ဧရာဝတီတိုင်းရှိ ပုသိမ်၊ လပွတ္တာနှင့် ပန်းတနော်မြို့တို့မှ မြေသိမ်းခံ လယ်သမား ၁၀၀ ခန့်သည် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် တွေ့ခွင့်ရရန် တိုင်းအစိုးရရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက လာရောက် စောင့်ဆိုင်းနေကြကြောင်း သတင်းရရှိသည်။
ယနေ့ တိုင်းအစိုးရနှင့် တွေ့ဆုံရန် ကြိုးပမ်းနေသည့် လယ်သမားများမှာ သီဟိုဠ်စိုက်ခင်း စီမံကိန်း၊ မြို့မြေချထားရေး စီမံကိန်းတို့ကြောင့် မြေသိမ်းခံခဲ့ရသည့် ပုသိမ်မြို့၊ အမှတ် ၁၃၊ ၁၄၊ ၁၅ ရပ်ကွက်၊ နနွင်းဂယက်နှင့် ဇင်ပြွန်းကုန်း ကျေးရွာတို့မှ လယ်သမာများ၊ ဒီရေတောစီမံကိန်းကြောင့် မြေသိမ်းခံခဲ့ရသည့် လပွတ္တာ ရွှေကျွန်းသာဒေသမှ လယ်သမားများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လယ်သမားများအား ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများကွန်ရက် (HRAN) အဖွဲ့မှ ဦးထွန်းထွန်းဦးက ဦးဆောင်၍ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် တွေ့ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဝန်ကြီးချုပ်မှာ နေပြည်တော်တွင် အစည်းအဝေ းတက်ရောက်နေသည့်အတွက် တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဗဟိန်းက လယ်သမားအဖွဲ့ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံနေကြောင်း သိရှိရသည်။