင်းချင်းထိုးတာနဲ့ ပြည်သူလူထုကို ဒုက္ခပေး မယ်ဆိုရင် အားလုံး ဝိုင်းဝန်းပြီး သူတို့ကို အရေးယူမယ်။ အရေးယူမယ် ဆိုတာ အဘက်ဘက်မှာပေါ့ ။ နိုင်ငံရေး မှာ ဖြစ်ဖြစ်၊ စုစည်းရေးမှာ ဖြစ်ဖြစ် နောက်ဆုံး လုံးဝ လက်မခံဘူး။ သူတို့ က ပြည်သူ လူထုကို ဒီပုံစံအတိုင်း ဆက်လက် ဒုက္ခ ပေးမယ် ဆိုရင် လုံးဝ မရပ်ဘူးဆိုရင် ကျနော်တို့ ဆွေးနွေးတာ မဟုတ်ဘူး။ အကြမ်းနည်း ဖြစ်ချင် ဖြစ်မယ်။
မေး ။ ။ အရေးယူမယ် ဆိုတာကရော RCSS ကို ဆိုလိုတာလား။ နှစ်ဖက်လုံးကိုလား ။
ဖြေ ။ ။ RCSS တင် မကဘူး။ အဲ့နေရာမှာ ဖြစ်တာနဲ့ အဲ့မှာ လှုပ်ရှားတဲ့ အဖွဲ့တွေ များတယ်။ ဘယ်ဘက်က ဖြစ်ဖြစ် ပြည်သူလူထုကို ဒုက္ခပေးတာ ဆိုရင် ကျနော်တို့ လက်မခံဘူး။ RCSS တင် မကဘူး။ အဲ့ဒေသမှာ ရှိတဲ့ အဖွဲ့ အားလုံး ပါတယ်။
မေး ။ ။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာရော ဘယ်လိုဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြပြီလဲ။
ဖြေ ။ ။ ကျနော်တို့က အစိုးရသစ်ကို ကြိုဆိုတယ်။ ကျနော်တို့ ထိပ်သီး ညီလာခံ နှစ်ကြိမ်လုံးမှာ လာမယ့် အစိုးရသစ် ကို ပူးပေါင်းဖို့ သဘောတူထားတယ် ။ ဆုံးဖြတ်ထားတယ်။ အခုလာတဲ့ အစိုးရသစ်နဲ့ ကျနော်တို့ ပူးပေါင်း မယ်။ ဖွံံ့ဖြိုး တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အကောင်ထည် ဖော်မယ်။ တိုင်းရင်းသား ကိစ္စ တွေ ဖြေရှင်းတဲ့ အ ခါမှာလည်း ကျနော်တို့ တက်တက်ကြွကြွ ပါဝင်မယ်။ ဒါပေမယ့် ဒီနေရာမှာ အစိုးရသစ်က တကယ့် မူဝါဒက ဘယ်လိုလဲ ။ ကျနော်တို့နဲ့ အဆက်အသွယ် မရှိသေးဘူး။ မတွေ့သေးဘူး။ အဲ့တော့ တရားဝင် မထုတ်နိုင်သေးဘူး။ တခြား ပြောလို့လည်း မရသေးဘူး။ တကယ်လို့ သူတို့ သဘောထား အမှန်ကို ထုတ်ပြန် ကြေငြာပြီးပြီဆိုရင်တော့ ကျနော်တို့လည်း လက်တွေ့ဘယ်လို အကောင်အထည် ဖော်မလဲ သိမယ်။
မေး ။ ။ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းအတွင်းမှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မထိုးဖြစ်လိုက်ဘူး ဆိုတော့ အခု အစိုးရသစ် လက်ထက်မှာရော လက်မှတ်ထိုးဖြစ်ဖို့ ဘာတွေ ထပ်ဖြည့့်စွက်ဖို့ လိုမလဲရှင့်။ ပြီးတော့ မြောက်ပိုင်းက အဖွဲ့တွေ အတွက် ရောပေါ့။
ဖြေ ။ ။ အရင်က NCA ဟာ မပြည့်စုံဘူး။ အခု RCSS နဲ့ တိုက်ပွဲဖြစ်တာတွေက ဒါကို အခွင့်အရေး ယူပြီး တိုက်တာ လေ။ NCA ထိုးပြီးမှ သူက ထင်သလို လျောက်လုပ်လာတယ်လေ ။ အဲ့ဒါ အကန့်အသတ် မရှိ ဟာကွက် တွေ အများကြီး ကျန်နေတာပဲ။ အဲ့လို မပြည့်စုံတာနဲ့ လုပ်ရင် အခု အစည်းအဝေး မှာလည်း အားလုံး မေးတယ်။ NCA ဟာ ပိုပြီး ငြိမ်းချမ်းရေး ဖျက်ဆီးတဲ့ပုံစံ ကျတယ်။ နဂိုက တိုက်ပွဲ မဖြစ်တဲ့ နေရာမှာ ဒီလူတွေ NCA အလံတွေ ကိုင်ပြီး ဒီလိုပဲ လျှေက်ဝင်လာတယ်လေ။ အဲ့နေရာမှာ တိုက်ပွဲဖြစ်ပြီ။ အများကြီး ဒုက္ခ ရောက် ကြတယ်။
အဲ့လို အခြေအနေ မဖြစ်ပေါ်အောင် ကျနော်တို့ လာမယ့် အစိုးရနဲ့ ဆွေးနွေးတဲ့အခါ ဒီနေရာမှာ ပိုပြီး ဂရု စိုက် သွားမယ်။ ဒီ NCA ဆိုတဲ့ နာမည်သုံးပြီး တိုင်းရင်းသားအဖွဲ့ အချင်းချင်းမှာ ပြဿနာ မဖြစ်အောင် လုပ်ဖို့ ကျနော်တို့ ယုံကြည်စွာ လုပ်သွားမယ်။
မေး ။ ။ လာမယ့် အစိုးရသစ် လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်နဲ့ ဆွေးနွေးရတာ ခက်ခဲမယ်လို့ရော ရော ထင်ပါသလားရှင့်။
ဖြေ ။ ။ ကျနော်တို့တော့ ခက်ခဲမယ် မထင်ပါဘူး။ တပ်မတော်ကတော့ သူ့တာဝန်အရ ထမ်းဆောင်နေတာပဲ ။ ကျနော် တို့ဆို နှစ်ပေါင်း ၂၆၊ ၂၇ နှစ်လောက် ပေါင်းလာပြီ။ ကျနော်တို့ နဂို လမ်းကြောင်းရှိတဲ့ အတိုင်း ကိစ္စ ရှိရင် ကျနော်တို့ ဆွေးနွေးမယ် ။ ဖြေရှင်းမယ်ဆိုတော့ ကျနော် ထင်တာကတော့ တပ်မတော်က တိုင်းပြည် အတွက် သူ့တာဝန် အရ ထမ်းဆောင်တယ် ဆိုရင်လည်း ကျနော်တို့ ဆွေးနွေးတာတော့ ခက်မယ် မထင်ဘူး။