မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့က ရွှေတိဂုံစေတီတော်မြတ် မုခ်ဦးများအနီးတွင် ဈေးရောင်းချနေသော ဘာသာခြား အစ္စလာမ်ဘာသာဝင်များကို ဈေးမရောင်းရန် လာရောက်တားမြစ်ခဲ့သည့် သံယာတော်အချို့တို့ကို တရားဥပဒေအရ အရေးယူပေးပါရန် ရန်ကုန်တိုင်းဝန်ကြီးထံသို့ တိုက်တွန်းထားသည့် စာတစောင်ကို လူအများ ထောက်ခံမှုရရန် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ အွန်လိုင်းကမ်ပိန်းတခုမှ တဆင့် လက်မှတ်ကောက်ခံခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
အဆိုပါ အွန်လိုင်းကမ်ပိန်းကို ကိုသက်ဆွေဝင်း အမည်ရှိ မြန်မာလူငယ်တဦးက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံသို့ ပို့ဆောင်ရန် ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းနှစ်ဆန်း ၁ ရက်နေ့တွင် သံယာအချို့သည် ရွှေတိဂုံဘုရား ပတ်ဝန်းကျင်အနီး လာရောက်ဈေးရောင်းချသော မွတ်စလင် ဈေးသည်များထံမှ ပစ္စည်းများသိမ်းယူခဲ့ကာ နောက်နောင် ဘုရားပတ်ဝန်းကျင်တွင် ထပ်မံပြီး လာရောက် ဈေးမရောင်းရန် ကိုယ်တိုင်ခံဝန်ချက်၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ဗလီထောက်ခံစာတို့ဖြင့် ပစ္စည်းများကို ပြန်လာရွေးရန် ပြောကြားခဲ့ကြောင်း ယင်းတိုင်ကြားစာတွင် ရေးသားထားသည်။
ယင်းကဲ့သို့ ခြိမ်းခြောက်မှုများတွင် ရိုက်နှက်ခြင်းများလည်း ပါဝင်ကြောင်း ကိုသက်ဆွေဝင်းက ဆိုထားသည်။
ကိုသက်ဆွေဝင်းက “ယခုအဖြစ်အပျက်များသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဦးတည်သွားစေနိုင်သည့်အပြင် အသွင်ကူးပြောင်းစ မြန်မာ့ဒီမိုကရေစီအရေးကို များစွာထိခိုက်စေနိုင်ပြီး ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးကို ပျက်ပြားစေနိုင်ပါသဖြင့် ထိထိရောက်ရောက် အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်” ဟု တိုင်ကြားစာတွင် ရေးသားထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၀ တွင် နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်ဟု ဖော်ပြထားကြောင်းလည်း ၎င်းက ဆိုထားသည်။
အဆိုပါ တိုင်ကြားစာကို ဧပြီလ ၂၀ရက်နေ့တွင် change.org ဝက်ဆိုဒ်၌ တင်ခဲ့ပြီးနောက် ယနေ့အထိ ထောက်ခံသူပေါင်း ၃၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
ဧပြီလ ၂၁ ရက်နေ့တွင် ကိုသက်ဆွေဝင်းကို ဧရာဝတီမှ ဆက်သွယ်မရခဲ့ပါ။
မဘသ-ဗဟို Online Media နှင့် သာကီသွေး ဂျာနယ်၏ ဧပြီလ ၂၀ရက်နေ့ သတင်းတပုဒ်တွင် မျိုးချစ်ရဟန်းတော်များသမဂ္ဂ၏ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တက ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံထားသည်။ သို့သော် ဈေးသည်များက ထွက်ပြေးရန်ကြိုးစားခဲ့သည့်အတွက် ထိုသို့ လုပ်လိုက်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ထားသည်။
ထို့ပြင် အဆိုပါ ဖြစ်စဉ်မှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း မိန့်ကြားထားသည်။
“ဦးဇင်းတို့ ရွှေတိဂုံဘုရားနား သူတို့ဈေးလာရောင်းတဲ့အထဲမှာ ရိုးရိုး သာမန်အဝတ်အစားနဲ့မဟုတ်ဘဲ ဘူခါရ်တွေခြုံ ပြီး ယောကျာ်မှန်းမသိ၊ မိန်းမမှန်းမသိ လာ ရောင်းတာတွေရှိခဲ့တယ်။ မိန်းမမှန်းမသိ၊ ယောကျာ်မှန်းမသိနဲ့ အဲဒီဝတ်ရုံတွေခြုံပြီး ဘုရားကြီးကို အကြမ်းဖက်ဗုံးခွဲသွားရင် ဘယ်သူမှ မတတ်နိုင်ဘူး။ ဒီအတွက် ရွှေတိဂုံဘုရားကြီး ဘေးအန္တရာယ်မကျရောက်ရေးအတွက် ကာ ကွယ်ရမယ်ဆိုတဲ့အသိနဲ့ ဦးဇင်းတို့က ဒီကုလား တွေ ဈေးလာမရောင်းဖို့ တားခဲ့တာ။ မျိုးချစ်ရ ဟန်းတော်များသမဂ္ဂအနေနဲ့ကတော့ နောက် လည်း လုပ်သင့်တာတွေ လုပ်သွားဦးမှာပဲ’ဟု ဆရာတော်က မိန့်ကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရန်ကုန်တိုင်းလွှတ်တော် ဗဟန်းမြို့နယ်ကိုယ်စားလှယ်နှင့် ရန်ကုန်တိုင်းအစိုးရ၏ လှုမှုရေးရာ စီမံကိန်းကော်မတီအဖွဲ့ဝင် ဦးသောင်းထွဋ်က သောကြာနေ့ (ဧပြီလ ၂၂ရက်) တွင် ကျင်းပသည့် ကော်မတီအစည်းအဝေးတွင် ၎င်းအနေဖြင့် ထိုဖြစ်ရပ်ကို ထည့်သွင်း ဆွေးနွေးရန် ကြိုးစားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။
“ဒီကိစ္စက အရေးကြီးတဲ့ ကိစ္စပါ။ မျှမျှတတဖြစ်အောင် ကျနော်တို့ ကိုင်တွယ် ဆောင်ရွက်သွားမှာပါ”ဟု ဦးသောင်းထွဋ်က ပြောသည်။
၂၀၁၂ ခုနှစ်ပိုင်းက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ အပြီးတွင် မြန်မာနိုင်ငံ၏ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဒဘာသာဝင်များအကြား ဆက်ဆံရေးသည် အကဲဆတ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုတခုမှာ ဘာသာရေးပဋိပက္ခများဖြင့် သောကပတ်လည်ဝိုင်းနေသော ယင်းဒေသများအတွက် တည်ငြိမ်မှု ဖော်ဆောင်ပေးရန် ဖြစ်ကြောင်းလည်း နိုင်ငံရေးသုံးသပ်သူများက ယုံကြည်ထားကြသည်။