အစိုးရသစ် တက်လာသည့်နောက်ပိုင်း ကုန်သွယ်မှု မြို့တော်တခု ဖြစ်သည့် မန္တလေးမြို့တွင် အစိုးရ၏ ပထမရက် ၁၀၀ အတွင်း လုပ်ဆောင်မည့် အစီအစဉ်များ၊ ဒေသခံပြည်သူများအတွက် ဖန်တီးပေးနိုင်မည့် လမ်းပန်းဆက်သွယ်ရေး၊ အမှိုက်ပြဿနာ နှင့် အများပြည်သူ အပန်းဖြေစရာ နေရာများစသည့် အခြေအနေများအပေါ် မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်ကို မန္တလေးအခြေစိုက် သတင်းထောက် ဖိုးစမ်းချောင်း (GG) က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ မြို့တော်ဝန်အနေနဲ့ ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ဆောင်သွားမယ့် ကိစ္စတွေကို သိချင်ပါတယ်။
ဖြေ။ ။ အမှိုက်သိမ်းစနစ်၊ ရေမြောင်းစနစ်၊ ရေပေးရေးနဲ့ လမ်းတံတားဘက်တွေကို ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ မန္တလေးမြို့ စည်ပင်ရဲ့ လုပ်ငန်းချထားပေးမှုဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ စီးပွားရေးသမားတွေက သုံးသပ်ကြပါတယ်။ စည်ပင်အရာရှိကြီးတွေ၊ ဌာနမှူးတွေရဲ့ သား၊ မြေး၊ တူ၊ တပည့်တွေ နာမည်နဲ့ ထောင်ထားတဲ့ ကုမ္ပဏီတွေကို ဦးစားပေးအနေနဲ့ လုပ်ကွက်ချပေးပြီး သူတို့မလုပ်ချင်တဲ့ လုပ်ငန်းကိုမှ ပြင်ပကုမ္ပဏီတွေက ရတယ်လို့ ပြောဆိုနေကြတယ်ဆိုတော့ စည်ပင်အနေနဲ့ လုပ်ငန်းတွေကို ကန်ထရိုက်ရွေးချယ်တဲ့အခါ ဘယ်လိုမူဝါဒနဲ့ ရွေးချယ်သွားမှာပါလဲ။
ဖြေ။ ။ ပုဂ္ဂလိကနဲ့ တွဲဖက်လုပ်တဲ့အခါ တင်ဒါဈေးနှုန်းကိုလည်း ကြည့်မယ်။ သူတို့အရင်က လုပ်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို ပြန်ကြည့်မယ်။ သူတို့လုပ်ပြီးသွားရင်လည်း အဲဒီအရည်အသွေးကို ပြန်ဆန်းစစ်မယ်။ အရည်အသွေး ထိန်းသိမ်းရေးကို အဓိကဦးစားပေးမှာပါ။ ခုနကပြောတဲ့ လမ်းတွေပေါ့နော်။ အဲဒီမှာ ကုမ္ပဏီ ၆၀ လောက် ချပြတယ်။ အဲဒီထဲက ၁၅ ခုကို ကျနော် ရွေးခိုင်းထားတယ်။ ပြီးရင် အဲဒီ ကုမ္ပဏီတွေ ယခင်တုန်းက ခင်းထားတဲ့ လမ်းတွေကို သွားစစ်ဆေးမယ်။
ဖောက်ခဲ့တဲ့ သက်တမ်း၊ လက်ရှိလမ်း အခြေအနေ၊ ဖောက်လုပ်မှု ကုန်ကျစရိတ် အစရှိတာတွေကို အကုန်ပြန်ကြည့်ပြီးတော့မှ တွေ့ရှိလာတဲ့ ကုမ္ပဏီအရည်အသွေးတွေ အပေါ် မူတည်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ တချို့လုပ်ငန်း အသေးတွေမှာတော့ စည်ပင်ဝန်ထမ်းတွေ၊ သူတို့မိသားစုတွေရဲ့ လုပ်ငန်းတွေ ရှိနိုင်ပါတယ်။ လုပ်ငန်းကြီးတွေမှာတော့ မရှိပါဘူး။ လုပ်ငန်းလိုချင်ရင် အရည်အသွေး ကောင်းမွန်ရမယ်။ အပြင်ကုမ္ပဏီနှုန်းနဲ့ ပြိုင်လို့ နိုင်ရင် ယူပြီးနီးစပ်ရာ ချပေးမယ်ဆိုတာတော့ လုံးဝမဖြစ်ရပါဘူူး။ ဘယ်သူဘယ်ဝါရဲ့ သား သမီး ကုမ္ပဏီဆိုပြီး လက်သိပ်ထိုးပေးသွားမှာ မဟုတ်ပါဘူး။ ပွင့်လင်းမြင်သာစွာ ယှဉ်ပြိုင် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
မေး။ ။ အမှိုက်ပစ်တာနဲ့ ပတ်သက်ပြီး အမှိုက်ကား ပုံမှန်မလာလို့ အမှိုက်မပစ်ရသူတွေ၊ သန့်ရှင်းသပ်ရပ်မှု အရမ်းအားနည်းနေတဲ့ ဈေးတွေရဲ့ စွန့်ပစ်အမှိုက်တွေ၊ အမှိုက်ကားတွေမှာ အမိုးအကာမပါတော့ အမှိုက်သယ်ပြီးတဲ့နောက် လမ်းပေါ်မှာ ပြန်ပြီးထွက်ကျနေတဲ့ အမှိုက်တွေကြောင့် ပတ်ဝန်းကျင်မှာ ပြန်လည် ညစ်ပတ်သွားတဲ့ ကိစ္စတွေနဲ့ သန့်ရှင်းရေးဝန်ထမ်း မလုံလောက်တဲ့အတွက် မနိုင်မနင်း လုပ်နေရတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းမှာပါလဲ။
ဖြေ။ ။ လက်ရှိ အမှိုက်သိမ်းစနစ်ကို အရင်ဆုံးစပြုပြင်မယ်။ ရက် ၁၀၀ အတွင်းမှာ မန္တလေးမြို့က အိမ်တိုင်းမှာ စည်ပင်က အမှိုက်သိမ်းဆည်းပေးနိုင်အောင် ကြိုးစားမယ်။ ခေါင်းလောင်းလေး တချက်နှစ်ချက် တီးနေတဲ့ အစား လူနဲ့အသံသွင်းထားပြီး လော်စပီကာနဲ့ ပြောတဲ့ ပုံစံသွားမယ်။ ဈေးလိုနေရာမျိုးမှာ သန့်ရှင်းရေးကို ဦးစားပေးမယ်။ ဝန်ထမ်းအင်အား မလုံလောက်တဲ့ နေရာတွေမှာ ဝန်ထမ်းတွေ လုံလုံလောက်လောက် ခန့်သွားပါမယ်။
အခု အမှိုက်သိမ်းကားတွေ အပေါ်က တာလပတ်နဲ့ အုပ်ထားရတာတွေ ရှိတယ်။ အဲဒီအစား တခါတည်း အဖုံးအကာပါတဲ့ အဆင့်မြင့် အမှိုက်ကားတွေကို ရက် ၁၀၀ အတွင်းမှာ ဝယ်ဖို့ရှိပါတယ်။ ဆေးရုံ၊ ကွန်ဒို၊ ဟိုတယ်နဲ့ ဈေးတွေမှာတော့ အမှိုက်ပုံးကို ကားပေါ်မြှောက်တင်တဲ့စနစ်ကို ပြောင်းလဲသုံးစွဲသွားမှာ ဖြစ်ပါတယ်။ အိမ်တိုင်းအတွက် အကောင်းဆုံး စီမံကိန်းကိုတော့ နှစ်နှစ်အတွင်း ရအောင်လုပ်သွားဖို့ စီစဉ်ထားပါတယ်။ အမှိုက်ကနေ လျှပ်စစ်ထုတ်ဖို့ အရင်က ကြိုးစားခဲ့ဖူးတယ်။ ကုန်ကျစရိတ်နဲ့ ပြန်ရမယ့် လျှပ်စစ်ပမာဏ တွက်ခြေမကိုက်လို့ဆိုပြီး မထုတ်ဖြစ်ခဲ့ဘူး။ ကျနော်က အဲဒီလိုမမြင်ဘူး။ အမှိုက်ပုံကြီး ပျောက်သွားတာက အရင်း၊ ထွက်လာမယ့် လျှပ်စစ်က အမြတ်ပဲလို့ ယူဆတဲ့အတွက် အဲဒီစီမံကိန်းကို ပြန်ပြီး အကောင်အထည်ဖော်ဖို့ ပညာရှင်တွေနဲ့ တိုင်ပင်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ မန္တလေးမြို့စွန်က ရပ်ကွက်တွေ သာမက မြို့တွင်းရပ်ကွက်တွေပါ ရေအလုံအလောက် မရတာ ရှိပါတယ်။ တချို့နေရာတွေမှာတော့ စည်ပင်ကပေးဝေနေတဲ့ ရေက သန့််ရှင်းမှုအားနည်းတာမျိုး တွေ့ရပါတယ်။ နွေရာသီ ရေပြတ်လပ်နိုင်တဲ့ ရပ်ကွက်တွေအတွက် အရေးပေါ် စီစဉ်ထားတာမျိုး ရှိပြီလားဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ရေပေးဝေရေးမှာ အားနည်းတာက ထိန်းသိမ်းမှုအပိုင်း ဖြစ်ပါတယ်။ ကျနော့် အနေနဲ့ကတော့ ရေမရသေးတဲ့ နေရာတွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။ ကျုံးရဲ့အရှေ့ဘက်ခြမ်းကို ရေပေးဝေရေး လုပ်ဖို့အတွက် မလွန်ရပ်ကွက်မှာ ရေတွန်းစက် တလုံးဆင်ဖို့ လုပ်နေပါတယ်။ တောင်မြို့လိုနေရာမျိုးမှာ ဘယ်နေရာတူးတူး ရေထွက်ပေမယ့် အရင်လူတွေတုန်းက တောင်မြို့ကို ရေပေးဖို့ လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ ကျနော့်လက်ထက်မှာတော့ အမှန်တကယ် ရေခက်ခဲနေတဲ့ ပြည်ကြီးတံခွန်ကို ရေရရှိရေး ဦးစားပေးလုပ်မှာ ဖြစ်ပါတယ်။ ပြည်ကြီးတံခွန်မှာ ရေမရသေးတဲ့ နေရာတွေကို ရေရအောင် ရက် ၁၀၀ အတွင်း အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ရေတိုစီမံချက် အနေနဲ့ ရေတွင်းတူးမယ်။ အဲဒီနေရာကနေ ရေလွှတ်ပေးမယ်။ ရေတွင်းတူးဖို့ အဆင်မပြေတဲ့ နေရာ၊ ရေလုံးဝ ပြတ်လပ်သွားတဲ့ နေရာတွေကို စည်ပင်ရေကားတွေနဲ့ ချက်ခြင်းပို့ပေးမယ်။ ရေရှည် စီမံချက်ကတော့ သေသေချာချာကို Master Plan ရေးဆွဲပြီး လုပ်သွားရမှာ ဖြစ်ပါတယ်။ ရေရှည်စီမံကိန်းမှာ အိမ်တိုင်းကို အချိန်ပြည့် ရေလွှတ်ပေးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်တခုကတော့ ရေမြောင်းတွေ စီးဆင်းမှု အားကောင်းအောင ်လုပ်မှာဖြစ်ပါတယ်။ ရွှေတချောင်း၊ ငွေတချောင်း အစရှိတဲ့ မန္တလေးမြို့ကို ဖြတ်သန်းပြီး စီးဆင်းနေတဲ့ မြောင်းကြီးတွေ၊ မြောင်းငယ်တွေ ရေစီးရေလာကောင်းအောင် လုပ်သွားမှာပါ။
မေး။ ။ စည်ပင်က ကျပ်သိန်းပေါင်း နှစ်သောင်းသုံးထောင် အကုန်အကျခံပြီး တပ်ဆင်ထားတဲ့ Real Time Traffic မီးပွိုင့်တွေ စတင် အသက်ဝင်တဲ့အခါ လမ်းတွေက ပိုကျပ်ကုန်တဲ့ အပေါ် ဘယ်လို ဖြေရှင်းဆောင်ရွက်မလဲ သိချင်ပါတယ်။
ဖြေ။ ။ ဘာမှားနေသလဲဆိုတော့ အချက်အလက် မရှိဘဲ လုပ်ငန်းကို အရင်လုပ်တာကို သွားတွေ့ရတယ်။ ဒီနေရာမှာ မီးပွိုင့်တပ်မယ်ဆိုရင် ဒီနေရာဟာ မနက်ခင်းမှာ ယာဉ်အသွားအလာ ဘယ်လောက်ရှိတယ်၊ ရုံးတက် ရုံးဆင်းချိန်မှာ ဘယ်လောက် ယာဉ်ကြောပိတ်ဆို့မှု ရှိတယ်၊ ညအခါ ယာဉ်သွားလာမှု ဘယ်လောက်ရှိတယ် ဆိုတဲ့ အချက်အလက်တွေ မရှိဘဲ မီးပွိုင့်ကို အရင် တပ်သလို ဖြစ်နေကြတယ်။ အဲဒီတုန်းက တရက်တည်း မီးပွိုင့် ၁၁ ခုကို စမ်းသပ်လိုက်တဲ့အခါ ယာဉ်ကြော ပိတ်ဆို့ကုန်တယ်။
လမ်းအောက်၊ မျဉ်းဖြူရဲ့နောက်မှာ အာရုံခံစနစ် တပ်ထားတယ်။ ကျနော်တို့ဆီက ယာဉ်မောင်းတွေက မီးဝါပြီဆိုမှ ရပ်တယ်။ မျဉ်းဖြူကို ကျော်သွားတယ်။ အဲဒီမှာ အာရုံခံစနစ် တွက်ချက်မှုတွေ ပြသနာတက်သွားတယ်။ ဘယ်လိုလုပ်ကြမလဲဆိုပြီး တိုင်ပင်တဲ့အခါ အာရုံခံစနစ်ကို နေရာပြန်ပြောင်းမယ် ဆိုတာတွေပေါ့နော်။ အခုအဲဒီ Real Time Traffic မီးပွိုင့်တွေထဲက တခုကို ပြန်စမ်းသပ်ပါမယ်။ အဲဒါအောင်မြင်ရင် တခြားဟာတွေကိုပါ ပြောင်းလဲမယ်ဆိုပြီး စီစဉ်ထားပါတယ်။
မေး။ ။ လမ်းတံတား ကိစ္စအပိုင်းမှာရော ဘယ်လိုအစီအမံတွေ လုပ်ဆောင်ချင်လဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ လမ်းပိုင်းမှာ ဖြူ နီမျဉ်း (ယာဉ်မရပ်ရ) တွေ နေရာတိုင်းနီးပါး ဆွဲထားတာကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် ပြန်ရေးဆွဲမယ်။ လက်ရှိလူတွေ နေထိုင်နေပေမယ့် လမ်းမခင်းရသေးတဲ့ နေရာတွေကို လမ်းဖောက်သွားမယ်။ မြို့ရဲ့ အဓိကလမ်းမကြီးတွေကို နိုင်လွန် ကတ္တရာခင်းမယ်။ အဓိကလမ်းမကြီးတွေမှာ အများပြည်သူရဲ့ ကားတွေရပ်နားနိုင်တဲ့ ကားပါကင်ရအောင် လုပ်မယ်။ ပုဂ္ဂလိကပိုင် ကားပါကင်တွေလည်း တရားဝင် ခွင့်ပြုမယ်။ ဥပမာ ဆိုင်ရှေ့ကားမရပ်ရလို့ ဆိုင်းဘုတ် တပ်ခွင့်မပေးဘူး။ သူ့ဆိုင်ကိုလာတဲ့ ကားတွေကိုပဲ ရပ်စေချင်တယ်ဆိုရင် အဲဒီနေရာက ိုစည်ပင်ကနေ တရားဝင် ငှားရမ်းပေးမယ့်ပုံစံ ဖြစ်ပါတယ်။
မေး။ ။ မန္တလေးမှာ ဆိုင်ကယ်စီးနင်းသူတွေအတွက် မြို့တွင်းသွားရလာရ အရမ်းခက်နေတယ်လို့ ဝေဖန်သံတွေ ရှိပါတယ်။ ဦးပွားခုံးကျော်တခုပဲ ဆိုင်ကယ်တွေ တက်လို့ရပါတယ်။ တခြားနှစ်ခုမှာ တက်လို့မရတဲ့အတွက် ဆိုင်ကယ်သမားတွေဟာ မြို့ထဲသွားချင်တဲ့အခါ ပတ်မောင်းနေရတာမျိုး ရှိပါတယ်။ ၃၅ လမ်းဘေး ၃၆၊ ၃၇လမ်းတွေဟာ တလမ်းမောင်း ဖြစ်နေတဲ့အတွက် ပိုပြီး အခက်ကြုံရတယ်လို့ သိရပါတယ်။ ဘူတာကြီးခုံးကျော်ကနေ တက်ရင်လည်း ဆိုင်ကယ်တကြိမ်တက်တိုင်း ငါးဆယ်ကျပ် ပေးဆောင်နေရတဲ့ ကိစ္စမျိုးတွေကိုရော ဖြေလျှော့ပေးဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။
ဖြေ။ ။ ၃၆၊ ၃၇လမ်းတွေမှာ မီးပွိုင့်တွေ ရှိပြီဖြစ်တဲ့အတွက်ကြောင့် အဲဒါကို တလမ်းမောင်းအစား နှစ်လမ်းမောင်းအဖြစ် ပြန်လည် သတ်မှတ်ဖို့ စီစဉ်သွားပါမယ်။ ခုံးကျော်ပေါ် ဆိုင်ကယ်တက်ခွင့်ကိစ္စကိုတော့ ယာဉ်ထိန်းအဖွဲ့နဲ့ တိုင်ပင်ကြည့်ရပါမယ်။ ဘူတာကြီးကတော့ ရထားပို့ဆောင်ရေးအပိုင် ဖြစ်ပါတယ်။ အတက်မှာ ပိုက်ဆံကောက်နေတာ မဖြစ်သင့်ပါဘူး။ သူတို့နဲ့ ညှိနှိုင်းပြီး ပြောကြည့်ပါမယ်။
မေး။ ။ မြို့တွင်းမှာ အများပြည်သူ အပန်းဖြေစရာပန်းခြံတွေ ဖန်တီးပေးဖို့ စိတ်ကူးထားတာမျိုးရော ရှိပါသလား။
ဖြေ။ ။ မြို့နယ် ၆ ခုမှာ လူထုက အခမဲ့ အပန်းဖြေလို့ ရတဲ့ ပန်းခြံ ၁၃ ခုရှိတယ်လို့တော့ ကျနော် သိထားပါတယ်။ အဲဒါတွေကို ကိုယ်တိုင် လေ့လာကြည့်တဲ့အခါ အများစုက အမည်ခံသာ ကျန်ရှိတော့ပြီး တချို့ပန်းခြံတွေက အပန်းဖြေဖို့ မဟုတ်ဘဲ ပျိုးဥယျာဉ် စိုက်တဲ့နေရာ ဖြစ်နေပါတယ်။ ဧရာထွန်းပန်းခြံဆိုရင် ပန်းပင်တပင်မှ မရှိတော့ပါဘူး။ ကျွဲစွန်းဘက်က ရှုခင်းသာပန်းခြံကလည်း အခြေအနေမဲ့တွေ၊ လောင်းကစားသမားတွေနဲ့ ဖြစ်နေတော့ အများပြည်သူ အပန်းဖြေဖို့ အဆင်မပြေပါဘူး။
ပန်းဥယျာဉ်ဌာနကို ပန်းခြံစာရင်းတွေ တောင်းပါမယ်။ အခုပြောတဲ့ ပန်းခြံတွေအခြေအနေ ဘယ်လိုရှိတယ် ဆိုတာကို ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး မွမ်းမံပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အပန်းဖြေဖို့နေရာက စစ်မှန်တဲ့ အပန်းဖြေနေရာတွေ ဖြစ်ဖို့ အလွန် အရေးကြီးပါတယ်။ မန္တလေးလိုမြို့ကြီးရဲ့ မြို့လယ်ကောင်မှာ အပန်းဖြေစရာ ပန်းခြံ ကြီးကြီးမားမား မရှိတဲ့အတွက် အဲဒီတခုကိုလည်း ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ၂၀၁၂ ခုနှစ်လောက်မှာ မြို့ခံတွေပေါင်းပြီး မန္တလေးသတင်းပုံရိပ်ဆိုတဲ့ ဖေ့စ်ဘုတ် စာမျက်နှာတခု ဖွင့်လှစ်ခဲ့ပါတယ်။ စည်ပင်နဲ့ ပတ်သက်ပြီး အဆင်မပြေတဲ့ကိစ္စတွေ ရေးသားကြသလို စည်ပင်ဘက်ကလည်း မြို့ခံတွေရဲ့ ဖေ့စ်ဘုတ်ပေါ်က ရေးသားချက်တွေကို အရေးတယူ ပြန်လည်ဖြေရှင်းတာမျိုး ရှိခဲ့ပါတယ်။ မြို့တော်ဝန် အနေနဲ့ရော ဖေ့စ်ဘုတ်ပေါ်က ကိစ္စမျိုးတွေကို အရေးတယူ ဖြေရှင်းပေးမယ့် အစီအစဉ်မျိုး ရှိပါသလား။
ဖြေ။ ။ စည်ပင်ဌာနရဲ့တရားဝင် MCDC Facebook page ရှိပါတယ်။ အဲဒီ page မှာ ကျနော် အက်ဒမင် ယူထားပါတယ်။ မြို့ခံတွေအနေနဲ့ လာရောက်ဆွေးနွေး ပြောဆိုနိုင်ပါတယ်။ အချက်အလက် မှန်ကန်တဲ့ကိစ္စတွေ၊ စည်ပင်အနေနဲ့ အရေးယူ ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖော်ပြလာရင် လည်းဦးစားပေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။