မန္တလေးတိုင်းရှိ လေဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွင် အလှူရှင်များ လိုအပ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“ဌာနဆိုင်ရာ အဆောက်အအုံတွေကို ဌာနဆိုင်ရာဘတ်ဂျတ်နဲ့ ပြင်သလို အရေးပေါ်ဘတ်ဂျတ် မသုံးနိုင်ဘဲ ပြင်ဖို့လိုအပ်တဲ့ နေရာတွေအတွက် အလှူရှင်တွေ ရှာရမှာပါ” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
လေပြင်းဒဏ်ကြောင့် မန္တလေးတိုင်းအတွင်းရှိ ငါန်းဇွန်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့သည် ထိခိုက်မှုအများဆုံးဖြစ်ပြီး ကျောက်ဆည်မြို့နယ်တွင် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ဧပြီ ၂၂ နှင့် ၂၃ ရက်က ဖြစ်ပွားခဲ့သည့် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၈ ဦးသေဆုံးကာ၊ လေဘေးသင့်ပြည်သူ ၂၇,၀၀၀ ကျော် ရှိပြီး၊ အမိုးလန်သွားသည့် လူနေအိမ်ခြေပေါင်း ရှစ်ထောင်နီးပါးရှိရာ သွပ်အချပ်ရေပေါင်း တသိန်းခွဲခန့် လိုအပ်နေကြောင်း တိုင်းအစိုးရအဖွဲ့က ပြောသည်။